ကျောင်းဂိတ်ပေါက်ဝ၌ ယာဥ်ပျံတံခါးကို မှီကာ စောင့်နေသည့် လုကျစ်ကျောက်ကို စုလျန် မြင်လိုက်ရ၏။
လုကျစ်ကျောက် မျက်နှာမှာ မကြည်မလင်ဖြစ်နေပြီး သူ စိတ်အခြေအနေမကောင်းကြောင်း ဘယ်သူမဆို သတိထားမိနိုင်သည်။ ထို့ကြောင့် သူနားတွင် အမြဲတမ်း တဝဲလည်လည် လိုက်ကပ်နေတတ်သည့် နောက်လိုက်နောက်ပါများပင် မတွေ့ရ။ ကိုယ့်ဒုက္ခကိုယ် မရှာမိအောင် ရှောင်သွားကြတာ ဖြစ်နိုင်သည်။
အမြဲလိုလို သဘောကောင်းပြီး ဖော်ရွေတတ်သော လုကျစ်ကျောက်
ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော စနောက်နေတတ်သော လုကျစ်ကျောက်
သို့သော် ထိုပေါ့ပါးပျော်ရွှင်နေသည့် လူငယ်လေး လုကျစ်ကျောက်က အင်အားကြီးမားသည့် လုမိသားစု၏ အမွေဆက်ခံသူ ဖြစ်နေသည်။
ဘယ်လို လူမိုက်က ထိုမြင့်မြတ်သည့်ပုဂ္ဂိုလ်နှင့် ထိပ်တိုက်တွေ့ပြီး ပြဿနာဖြစ်ရဲပါ့မလဲ၊ အရမ်းရူးမိုက်လွန်းသည် ယခင်ဘဝက စုလျန်ဆိုတဲ့ ငတုံးတစ်ယောက်က လွဲလို့ပေါ့။
စုလျန်သည် လုကျစ်ကျောက်၏သုန်သုန်မှုန်မှုန် မျက်နှာကို မြင်လိုက်ပြီး ခြေလှမ်း ခဏရပ်သွားသော်လည်း သူ့ဆီ ဆက်လျှောက်သွားရင်း အသံပေးလိုက်သည်။
"လုကျစ်ကျောက်"
လုကျစ်ကျောက် ချက်ချင်းပဲ ခေါင်းကို မော့ကြည့်လိုက်ကာ "လျန်လေး၊ မင်း နောက်ဆုံးတော့ ဒီကို ရောက်လာပြီ”
လုကျစ်ကျောက်သည် အရင်က အကျင့်အတိုင်း စုလျန်၏လက်ကို ဆွဲရန် ကြိုးစားလိုက်သော်ငြား စုလျန်က လိမ္မာပါးနပ်စွာ ရှောင်လိုက်သည်။
ထို့ကြောင့် လုကျစ်ကျောက်မှာ အံ့သြသွားရကာ စုလျန်ကို ကြည့်လိုက်မိသည်။ စုလျန်က တအံ့တသြ ကြည့်နေသည့် လုကျစ်ကျောက်ကို ရုပ်တည်လေးဖြင့်သာ ပြန်ကြည့်နေလိုက်၏။
ကျောင်းတံခါးရှေ့က လုမိသားစု၏ အမွေဆက်ခံသူနှင့် ထူးချွန်ကျောင်းသားတို့ တွေ့ဆုံသည့် ဇာတ်ဝင်ခန်းကို လူအများက စိတ်ဝင်စားနေကြပုံပင်။ သူတို့နှစ်ယောက်ကို အခြားသူများက အကဲခတ်နေကြသည်ကို စုလျန် သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"အရင်ဆုံး ကားထဲဝင်ရအောင်” ဟု ပြောရင်း စုလျန် ကားထဲသို့ ဦးဆုံး ဝင်သွားလိုက်၏။
