လုဟယ် ထွက်သွားပြီးနောက် အလုပ်တာဝန်များကို သတ်မှတ်ထားသော အစီအစဥ်အတိုင်း စတင် လုပ်ဆောင်ခဲ့ ကြသည်။
ပျံသန်းစက်ရုပ်များက လူအများရှေ့ ဝဲပျံလာကာ လုပ်ရမည့် တာဝန်များကို စက်ရုပ်သံဖြင့် ကြေညာပြီး ထိုသူတို့အား ဦးဆောင် ခေါ်သွားကြလေသည်။ ကံကောင်းသည်က ယခု ဝင်လာသော စက်ရုပ်များက လုဟယ်ကို လာခေါ်ဆောင်သော စက်ရုပ်လောက် မကြမ်းတမ်းကြချေ။ စက်ရုပ်များ၏ ဦးဆောင်မှုဖြင့် ဘီတာများ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲမှ ထွက်ခွာသွားလေသည်။
ထို့အတူ စုလျန်လည်း အလုပ်တစ်ခုကို လက်ခံရရှိခဲ့သည်။
သူ၏တာဝန်မှာ ဥယျာဉ်တစ်ခုကို ဂရုစိုက်ရမည်။ ဥယျာဉ်၏ အစအဆုံးသည် မျက်စိဖြင့် တစ်ချက်ဝေ့ကြည့်ရုံဖြင့်ပင် မြင်နိုင်လောက်အောင် သေးငယ်လှပေသည်။
ဥယျာဉ်သည် အလွန်ထူးခြား၏။ ရုက္ခဗေဒစာအုပ်ထဲများတွင်သာ မြင်ရသည့် အပင်များအားလုံး ဤနေရာတွင် ရှိနေကြသည်။ ထိုအပင်များကို ထူးဆန်းသော ရေခဲပြာရောင် ဂျယ်လ်များဖြင့် စိုက်ထားပြီး ကမ္ဘာပေါ်မှ သစ်ကိုင်းနှင့် ဆင်တူလေသည်။
နေရောင်အောက်တွင် ထိုအပင်များသည် သူတို့ မျက်နှာပြင်မှာ အလင်းယိုင်မှုကြောင့် အပြာ၊ အစိမ်း၊ ခရမ်း နှင့် ရွှေဝါရောင်ဖျော့ဖျော့ စသည်ဖြင့် အရောင်များ ရောနှောတောက်ပနေသည်။
ထိုအပင်များသည် တန်ဖိုးကြီးသော လိုင်ယာမှ အပင်မျိုးကွဲများဖြစ်ပြီး အခြားကြယ်ဂြိုလ်မှ အပင်များဖြစ်သည်။
စိတ်စွမ်းအင်ပြည့်ဝသော လိုင်ယာလူမျိုးများကဲသို့ပင် လိုင်ယာအပင်များကို ပြုစုပျိုးထောင်ရာတွင်လည်း အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိလေသည်။
သူတို့၏ သဘာဝရန်သူမှာ ဥယျာဉ်အလိုအလျောက်ထိန်းသိမ်းသည့် စနစ် ဖြစ်သည်။ လိုင်ယာအပင်လေးများက စိတ်ထားနူးညံ့သော သက်ရှိလူသားတစ်ယောက်က ဂရုတစိုက် ပြုစုခြင်းကိုသာ လက်ခံကြသည်။
စုလျန်သည် မြွေအဖွဲ့အစည်း လိုနေရာမျိုးနှင့် မသက်ဆိုင်သော ဒီလိုဥယျာဉ်လေးတစ်ခု ပေါ်လာရခြင်းကို နားမလည်နိုင် ဖြစ်နေသည်။ သို့သော်လည်း သူသည် ဥယျာဉ်ထဲတွင် ရှိသော လိုင်ယာပင်အား အသေအချာ ကြည့်ရူ စောင့်ရှောက်ပေးနေသည်။ သူ မထင်မှတ်ထားသည်ကား ဤလိုင်ယာပင်သည် ကမ္ဘာပေါ်ရှိအပင်များ အားလုံးထက်ပင် ပို၍ဂရုစိုက်ရ လွယ်ကူသေးသည်။
စုလျန်က အညွှန်းထဲ ဖော်ပြထားသည့် အတိုင်းသာ အပင်လေးများကို ဂရုစိုက်ပေးရုံ အပြင် နေ့တိုင်း ဥယျာဉ်ထဲ သတ်မှတ်ထားသည့် အချိန်အတိုင်း နေပေးရုံပင်။
ထို့သို့ဖြင့် မြွေတွင်းတွင် စုလျန် တာဝန်ထမ်းဆောင်ရသည်မှာ တစ်လပင် ပြည့်တော့မည် ဖြစ်သော်ငြား လိုင်ယာပင်များကို သိပ်တောင် ဂရုမစိုက်လိုက်ရသလို ခံစားရလေသည်။ အကြောင်းက အပင်လေးများသည် မျက်စိတစ်မှိတ်အတွင်းမှာကပင် သိသိသာသာဖြင့် လျင်မြန်စွာ ကြီးထွား လာကြသောကြောင့်ပင်။
လိုင်ယာအပင်မှ အဖူးလေးများကို ကြည့်ကာ ပွင့်လန်းလာဖို့ စိတ်လှုပ်ရှားစွာ စုလျန်တစ်ယောက် မျှော်လင့်နေမိသည်။
သူ့နေ့ရက်များသည် ငြိမ်းချမ်းလှပြီး သူ့အား စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေကာ အတိတ်မှ စိုးရိမ်မှုများကို သတိပင် မရတော့သောအချိန်၌ မေ့အံ့ဆဲဆဲ ဖြစ်နေသော လုဟယ် ဟုခေါ်သော ဘီတာက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ယနေ့ စုလျန်သည် ဥယျာဉ်ထဲတွင်သာ အချိန်ကုန်နေပြီး အိပ်ဆောင်ကို ပြန်ရောက်သောအခါ မှောင်တောင်နေလေပြီ။
ပွင့်လင်းဖြူစင်ပုံရသော လူငယ်လေးတစ်ယောက် ခြုံထဲက ရုတ်တရက် လမ်းပေါ် ထွက်လာကာ စုလျန်ကို တည့်တည့် လမ်းပိတ်ရပ်လိုက်သည်။
“စီနီယာ စု-“
လုဟယ်သည် သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်၏။ သူ့နောက်က အလင်းရောင်ကြောင့် စုလျန်သည် သူ့မျက်နှာအမူအရာကို မမြင်လိုက်ရပေမဲ့ သူ့အသံက အပြစ်တင်ချင်သလိုလို..
