ညနေစောင်းလာပြီ ဖြစ်ရာ သစ်ပင်အုပ်အုပ်များ ကြားမှ စာကြည့်တိုက်မှာ ပို၍ပင် အုပ်မှိုင်း မည်းမှောင်နေလေသည်။
စုလျန် ဤစာကြည့်တိုက်ဟောင်းကို မကြာမကြာ လာတတ်ပြီး လာရောက်သူနည်းသော စာကြည့်တိုက်ဟောင်းက အလင်းရောင်နည်းကာ အနည်းငယ် ချောက်ချားစရာကောင်းသည်ဟု ထင်ခဲ့ဖူးသည်။ ဒီလို ညနေပိုင်းမျိုးတွင် ပိုလို့ပင် လူရှင်းကာ တိတ်ဆိတ်နေတတ်၏။ စာကြည့်တိုက်၏ ခန်းမကျယ်ထဲရှိ စာအုပ်ငှားရမ်းရာအခန်းတွင်လည်း တစ်ဦးတစ်ယောက်တောင် ရှိမနေ။
ထိုအစား အော်တိုရိုဘော့(Automatic Robot)များ၏ လှုပ်ရှားသံများကိုသာ ကြားနေရသည်။ ကာလအတန်ကြာ ပြုပြင်ထိန်းသိမ်းမှု မလုပ်ထားသည့် စက်ရုပ်များ၏ မော်တာလည်သံ၊ ဂီယာပင်နံရံများ အချင်းချင်း ထိခတ်သွားသော တစီစီမြည်သံများ စာကြည့်တိုက်၏ အမှောင်ရိပ်များကြား ဝိညာဥ်များ ရွေ့လျားနေသည့်အလား နီးတစ်ခါ ဝေးတလှည့်ဖြင့် ထွက်ပေါ်ကာနေသည်။
သို့သော် စုလျန် ဒီတစ်ကြိမ် စာကြည့်တိုက်ဟောင်းတွင် နေရသည်မှာ စိတ်ထင့်နေတာမျိုးပင် မခံစားရပေ။ ဤနေရာ ထပ်ပို၍ သူအား သက်တောင့်သက်သာ ဖြစ်စေသောနေရာ မရှိဟုပင် ထင်မိသည်။
ဒီခံစားချက်ကို သူ ဘယ်လို ဖော်ပြရမည် မသိတော့။
စုလျန် ထိုင်ခုံနောက်ကျောကို မှီပြီး ပြတင်းပေါက် အပြင်ဘက်ရှိ လှုပ်ခါနေသည့် ချုံပုတ်များကို ငေးကြည့် နေမိသည်။ လေနုအေးအေးများက သူ့ပါးပြင်ကို ဖြတ်သန်းသွားပြီး ထိုမှတဆင့် သူ့လက်ချောင်းများ၊ သူ့ဆံပင်များကို တိုးဝှေ့သွားကြသည်က သူ့ကို ပွတ်သပ်ပေးနေသလိုပင်။ စုလျန် စာလေ့လာဖို့ စာကြည့်တိုက် လာခဲ့သော်လည်း တက်ကြွမှုများ ပျောက်ဆုံးကာ စိတ်အေးလက်အေးဖြစ်နေပြီး တစ်ကိုယ်လုံးက ဖော်မပြနိုင်တဲ့ ပျင်းရိမှုထဲ ကျရောက်သွား၏။
စိတ်လွတ်ကိုယ်လွတ် အပန်းမဖြေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ။
စုလျန့်၏အာရုံကြောများက ပြီးခဲ့သည် ဘဝမှစကာ ပြန်လည်မွေးဖွား လာသည်အထိ အချိန်တိုင်းနီးပါး တွေးတောပူပင်စရာများဖြင့် တောင့်တင်းနေခဲ့ရသည်။ ဘဝဟောင်းတွင် လုကျစ်ကျောက်နှင့် ထွက်ပြေးတာကာ တုံးအသည့် ဆုံးဖြတ်ချက်ကို ချခဲ့သဖြင့် ရုန်းကန်ခဲ့ရသည်။ ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲချင်သည့် စိတ်ဖိစီးမှုက ပိုလာကာ စုလျန် ရင်ထဲ တင်းကြပ်လေးလံနေ၏။