လုကျစ်ကျောက်လည်း နောက်မှလိုက်ကာ ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုက်လိုက်ရပြီး သိပ်မကြာခင်မှာပဲ ယာဥ်ပျံကားလေးက မြေပြင်မှ အနည်းငယ် မြောက်တက်သွားကာ တည်တည်ငြိမ်ငြိမ် မောင်းတွက်သွားတော့သည်။
"မင်းရဲ့အတန်းက အစောကြီးကတည်းက ပြီးနေပြီ မဟုတ်လား၊ ဘာလို့ နောက်ကျမှ ထွက်လာတာလဲ။ ကိုယ် တော်တော် စိတ်ပူသွားတာ၊ မင်းကို ရှာဖို့ လာတော့မလို့”
ကားကို မောင်းနေရင်း စုလျန်နှင့် စကားပြောနေသည့် လုကျစ်ကျောက်၏အသံက အရင်လို နူးညံ့ညင်သာနေဆဲပင်။
ဤသို့ အပျော့ဆွဲလေးဖြင့် ပြောတတ်သည့် လုကျစ်ကျောက်၏ စကားလုံးများကို တစ်ဘဝလုံးစာ ကြားလာခဲ့ရပြီးသော စုလျန်သည် အပြောချိုချိုလေး နောက်ကွယ်ရှိ ဒေါသအစအနလေးများကို အလွယ်တကူပင် ဖော်ထုတ်နိုင်လေသည်။
ထို့ကြောင့် အပေါ်ယံစကားများကို လျစ်လျူရှုထားလိုက်ကာ လုကျစ်ကျောက်ကို လှည့်ပင်မကြည့်ဘဲ လိုရင်းကိုသာ မေးလိုက်၏။
"မင်း ဘာပြောချင်တာလဲ”
လုကျစ်ကျောက် ဆက်ပြောမည့် စကားများ ရပ်တန့်သွားကာ ခဏအကြာမှ လုကျစ်ကျောက်သည် အသံခပ်လေးလေးဖြင့်
"ကျားရိ သူ ဒီနေ့ အရေးပေါ်ခန်းထဲ ရောက်သွားတယ်"
ထိုစကား တစ်ခွန်းပြောပြီးနောက် ဆက်မပြောဘဲ တွန့်ဆုန်နေပြန်သည်။
"မင်းသူ့ကို ဘာပြောလိုက်သေးလဲ။ သူ မင်းကို တောင်းပန်ဖို့ လာတွေ့ပြီးတဲ့နောက် သူ့ကျန်းမာရေးက တော်တော်ဆိုး ရွားသွားတယ်။" ဟု ထပ်ဖြည့်ပြောလိုက်သည့် လုကျစ်ကျောက် အသံက တိုးလျလို့နေသည်။
လုကျစ်ကျောက် သူ့ကို ပြောလာမည့် စကားများက ကောင်းနိုင်ဖွယ်ရာမရှိကြောင်း စုလျန် ကြိုတင် တွက်ဆထားပြီးသား ဖြစ်သော်လည်း လုကျစ်ကျောက်၏ ဝိုးတိုးဝါးတားစကားလုံးများကို ကြားလိုက်ရသောအခါ စုလျန် မျက်လုံးများပင် ပြူးကျယ်သွားသည်အထိ အံ့သြမိသည်။
စုလျန်သည် ခေါင်းကို လှည့်ပြီး သူ့ဘေးမှ စိတ်ပူပန်နေပုံရသည့် လူကို နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။
"နင်းကျားရိ က လာတောင်းပန်ကို ငါ လက်ခံလိုက်တယ်လေ။ ပြီးတော့ သူ ဆေးရုံ ရောက်သွားတယ်။ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ။”
စုလျန်၏ အေးတိအေးစက် အပြောနှင့် စိတ်မပါလက်မပါ အမူအယာကြောင့် အစကတည်းက ရှိနေခဲ့သော လုကျစ်ကျောက်၏သံသယကို ပိုမိုခိုင်မာသွားစေ၏။