“ကျွန်တော်က လိုက်ရှာနေတာကို စီနီယာက လျစ်လျူရူနေတာ။ ကျွန်တော် အဲ့လောက်ထိ စိတ်အနှောင့်အယှက်ဖြစ်ဖို့မကောင်းဘူး မလား။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်မိရင်လည်း ပြောပါ။ ဘာလို့ အဲ့လို အဖက်မလုပ်တာလဲ”
စုလျန်သည် သူ့ကိုစိုက်ကြည့်ပြီး တစ်အောင့်အကြာမှ တည်ငြိမ်စွာဖြင့်
“ငါနဲ့ ဘာကိစ္စရှိလို့လဲ”
လုဟယ်သည် သူ၏မထူးခြားနားသော လေသံကို ကြားသော်လည်း မထွက်သွားခဲ့ပေ။ ထို့အပြင် စုလျန်၏ လမ်းကို ပိတ်ထားဆဲဖြစ်ပြီး
“အဲ့တာ စီနီယာ တကယ်တော့ တစ်ခုပြောစရာရှိတယ်။ အဲ့တာ သခင်လေးလုက အစ်ကို့ကို တစ်ခုပြောစေချင်တာ”
“အို?”
“တကယ်ပါ စီနီယာစု ဒါတကယ် အရေးကြီးတာ”
လုဟယ်အသံသည် ပိုစိုးရိမ်လာသည်။
စုလျန်သည် မျက်လွှာချလိုက်ပြီး သူ့မျက်လုံးထဲမှ အမူအရာများကို ဖုံးကွယ်လိုက်သည်။ ထို့နောက် လုဟယ် ညွှန်ပြရာ အဝေးထောင့်တစ်နေရာဆီ လိုက်ပါသွား၏။
လုဟယ်သည် စုလျန်ကို လက်ပြကာ
“စီနီယာ စု အနားကပ်လာဦး၊ ပြီးမှ ပြောပြမယ်” ဟု ပြောရင်း လက်တစ်ဖက်ကို အိတ်ကပ်ထဲတွင် ထည့်ထားလိုက်သည်။
စုလျန်ကလည်း သူ့ရှေ့မှ ဘီတာကို ကြည့်ကာ
“ငါမှာလည်း မင်းကို တကယ် ပြောစရာရှိတယ်။ ဘာလို့ ငါ့နားကို ချဉ်းကပ်လာရတာလဲ” ဟု ပြောရင်း သရော်သလို ပြုံးလိုက်၏။
လုဟယ်သည် တစ်ခုခု မမှန်တော့မှန်း ခံစားမိသလို ခဏတာ တွန့်ဆုတ် သွားလေသည်။ သို့သော် သူ စုလျန်ရှေ့သို့ တိုးလာခဲ့သည်။
“စီနီယာ စု ဘာပြောမလို့လဲဟင်”
“ငါပြောမယ် ရှင်းချွမ် တက္ကသိုလ်က ပထမနှစ်ကျောင်းသားတွေထဲမှာ မင်းလိုလူ မရှိဘူး’
ထိုစကားကို ပြောပြီးပြီးချင်း စုလျန်သည် အိတ်ကပ်ထဲမှ ထုတ်လိုက်သော လုဟယ်၏လက်ကို ဖမ်းချုပ်လိုက်ကာ လုဟယ်၏ ဗိုက်အောက်ပိုင်းကို ဒူးဖြင့် ခပ်ကြမ်းကြမ်းတိုက်လိုက်လေသည်။
လုဟယ်က သူ့လက်ထဲတွင် ရှိနေသော ဆေးထိုးအပ်ဖြင့် စုလျန်ကို ထိုးရန် အသင့်ပြင် ထားသော်လည်း မမျှော်လင့်ဘဲ စုလျန်က ခုခံကာကွယ်လိုက်သည့်အတွက် မအောင်မြင်ဘဲ ဖြစ်သွားလေသည်။ ဒူးတိုက်ချက်မှာ ပြင်းလွန်းလှသဖြင့် လုဟယ်သည် အော်ဟစ်လိုက်မိကာ ခန္ဓာကိုယ်မှာလည်း ရှေ့သို့ ကိုင်းကျသွား၏။
ထိုခဏအတွင်း စုလျန်သည် သူ့ကိုယ်ကို တစ်ချက်လှည့်လိုက်ပြီးနောက် (လုဟယ်ကို ကျောပေးလိုက်ပြီး) လုဟယ်၏လက်မောင်းကို ဆွဲလိုက်သလို ခါးအားကို အသုံးပြုကာ အရပ် ပိုရှည်သော လုဟယ်ကို လက်တစ်ဖက်တည်းဖြင့် မြေပေါ် သို့ ကိုင်ပေါက်လိုက်တော့သည်။
“ချီးပဲ ဘာလုပ်တာ-“
လုဟယ်သည် နာကျင်မှုကြောင့် ငြီးငြူလိုက်မိသည်။
သူသည် ထပြီး ပြန်တိုက်ခိုက်ချင်သော်လည်း စုလျန်က ဒူးဖြင့်ထောက်ကာ သေချာဖိထားသောကြောင့် မြေပြင်ပေါ်မှ ထပင် မထနိုင်ချေ။