‘စာကြိုးစားသင်ယူရမယ်။
အစ်မနဲ့ ယောက်ဖကို လုမိသားစုကနေ ထွက်နိုင်အောင် ကူညီပေးရမယ်။
ပိုက်ဆံစုရမယ်။
လုကျစ်ကျောက်၊ နင်းကျားရိ တို့နဲ့ အဝေမှာ နေနိုင်အောင် နည်းလမ်းရှာရမယ်။’
စုလျန် သူ ဖြေရှင်းရမည့် အရာများမှာ များပြားလွန်း၍ အသက်ဝဝရှုရန်ပင် မေ့နေခဲ့ရသည်။
သို့သော် လူသူကင်းမဲ့နေသည့် စာကြည့်တိုက်ဟောင်းတွင် ထိုင်မိလိုက်ချိန်တွင် သူ့စိတ်က အပူအပင်ကင်းနေပြီး နှလုံးသားကလည်း ငြိမ်းချမ်းသွား၏။ တိတ်ဆိတ်ခြင်းက သူ့စိတ်ကို တည်ငြိမ်သွားစေခဲ့သလား။
စုလျန် လက်ချောင်းထိပ်လေးများဖြင့် စာရွက်များကို အကြောင်းအရင်းမရှိ လှန်နေမိပြီး သူ့ခန္ဓာကိုယ်က ပြတင်းပေါက်နားသို့ တရွေ့ရွေ့ သွားနေမိသည်။
‘လေလေးက အေးနေတာပဲ’
လေထဲတွင် ဖျော့တော့ပြေပြစ်သော ရနံ့တစ်ခု ပျံ့လွင့်နေသည်။ ဤရနံ့သည် စိုစွတ်သည့် မြူနှင်းများ၊ နှင်းလွှာများ အောက်မှ ရေညှိရေမှော်လေးများ၏ အေးမြမှုကဲ့သို့ စုလျန်ကို ခံစားရစေကာ နှင်းခဲ နှင်းပွင့်များကြားတွင် နံ့သာတိုင်ရနံ့ ရောနှောပျံလွင့်နေခြင်းများလားဟု အထင်ရောက်စေသည်။
ပျံ့လွင့်နေသော ရနံ့သည် ပါးလွှာပေါ့ပါး သဖြင့် ဘယ်လိုရနံ့ ဖြစ်သည်ကိုပင် ခွဲခြားမရနိုင်ပေ။ သို့သော်လည်း စုလျန်ကတော့ ရနံ့ကောင်းဟု သတ်မှတ်လိုက်၏။
‘ဘယ်သူ ရေမွှေးပုလင်း ကျန်ခဲ့တာလဲ’
အမွှေးနံ့နှင့် ပတ်သတ်ပြီး စုလျန် ဒါကိုပဲ စဥ်းစားနိုင်သည်။
စုလျန်က ရေမွှေးလို အရာမျိုးတွေကို မနှစ်သက်တတ်သူ ဖြစ်လေရာ ဒီအမွှေးနံ့မှာ ဘယ်ရေမွှေးမှန်း မခွဲခြားနိုင်ဖြစ်သဖြင့် နောင်တ အနည်းငယ်ရလိုက်မိသည်။
‘ဒီရေမွှေးနံ့ကို ဟိုးအရင်တုန်းက ရခဲ့ဖူးတာလား။ အတော်လေး ရင်းနှီးနေသလိုပဲ။’
ကြိုးစား စဥ်းစားကြည့်သော်လည်း ဘယ်လိုမှ အဖြေထွက်မလာခဲ့ချေ။
လွှမ်းခြုံထားသော ရနံ့မွှေးမွှေးလေးကြောင့်လား..
စာကြည့်တိုက်၏ တိတ်ဆိတ်မှုကြောင့်လား...