လုကျစ်ကျောက် ဘရိတ်ကို နင်းကာ ကားကို တိတ်ဆိတ်သောလမ်းပေါ်တွင် ရပ်ထားလိုက်ပြီး စုလျန် ကို တည့်တည့် ကြည့်လိုက်သည်။
ဤအတောအတွင်း ပြောင်းလဲနေသော စုလျန်ကို နားလည်နိုင်ရန် ကြိုးစားနေပုံရကာ နားမလည်နိုင်သည့်အဆုံးတွင် အသက်ပြင်းပြင်း တစ်ချက်ကိုသာ ရှိုက်ထုတ်လိုက်၏။
"ကျားရိ က ကွဲပြားခြင်းအကြိုကာလာထဲမှာ ရှိနေတယ်။ သူ့မှာ စိတ်ခံစားအချက် အတက်အကျတွေ ဖြစ်လို့မရဘူး။ ဘယ်လှုံ့ဆော်မှုကိုမှလဲ မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ စိတ်ခံစားချက်ကို တစ်ခါလေး မထိန်းနိုင်တာကတောင် အသက်အန္တရာယ်ကို ဖြစ်နိုင်လို့ပဲ"
လုကျစ်ကျောက်၏ မျက်နှာမှာ မဲမှောင်နေပြီး လက်များမှာ ဂဏာမငြိမ်ဘဲ မျက်ခုံးကို ပွတ်သပ်နေ၏။
"လျန်လေး၊ သူက ကလေးကတည်းက ဖူးဖူးမှုတ်ခံထားရတာ ဘယ်သူ့ကိုမှလဲ မတောင်းပန်ဖူးဘူး။ မင်းဆီ တောင်းပန်ဖို့ လာတဲ့ပုံစံကလဲ နည်းမှန်လမ်းမှန် ဖြစ်ချင်မှ ဖြစ်မယ်၊ တောင်းပန်တာမှာ စိတ်ရင်းကို မပြနိုင်လို့ မင်း သူ့ကို မကျေနပ်သေးဘူးဆိုရင်တောင်၊ အနည်းဆုံးတော့ သူ အပြည့်အဝ ကွဲပြားသွားတဲ့အထိ စောင့်သင့်တာပေါ့”
ပြောနေရင်းဖြင့်ပင် လုကျစ်ကျောက်၏ အသံနေအသံထားက တဖြည်းဖြည်း တင်းမာလာ၏။
မနက်က သူ(လုကျစ်ကျောက်)နှင့် နင်းကျားရိ စကားပြောနေစဥ် လဲကျသွားသည့် နင်းကျားရိ၏ပုံရိပ်က သူ့နှလုံးသားကို အလွန် နာကျင်စေသည်။
ဖြူဖျော့နေသည့် ကောင်လေးက မေ့လဲ မသွားခင် စုလျန်ကော က သူ့တောင်းပန်မှုကို လက်ခံဖို့ မလိုလားကြောင်း ထပ်တလဲလဲ ပြောနေခဲ့သည်။ ထိုအချိန်တုန်းက လုကျစ်ကျောက်က စုလျန်ကိုသာ အပြည့်အဝ ယုံကြည်နေပြီး နင်းကျားရိကို စိတ်ဆိုးစိတ်ကောက်တတ်သည့် ကလေးဆိုးလေး ဟုသာ ယူဆကာ မယုံကြည်ခဲ့ပေ။
နင်းကျားရိ အရေးပေါ် ကုသမှုခံယူပြီး ထွက်လာသည့် ဆေးစစ်ချက်များအရ၊ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေကြောင့်ဟု လုမိသားစု၏ဆရာဝန်က တိတိကျကျ ပြောလာမှသာ နင်းကျားရိ စိတ်ဆိုး စိတ်ကောက်တာ မဟုတ်ဘဲ တကယ် စိတ်မကောင်းဖြစ်နေမှန်း သိလိုက်ရ၏။