“ငါကသာ အဲ့တာမေးရမှာ မဟုတ်ဘူးလား”
သူ့အောက်က ရုန်းကန်နေသည့်လူကို အေးစက်စွာကြည့်ပြီး လေသံအေးဖြင့်
“ငါ့ကို ဘာလုပ်ချင်နေတာလဲ”
ရှင်းချွမ် တက္ကသိုလ်၏ ကျောင်းသား ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် စုလျန်သည် ထိုနှစ် လူသစ်များအတွက် ခွင့်ပြုလွှာများနှင့် ပတ်သက်၍ ဆရာများကို ကူညီဖူးလေသည်။
တိုက်တိုက်ဆိုင်ဆိုင် စုလျန်တွင် အရမ်းကောင်းသော မှတ်ဉာဏ်ရှိသည်။
ထို့နောက် လုမိသားစု၏ တစ်ယောက်ယောက်ကသာ ရှင်းချွမ် တက္ကသိုလ်ကို ဝင်ခွင့်ရလျှင် သူသတိထားမိမှာ သေချာသည်။
လုဟယ် သူ့အနား မကပ်လာခင်ကတည်းက တခုခုက တော်တော်လွဲနေသည်ကို စုလျန် ခံစားမိသည်။ ယခု လုကျစ်ကျောက်ထံမှ စကားပါးလိုက်သည်ကို ပြောလာသောအခါ လုဟယ်က ပြဿနာရှိမှန်း သေချာသွား၏။
အတိတ်တုန်းက လုကျစ်ကျောက်နှင့်အတူ အကြာကြီး နေလာခဲ့သည့်အလျောက် စုလျန်သည် လုကျစ်ကျောက်ကို တော်တော်နားလည်သည်။ အပြင်ပန်းတွင် လုကျစ်ကျောက်သည် ဖော်ရွေပြီး နားလည်ရလွယ်သူဟု ထင်ရသော်ငြား အလွန် မာနကြီးသောသူ ဖြစ်သည်။
လုကျစ်ကျောက်သည် လုမိသားစုဘက်မှ မြွေအဖွဲ့အစည်းသို့ စေလွှတ်ခံရသည့် လူများနှင့် မည်သို့မှ ရင်းနှီးစရာ အကြောင်းမရှိသဖြင့် သူက စုလျန်ဆီ စကားပါးလိုက်သည်ဆိုသည်မှာ ပို၍ မဖြစ်နိုင်ချေ။
ထိုသံသယဖြစ်ဖွယ် အချက်များကို ထည့်မစဥ်းစားလျှင်တောင် ယခင်ဘဝက ခရိုင် ၄၈ တွင် နေထိုင်ခဲ့စဥ်က သင်ယူခဲ့ရသော သင်ခန်းစာများကြောင့် သူ့အကဲခတ်စွမ်းရည်က လုဟယ်၏ မရိုသားသော ချဥ်းကပ်မှုကို သတိပြုမိပြီးသားပင် ။ လူတစ်ယောက်၏ ဖုံးကွယ်ထားသော ကောက်ကျစ်မူကို အလိုအလျောက် မသိနိုင်ပါက ခရိုင်၄၈ လို ကြမ်းတမ်းသော နေရာတွင် အသက်ရှင်ရန် ခက်ခဲလေသည်။
ထို့ကြောင့် ၄၈ခရိုင်တွင် သင်ခဲ့သော ကိုယ်ခံပညာကိုပင် အသုံးပြုပြီး လုဟယ်ကို မလှုပ်နိုင်အောင် ထိန်းချုပ်ထားလိုက်သည်။ ထို့အချိန်မှ လုဟယ်က လက်ထဲတွင် တစ်ခုခုကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ပြီး လက်ကောက်ဝတ်ကို မတွန့်ဆုတ်ဘဲ ထုချလိုက်၏။
“ဂျွတ်..“ ဆိုတော့ မသဲမကွဲ အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာပြီး လုဟယ်၏ စူးရှသော အော်သံက ထိုအသံ နောက်မှ ကပ်ပါလာခဲ့သည်။
လုဟယ်သည် သူ့လက်ကို ဆက်ဆုပ်မထားနိုင်ဘဲ လက်ဝါးဖြန့်လိုက်ရာ ပန်းရောင်အရည်ပါသည့် ဆေးထိုးအပ်က ပြုတ်ကျလာ၏။
“ဟင် ဒါဘာလဲ-“
စုလျင်၏ မျက်ဆံများ ကျုံ့သွားကာ ဆေးထိုးအပ်ကို ကောက်မည်အလုပ်တွင် သူ့နောက်ကျောမှ အေးစိမ့်စိမ့် ဖြစ်လာ၍ နောက်လှည့်ကြည့်လိုက်မိသည်။
ထိုအချိန်ကို အခွင့်ကောင်းယူကာ လုဟယ်က ဖိချုပ်ခံထားရမှာ ခုန်ထွက် လွတ်မြောက်သွား၏။