စုလျန် စာကြည့်တိုက်ထဲ၌ ဆက်လက် နေချင်နေသေးသည်။
သို့သော် စုလျန်၏ စက်သွယ်ရေးစက်က လင်းလာပြီး လုကျစ်ကျောက် ထံမှ မက်စေ့တစ်စောင် ရောက်ရှိလာ၏။
[လျန်လေး ငါတို့ စကားပြောရအောင်]
လုကျစ်ကျောက်က သူ့ထံ မက်စေ့ အများအပြား ပို့လာလေရာ တစ်ခုခု ဖြစ်နေခဲ့ပုံပင်။
စုလျန်သည် မျက်နှာပြင်ကို စိုက်ကြည့်လျက် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ကောင်းမွန်သော စိတ်အခြေအနေလေးက တမဟုတ်ချင်း လွင့်စဥ်ထွက်သွား၏။
[ဘာပြောမလို့လဲ]
လုကျစ်ကျောက်၏ ပြန်စာက မြန်မြန်ဆန်ဆန်ပဲ ပြန်ရောက်လာခဲ့သည်။
[လျန်လေး၊ ရှင်းချွမ်ကျောင်းဂိတ်မှာ ကိုယ်ရောက်နေပြီ၊ တွေ့ပြီး စကားပြောရအောင်။]
စုလျန် ဤစာကြောင်းကို ကြည့်ပြီး မျက်လုံးများကို မှိတ်ချလိုက်၏။
[ကောင်းပြီ။]
စာပို့ပြီးနောက် သူ သက်ပြင်းချလိုက်မိသည်။
လုကျစ်ကျောက်ကို သူ မတွေ့ချင်ပေမဲ့ လုကျစ်ကျောက်နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ ဒီအခွင့်အရေးကို အသုံးချတာ ပိုကောင်းမည်ဟုသာ စုလျန် သဘောထားလိုက်၏။
သူ့ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာရမှာ တွန့်ဆုတ်နေသည့် သူ့စိတ်လေးကို ဖိနှိပ်ကာ စာကြည့်တိုက်ဟောင်းမှ မြန်မြန်ဆန်ဆန် ထွက်ခွာလာခဲ့သည်။
သို့သော် စာကြည့်တိုက်တံခါးရှိ လှေကားထစ်များကို ခြေချလိုက်ချိန်တွင် သူ့လည်ပင်းနောက်က အနည်းငယ် ရောင်ရမ်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
တစ်စုံတစ်ယောက်က သူ့နောက်ကျောကို စိုက်ကြည့်နေသည့် လှုံ့ဆော်မှုမျိုးက စုလျန် မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည်။
ထို့ကြောင့် စုလျန် သူ့ခေါင်းကို သတိလက်လွတ်ဖြင့် လှည့်ပင် ကြည့်လိုက်မိ၏။ သူ့နောက်တွင် ရှိနေသည်က ဗလာကျင်းနေသည့် စာကြည့်တိုက်ခန်းမပင်။
"ဒါ စိတ်ထင်တာလား"
စုလျန် သည် တီးတိုးရေရွတ်ရင်း မျက်မှောင်ကြုတ်လိုက်ကာ လည်ပင်းနောက်ကို ခပ်ပေါ့ပေါ့သာ ပွတ်သပ်လိုက်ပြီး အပြင်ကို ဆက်လျှောက်သွားလေသည်။
ထုံအအ ပိန်ပိန်ပါးပါး ဘီတာတစ်ယောက်ဖြစ်သည့် စုလျန်သည် စာကြည့်တိုက်ဟောင်း ထိပ်ဆုံးထပ်ရှိ အမှောင်ချထားသောအခန်းထဲမှ လူတစ်ယောက်က သူ့ကို လှမ်းကြည့်နေသည့် အကြည့်များ ပြန်ရုတ်သိမ်းသွားသည်ကို သိမည် မဟုတ်ချေ။
