လေယာဉ်က ဦးတည်ရာနေရာသို့ လျင်မြန်စွာ ဆိုက်ရောက်လာ၏။
စုလျန်သည် လမ်းတစ်လျှောက်တွင် ရွှယ်ရင်းဟွမ် နှင့် ဘလက်မမ်ဘာတို့၏ အဖော်ပြုမှုကြောင့် ကောင်းကောင်း အနားယူထားသော်လည်း လေယာဉ်အပြင်ဘက်သို့ ဆင်းပြီး မြွေသားရဲတွင်း၏ မြေပေါ်သို့ ခြေချသောအခါ စိုးရိမ်ပူပန်မှု အနည်းငယ် ခံစားနေရသေးသည်မှာ အမှန်ပင်။
သူသည် သူ့အရှေ့က ခမ်းနားကြီးကျယ်ပြီး တစ်မူထူးခြားသည့် အဆောက်အအုံကို ကြည့်လိုက်မိသည်။ မရေတွက်နိုင်သောလူများ သွားလိုက် ပြန်လိုက်လုပ်နေသော ဒီ မြွေသားရဲတွင်း က နတ်ဆိုးပျော်စံရာ နတ်ဆိုးဗိမာန်နှင့် တူနေကာ တကယ်ကို အလွန်လှပပြီး ခန့်ညားလှသည်။
ဤနေရာသည် ကြီးမားသော ရေကန်တစ်ကန်၏အလယ်က ကျွန်းငယ်လေးပေါ်တွင် တည်ရှိသည်။ လေပြင်းတိုက်ခတ်နေသဖြင့် အစိမ်းရင့်ရောင်တောအုပ်ထံမှ လေတိုးအသံ အဆက်မပြတ် ထွက်ပေါ်နေ၏။ သစ်တောစိမ်းစိမ်းများကြားက မျက်မှောက်ခေတ်တွင် တွေ့ရလေ့မရှိသော ရှားပါးသည့် အမိုးအစိမ်းရောင်များကို မြင်နေရ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာက တရုတ်တွင် ထင်ရှားသော ရှေးကျသည့် ခေါင်မိုးပုံစံတစ်ခု ဖြစ်သည်။ လုမိသားစု၏စံအိမ်ကြီးနှင့် ယှဥ်နိုင်သည်ဟု ပြောလို့ရ၏။ ဒီကျွန်းပေါ်က ခန့်ညားပြီး ရှေးကျသည့် အဆောက်အအုံများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လုမိသားစု၏ ခန့်ညားထည်ဝါမှုကို ထင်ဟပ်နေစေသည်။
စုလျန်က မျက်တောင် တဖျက်ဖျက် ခတ်မိသွားသည်။ ဒီနေရာသည် ချောက်ချားဖွယ် ၊ ထိတ်လန့်ဖွယ် ကောလဟာလများနှင့် လုံးဝ မတူဘူးဆိုတာကို သူတွေ့လိုက်ရ၏။ ထို့အပြင် ရင်သပ်ရူမောကောင်းသည်ဟု ချဲ့ကားပြောဆိုနေသောနေရာများ၏ ပို၍လှပ ပို၍ ချစ်စရာကောင်းသည်ဟုပင် ဆိုနိုင်သည်။
ရေကန်၏စိုစွတ်သော ရေငွေ့နှင့်အတူ အေးမြသော အပင်ရနံ့ကို သယ်ဆောင်ကာ တိုက်ခတ် လာသော လေပြင်းတစ်ချက်က စုလျန်ကို အလွန်သက်တောင့်သက်သာဖြစ်စေ၏။
သူသည် ကျွန်းပေါ်က လတ်ဆတ်သောလေကြောင့် အသက်ပြင်းပြင်း အားရဝမ်းသာ တစ်ဝကြီး ရှူရှိုက်လိုက်ချိန် ရွှယ်ရင်းဟွမ် နှင် ဘလက်မမ်ဘာ က သူ့နောက်တွင် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်သည်ကို သူ သတိမထားမိလိုက်ပေ။
(ငါပြောပါတယ် သူ ဘော့စ်နှင့် လုပ်စရာတစ်ခုခု ရှိကိုရှိရမယ်)
ရွှယ်ရင်းဟွမ် က ချန်နယ်ထဲတွင် လျှို့ဝှက်မက်ဆေ့တစ်ခု လျင်မြန်စွာ ပို့လိုက်၏။