လုဟယ်၏ လှုပ်ရှားမူက မြန်သော်လည်း နောက်ထပ် ရောက်လာသူက ပိုမြန်ဆန်သော အရှိန်ဖြင့် အထူးထုတ်ကိရိယာတစ်ခုကို အသုံးပြုပြီး စုလျန်ကို ပစ်ခတ်လိုက်သည်။ စုလျန်သည် သူ့လည်ပင်းနောက် ဂုတ်နေရာက ခပ်စူးစူး ဖြစ်သွားပြီး အေးစက်သော ဆေးရည်များကလည်း သူ့ကိုယ်ထဲ ဝင်သွားတာကို ခံစားလိုက်ရသည်။ စုလျန်၏အမြင်အာရုံမှာ ချက်ချင်းဝေဝါးသွားပြီး သူ့ခန္ဓာကိုယ်ကို ထိန်းမနိုင် ဖြစ်လာလေတော့သည်။
“မင်း?”
စုလျန် ခေါင်းပိုမူးလာပြီး မောဟိုက်လာကာ အဝေးမှ သူ့ဆီ ချဉ်းကပ်လာသော မြင်ဖူးသလိုရှိသည့် လူကို ကြည့်လိုက်၏။
နင်းမိသားစုမှ ရိုင်းစိုင်းသည့် အစေအပါးဖြစ်ပြီး လုဟယ်ကို ကပ်ပါးလျက်ပါးဟု ပြောခဲ့ဖူးသူ ဖြစ်သည်။ အထူးထုတ်ကိရိယာကို အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ စုလျန်ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ကြည့်လိုက်သည်။
“မင်းဒီမှာ ဘာလုပ်နေတာလဲ?”
စုလျန်သည် အံကို ကြိတ်ကာ စကားသေချာ ပြောနိုင်ရန်ပင် အားတင်းထားရသည်။
“ငါလား? ဘာမှ မလုပ်ပါဘူး။ မင်းကို စောစောသေစေချင်တာပဲ ရှိတာ”
“မင်း ငါ့ကို အဆိပ်…. ထိုးလိုက်တာလား?”
စုလျန်က ပိုသိချင်လာသည်။
သို့သော် များမကြာလိုက်ခင် သူ့မျက်နှာပေါ်သို့ ပြင်းထန်သော လက်သီးချက်က ကျရောက်လာပြီး မြေပေါ်မှောက်လျက် လဲကျသွားသည်။ သူ့မျက်လုံးထဲတွင် ကမ္ဘာကြီးက ချာချာလည်နေအောင် မူးနေသည်မှ အပ နာကျင်မှု ကြီးကြီးမားမား မရှိပေ။
“သေစမ်း- မင်းက စောက်ရမ်း အံ့သြဖို့ကို ကောင်းတယ်ဟ။ ဘယ်လိုဖြစ်လို့ မေးခွန်းတွေတောင် ပြန်မေးနေရတာလဲ”
လုဟယ်ထံမှ သူ့ကို စော်ကားသော စကားများစွာ ထွက်လာသည်။
“သခင်ကိုတောင် ပြန်ကိုက်ရဲတာ။ တွေ့လား ငါမင်းကို မသတ်ရင်-“
လုဟယ်သည် မြေကြီးပေါ်မှ ခုန်ထလိုက်ပြီး သူ့၏လူကောင်းဟန်ဆောင် မျက်နှာဖုံးသည် ကွာကျကာ ဖုံးကွယ်ထားသောလူဆိုးသရုပ်မှန်က ပေါ်လာသည်။
စုလျန်သည် ထိုအချိန်တွင် လုံးဝ မလှုပ်နိုင်တော့ဘဲ အရမ်းဖြူလျော့နေကာ အားနည်းပုံစံဖြင့် မြေပြင်ပေါ်တွင် လဲကျ နေသည်။ လုဟယ်သည် ပြန်ကလဲ့စားချေချင်သော်လည်း နင်းမိသားစု၏ လက်ပါးစေ ဘီတာ ထံမှ ဆူငေါက်ခြင်းကိုသာ ခံလိုက်ရ၏။
“တော်စမ်း ! တော်တော်ကို စဥ်းစားညာဏ်မရှိတာဘဲ! ထောက်လှမ်းရေးစက်တွေကို ကွယ်ထားတဲ့ အကာက ခဏပဲခံမှာ။ မင်း အချိန်ဖြုန်းနေတာ တော်လောက်ပြီ။ အဲ့ မကောင်းဆိုးဝါးကို မင်းဘာလုပ်နေတာလဲဆိုတာ တွေ့သွား စေချင်နေတာလား? သူစိတ်စွမ်းအင်က ဒီကျွန်းတစ်ခုလုံးကို လွှမ်းနိုင်တယ်။ ဒီလာပြီး ငါ့လာကူ! ဒီအကာ ပျယ်သွားတဲ့အထိ မင်းက စောင့်ချင်နေသေးတာလား? !”