ထိုလူသည် အရပ်ရှည်ပြီး ပိန်သွယ်သည့် လူတစ်ယောက်ဖြစ်ကာ ဖြူဖျော့သည့် အသားအရေ၊ မဟူရာညလို နက်မှောင်သော ဆံပင်နှင့် မျက်လုံးများ ရှိသည်။ သူ၏မျက်နှာသွင်ပြင်လက္ခဏာများမှာ ထင်ရှားပြတ်သားကာ ခန့်ညားချောမောသည်ဟု ဆိုနိုင်သော်ငြား ‘အန္တရာယ်’ဟု နှဖူးတွင် စာကပ်ထားသလို နတ်ဆိုးဆန်ဆန် ချောမောမှုပင်။
ထိုသူကို ကြည့်မိသူများက သူ၏ချောမောခန့်ညားမှုကို သတိပြုမိသည့် အဆင့်သို့ပင် ရောက်ရှိလိုက်မည် မဟုတ်ချေ။ ထိုသူထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို အမြဲဝန်းရံနေ ခဲ့လေသောကြောင့်သာ။
တစ်ချက်ကလေး ကြည့်မိရုံဖြင့် ခန္ဓာကိုယ်၏ ဗီဇစိတ် အတွင်းမှ ပြင်းထန်သော ကြောက်ရွံ့မှုနှင့် လွတ်မြောက်ရန် ထွက်ပြေးရမည်ဟူသည့် အသိက ဦးစွာထွက်ပေါ်လာမည် ဖြစ်ပြီး ထိုသူ ချော၏ မချော၏ ကို ခံစားဝေဖန်ရန် အချိန်ပင် ရှိလိမ့်မဟုတ်ပေ။
ထို့အပြင် ဤလူ၏ ဝတ်စားဆင်ယင်ပုံမှာလည်း အလွန်ထူးဆန်းနေသေးသည်။
သူ၏ကျောရိုးမှ လည်ပင်းနောက်ဘက်အထိ ရှည်လျားသော သတ္ထုကျောရိုး(Exoskeleton) တစ်ခုသည် သံမဏိမိစ္ဆာတစ်ကောင်က ကုပ်တွယ်ထားကဲ့သို့ သူ့နောက်ကျောတစ်ခုလုံးကို ဖုံးကွယ်ထား၏။ လက်ချောင်းတစ်ခုစာ အရွယ်အစားရှိသော သတ္ထုပြွန်များစွာကလဲ ထိုသံမဏိမိစ္ဆာကောင်ထံမှ ထိုးထွက်နေပြီး ထိုလူ့လည်ပင်းနောက်ရှိ သွေးကြောများထဲသို့ စိုက်ဝင်သွားကြသည်။
သူ့မျက်နှာအောက်တစ်ခြမ်းလုံးမှာလည်း မျက်နှာဖုံးတစ်ခုဖြင့် ကာထားပြီး ခံစားချက်မဲ့သည့် စူးရှသည့် မျက်လုံးတစ်စုံကိုသာ မြင်နိုင်သည်။ ကိုက်တတ်သည့် ခွေးများအား ပါးစပ်စည်း တပ်ဆင်ပေးသကဲ့သို့ ဖြစ်နေသည်။
အလွန်ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရာဇဝတ်သားတစ်ဦးကဲ့သို့ သူ့ခြေလက်နှစ်စုံ ကိုလည်း ထူထည်းခိုင်ခံ့သော သတ္ထုကွင်းများဖြင့် ချည်နှောင်ထား၏။
ကျွမ်းကျင်ပညာရှင်များကသာ ထိုသံမဏိမိစ္ဆာကောင်က အဆင့်အမြင့်ဆုံး ဇီဝလက်နက် (သက်ရှိလက်နက်)များကို ချုပ်နှောင်ရန် အသုံးပြုတဲ့ ထိန်းချုပ်ရေးကိရိယာများမှန်း သိနိုင်လိမ့်မည်။
