no

Font
Theme

ခြုံနွယ်ပိတ်ပေါင်းများ အပြည့်ဖြစ်နေသည့် ဒီဥယျာဉ်က ပိုင်ရှင်မဲ့ဟု ထင်ရလောက်အောင် စုလျန် မတုံးအပေ။

ဥယျာဉ်တွင် ပိုင်ရှင်တစ်ယောက်ရှိကြောင်းကိုလည်း သူ မကြာသေးခင်က သိခဲ့ရသည်။ ဘယ်တော့မှ လူလုံးထွက်မပြခဲ့သော် ဥယျာဥ်ပိုင်ရှင်၏ ကြင်နာမှုကြောင့်သာ လုမျိုးရိုး အယ်လ်ဖာတစ်သိုက်၏ အန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ဥယျာဥ်တွင် ဖွဲ့စည်းတည်ဆောက်ထားသော လုံခြုံရေးစနစ်ကို အားကိုးပြီး အယ်လ်ဖာများရန်မှ ပုန်းကွယ်နိုင်ခဲ့သည်။

စုလျန်ငယ်လေးသည် ဥယျာဥ်ပိုင်ရှင်၏ ကျေးဇူးတရားကို အမြဲတမ်း မှတ်သားထားခဲ့၏။

အလွန်သဘောကောင်းသော ပုဂ္ဂိုလ်ပင်။ သူသည် စုလျန်၏အရှေ့သို့ ဘယ်တော့မှ ပေါ်မလာခဲ့သော်လည်း သူ့အပေါ်ထားသည့် ဂရုတစ်စိုက်ရှိသော ကြင်နာမှု နှင့် စာနာထောက်ထားမှုတို့ကို စုလျန် ခံစားနိုင်၏။

ဥပမာပြောပြရလျှင် အေးခဲနေသော ရာသီဥတုမျိုးတွင်တောင်မှ ဇွဲကောင်းသော အယ်လ်ဖာအချို့က စုလျန်ကို ဖမ်းမိရန် ကြိုးစားနေခဲ့ကြသည်။ သို့သော် အေးခဲနေသော ဥယျာဉ်မြေသည် စုလျန်လို ကလေးငယ်များအတွက် အချိန်အကြာကြီးနေရန် မသင့်လျော်တော့ပေ။

နောက်တစ်ရက်တွင် ဥယျာဥ်အတွင်း၌ (Flower room)ပန်းအိမ်ကလေးတစ်ခုကို စုလျန် ရုတ်တရက် တွေ့လိုက်ရသည်။

ထိုပန်းအိမ်လေးကို ဖုံးကွယ်နေသော သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်များကို ရှင်းလင်းထားပြီး လျှပ်စစ်သော့စခရင်မှ မီးအနီရောင်လေးက လင်းနေသည်။ မီးအချက်ပြနေသေးရာ လျှပ်စစ်သော့က သုံးလို့ရသေးသည့် သဘောပင်။

စုလျန်သည် ပန်းအိမ်၏တံခါးကို ကြည့်ပြီး ခဏတာ တွန့်ဆုတ်နေသေးသည်။ ထို့နောက် မဝံ့မရဲဖြင့် သူ့လက်ကို သော့ပေါ်သို့ တင်လိုက်၏။

" ချက်"

မျှော်လင့်ထားသည့်အတိုင်း ပန်းအိမ်လေးက သူ့ကို ဝင်ခွင့်ပြုလိုက်လေသည်။

စုလျန် အထဲသို့ လျှောက်လာပြီးနောက် ပန်းအိမ်ငယ်လေးထဲတွင် ထူးခြားသော အပြင်ဆင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်က ကြည့်လျှင် ပန်းအိမ်နှင့် ဥယျာဉ်၏အသွင်သည် အလွန်ယိုယွင်း ပျက်စီးနေသည်။ သို့သော် ပန်းအိမ်လေး၏ အတွင်းပိုင်းသည် အပြင်ဘက်နှင့်မတူ အလွန် သန့်ရှင်းနေသည်ကို တွေ့ရပေမည်။

ပန်းအိမ်ဟု ခေါ်နေပေမဲ့ ဒီနေရာတွင် အပင်များ မရှိပေ။ နံရံနှင့် ကြမ်းပြင်များကို စုလျန် မဖော်ပြတတ်သော ထူးခြားသည့် အဖြူရောင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ယင်းသည် လုမိသားစု၏ ကိုယ်ပိုင်ဆေးရုံက ခွဲစိတ်ခန်းနှင့် ယှဉ်နိုင်သည်အထိ သန့်ရှင်းသပ်ရပ် နေ၏။