“ဒါပေမဲ့…”
“သူက မကြာခင် သေတော့မှာပဲ! အရူးထမနေနဲ့!”
စုလျန်သည် သူ့အသက်ရူနှုန်းကို ထိန်းပြီး ခန္ဓာကိုယ်တွင်း ဆေးများ မြန်မြန် မပြန့်သွားအောင် ကြိုးစား ကြည့်လိုက်သေးသည်။
[t/n: အသက်ရှုနှုန်းထိန်းလိုက်တော့ ခန္ဓာကိုယ်ထဲက သွေးတွေ လည်ပတ်တဲ့ အရှိန်လဲ နှေးသွားပြီး အဆိပ် ပြန့်တဲ့ နှုန်းလည်း နှေးသွားတဲ့ သဘောပါ။]
သို့သော် သူ့ခေါင်းက ပိုမူးလာကာ သူ့ခန္ဓာက ပိုထုံလာခဲ့သည့်အပြင် ပို၍လည်း ပူလာနေသည်။
သူ ဆေးထိုးခံလိုက်ရသည့် နေရာမှ စ၍ အပူများသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ မီးဖြင့် လောင်မြှိုက်ခံရသလို ခံစားနေရ၏။
လုဟယ်နှင့် နင်းမိသားစု၏ ဘီတာမှာ သူ့ကိုမကာ တစ်နေရာဆီ ခေါ်သွားနေသည်ကိုတော့ ခံစားမိသည်။
ညအမှောင်ထဲတွင် သူ့ခန္ဓာကိုယ်ထဲရှိ အလွန်ပူပြင်းသော မီးတောက်များက သူ့အား လုံးဝ သတိလစ် မေ့မြောသွား စေသည်။
…..
မြွေသားရဲတွင်း၏ ခြံဝင်းအတွင်း၌ -
ဤကျွန်း၏နက်ရှိုင်းသော နေရာတွင် လုထိုက်ဖန်သည် ရေစည်ကြီးထဲ၌ အေးချမ်းစွာ ရေစိမ်နေလေသည်။
စိတ်ငြိမ်စေသော အပြာရောင်အရည်များထဲတွင် နစ်မြုပ်နေသော ပင်လယ်မိစ္ဆာတစ်ကောင်လို ဖြူဖျော့နေကာ မလှုပ်မယှက် လှဲနေလေသည်။
သူ့စိတ်စွမ်းအင်ကို ဆေးဝါးနှင့် စက်ကိရိယာ အကူအညီဖြင့် ချိပ်ပိတ်ထားလေရာ ဖယ်ရိုမုန်း ပျံ့နှံ့မှုနှုန်းကို အတိုင်းအတာထိတော့ ထိန်းချုပ်ထားနိုင်သည်။
ထိုအချိန်၌ ကွမ်ကျိုး ပေါ်လာသည်။
“ကျွန်တော်တို့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်”
အလွန်စကားများပြီး အဆက်မပြတ် ပြောလေ့ရှိသော ကွမ်ကျိုးသည် ယခုတစ်ကြိမ်တော့ ယတိပြတ်ပြတ်ဖြင့် ပြောဆိုလာ၏။
“သတင်းကောင်းကတော့ အမဲရောင်စောင့်ရှောက်သူ အဖွဲ့ နဲ့ အရိုးခေါင်းအဖွဲ့ အတွက် ဆင်ထားတဲ့ ထောင်ချောက်က အခုစနေပါပြီ။ ပြီးတော့ တစ်ယောက်ယောက်က ဒီကို လာနေတယ်။ သတင်းဆိုးကတော့ အခုထွက်ပြေးဖို့ကြိုးစားနေတဲ့ အမဲရောင်စောင့်ရှောက်သူ အဖွဲ့ နဲ့ အရိုးခေါင်းအဖွဲ့တွေ မဟုတ်ဘဲ အရေးမပါတဲ့ ကြွက်စုတ်လေးတွေပါ”
“ကိုယ့်ဟာကိုယ် ရှင်းလိုက်”
စကားမဆုံးခင်မှာပင် လုထိုက်ဖန်သည် အေးစက်စွာ အမိန့်ပေးလိုက်သည်။
သို့သော် ကွမ်ကျိုးသည် သခင်ဖြစ်သူ၏ အမိန့်ကို မနာခံဘဲ ခက်ခဲသောလေသံဖြင့် နောက်ဆက်တွဲ သတင်းကို ထပ်မံ တင်ပြလိုက်၏။
“အဲ့ ကြွက်စုတ်တွေက သခင်လေး စုလျန်ကို ခေါ်သွားတယ်”
“ဘာ?”