ထိုအပြင် လုကျစ်ကျောက် ကိုယ်တိုင်လည်း စုလျန်၏ ပြောင်းလဲသွားမှုကို ခံစားမိနေသည်။ လုမိသားစု၏ အမွေဆက်ခံသူကို နေ့ရောညပါ လွမ်းဆွတ်တမ်းတစေသော နူးညံ့သိမ့်မွေ့ လူငယ်လေးက ဆူးများအပြည့် ရှိနေသော ဝတ်စုံကို ဝတ်ဆင်လိုက်သကဲ့သို့ပင်။ နွေဦးလို နွေးထွေးခဲ့သော မျက်လုံးများသည် နှင်းပွင့်များလို အေးစက်နေကာ အနားပင် မကပ်ရဲအောင် ဖြစ်စေသည်။
စုလျန်၏ စိတ်သဘောထားကို မခန့်မှန်းနိုင်လေလေ လုကျစ်ကျောက် စိုးရိမ် ပူပန်လာလေလေပင်။ ထို့ကြောင့် အသံအကျယ်ကြီးဖြင့် စုလျန်ကို ပြောဆိုနေမိပြီး သူ၏ ကျယ်လောင်သော ပြစ်တင်ပြောဆိုသံ ပြီးဆုံးသွားသည့်အခါ ယာဥ်ပျံတစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်သွား၏။
နင်းကျားရိအကြောင်း ပြောလျှင် စုလျန်နှင့် စကားများ၊ ရန်ဖြစ်ရမည် အထင်ဖြင့် အကြီးအကျယ် ပြင်ဆင်လာသော်ငြား စုလျန်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် တစ်စက်ကလေးတောင်မှ ရှိမနေ။
‘စုလျန်က သူ့ကို ဆန်ကုန်မြေလေးတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေတာလား’
ဤထူးဆန်းသည့် အတွေးတစ်ခုက လုကျစ်ကျောက်၏ နှလုံးသားထဲသို့ မသိမသာ ဝင်ရောက်လာ၏။
လုကျစ်ကျောက်သည် တစ်နေကုန် ဖိနှိပ်ထားသည့် စိတ်သောကများကို မထွေးနိုင်မအန်နိုင်ဘဲ စုလျန် အပေါ်သို့သာ အပြစ်ပုံချကာ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုနေ၏။
"လျန်လေး မင်း ဘာလို့ ရုတ်တရက် ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး မဆင်မခြင် ဖြစ်သွားရတာလဲ။ မင်း စိတ်အတက်အကျဖြစ်အောင် လုပ်ခဲ့လို့ ကျားရိ ဆေးရုံရောက်သွားတာသာ နင်းမိသားစုက သိသွားရင် လုံးဝ မလွယ်ဘူး။ ကိုယ်က ဝင်ထိန်းပေးထားရတာ။ ကျားရိ သတိပြန်ရလာတော့လဲ မင်းအပြစ်မဟုတ်ဘူး လို့ ပြောပေးလို့ပေါ့။ မဟုတ်ရင်း မင်း ဒီနေ့ စာကောင်းကောင်း သင်နိုင်အုံးမလား။ မင်း ဒီလို ဆက်လုပ်နေရင် ကိုယ်မှာ မင်းကို ကာကွယ်ဖို့ နည်းလမ်း မရှိတော့ဘူးဆိုတာ သိရဲ့လား"
"သိတာပေါ့"
တစ်ချိန်လုံး ငြိမ်နားထောင်ခဲ့သည့် စုလျန်မှာ မျက်တောင် ခတ်လိုက်ပြီး စကားတစ်ခွန်း ဝင်ပြောလာ၏။
"မင်း"
လုကျစ်ကျောက် ထပ်မပြောနိုင်ခင် စုလျန်၏နှုတ်ခမ်းများတွင် အပြုံးသေးသေးလေးတစ်ခု ရုတ်ခြည်း ပေါ်လာခဲ့သည်။