[ဘော့စ်ရဲ့ စိတ်စွမ်းအားနယ်ပယ်ထဲ ရောက်နေတဲ့ သူ့လို သာမန်လူတစ်ယောက်က ဘောင်းဘီထဲ ကြောက်သေး ပါနေရမှာဟုတ်လား။ အခုတော့ ကြောင်ပေါက်လေးက ပန်းပွင့်ကို နမ်းနေသလို အမူအရာမျိုးတောင် လုပ်ပြနေသေးတယ်]
ဘလက်မမ်ဘာ က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
သူသည် ရွှယ်ရင်းဟွမ် ၏ အရေမရအဖတ်မရစကားကို လျစ်လျူရှုလိုက်၏။ သို့သော် ငြင်းဆန်ခြင်းလည်း မရှိခဲ့ပေ။
ရွှယ်ရင်းဟွမ် ပြောသည့်အတိုင်း လွန်ခဲ့သောနှစ်ပေါင်းများစွာက ပြင်ပ ကမ္ဘာလောကရှိ ကောလဟာလအမှားများကို ဖယ်လိုက်ပြီး သဘာဝအလှအပများသာ ကြည့်မည်ဆိုလျှင် မြွေသားရဲတွင်း တည်ရှိနေသော ကျွန်းလေးမှာ တကယ်လှပ၍ မျက်စိပသာဒ ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် လုထိုက်ဖန်၏ စိတ်စွမ်းအား ဖယ်ရိုမုန်း ကစဉ့်ကလျားဖြစ်ပြီးကတည်းက ဤခြံဝန်းနှင့် ကျင့်သားမရသော သာမန်လူတို့အတွက် ထိတ်လန့်ချောက်ချားဖွယ် နေရာတစ်ခု ဖြစ်လာခဲ့သည်။ လုထိုက်ဖန်၏ စိတ်ဝိညာဥ်ပင်လယ်မှ စီးထွက်လာသော စိတ်စွမ်းအားများသည် ကျွန်းသို့ ဝင်ရောက်လာသော သက်ရှိအားလုံးကို အရိုးထဲအထိ ကြောက်လန့်စေသော ကြီးမားသော ဖိအားဖြစ်စေမည်။
ထိုဖိအားက ရိုးတွင်းခြင်ဆီနှင့် ပင်ကိုယ်ဗီဇမှ လာသော ကြောက်ရွံ့ခြင်းနှင့် ငြင်းပယ်ခြင်းအာရုံတစ်ခု ဖြစ်လေသည်။ ပြောရလျှင် မြွေပွေးစစ်သည်များပင် လုထိုက်ဖန် ဘေးတွင်ရှိသော နှစ်ပေါင်းများစွာ ရှိနေခဲ့လို့သာ ဒီစိတ်စွမ်းအားမျိုးနှင့် ကျင့်သားနေပြီမို့ မြွေသားရဲတွင်းထဲ၌ လွတ်လပ်စွာ သွားလာနိုင်တာဖြစ်သည်။
စုလျန်က မြွေသားရဲတွင်းသို့ ပထမဆုံးအကြိမ်ရောက်လာခြင်း ဖြစ်တာကြောင့် စိတ်စွမ်းအင် ဖိအားမှ သက်သာစေရန် ရွှယ်ရင်းဟွမ် နှင့် ဘလက်မမ်ဘာတို့က ထူးခြားသော စိတ်အပန်းဖြေဆေးကို လေယာဉ်မဆိုက်ခင် ပြင်ဆင်ထားခဲ့သည်။ တကယ်တမ်းတွင်တော့ စုလျန်က မြွေသားရဲတွင်း သို့ ခြေချလိုက်ကတည်းက ဘာဖိအားကိုမှ မခံစားရသည့်အပြင် အလွန်သက်တောင့်သက်သာ ဖြစ်ပြီး ပျော်နေပုံရနေသည်။ လေယာဥ်ပေါ်တွင် ရှိစဥ်ကထပ် ရွှင်လန်းနေပြီး ရွှယ်ရင်းဟွမ် နှင့် ဘလက်မမ်ဘာတို့၏ မျက်နှာအသွေးအရောင်ထပ် ပို၍ပင် ကောင်းနေသေးသည်။
ထို့နောက် လမ်းတလျှောက်လုံး သတိစွဲကာ တည်ငြိမ်ခဲ့သော ဘလက်မမ်ဘာကပင် စုလျန်ကို ဆက်ဆံပြောဆိုသည့်အခါ ပိုပြီးဖော်ရွေလာ၏။