အခန်းအလယ်၌ အေးစက်သော စတီးကုလားထိုင်တစ်လုံးသာ ရှိသည်။ သူနှင့်ကပ်လျက်တွင် လူအရပ်တစ်ဝက်လောက် မြင့်သော သတ္တုသေတ္တာတစ်လုံးလည်း ရှိသည်။ ထိုသေတ္တာက အလိုအလျောက် ဆေးကုပေးနိုင်သည့် စက်ရုပ်တစ်ခု ဖြစ်၏။ အခန်းထဲ၌ ပရိဘောဂလို့ ပြောရမည့် ပစ္စည်းဟူ၍ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေပုံက လူနေသည့်နေရာနှင့် မတူပေ။

ပန်အိမ်လေးတွင်လည်း အပြင်ဘက် ဥယျာဉ်ထဲကလို အေးစက်သောလေထု တစ်ခု ရှိနေ၏။

သို့သော် စုလျန် အတွက်မူ ဒီနေရာက နွေးထွေးလွန်း၏။

စုလျန်သည် ဒီပန်းအိမ်၏ ထောင့်တစ်နေရာတွင် နေရာယူကာ အချိန်အတော်ကြာ ကုန်ဆုံးတတ်သည်။ သူသည် ထိုနေရာလေးတွင် အိမ်စာလုပ်သည်၊ စာဖတ်သည်၊ တခါတလေ ငေးငိုင်ကာ ရောက်တတ်ရာရာ ထိုင်တွေးနေတတ်သည်။

စုလျန် ပန်းအိမ်လေးထဲတွင် စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်သော်လည်း ပန်းအိမ်အလယ်က ဆေးကုသည့်စက်ရုပ်နှင့် စတီးကုလားထိုင်ကို ဘယ်သောအခါမှ မထိမိအောင် နေထိုင်ခဲ့သည်။ ထို့အပြင် ပန်းအိမ်လေးထဲမှ မပြန်ခင်လည်း သူနေခဲ့သောနေရာကို ဂရုတစ်စိုက် ပြန်လည်ရှင်းလင်းပေးခဲ့၏။

ဥယျာဉ်ပိုင်ရှင်သည် သူ့ပိုင်နက်တွင် တခြားသူများက ထင်ရှားသော ခြေရာလက်ရာများ ချန်ခဲ့သည်ကို မကြိုက်လောက်ကြောင်းကို စုလျန် ထူးထူးခြားခြား ခံစားမိနေ၏။

စုလျန်က ဥယျာဉ်ပိုင်ရှင်ကို ဘယ်တော့မှ မဆုံနိုင်လောက်ဘူးဟု ထင်မှတ်ထား၏။ စတီးကုလားထိုင်နှင့် ကုသရေးစက်ရုပ်ပဲရှိသည့် ဒီပန်းအိမ်လေးက လာလည်ချင်စရာ ကောင်းမနေသောကြောင့်ပင်။

သို့သော် တစ်နေ့တွင် စုလျန်က ထိုပုဂ္ဂိုလ်နှင့် မထင်မှတ်ဘဲ ဆုံခဲ့ရဖူး၏။

စုလျန်သည် အခန်းထောင့်တွင် မရွှင်မပြအမူအရာဖြင့် သူ၏ မက်ချာသင်ခန်းစာများကို ကြိုးကြိုးစားစား လုပ်နေစဉ် ထူးဆန်းသော တဝီဝီမြည်သံကို ကြားလိုက်ရသည်။

ထို့ကြောင့် သူ အံ့ဩစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ အဖြူရောင်နံရံဟု ထင်ခဲ့သောနေရာတွင် လျှို့ဝှက်တံခါးတစ်ခု ပေါ်လာပြီး လူတစ်ယောက်က နှေးကွေး ယိုင်နဲ့သော ခြေလှမ်းများဖြင့် တန်းတန်းမတ်မတ် ဝင်ရောက် လာခဲ့သည်။

စုလျန်က အခန်းထဲတွင် ရုတ်တရက် ပေါ်လာသောလူကို ကြည့်နေ၏။

ထိုသူ၏ခန္ဓာကိုယ်တွင် ထူးဆန်းသော၊ အေးစက်သော၊ စူးရှထက်မြက်သော အရှိန်အဝါများ ရှိကာ အလွန်အရပ်ရှည်ပြီး ငယ်ရွယ်သည့် လူတစ်‌ယောက် ဖြစ်သည်။ ထိုသူသည် အလွန် ချောမောခန့်ညား၏။

သို့သော် သာမန်လူတွေသာ ထိုသူကို မြင်ပါက သူ၏ချောမောမှုကို ခံစားသိမြင်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်သည်။ သူ၏ အသွင်အပြင်က ထူးခြားနေသောကြောင့်ပင် -

အလွန်ကြောက်စရာကောင်းသော သတ္တဝါကြီးတစ်ကောင် သို့မဟုတ် စစ်မြေပြင်က အစွမ်းအထက်ဆုံး လက်နက်တစ်ခုနှင့်တူ ၏။

အေးစက်သော...

ခံစားမှုမပါသော...

အသက်မဲ့သော...