ထိုအပြုံးက လုကျစ်ကျောက်ကို လုံးဝ မှင်သက်သွားစေ၏။
စုလျန်သည် စွဲစွဲလမ်းလမ်း ချစ်မိသွားအောင် ဖမ်းစားနိုင်သည့် အလှလေးတစ်ဦး ဖြစ်သလို ပွတ်တိုက်လေလေ ပိုနွေးထွေးကာ ပြောင်ချောလာတတ်သည့် ကျောက်စိမ်းတုံးလေးလို့ သူ ပြုပြင်သလို ကျိုးကျိုးနွံနွံ နေတတ်သည့်သူမျိုးလည်း ဖြစ်ခဲ့သည်။
ယခုတော့ ထိုနူးညံသိမ်မွေ့သည့် အလှလေးသည် မျက်စိစူးစရာ အလှလေး ဖြစ်လာကြောင်း သူ့နှုတ်ခမ်းတွင် ချိတ်ဆွဲထားသည့် အေးစက်စက် လှောင်ပြုံးတစ်ခုက သက်သေပင်။
နှင်းဆီရောင်နှုတ်ခမ်းများဖြင့် အလှဆုံးပြုံးနေသည့် စုလျန်မှာတော့ ထူးထူးခြားခြား စိတ်လက်ပေါ့ပါးလို့ နေကာ အေးစက်နေသည့် မျက်လုံးများက တစ်ပါးသူ၏ စိတ်အတွင်းထဲအထိ မြင်နိုင်သလို ယုံကြည်မှုအပြည့်ဖြင့် တလက်လက် လင်းလက်လို့ နေသည်။
"ငါ့ကို ယုံလိုက် လုကျစ်ကျောက်၊ ငါ့ ထက်ပိုပြီး ဘယ်သူမှ မင်းအကြောင်း မသိဘူး။ မင်း ငါ့ကို ကာကွယ်မှာ မဟုတ်ဘူး။"
စုလျန် စကားများက လုကျစ်ကျောက်ကို ထိတ်လန့်တုန်လှုပ်သွားစေကာ
"လျန်လေး၊ ခဏ ကိုယ့်စကားကို နားထောင်ပါဦး။ ကိုယ် အဲဒီလို မဆိုလိုပါဘူး" ဟု စုလျန် ဘက်သို့ ခန္ဓာကိုယ်ပင် စောင်းလာသည်အထိ တိုးကပ်ကာ ချော့မော့လိုက်သည်။
"လုကျစ်ကျောက် ငါတို့ သူငယ်ချင်းဆက်ဆံရေးကို လုံးဝဖြတ်တောက်ပြီး မတွေ့တော့တာက ငါ နဲ့ နင်းကျားရိ အတွက် အဆင်အပြေဆုံးပဲ။ ဒါမှ ဒီနေ့လိုမျိုး ငါ့ကိုယ်ငါ ပြဿနာထဲ ဆွဲမသွင်းမိတော့မှာ"
"လျန်လေး မင်း ဘာပြောနေလဲဆိုတာရော မင်းသိလား။”
လူကျစ်ကျောက်သည် စိမ်းကားပြတ်သားသည့် စကားများကို မျက်နှာတစ်ချက် မပျက်ဘဲ ပြောနေသည့် သူ့ရှေ့မှလူကို ကြည့်ကာ အံ့သြပြီးရင်း အံ့သြနေရ၏။
"ငါပြောနေတာက နင်းကျားရိနဲ့ မင်း၊ ငါနဲ့ ဝေးဝေးမှာနေပြီး ငါ့ကို အနှောင့်အယှက် မပေးတော့ဖို့ မျှော်လင့်တယ်"
စုလျန်၏အပြုံးမှာ မပြောင်းလဲသလို သူ့မျက်လုံးများကလည်း အေးစက်မြဲ အေးစက်နေဆဲပင်။ ဤစကားများကို လုကျစ်ကျောက်အား တစ်လုံးချင်း ပြောပြီးသည့်နောက်တွင် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ကာ တံခါးဖွင့်ပြီး ကားထဲက ထွက်သွားလေသည်။