စုလျန်က ဒါကို သတိမထားမိခဲ့ပေ။ သူသည် မြွေသားရဲတွင်းက သူ ထင်ထားတာထက်ပိုပြီး လာရကျိုးနပ်သည်ဟုသာ ခံစားနေရ၏။
သူသည် မူလက မှောင်မည်းသော အကျဉ်းထောင်ထဲတွင် လာမည့် ခြောက်လကို ကုန်ဆုံးရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် စစ်မှန်သော လုမိသားစု၏ ခြံထဲ၌ လှပသောရှုခင်းနှင့် သန့်ရှင်းသောလေ ရှိနေ၏။ သို့သော် လူများက မြွေသားရဲတွင်း၏ ပင်မအဆောက်အဦးသို့ ဖြည်းဖြည်းချင်း နီးကပ်လာသောအခါ စုလျန်က မြွေသားရဲတွင်း၏ ထူးခြားသော လက္ခဏာရပ်များကို ခံစားမိသည်။
ချုံပုတ်များနောက်တွင် ပုန်းကွယ်နေသည့် ဆွဲဆောင်မှုမရှိသော လက်နက်များက ကျွန်း၏ ဗိသုကာ လက်ရာများနှင့် လိုက်ဖက်မှု မရှိပေ။ သို့သော် ပိုပြီးကွဲပြားသည်မှာ ကာကွယ်ရေးစက်ရုပ်များထက် မကြာခဏ မြင်ရတတ်သော ကောင်းကင်သို့ ထိုးထောင်နေသည့် တယ်လီဖုန်းတိုင်များ နှင့် ပုံစံတူသော အနက်ရောင်တိုင်များပင်။
လှပပြီး သားသားနားနားရှိသော သက်ရှိတို့၏ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကဲ့သို့ ရုပ်ဆိုးပြီး မပြေမပြစ်ဖြစ်နေသော ပတ်ဝန်းကျင်နှင့် မလိုက်ဖက်သည့် ဒီတိုင်များက စုလျန်ကို ကသိကအောက် ဖြစ်စေ၏။
သို့ရာတွင် ထိုအခိုက် ဤတိုင်လုံးများက အဘယ်နည်း ဟု မမေးမိလိုက်ခင် သူ့ကို ကောင်းစွာ ဆက်ဆံခဲ့သော မြေပွေးစစ်သည်နှစ်ဦးက မြင့်မားသည့် ရှေးဟောင်းတံခါးရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ဘလက်မမ်ဘာ က စုလျန်ကို ရပ်ရန် ခြေဟန်လက်ဟန်ပြကာ စုလျန်ကို ကြည့်သည်။ သူ၏ ကြည်လင်နေသော အကြည့်များတွင် တောင်းပန်မှု အရိပ်အယောင်တွေ့ရ၏။
" ဒါက ငါတို့တာဝန်ရဲ့ အဆုံးသတ်ပဲ။ တစ်ယောက်ယောက်က မင်းကို ဗီလာအထဲကို ဝင်ဖို့ လာခေါ်လိမ့်မယ်"
ထို့နောက် ရွှယ်ရင်းဟွမ် ကလည်း လျင်မြန်စွာ စကားပြော၏။ တာဝန်ပြီးမြောက်ပြီးနောက် နောက်ဆုံးတွင် သူသည် အသံတိတ်နေစရာ မလိုတော့ပေ။
"မကြောက်နဲ့နော်။ ဒီနေရာက နည်းနည်းကြောက်စရာကောင်းပေမဲ့ ငါတို့ မြွေပွေးအဖွဲ့က လူတွေအားလုံးက အရမ်းသဘောကောင်းကြတယ်၊ ငါနဲ့ ဘလက်မမ်ဘာ ကိုပဲ ကြည့် ၊ မင်းမှာ မေးစရာရှိရင် သူတို့ကိုမေး ၊ ဘာပဲဖြစ်ဖြစ် သူတို့က မင်းရဲ့ကိုယ်ပိုင်လူတွေပဲ ၊ မရှက်နဲ့ ။ အဲဒါတွေပြောရင်း မင်းနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခု ဖလှယ်ရ....."