စကားလုံးပေါင်းများစွာ စုလျန်၏ စိတ်ထဲ ဝင်ရောက်လာ၏။ သူ အရင်က ထိုသို့သော အယ်လ်ဖာ မျိုး တစ်ခါမှ မမြင်ဖူးပေ။ ထိုသူကို ကြည့်လိုက်ရုံနဲ့တင် လျှံထွက်နေသော အငွေ့အသက်များကြောင့် ဓါးဖြင့် ထိုးလိုက်သကဲ့သို့ နာကျင်သွားစေနိုင်၏။

လူငယ်သည် ရှည်လျားနက်မှောင်သော ဆံပင်ကို တစ်စုတည်း ချည်နှောင်ထားပြီး ခေါင်းနောက်တွင် တွဲလောင်းချထားသည်။ ကျစ်ဆံမြီး၏အစွန်းများကို ငွေဖြူရောင် သတ္တုပြွန်ချောင်းများဖြင့် ကာထားကာ နားမလည်နိုင်သော အနီရောင် အလင်းတန်းများကလည်း တဖြတ်ဖြတ်လက်နေ၏။

ကျစ်ဆံမြီးတင် ထိုကဲ့သို့ ထူးဆန်းနေသည် မဟုတ်။ လူငယ်၏ခန္ဓာကိုယ်အများစုက အေးစက်သော သတ္တုအရိုးခြမ်းထဲတွင် မြှုပ်နေပြီး ပခုံးပေါ်တွင် ပြန်မသိမ်းရသေးသော ပလာစမာစွမ်းအင်သုံး သေနတ်ခေါင်းတစ်ဝက်က ရှိနေသေးသည်။ သူ့လက်မောင်းပေါ်ရှိ သံမဏိဓားတစ်ခုတွင်လည်း သံသယဝင်စရာကောင်းသော စိမ်းဝါဝါအရည်များက တစ်စက်စက်ကျနေ၏။

ယခု ဖော်ပြထားသော အရာများက စိတ်ဝင်စားစရာ အကောင်းဆုံး မဟုတ်သေးပေ။ သူ့ဒဏ်ရာ‌များကသာ သူ့အတွက် အမှန်တကယ် အာရုံစိုက်စရာ စိုးရိမ်စရာ ဖြစ်နေသည်။

လူငယ်၏ ဘယ်ဘက်ပခုံးကနေ ဝမ်းဗိုက်အထိ ရှည်လျားသော ဓားရာက လူကို တစ်ဝက်ပိုင်းတော့မလိုပင်။ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားတောင်မှ နီညိုရောင်သွေးများက ဆက်တိုက်စီးကျနေသေး၏။

စုလျန် သူ့ကိုယ်ပိုင်မျက်လုံးဖြင့် မြင်တာ မဟုတ်လျှင် ဒီလောက် ကြီးမားပြင်းထန်သော ဒဏ်ရာ ရထားတာတောင်မှ မျက်နှာသေကြီးဖြင့် ပုံမှန်အတိုင်း လှုပ်ရှားနေသည့် မြင်ကွင်းကို စုလျန်ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။

" မင်း..."

စုလျန်က အလန့်တကြား ထခုန်မိသွားကာ ဒူးပေါ်တင်ထားသော အိမ်စာစာအုပ်များက ကြမ်းပြင်ပေါ် ပြန့်ကြဲ သွားကြသည်။

အခန်းထဲတွင် ရုတ်တရက်ပေါ်လာသော လူငယ်က ထိတ်လန့်နေသော စုလျန်ကို မသိမသာ ဖြတ်ကနဲ ကြည့်လိုက်ပြီး စုလျန် ရှိနေသည်ဟုပင် မှတ်ယူထားပုံမရ။ ထို့နောက် အေးစက်နေသော သူ့အကြည့်ကို ပြန်ရုတ်သိမ်းသွားလိုက်ကာ ပန်းအိမ်၏အလယ်က နောက်မှီပါသော စတီးကုလားထိုင်ဆီသို့ တည့်တည့် ဆက်လျှောက်သွား၏။

သူ လမ်းလျှောက်လိုက်တိုင်း ပျက်စီးနေပြီးသား သံမဏိ အရိုးငြမ်းသံချပ်ကာက အလိုအလျောက် တစ်ခုပြီးတစ်ခု သူ့ကိုယ်ပေါ်မှ ပြုတ်ကျသွားကြသည်။

လူငယ်သည် ထိုင်ခုံ နောက်မှီပေါ် လှဲလျောင်းလိုက်ချိန်၌ ကြောက်စရာကောင်းလောက်အောင် သန်မာသော ကြွက်သားများရှိသည့် ခန္ဓာကိုယ်နေရာ အတော်များများကို မြင်လိုက်ရ၏။ သူ့ ကြွက်သားများက သန်မာတောင့်တင်းသလို ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကလည်း ပိုပြီး ကြောက်စရာကောင်းလေ၏။