ပြတ်ပြတ်သားသား ကျောခိုင်းသွားသည့် စုလျန်ကို ကြည့်ပြီး လုကျစ်ကျောက်မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွား၏။
လုကျစ်ကျောက် သည် စုလျန် ၏နောက်ကို လိုက်ရန် ကားထဲမှ အလျင်အမြန် ပြေးထွက်လိုက်သည်။
လုကျစ်ကျောက်တွင် မာနများ လုံးဝပျောက်ဆုံးသွားပြီး "လျန်လေး ခဏ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် စိတ်လိုက်မာန်ပါ ပြောလိုက်မိတာပါ၊ ဒါပေမဲ့ ကိုယ် မင်းကို တကယ် စိတ်ပူနေခဲ့တာ။ စိတ်မဆိုးပါနဲ့ ကိုယ် တောင်းပန်ပါတယ်" ဟု စိုးရိမ်တကြီး နှိမ့်ချ တောင်းပန်လိုက်၏။
သူ စုလျန် ကို လာမတွေ့ခင်အထိ အခြေအနေတွေ ဒီလိုဖြစ်လာမယ်လို့ စိတ်တောင် ကူးမိမည် မဟုတ်ပေ။
တကယ်တော့ သူပြောခဲ့သလိုပဲ နင်းမိသားစုဘက်က ပြဿနာကို မနက်ကတည်းက ဖြေရှင်းခဲ့ပြီးပြီ။ နင်း မိသားစု၏ အိမ်တော်ထိန်းက နင်းကျားရိ၏ကျန်းမာရေး အခြေအနေအတွက် လုမိသားစုထံမှ ဖြေရှင်းချက် လိုချင်ကြောင်း တောင်းခဲ့ချိန်၌ သူနှင့် ကျားရိ ရန်ဖြစ်ပြီး ကျားရိ သတိလစ်ကာ အရေးပေါ် ကုသမှုခံယူရတယ်လို့ ဝန်ခံထားပြီးသား ဖြစ်သည်။
ထို့ကြောင့် အိတ်တော်က ချမှတ်သည့် သုံးပတ်ကြာ စိတ်စွမ်းအင် ပြစ်ဒဏ်ပေးကိုလည်း ခံယူရဦးမည်။ လုကျစ်ကျောက်ဆိုသည့် သူက ထိုပြစ်ဒဏ်ခံယူရလို့ ဖြစ်စေ၊ နင်းမိသားစုက သူ့ကို အပြစ်ပေးလာလို့ ဖြစ်စေ၊ ဘာတွေပဲ သူ့ကို ပြစ်ဒဏ်ပေးပေး နောင်တရမည် မဟုတ်။
သူ ကြောက်ရွံ့တုန်လှုပ်ခဲ့သည်က
သူ အချိန်မီ မတားဆီးလိုက်နိုင်မှာ၊ လိမ်ညာဖို့အတွက် နင်းကျားရိ သူနှင့် မပူးပေါင်းခဲ့မှာ၊ နင်းမိသားစုက စုလျန်ကို သွားရောက် ဒုက္ခပေးမှာကို ဖြစ်သည်။
သူနှင့် နီးနီးကပ်ကပ် နေနေသည့် စုလျန် ကို နင်းမိသားစုက သတိထားမိနေပြီး စုလျန် ကို ဖယ်ရှားဖို့ နည်းလမ်းရှာကြမှာကို သူ ကောင်းကောင်းသိသည်။
စုလျန်၏ တည်ရှိမှုက လုနှင့်နင်း မိသားစုနှစ်စု ရွှေလမ်းငွေလမ်း ဖောက်မည့်ကိစ္စတွင် ကြီးမားသည့် အနှောက်အယှက် ဖြစ်နေလို့ပင်။
လုကျစ်ကျောက် လုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ အလွန်ချစ်မြတ်နိုးရသည့် စုလျန် ကို ကာကွယ်နိုင်ရန်သာ..