ထိုသူက ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်သားတစ်ဦးပမာ လက်ချောင်းလေး တစ်ချောင်းတောင် အလွတ်မပေးဘဲ ချုပ်နှောင်ခြင်းခံထားရသည်။
သို့သော် သူ စာကြည့်တိုက်ဟောင်း၏ ဟောင်းနွမ်းသော သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ဟန်ပန် အမူအရာသည် နှစ်ထောင်ပေါင်းများစွာ အာဏာတည်ခဲ့သော ရက်စက်ပြတ်သားသည့် သက်ဦးဆံပင် ဘုရင်တစ်ပါးအဖြစ် ထင်မြင်မိစေနိုင်သည်။
ဖုန်များကပ်နေသော ပြတင်းပေါက်တစ်ခုကို အနည်းငယ်ဖွင့်ထားပြီး ထိုလူက ပြတင်းပေါက်ဘေးတွင် ရှိနေသည်။
"ဟမ် စာကြည့်တိုက်ဧရိယာမှာ လှုပ်ရှားမှုတွေ ရှိနေတုန်းပဲလား။ ခါနန်က စေလွှတ်ခံရတဲ့သူတွေက ထပ် သေချင်နေတာလား"
သွက်လက်ချောမွေ့ သော လေယူလေသိမ်းရှိသည့် စက်ရုပ်သံတစ်ခုကို အခန်းထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
မျက်နှာသေဖြင့် ခြေထောက်ချိတ်ထိုင်နေသည့် ထိုလူအပြင် ဒီအခန်းထဲ၌ တစ်ခြားအရာ ရှိနေသေးသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် စက်ရုပ်တစ်ခု။
ရှုပ်ထွေးသော သင်္ကေတများနှင့် ဒေတာများသည် စက်ရုပ်၏ မျက်နှာပြင်ပေါ်တွင် လင်းလက်လာသည်။
ထိုသူက သူ့ရှေ့ရှိ စက်ရုပ်နှင့် အပြန်အလှန် စကားပြောနေပုံရသည်။ ထိုစကားပြောနေသည့် စက်မှာ A-K125 မော်ဒယ် အိမ်တော်ထိန်း အေအိုင် စက်ရုပ်တစ်ခု ဖြစ်၏။
သို့သော်လည်း လက်ရှိ အဆင့်မြင့်ဆုံးဆိုသည့် အိမ်ထိန်းစက်ရုပ်ပင်လျှင် သူ့ရှေ့က စက်ရုပ်၏ firewall ကို လျင်မြန်စွာ ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။ ထို့အပြင် လူတစ်ယောက်လိုမျိုး စကားပြောဆိုခြင်းလည်း မပြုလုပ်နိုင်ချေ။
"မဟုတ်ဘူး။"
ထိုလူက ပထမဆုံးအကြိမ်အဖြစ် အထူးထုတ် စက်ရုပ်စနစ်ကို ပြန်ဖြေလိုက်သည်။
အဖြေကို မမျှော်လင့်ထားသည့် အေအိုင်စက်ရုပ်သည် “ဝိုး” ဟု အသံကျယ်ကျယ် တစ်ခုဖြင့်ပင် တုံ့ပြန်လာခဲ့၏။
"ဝိုး၊ ဒါက စိတ်ဝင်စားစရာပဲ၊ ပုံမှန်ဆိုရင် မင်း ပေါ်လာတာနဲ့၊ လူတွေက ရှင်သန်မှုဗီဇအရ မသိစိတ်ကနေ မင်းနဲ့ ဝေးရာကို ပြေးကြလိမ့်မယ်။ ဟုတ်တာပေါ့၊ ကျွန်တော်က မင်းကို ဇီဝလက်နက်တစ်မျိုးလို့တော့ မပြောချင်ပါဘူး ဒါပေမဲ့ လက်ရှိချုပ်နှောင်ထားတဲ့ကိရိယာက မင်းရဲ့ စိတ်စွမ်းအင်တွေ ပိုလျှံနေတာကို ထိန်းချုပ်ဖို့ တကယ် ခက်ခဲနေတယ်။ ဒါက မင်းမုန်းတီးပေမဲ့ လက်မခံလို့ မရဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ တွေ့ခဲ့တဲ့ အယ်လ်ဖာလူသတ်သမားတွေကိုပဲ ကြည့်လေ။ သူတို့က ခြံဝင်းအတွင်းထဲကို မရောက်ခင် ဘောင်းဘီထဲ သေးထွက်ကျတဲ့အထိ ကြောက်နေခဲ့ကြပြီ။ မင်းရဲ့ စိတ်စွမ်းအင်အဝန်းအဝိုင်းထဲမှာ အဲဒီလမ်းလျှောက်နေတဲ့ သူက ဇီဝလက်နက် မဟုတ်ဘူးလို့ မင်းထင်တာ သေချာလား"
"တောကြောင်လေးပါပဲ။"
သူ့နယ်ပယ်ထဲသို့ ရောက်မလာသင့်သည့် သူတစ်ယောက်အတွက် ထပ်မံတွေးတောနေချင်ပုံမရသလို ထိုသူက ပေါ့ပေါ့ပါးပါးသာ ပြောဆိုလိုက်၏။
သူ့ အကြောင်းနှောကြေနေသည့် လူများကတော့ သူယခုကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုသည်ကို တွေ့လျှင် အထူးအဆန်း ဖြစ်ကြပေဦးမည်။
ထိုသူသည် ကုလားထိုင်လက်ရန်းကို သူ့လက်ချောင်းများဖြင့် အသာအယာခေါက်လိုက်ရာ လျှို့ဝှက်ညွှန်ကြားချက်တစ်ခုက အတွင်းတွင် မြုပ်ထားသော စက်သွယ်ရေးကိရိယာမှ တစ်ဆင့် သူ့လက်အောက်မှ လူတိုင်းထံသို့ ပေးပို့လိုက်သည်။
စာကြည့်တိုက်ဟောင်း၏ ချုံပုတ်များ၊ မှောင်ရိပ်များ၊ သစ်ပင်အောက်ရှိ ကျင်းပုန်းများတွင် ပုန်းအောင်းနေသည့် ထိပ်တန်းကိုယ်ရံတော်များသည် အမိန့်ရလိုက်သည်နှင့် လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ကြသည်။
ပိန်သွယ်ပြီး နုံနုံအအ လူငယ်လေးသည် စာကြည့်တိုက်အဟောင်းမှ တည်ငြိမ်ငြိမ် တစ်လှမ်းချင်း ထွက်ခွာနိုင်ခဲ့ခြင်းမှာ ထိုလူ၏ ခွင့်ပြုမှုကြောင့်ပင်။
ထိုလူသည် သူ့လှုပ်ရှားမှုများကို သူ့ဘေးနားရှိ စက်ရုပ်ထံမှ ဖုံးကွယ်ထားလို့ မရနိုင်ချေ။ ဤစနစ်က ဖက်ဒရေးရှင်းတစ်ခုလုံး၏ အကောင်းဆုံး ဉာဏ်ရည်တုစနစ်လို့ ပြောလို့ရသည့် ထိပ်တန်းအေအိုင် စနစ်တစ်ခု ဖြစ်လို့ပင်။
စာကြည့်တိုက်ဟောင်းထဲကို ဝင်လာသည့် ခွင့်ပြုချက်မရှိသူအားလုံးကို "သတ်ပစ်" ရန် အမိန့်ကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်တာကို သိရှိသွားသည့် အေအိုင်စက်ရုပ်၏ မျက်လုံးများမှာ အရောင် လက်လာခဲ့သည်။
"တောကြောင်ဟုတ်လား။"
သူ့ခေါင်းသည် ရုတ်တရက် ၁၈၀ ဒီဂရီ လှည့်သွားပြီး သူ၏ အမူအရာမရှိသော ပလတ်စတစ်မျက်နှာဖြင့် ထိုလူအား စိုက်ကြည့်နေ၏။