လူငယ်က စတီးထိုင်ခုံပေါ် လှဲချလိုက်သည့်အခါ ဆေးကုသည့်စက်က အလိုအလျောက် လှုပ်ရှားလာ၏။ နဂိုက လေးထောင့်ပုံစံရှိသော သေတ္တာက ပွင့်သွားပြီး ပင့်ကူနှင့်တူသည့် ကုသရေးလက်တံများက လူငယ်ဆီသို့ ရွေ့လျားသွားကြသည်။

လေဆာရောင်ခြည်သည် ပေါက်ပြဲနေသော ဒဏ်ရာပေါ် ကျရောက်သွားချိန် အပြာရောင် အငွေ့တန်းတစ်ခု ထွက်လာပြီး လေထုထဲတွင်လည်း ကြောက်စရာကောင်းသော အသားလောင်ကျွမ်းသည့် အနံ့လွင့်ပြန်လာသည်။

စုလျန်က ထိုမြင်ကွင်းကို ဖြတ်ကနဲ မြင်လိုက်မိတာနှင့်ပင် အလန့်တစ်ကြားဖြစ်ကာ ခြေထောက်များပင် ပျော့ခွေသွားရ၏။

သို့သော် ဒဏ်ရာရထားသူအနေဖြင့် ထိုလူငယ်မှာ အစကနေ အဆုံးအထိ အလွန်တည်ငြိမ်လွန်းသည်။ ကိုယ်တွင်း အင်္ဂါများ မြင်ရတော့မတတ် ဒဏ်ရာအကြီးအကျယ် ရထားသူ မဟုတ်သည့်အတိုင်းပင်။

များစွာသော ကုသရေးလက်တံတွေက လူငယ်၏ လည်ပင်းနောက်မှ ဆေးတောင့်အလွတ်တွေကို ဂရုတစိုက် ဆွဲထုတ်ပြီး စတီးလင်ဗန်းထဲ ထည့်လိုက်တော့မှသာ လူငယ်ထံမှ အလွန်တိုးသော မသဲမကွဲ ညည်းသံတစ်ခု ထွက်လာခဲ့သည်။

အားပြင်းသော သွေးနံ့ထဲတွင် ထူဆန်းသော မွှေးရနံ့တစ်ခုက ရောထွေးနေလေ၏။ သို့သော် ဂရုတစိုက် ရှူကြည့်လိုက်သည့်အခါ စိုစွတ်ပြီး မွှေးကြိုင်သည့်ရနံ့ကသာ စုလျန် နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

စုလျန်၏ခြေလက်တို့မှာ အေးစက်နေပြီး တစ်ကိုယ်လုံးမှာလည်း ညအခါတွင် ကားမီးထိုးခံထားရသော ညှို့ဓာတ်မိသည့် သမင်ရိုင်းတစ်ကောင်လို မလှုပ်မယှက် ကြောင်ကြည့်နေမိသည်။

သွေးစွန်းနေသော လူငယ်၏ လက်ဖျံပေါ်က များပြားသော တက်တူးများမှတစ်ဆင့် လုမိသားစု၏ စစ်တပ်မှ အဖွဲ့ဝင်‌တစ်ယောက်ဖြစ်မည်ဟုသာ သူ ခန့်မှန်းနိုင်သည်။

လုမိသားစု၏ ထိပ်တန်း အယ်လ်ဖာ များသည် ခါနန်တွေကို ရှေ့တန်းတွင် ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် လက်ရွေးစင် မက်ချာ တိုက်ခိုက်ရေးစစ်သည်များ ဖြစ်ကြသည်ဟု ယောက်ဖက ရှင်းပြထား၏။

"...သူတို့အားလုံးက မြွေပွေးအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ချည်းပဲ။ မင်းက ဘာမှနားမလည်တဲ့ ကလေးပဲ ရှိသေးတယ်။ သူတို့လို လူကြီးတွေကို ကန့်လန့်သွားမလုပ်နဲ့။ တကယ်လို့ ကြုံရရင်လည်း ရှောင်နေလိုက်။ အဲဒီလူတွေက စစ်ပွဲမှာ အများကြီး ထိခိုက်ခံထားရတာ၊ ဒါကြောင့် သူတို့ရဲ့ စိတ်နေစိတ်ထားတွေက ထူးဆန်းပြီး ခံစားချက်မဲ့တယ် ၊ သူတို့ကို ရန်မစတာ အကောင်းဆုံးပဲ"

Viper (မြွေပွေး) အဖွဲ့က လူတွေအကြောင်း ပြောနေသော သူ့ယောက်ဖ၏စကားက ဆန့်ကျင်ဘက် သဘောများ ပါဝင်နေ၏။ ယောက်ဖသည် ထိုစစ်သည်များကို တကယ်လေးစားသလို ထိုလေးစားမှုထဲတွင် မဖော်ပြနိုင်သော အကြောက်တရားတစ်ခု ရှိနေကြောင်းလဲ စုလျန် ခံစားမိသည်။

ယခု စုလျန်၏ မျက်စိရှေ့တွင် မြွေပွေးစစ်သည်တစ်ယောက်ကို အရှင်လတ်လတ် မြင်လိုက်ရသည်။ ထို့ကြောင့် အရင်က သူ့ယောက်ဖက လုမိသားစု၏ အယ်လ်ဖာ တွေအကြောင်း ပြောသည့်အခါ ဘာကြောင့် အရမ်းထူးဆန်းနေလဲဆိုတာကို စုလျန် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။

အဘယ်ကြောင့်ဆိုသော် မြွေပွေးစစ်သည် စစ်စစ်များသည် အသက်ရှိနေသော လူသားတစ်ယောက်နှင့် မတူဘဲ လူသားပုံစံရှိသော ခံစားချက်မရှိသည့် တိုက်ခိုက်ရေးလက်နက်နှင့် ပိုတူနေသောကြောင့်ပင်။

စုလျန်သည် ခြေလက်များ ပျော့ခွေနေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ ထိုနေရာမှ မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ ကုသနေသော သွေးလွှမ်းနေသည့် လူငယ်ကိုသာ ကြည့်နိုင်တော့၏။

နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်က ယိုင်ကျသွားကြောင့် သတ္တုပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး စုလျန်က အသံလာရာဘက်ကို လှည့်ကြည့် လိုက်မိသည်။

ထိုအခါမှ လူငယ်၏ ကုသမှုတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွား၏။

ကုသရေးစက်ရုပ်၏ လက်တံတစ်ခုက ဆေးထိုးအပ်ကြီးကြီးတစ်ချောင်းကို လူ၏လည်ပင်း အနောက်ဘက်ကို ထိုးသွင်းရန် ကြိုးပမ်းနေခြင်းပင်။

ထိုမြွေပွေးစစ်သည်၏ လည်ပင်းနောက်ကျောတွင် သတ္ထုကျောရိုးတစ်ခုက ခိုင်မြဲစွာ ကုပ်တွယ်ထားခြင်းကြောင့် သတ္တုလက်တံ၏ ကြိုးပမ်းမှုများက လူငယ်၏ခန္ဓာကိုယ်ထဲသို့ အောင်အောင်မြင်မြင် မထိုးသွင်းနိုင်ဖြစ်နေသည်။

စုလျန်သည် အပ်ချောင်းထဲတွင်ပါသော ဆေး‌ရည်မှာ ဘာမှန်းမသိသော်လည်း လွန်စွာ ပြင်းထန်သောဆေး ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ အကြောင်းအရင်းမှာ ၁၂ စက္ကန့် လောက်သာ ကြာသေးသည့်အချိန်အတွင်း ခန္ဓာကိုယ်တစ်ခြမ်းကွဲမလို ဒဏ်ရာကြောင့် မျက်နှာတစ်ချက် မပျက်ခဲ့သော လူငယ်မှာ ခဏအတွင်းပင် ဖြူဖျော့ပြီး အပြာရောင် ပြောင်းသွားသောကြောင့်ပင်။ ထို့အပြင် ခန္ဓာကိုယ်တောင် ယိုင်လဲမလို ဖြစ်သွားခဲ့သည်။

"ဒီကို လာဦး"

စုလျန်က အေးစက် အက်ကွဲကွဲနေသော အသံကို ကြားလိုက်ရသည်။

"ဟမ်? ကျွန်တော့်ကို ပြောတာလား"

စုလျန်သည် ခဏကြောင်တောင်တောင် ဖြစ်သွားပြီး လူငယ်က သူ့အား အမိန့်ပေးနေတယ်ဆိုတာကို သဘောပေါက်လိုက်သည်။

"မင်းကို ပြောတာ"

မြွေပွေးစစ်သည်က အေးဆေး တည်ငြိမ်စွာ ပြောနေသလောက် စုလျန်က တုန်တုန်ရီရီဖြင့် တစ်ဖက်သို့ လျှောက်သွားလိုက်၏။

ထိုပုဂ္ဂိုလ်သည် မြွေပွေးအဖွဲ့ဝင် တစ်ယောက်ဖြစ်လျှင်တောင်မှ သူ့အပြုအမူများက အလွန်သံသယဝင်စရာ ကောင်းနေသေးသည်။ ထိုမျှပြင်းထန်သော ဒဏ်ရာမျိုးမှာ လုမိသားစု၏ ကိုယ်ပိုင်ဆေးရုံသို့သွားကာ ပိုကောင်းသော ကုသမှုခံယူသင့်သော်လည်း ထိုအစား အလိုအလျောက် ဆေးကုသည့် စက်ရုပ်ကို အသုံးပြုရန် စွန့်ပစ်ထားသော ဥယျာဉ်ဆီ ပြေးလာခဲ့သည်။

ဒါတောင် စုလျန်က ထိုပုဂ္ဂိုလ်ကို တစ်ချက်လေး သံသယဝင် မဝင်သလို ဘာခုခံမှုမျိုးကိုမှ လုပ်ချင်မနေခဲ့ပေ။

ဒါတင် မကသေးဘဲ .....