“သူတို့ သခင်လေး စုလျန်ကို အမျိုးမသိဆေးတစ်မျိုးကို ထိုးလိုက်ပြီး ဖမ်းသွားပါတယ်” ဟု ကွမ်ကျိုးက မဝံ့မရဲ ပြောလိုက်၏။
“ကျွန်တော် ကင်းလှည့်နေတဲ့အဖွဲ့ကိုတော့ သတိပေးထားပြီးပါပြီ။ သူတို့ မကြာခင် ရောက်လာတော့မှာပါ။ ဒါပေမဲ့ အဲ့မတိုင်ခင် သခင်လေးစုလျန်ကို ကျူးကျော်သူနှစ်ယောက်က ရန်မပြုဖို့ဘဲ မျှော်လင့်ရတာပဲ”
“ဗွမ်း”
ရေသံနှင့်အတူ လုထိုက်ဖန်သည် စကားတစ်ခွန်းမှ မပြောဘဲ ကန်ထဲမှ ထွက်လာသည်။
ခဏတာ တိတ်ဆိတ်ပြီးနောက် ကွမ်ကျိုးဆီမှ အသံထွက်လာသည်။
“ဒါနဲ့ ကျွန်တော် မကောင်းတဲ့ ဒေတာတွေ ထောက်လှမ်းမိတယ်။ ပင်မခြံဝင်းအတွင်းမှာလည်း ဖယ်ရိုမုန်းပါဝင်မူက ပိုများလာတယ်။ အဲ့ကျူးကျော်သူနှစ်ယောက်ဆီကလား၊ သခင်လေးစုလျန်ဆီကလား ဆိုတာတော့ ဝေခွဲမရ ဖြစ်နေတုန်းပါ။ အပူချိန်တိုင်းတာတဲ့ ဆင်ဆာက ပြောတာကတော့ သခင်လေးစုလျန်မှာ အဖျားကြီး ရှိနေတယ်ဆိုတာပါပဲ…”
လုထိုက်ဖန်သည် ဝတ်ရုံရှည်ကို ဝတ်လိုက်သည်။
သူသည် နှာခေါင်းစည်းလို မျက်နှာဖုံးကို သေသေချာချာ ဝတ်လိုက်ပြီးနောက် လက်နက်တစ်ခုချင်းစီကို တပ်ဆင်လိုက်သည်။
ထို့နောက် အခန်းထဲမှ တန်းထွက်ပြီး ပုံရိပ်ယောင် စခရင်မှ ကျူးကျော်သူများကို ကြည့်လိုက်သည်။
လေထုထဲတွင် နှစ်သက်ဖွယ်ကောင်းသော အနံ့သည် ပျံနှံ့နေသည်။
ဘီတာနှစ်ယောက်သည် ဖြူဖျော့နေသော စုလျန်ကို မပြီး လူပြတ်သည့် လမ်းအဆိုင်း ခေါ်လာကြသည်။
သူတို့ ပင်မခြံဝင်းနှင့် နီးလာလေလေ လုထိုက်ဖန်ဆီမှ စိတ်ဝိဉာဉ်စွမ်းအားကို ပိုမို ပြင်းထန် ခံစားရလေလေ ဖြစ်နေသည်။ အကြံအစည် အောင်မြင်လုနီးပါ ဖြစ်နေသော ဘီတာ နှစ်ယောက်မှာ ချွေးစေးများ ထွက်လာပြီး တုန်တုန်ရီရီ ဖြစ်လာကြ၏။
လုဟယ်သည် ပူလောင်နေသော ကောင်လေးကို သူ့နောက်တွင် ထမ်းကာ အသံအက်အက်ဖြင့်
“ငါတို့ မရောက်နိုင်တော့ဘူး ။ သူ့ကို ဒီနေရာမှာပဲ ထားလို့ မရဘူးလား?”