ရွှယ်ရင်းဟွမ် စကားပြီးအောင် မပြောနိုင်ဘဲ အလျင်အမြန် ဘရိပ်အုပ်လိုက်ရ၏။
"အု့"
သူ့နှုတ်ခမ်းများကို ပိတ်လိုက်ရပြီး သူ့မျက်နှာတစ်ခုလုံးလဲ နီရဲသွားသည်။
ရွှယ်ရင်းဟွမ်ဆီမှ စကားသံ ထပ်မထွက်သော်လည်း သူ့မျက်လုံးများကို ကြည့်ခြင်းဖြင့် စုလျန် ထူးဆန်းသော ခံစားချက်တစ်ခု ရနေ၏။ ရွှယ်ရင်းဟွမ်က အခု သူ့ရင်ထဲတွင် သွေးရူးသွေးတန်းနဲ့ ကျိန်ဆဲနေပုံရသည်။
မှန်၏။ စုလျန် ခန့်မှန်းတာ မမှားပေ။
ရွှယ်ရင်းဟွမ် က ဒီအချိန်တွင် သူ့ရင်ထဲ၌ အမှန်တကယ် ကျိန်ဆဲနေ၏။ အဘယ်ကြောင့်ဆိုသော် သူ ခေါင်းဆောင်၏အမိန့်ကို ထပ်မံ ရလိုက်ပြန်သည်။ ရှောင်လွဲလို့မရသော အမိန့်က ရောက်လာပြန်ကာ စကားမပြောရကာလသို့ ထပ်ရောက် လာပြန်၏။
အတင်းအဖျင်းကြိုက်သော အကျင့်ပုတ် အေအိုင်က သူ့ကို ပစ်မှတ်ထားနေတာလားဟု သူ သံသယ ဝင်လာသည်။ ဘော့စ်၏ စရိုက်နှင့် သူ့ကို ထပ်ကာထပ်ကာ ဒုက္ခပေးနေတာ မည်သို့မျှ မဖြစ်နိုင်ပေ။
ဘလက်မမ်ဘာ က သူ၏အဖော်ကို ကရုဏာဖြင့်ကြည့်၏။ ရွှယ်ရင်းဟွမ်ကဲ့သို့ အဖွဲ့ထဲတွင် စကားအများဆုံးလူ အနေနှင့် ထိုပြင်းထန်သော အသံတိတ်အမိန့်ကို ရုတ်တရက် ကြုံတွေ့ရခြင်းက သူ့အတွက် ခက်ခဲလှသည်။
ဘော့စ်၏အမိန့်ဖြစ်သောကြောင့် ဘလက်မမ်ဘာမှာ ကရုဏာသက်ရုံမှလွဲ၍ မကူညီနိုင်ပေ။
သူ့ကို ကြည့်နေသော ရွှယ်ရင်းဟွမ်၏ အကြည့်ကို မဝံ့မရဲဖြင့်သာ အဓိပ္ပါယ်ကောက်ပြီးနောက် စုလျန်ကို လှည့်ကြည့်ပြီး
"ဒါဆိုရင် မြွေသားရဲတွင်း မှာ ပျော်စရာကောင်းတဲ့ ဝန်ဆောင်မှုအချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေ၊ ရွှယ်ရင်းဟွမ်နဲ့ ငါ အရင်သွားနှင့်တော့မယ်"
သူက တည်ငြိမ်စွာ ပြောလိုက်၏။
မြွေသားရဲတွင်း၏ဝင်ပေါက်တွင် မကျေမနပ်ဖြင့် လှုပ်ရွလှုပ်ရွ ဖြစ်နေသော ရွှယ်ရင်းဟွမ်ကို တရွတ်တိုက် ဆွဲခေါ်နေသည့်အချိန် ဘလက်မမ်ဘာက စုလျန်၏ အနည်းငယ် စိုးရိမ်နေသော အကြည့်နှင့် ထွက်မသွားစေချင်ဘဲ အင်တင်တင် ဖြစ်နေမှုကို မြင်လိုက်၏။
သို့သော် ဘလက်မမ်ဘာက အခြားလူများထက် ပိုသာလွန်သော သူ၏ထောက်လှမ်းရေးစွမ်းရည်ဖြင့် စုလျန်ကို လာကြိုသည့်သူအား သိမြင်လိုက်ရ၏။
ထိုလူက ကမ္ဘာ့ဖက်ဒရေးရှင်းတစ်ခုလုံးတွင် ဘော့စ်၏ အယုံကြည်ရဆုံးသူ ဖြစ်သည်။
ထိုလူကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ခေါင်းဆောင် လုထိုက်ဖန်က ဘီတာကောင်လေးကို အလွန်အလေးထားသည်ဆိုတာ ဘလက်မမ်ဘာ သေချာသွားခဲ့ပြီ။ ထို့ကြောင့် စုလျန်က မြွေသားရဲတွင်း တွင် အလုံခြုံဆုံးနှင့် အအေးချမ်းဆုံးဘဝကို ပိုင်ဆိုင်မှာ ဖြစ်သည့်အတွက် ဘလက်မမ်ဘာ နှင် ရွှယ်ရင်းဟွမ် တို့ကလည်း စုလျန်ကို ထိုလူနှင့် ယုံယုံကြည်ကြည် ထားခဲ့လိုက်ကြသည်။