ဒါပေမဲ့
‘စုလျန် က သူ့ကို အဆက်အသွယ် ဖြတ်တောက်ဖို့ ပြောခဲ့တာလား’
လုကျစ်ကျောက်သည် စုလျန် သူ့ကို အဘယ်ကြောင့် ထားသွားခဲ့မှန်း မသိချေ။
သူ့ စိတ်ဝိညာဥ်တစ်ခုလုံး ခြေမွခံလိုက်ရသလို ကွဲအက်ကြွေမွသွားသည့် နာကျင်မှုက သူ့နှလုံးသားထဲ ချက်ချင်း ပျံ့နှံ့သွား၏။
["အားကျောက်၊ ရူးမနေနဲ့၊ သူသွားပြီ!"]
["အားကျောက် နည်းနည်း နိုးထပါဦး၊ သူ့ကို သွားခွင့်ပြုပြီး နောက်ဆုံး လေးစားမှုကို ပေးလိုက်ပါလား။ သူ ပြန်မလာတော့ဘူး"]
["လုကျစ်ကျောက်၊ ဒီလောကမှာ ပြန်မရနိုင်တဲ့အရာတွေ ရှိတယ်၊ လူတွေက သေသွားရင် ပြန်မရှင်နိုင်ဘူး၊ ဒီအရာကို လက်ခံဖို့ မင်းသင်ယူရမယ်။"]
မှုန်ဝါးဝါး စကားလုံးအချို့ကို သူ့နားထဲ ကြားယောင်နေ၏။
တစ်ချိန်တည်းမှာပင်၊ လျင်မြန်စွာ ပြောင်းလဲနေသော မြင်ကွင်းအချို့လည်း ရှိနေသည်။
ကြားနေရသည့် စကားသံများ၊ မြင်နေရသည့် ပုံရိပ်များက ဘာကို ဆိုလိုတာလဲ။ အဓိပ္ပာယ်ကို လုကျစ်ကျောက် လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
တဖြည်းဖြည်း နာကျင်လာသည့် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလိုက်ပြီး နာကျင်လွန်းလို့ ညည်းသံတိုးတိုး တစ်ခုကိုတောင် ထုတ်လိုက်မိ၏။
သူ့လည်ပင်းနောက်ဘက်မှ ပူနွေးသည့် သွေးစီးကြောင်းတစ်ခုက ထိုးတက်လာပြီး ဦးခေါင်းထဲကို တရဆက် တိုးဝင်လာသောကြောင့်ပင်။
"တီတီတီတီ—"
"သတိပေးချက် ! သတိပေးချက် ! ဗဟိုကြယ် မြို့တွင်းဧရိယာ ၊ A-23 လမ်း၊ 153:15-1 ကိုဩဒိနိတ်နေရာ၌ အယ်လ်ဖာ တစ်ဦး စိတ်စွမ်းအင် ထိန်းချုပ်မှု ဆုံးရှုံးသွားကြောင်း တွေ့ရှိရပါတယ်"
"ကနဦး စစ်ဆေးမှုအရ၊ ထိုအယ်လ်ဖာသည် S အဆင့် အဖြစ် မှတ်ပုံတင်ထားပြီး၊ အန္တရာယ်အဆင့် သတ်မှတ်ချက်မှာ အဆင့်သုံး အဖြစ် ထုတ်ပြန်ထားတယ်"