ထိုပုဂ္ဂိုလ်၏ မြင်မကောင်းရှု့မကောင်းသော ဒဏ်ရာများကို စိတ်ပူစပြုနေလေပြီ။ ဘာကြောင့် စိတ်ပူမိသလဲ ဆိုသည့် အကြောင်းပြချက်ကလည်း မယ်မယ်ရရ ထုတ်ပြစရာမရှိပါဘဲ စိတ်ပူနေမိသည်က ထူးဆန်းနေ၏။

စုလျန်က လူငယ်ဘေးသို့ ခဏအတွင်း ရောက်သွားခဲ့ပြီး နီးကပ်လာသည့် သွေးနံ့က ပြင်းပြင်းက စုလျန်ကို မူးဝေသွားစေ၏။

ဆန့်ကျင်ဘက်အနေဖြင့် သွေးထွက်နေသည့် လူငယ်မှာ အမူအရာကင်းမဲ့နေဆဲပင်။

ထိုသူ့ရှေ့မှာ ရပ်နေသည့်သူက ရန်သူတစ်ယောက်ဆိုလျှင်တောင် ခံစားချက် အတက်အကျမရှိဘဲ ဒီလို အေးစက်စက် မျက်နှာသေဖြင့် ရှိနေဦးမည်မှာ သံသယဝင်စရာပင် မလိုပေ။

စုလျန်က ထိုသို့ တွေးနေသည့်အချိန်၌ မြွေပွေးသည် ရုတ်တရက်ရှေ့သို့ ယိုင်ကျလာ၏။ သူက တစ်ခုခုကို အနံ့ခံ နေပုံရပြီး သူ၏နှာခေါင်းထိပ်မှာ စုလျန်၏လည်ပင်းဘေးသို့ ဖြတ်ကနဲ ရောက်ရှိလာသည်။

စုလျန် ကြောက်လန့်သွားပြီး နောက်ပြန်ဆုတ်ရန် လုပ်သည့်အချိန် "မင်းက ကွဲပြားတာ မဖြစ်သေးဘူးလား" ဟု လူငယ်၏ တီးတိုးပြောသံကို ကြားလိုက်ရ၏။

"ကျွန်တော်.... ကျွန်တော် မဖြစ်သေး..."

စုလျန်က အထစ်ထစ်အငေါ့ငေါ့ ဖြေလိုက်ရသည်။

"အရမ်းကောင်းတယ်"

ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ကာ စုလျန်၏ရှေ့တွင် သူ၏နောက်ကျောကို တည်ငြိမ်စွာ ပြလိုက်၏။

ကြောက်စရာကောင်းသော သတ္တုကျောရိုးအပြင် ကျောပြင်ပေါ်၌ မြွေတစ်ကောင် ရှိနေသည်။

အရေပြားအောက်မှ အချိန်မရွေး ခုန်ထွက်လာတော့မလား ထင်ရလောက်အောင် အသက်ဝင်လွန်းသည့် မြွေတက်တူးတစ်ခုပင်။

စုလျန်သည် အသက်ရှူကြပ်ရလောက်သည်အထိ ကြောက်လန့်သွားသလို တစ်ချိန်တည်း နီးပါးမှာပင် လူငယ်၏ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ရီသွားသည်။

ကြွက်သားများ လှုပ်ရှားသွားခြင်းကြောင့် မြွေသည် ကျောကုန်းပေါ်တွင် ဖြည်းညင်းစွာ လူးလွန့်နေသလို ဖြစ်နေ၏။

"လက်နှစ်ဖက်လုံးနဲ့ ၇ ခုမြောက်အရိုးကို ဖိလိုက်၊ လက်မနှစ်ခုနဲ့ သတ္တုပိုင်းတွေ‌ကို ဖိချထား၊ ပြီးရင် ဟနေတဲ့ နေရာထဲကို ဆေးထိုးလိုက်"

လူငယ်၏ ညွှန်ကြားချက်မှာ အလွန် ရှင်းလင်းသော်လည်း တက်တူးကြောင့် ထိတ်လန့်သွားရာမှ ပြန်သက်သာလာသော စုလျန်မှာ

"ဘ- ဘာ..."

လူငယ်ကို အံ့အားသင့်စွာ စိုက်ကြည့် လိုက်မိပြန်သည်။

လူငယ်၏ သတ္တုကျောရိုးတွေက ခန္ဓာကိုယ်ထဲသို့ အပြည့် ထိုးဖောက်ဝင်ရောက်နေတာကို သူ ရှင်းလင်းစွာ မြင်နေရသည်။

ပြီးတော့ အခု သူက ထိုရှုပ်ထွေးနေတဲ့ သတ္တုအပိုင်းတွေကြားက ကွာဟတဲ့နေရာကို ဆေးထိုးရမှာတဲ့လား။