"မင်းက အရမ်းချောမောတဲ့ ခြေနှစ်ချောင်းလူသားအကြောင်း ပြောနေတာလား။ လိင်အမျိုးအစားက... အာ.. ဘီတာဖြစ်နေတာ စိတ်မကောင်းစရာပဲ။ အဲဒီ တောကြောင်လေးလား”
စောင်းသလို မြောင်းသလို ပြောနေသည့် စက်ရုပ်အသံက ကြောင်တောင်တောင်နိုင်နေပြီး အေအိုင်စက်ရုပ် ၏ခန္ဓာကိုယ်မှ ထောက်လှမ်းရေး လက်တံတစ်ခုက ပြတင်းပေါက် အပြင်ဘက်အထိ တလှုပ်လှုပ်ဖြင့် ထွက်သွား၏။
"မင်း ကြောင်တွေကို သဘောကျမှန်း ငါဘယ်လို့ မသိရတာလဲ။" ဟု သူ့ဟာသူ ရေရွတ်နေပြန်သည်။
ထို့နောက် လက်တံကို နေရာပြောင်းပြီး တရွေ့ရွေ့ ဝေးကွာသွားသော လူရိပ်ကို စပ်စပ်စုစု လိုက်ကြည့်နေပြန်သည်။ ရှေ့မှလူက မျက်ခုံးပင့်ကာ စက်ရုပ်၏ဦးနှောက် ဖြစ်သည့် ထိန်းချုပ်ဗဟိုကို ကြည့်လိုက်ရာ ထောက်လှမ်းရေး အစိတ်အပိုင်းက မူလနေရာသို့ ချက်ချင်း ပြန်ခုန်ဝင်သွား၏။
"မင်း အဲဒါကို ကြည့်တောင် မကြည့်နိုင်ဘူးလား။ မင်းက သိပ်တွန့်တိုတာပဲ။”
အေအိုင်စက်ရုပ်က မကျေမနပ်ညည်းညူလိုက်၏။
သို့သော် ထိုလူက ပြန်မဖြေအားဘဲ သူ့ရှေ့ရှိ စက်ရုပ်၏ firewall ကို ဆက်လက် ချိုးဖျက်နေဆဲ ဖြစ်သည်။
ထိုလူက အမြဲလိုလိုပင် သုန်မှုန်ကာ အေးတိအေးစက် နေတတ်သည်။ ထို့ကြောင့် ယနေ့ သူ၏ထူးဆန်းသည့် တုံ့ပြန်မှုအတွက် ဘာဖြေရှင်းချက်မှ မပေးဘဲ မျက်လုံးများကိုသာ မှိတ်ထားခဲ့သည်။
အလင်းရောင်နှင့် နူးညံ့သည့် လေပြေလေညင်းသည် ပြတင်းပေါက်ကို ဖြတ်တိုက်လာပြီး ပါးလွှာသည့် ရနံ့တစ်ခုကို သယ်ဆောင်လာသည်။ မသိသာလှသော ရနံ့လေးမို့ မည်သူမျှ သတိပြုမိမည် မဟုတ်ပေ။
ထိုရနံ့လေးက ဘယ်လောက် မှေးမှိန်လိုက်သလဲ။ နတ်ဆိုးတစ်ကောင်လို လူတိုင်းက ကြောက်ရွံ့ရသည့် သူပင် သတိမပြုမိအောင်ပင်။
သို့သော် ထိုရနံ့လေးက အမှန်တကယ် တည်ရှိသည်။
ကာလကြာရှည်စွာ ဝေဒနာနှိပ်စက်ခံနေရသော ဒီလူအတွက် ပထမဆုံးအကြိမ်အဖြစ် တိမ်များ တောက်ပနေသော ဆည်းဆာချိန်တစ်ခုမှာ အနည်းငယ် သက်သာရာရခဲ့သည်။
ယနေ့ တိုက်ခတ်သောလေက အရမ်းသက်သောင့် သက်သာရှိနေသလို ခံစားနေရပြီး ထိုလေလေး သူ့ကိုယ်ပေါ် ဖြတ်တိုက်သွားချိန် သူ့ခြေ၊ လက်၊ အရိုးများထဲမှ နာကျင်မှုများက အတော်များများ လျော့ပါးသွားသလိုပင်။