နင်းမိသားစု၏ အစေအပါးကလည်း မျက်နှာပျက်ယွင်းနေပြီဖြစ်ပြီး ဆက်သွယ်ရေးကိရိယာကို ကြည့်ကာ နေရာကို စစ်ဆေးကြည့်လိုက်သည်။
လုထိုက်ဖန်၏အချိန်ဇယားနှင့် ပင်မခြံဝင်း မြေပုံအကြမ်းကိုရရန် သတင်းပေးသူကို ပိုက်ဆံအများကြီး ပေးခဲ့ရသည်။
သတင်းသမားပြောသည့် လုံခြုံသည့်နေရာနှင့် သိမ်မဝေးတော့ချေ။
“နေရာကတော့ အဆင်ပြေပါပြီ။ ဆေးလည်း အဆင်ပြေတယ်မလား”
လုဟယ်သည် လုထိုက်ဖန်၏ စိတ်စွမ်းအားဖြင့် လွှမ်းမိုးခံထားရသည့်အတွက် လူတစ်ကိုယ်လုံး ကြောက်စိတ်မွှန်နေကာ မောပန်းနေလေပြီ။ ရှေ့နည်းနည်း ဆက်လျှောက်ပြီးနောက် ထပ်မေးလိုက်ပြန်၏။
“လျှောက်မပြောနဲ့။ ပြဿနာတစ်ခုခုရှိတယ်လို့ မင်းမခံစားမိဘူးလား”
အစေအပါးက ခပ်ကြမ်းကြမ်းပြောလိုက်၏။
စုလျန်၏ခန္ဓာသည် အလွန့်ကို ပူလာနေသည်။ အပူ တိုးလာသည်နှင့်အမျှ အနံ့တစ်ခုသည်လည်း သူ့ခန္ဓာမှ ထွက်လာနေ၏။
ဘီတာများပင် အနံ့ခံနိုင်သော ချိုမြန်သည့် အနံ့တစ်မျိုးပင်။
နင်းမိသားစု၏အစေခံက စုလျန်ကို အထူးဆေးတစ်မျိုးကို ထိုးပေးခဲ့သည်။
ထိုဆေးသည် ဘီတာ၏ဖယ်ရိုမုန်း ထုတ်လွှတ်မူကို တိုးပွားစေနိုင်ရုံသာမက အယ်လ်ဖာများ၏ ကာမစိတ်ကို နှိုးဆွပေးနိုင်သော ဆေးများ ပေါင်းစပ်ထားသည့် အထူး ဖယ်ရိုမုန်းဆေးရည် တစ်မျိုးကိုလည်း ထည့်သွင်း ထားသေးသည်။
အဆင့်မြင့်အယ်လ်ဖာကိုပင် လိင်စိတ်တက်ကြွသည့်ကာလဝင်အောင် လုပ်နိုင်ပြီး အဆင့်နိမ့်သော ဘီတာတစ်ဦးကိုပင် မိန်းမချော မိန်းမလှလေးဟု အထင်မှားသွားအောင် ဆွဲဆောင်နိုင်သော ချိုမြိန်သည့် အနံ့တစ်မျိုးကို ထုတ်လုပ်ပေးသည်။
ဤရိုးရှင်းသောဆေးကို တီထွင်ခဲ့သောလူကား သံကဲ့သို့ သန်မာသည့် လုထိုက်ဖန်ကို စိတ်လွတ်သွားအောင် လုပ်နိုင်မည်ကို မထင်မှတ်ထားခဲ့ပေ။
သို့သော် သူတို့ လိုချင်သည်မှာ လုထိုက်ဖန် စိတ်လွတ်သွားသည်ကို မဟုတ်ဘဲ ဖယ်ရိုမုန်း ပြင်းထန်စွာ ထွက်နေသော စုလျန်ကို လုထိုက်ဖန်၏ လက်ထဲတွင် သေစေရန် ဖြစ်သည်။
ဤဆေးရည်၌ လွန်ခဲ့သော နှစ်များစွာက တိုက်ပွဲ၌ ရရှိခဲ့သော လုထိုက်ဖန်၏ ဖယ်ရိုမုန်းအကြွင်းအကျန်ကို အခြေခံပြီး အထူး ပြုလုပ်ထားသည့် အထူးဆေးတစ်မျိုး ထည့်သွင်းထားရာ လုထိုက်ဖန်ကို သေချာပေါက် ဆွဲဆောင်နိုင်မှာပင်။
ဤဆေးဓာတ်ပြယ်ရန်အတွက် သတ်မှတ်ထားသော အယ်လ်ဖာတစ်ယောက်ဆီမှ ဖယ်ရိုမုန်းကို ရရန် လိုပြီး မရမချင်း စုလျန်သည် အယ်ဖာကို ဆွဲဆောင်သည့် အတုအယောင် ဖယ်ရိုမုန်းကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေမှာ ဖြစ်သည်။
ထိုကဲ့သို့ ထုတ်လွှတ်မူက ဖယ်ရိုမုန်းကို ဆတ်ဆတ် ထိမခံဖြစ်နေသည့် လုထိုက်ဖန်အတွက် ကြီးမားသော ပြသနာ တစ်ခု ဖြစ်နေချေသည်။
အတိတ်မှ လုထိုက်ဖန်၏ ထိန်းချုပ်မရသော အပြုအမူတို့ကို ကြည့်လျှင် သူ လုပ်မည့်အရာသည်ကား ‘စုလျန်’ ဟုခေါ်သည့် တည်ရှိမူကို ဖျောက်ဖျက်ပစ်မည်သာ ဖြစ်သည်။
“အဲ့အချိန်တုန်းက မင်း သခင်လေးလုကို ဘယ်လို ဆွဲဆောင်နေတာတို့၊ အားနင်းကို အနိုင်ကျင့်တာကိုပဲ ငါ ကြည့်နေခဲ့ရတာ…”
နင်းမိသားစုအစေခံကား စကားအဆက်မပြတ် ပြောရင်း သူ့ကိုယ်သူ အားတင်းနေသည်။
တစ်သက်တာပင် လျှောက်လိုက်ရသည်ဟု ထင်သောလမ်းမှာ ယခုတော့ ရည်ရွယ်ထားသည့်နေရာကို ရောက်လာခဲ့ပြီ။
သူတို့သည် ကြောက်ကြောက်ဖြင့် စုလျန်ကို ကြမ်းပေါ် ပစ်ချလိုက်သည်။ လုဟယ်သည် ခဏတာ စဉ်းစားလိုက်ပြီး အလျင်အမြန် စုလျန်၏အင်္ကျီကို စုတ်ဖြဲလိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
နင်းမိသားစုအစေခံမှာ လန့်ပြီးအော်လိုက်သည်။
“အဲ့ လုမိသားစုရဲ့ သားရဲကောင်နဲ့ နည်းနည်းဝေးသေးတယ်လို့ မထင်ဘူးလား။ သူ သတိမထားမိမှာ ငါ စိုး-“
“ချီးလို ဖြစ်အောင်လာမလုပ်နဲ့! သေချာတွက်ချက်ထားပြီးသား ဒီနေရာဆိုတာကို သေချာအလုပ်ဖြစ်မှာ! လာ မြန်မြန် လစ်ကြရအောင် အဲ့သားရဲကောင် မကြာခင်လာတော့မှာ!”
နင်းအစေခံသည် သူ့ခေါင်းကိုမော်ကြည့်လိုက်ကာ မှောင်မိုက်နေသော တောအုပ်၏အဝေးတစ်နေရာမှ အလင်းကို ကြည့်လိုက်သည်။
လုမိသားစုသခင် လုထိုက်ဖန်သည် ယနေ့ညတွင် သူ့စိတ်စွမ်းအင် တည်ငြိမ်အောင်လုပ်မည့် ကုသမူကို ဤနေရာတွင်လုပ်မည်ကို သူ အသေအချာကို သိသည်။
မကောင်းဆိုးဝါးကဲ့သို့ ဖြစ်နေသည့် လုထိုက်ဖန်မှာ မနီးမဝေးကပင် စုလျန်၏ခန္ဓာမှ ဖြာထွက်နေသည့် ဖယ်ရိုမုန်းကို သေချာအာရုံခံစရာပင် လိုမည် မဟုတ်ချေ။
လုထိုက်ဖန် မကြာခင်ရောက်တော့မည်ကို တွေးရင်း သူတို့၏မျက်နှာမှာ သွေးမရှိကဲ့သို့ ဖြစ်သွားသည်။
သူတို့ ပုခုံးကို တွန့်လိုက်ပြီး ပြန်ရန် လှည့်လိုက်သည်။
သူတို့အသိက အမြန်ပြန်ရန် အသိပေးနေသလောက် သူတို့ခန္ဓာကား မရွေ့တော့သည်ကို တွေ့လိုက်ရသည်။
ဘာဖြစ်တာလဲ ?
ဘာလို့ ခန္ဓာကိုယ်က ငါတို့စကားနားမထောင်ရတာလဲ ?
ဘာလို့ တုန်နေရတာလဲ ?
ထို့အပြင် အေးစက်နေသော ချွေးစေးများက သူတို့နဖူးတွင် ထွက်လာကြသည်။ ဤသည်က သူတို့ခန္ဓာက အလွန်အမင်းကြောက်ရွံ့မူကြောင့် သဘာဝအလျောက် တုံပြန်ခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။
တစ်ခုခုက လာနေပြီ။
တကယ့် မကောင်းဆိုးဝါးက လာနေပြီ။
သူတို့ သေတော့မယ်။
…သူတို့ ထင်မှတ်ထားသလိုပင် သူတို့အရှေ့တွင် မှိန်ဖျော့သောအရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“ကယ်ကြပါ”
“ကျွန်တော်မှားပါတယ်။ တကယ်မလုပ်ရဲ-“
“ချမ်းသာပေးပါဗျာ တောင်းပန်ပါတယ် ချမ်းသာပေးပါ…”
ငိုသံနှင့် ကွဲအက်နေသော ငြီးတွားသံများက တိတ်ဆိတ်သော ညတွင် ပဲ့တင်ထပ်နေသည်။
အဆင့်မြင့်အယ်လ်ဖာမှ ထွက်လာသော ဖိအား၏လှုံဆော်မူကြောင့် သူတို့နှစ်ဦးမှာ ထိုလူကို မြင်မြင်ချင်း လဲကျသွားကြ၏။
သူတို့သည် အနာကျင်ဆုံးနှင့် အဆိုးဝါးဆုံးသော သေခြင်းကို ရင်ဆိုင်ရတော့မည်ဟုအထင်ဖြင့် အော်ဟစ်မြည်တမ်းနေကြသည်။
သို့သော် ထိုရှည်ရှည်သဏ္ဍာန်သည် သူတို့ကို ဖြတ်လျှောက်သွားပြီး မြေကြီးပေါ်ပစ်ချခံထားရသည့် အဝတ်မပါ ဖြစ်နေသော လူငယ်လေးဆီသို့ ဦးတည် လျှောက်သွားမည်ဟု မမျှော်လင့်ထား မိကြချေ။