"ကျွန်တော်... ကျွန်တော့်မှာ ဆေးပညာနှင့်ဆိုင်တဲ့ လေ့ကျင့်မှု မရှိပါဘူး" စုလျန်မှာ ငိုလုနီးပါးပင်။ "ခင်များရဲ့ သတ္တုကျောရိုးက အာရုံကြောကို ဆက်ထားတာ၊ ကျွန်တော်လုပ်တာ လွဲသွားရင် ဒါက ခင်များကို အကြောသေသွားစေမှာ"

" အခု ထိုးလိုက်"

မြွေပွေး က စုလျန်၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ သူ၏အမိန့်ဆန်ဆန် စကားကိုသာ ထပ်ပြောလိုက်၏။

စုလျန်သည် မြွေပွေးစစ်သည်အတွက် ဆေးထိုးခြင်း ပြီးမြောက်ရန် သတ္တိတွေ ဘယ်လို မွေးထုတ်လိုက်ရလဲဆိုတာကို သူကိုယ်တိုင်ပင် မသိတော့ပေ။

သူ အမှားကြီးကြီးမားမား မလုပ်ခဲ့မိပုံရ၏။ ထိုပုဂ္ဂိုလ်က ပန်းအိမ်ထဲကနေ မတ်တပ်ရပ်ကာ ထွက်သွားနိုင်သည်ကို ကြည့်ပြီး သူ ပျော်သွားမိ၏။

ပန်းအိမ်တစ်ခုလုံး မွှေးကြိုင်သောရနံ့တို့ ပြည့်နေသည့် သွေးနံ့ပြင်းပြင်းသာ ကျန်ရစ်ခဲ့သည်။

လူငယ် ထွက်သွားတော့မည့်အချိန်မှ ထိုပုဂ္ဂိုလ်က သူ့ကို ကူညီခဲ့သော ဥယျာဉ်ပိုင်ရှင် ဖြစ်လောက်သည်ဟု တွေးမိသွားကာ

"ကျွန်တော်... ကျွန်တော့်နာမည်က စုလျန်ပါ"

စုလျန်က သူ၏သတ္တိကို ထုတ်ကာ လူငယ်၏အနောက်မှ အလွန်တိုးညှင်းသောအသံဖြင့် ပြောလိုက်၏။

"ဥယျာဉ်ကို ဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခင်များက ကျွန်တော့်ကို ကယ်ခဲ့တာ"

အရပ်မြင့်မြင့်လူငယ်က စုလျန်ကို ကျောပေးကာ ရပ်နေပြီး လှည့်တောင် မကြည့်ခဲ့ဘဲ "အင်း" ဟု အေးစက်ပြီး ခံစားချက်မပါသော အသံမျိုးဖြင့် အေးစက်စွာ တုံ့ပြန်လိုက်သည်။

ထို့နောက် ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းပြီး လျှို့ဝှက်တံခါးနောက်က အရိပ်ထဲကို ဝင်ရောက်သွားခဲ့ပြီး စုလျန်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပါချေ။

ထိုနေ့က မျက်နှာတည်တင်းနေသော ရုပ်ချောသည့် အစ်ကိုကြီး၏နာမည်ကို စုလျန် သိခွင့်မရခဲ့သလို နောက်ပိုင်းတွင်လည်း ပန်းအိမ်လေးထဲ၌ ထပ်တွေ့ခွင့် မရတော့ပေ။

စုလျန်ကို နှောက်ယှက်နေသော ထိုမကောင်းသည့် အယ်လ်ဖာ များမှာလည်း သိပ်မကြာခင်တွင် မသိရသော အကြောင်းပြချက်တချို့ကြောင့် ဝေးလံသော ဂြိုလ်များဆီသို့ ပြည်နှင်ဒဏ်ပေး ခံလိုက်ရသည်။

လုမိသားစုတွင်လည်း သူနှင့် စုနွမ် အကြောင်း မဟုတ်မဟတ် ပြောဆိုနေသော ကောလဟာလများကလည်း ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားကာ ထပ်မရှိတော့ပေ။

မရှေးမနှောင်းမှာပင် ကမ္ဘာ့မဟာမိတ်တပ်ဖွဲ့နှင့် ခါနန်ကြားက စစ်ပွဲမှာလည်း အဆုံးသတ်သွားခဲ့သည်။ လုမိသားစု၏ ခေါင်းဆောင် လုထိုက်ဖန်က ခါနန်၏ လက်ရွေးစင်စစ်သည်များကို တစ်ယောက်တည်း သတ်ဖြတ် ချေမှုန်းခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာ့မဟာမိတ်တပ်ဖွဲ့၏ အောင်ပွဲအုတ်မြစ်ကို စိုက်ထူနိုင်ခဲ့သည်။

သို့သော် လုထိုက်ဖန် သည် ထိုစစ်ပွဲကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်ဟု ဆိုကြသည်။

ထို့နောက် အဆိပ်ပြင်း မြွေပွေးအဖွဲ့မှ စစ်သည်အားလုံးသည်လည်း အမှောင်ထဲသို့ ငုပ်လျှိုးသွားကြပြီး လူအများရှေ့မှ ပျောက်ကွယ်သွားတော့သည်။

လုထိုက်ဖန်၏ ပြင်းထန်သောဒဏ်ရာကြောင့် လုမိသားစု တစ်ခုလုံးမှာလည်း တိတ်ဆိတ် ငြိမ်သက်စွာ နေခဲ့ကြသည်။ ထို့ကြောင့် နောက်ဆုံးတွင် စုနွမ် နှင့် စုလျန်တို့ကို လုမိသားစုဝင်များက လက်ခံသွားကြကာ အခြေကျသည်ဆိုရုံ နေထိုင်နိုင်သွား၏။

စုလျန်သည်လည်း တခြားအယ်လ်ဖာထံမှ လွတ်မြောက်ရန် ဥယျာဉ်ပျက်ထဲသို့ သွားရောက်ပုန်းရှောင်နေစရာ မလိုတော့ပေ။ သို့သော်လည်း ဥယျာဉ်လေးနားသို့ မကြာခဏ သွားနေဆဲပင်။

ရံဖန်ရံခါ၌ စုလျန်၏ အိမ်မက်များထဲတွင် ဥယျာဉ်ပိုင်ရှင်ကို တွေ့မိနေတတ်သည်။

ထိုပုဂ္ဂိုလ်၏မျက်လုံးများမှာ သူ့ကိုယ်သူ အရှုံးပေးပြီး ဒီကမ္ဘာကြီးကနေ အချိန်မရွေး ထွက်သွားတော့မည့်အတိုင်း အသက်မဲ့နေသည်။

ဒါက စစ်ပွဲကြောင့်များလား။

ခါနန်တွေကို အနိုင်ရထား ပြီးပြီလေ။ အဲလူကြီးက ပြန်ကျန်းမာလာပြီလား။

သူ နောက်ထပ် အရမ်းကြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာမရလောက်တော့ပါဘူးနော်။ သူ့ရဲ့ ကုသရေးစက်ရုပ်ကို ပြန်ပြုပြင်ပြီး ဟိုသတ္တုကျောရိုးအတွက် သီးသန့် ညွှန်ကြားချက်တွေ ပြုလုပ်သင့်တာ။

ပရမ်းပတာအတွေးများက စုလျန်၏နှလုံးသားထဲ အဆက်မပြတ် ဝင်ရောက်နေတတ်သည်။

ကလေးတစ်ယောက်၏ အပြစ်ကင်းစင်မှုနှင့် စိတ်ထားနူးညံ့မှုများသည် အချိန်၏ တိုက်စားမှုနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး စုလျန်ငယ်လေးလည်း ထိုဥယျာဉ်သို့ မလာတော့ဘဲ တစ်ကြိမ်တစ်ခါက တွေ့ခဲ့ဖူးသည့် မြွေပွေးစစ်သည်အကြောင်းကိုလည်း သိပ်မတွေးဖြစ်တော့သည်မှာ

ဒီနေ့အထိပင်

.......

"ဟင်?''

စုလျန်က လက်ရှိဘဝသို့ ပြန်ရောက်လာခဲ့ပြီး သမ်းဝေလိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူသည် ဘေးပတ်ဝန်းကျင်ကို အံ့ဩစွာ ကြည့်ပြီးနောက် သူ မနေ့က အတိတ်ကို ပြန်တွေးရင်း ပန်းအိမ်လေးထဲတွင် သတိမထားမိဘဲ အိပ်ပျော်သွားတာကို သဘောပေါက်လိုက်၏။

"ဟမ်!"

စုလျန် ချက်ချင်း ထခုန်လိုက်မိသည်။

သူ အခန်းထဲ မရှိတာကို စုနွမ် ရှာတွေ့သွားရင် ဟိုဟိုဒီဒီ စိတ်ပူရင်း အတွေးလွန်နေလောက်ပေပြီ။

စုလျန်က ပန်းအိမ်တံခါးကို လျင်မြန်စွာ တွန်းဖွင့်ပြီး ကတိုက်ကရိုက်ပြေး၏။

အစ်မဖြစ်သူ စိတ်ပူနေမည်ကို စိုးရိမ်သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်က ဖယ်ရိုမုန်း ဓာတ်မတည့်သည့် လက္ခဏာများမှာ ဘယ်ဆေးဝါးကုသမှုမှမရှိဘဲ လုံးဝ ပျောက်ကင်းသွားခြင်းကိုပင် သတိမထားခဲ့မိပေ။

ထို့အတူ နှစ်ပေါင်းများစွာကြာ မဖွင့်ခဲ့သော လျှို့ဝှက်တံခါးက စုလျန် ထွက်သွားပြီးနောက် နောက်တစ်ကြိမ် တွန်းဖွင့်ခံလိုက်ရကာ လူတစ်ယောက် ဒယီးဒယိုင်ဖြင့် ပန်းအိမ်ထဲသို့ ဝင်လာသည်ကိုလည်း သိမည် မဟုတ်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment