စုလျန်သည် နောက်နေ့အထိ အခြားလူများကို မတွေ့ခဲ့ချေ။
ကမ္ဘာ့ဖက်ဒရေးရှင်း၏ ထိပ်တန်းအဆင့်တွင်ရှိသည့် ဧရာမအဖွဲ့အစည်းတစ်ခုအနေဖြင့် လုမိသားစုမှ နှစ်စဉ် "မြွေသားရဲတွင်း" ကို စေလွှတ်သော ဝန်ထမ်းအရေအတွက်မှာ စုလျန် ထင်ထားသည်ထက် အများကြီး ပိုများလေသည်။
အရသာရှိသည့် နံနက်စာစားပြီးနောက် လန်းဆန်းတက်ကြွနေသော စုလျန်သည် လမ်းညွှန်သူနောက်မှ အောက်ထပ်ကို လိုက်သွားပြီး နောက်ဆုံးတွင် တာဝန်ထမ်းဆောင်ရာ ခန်းမနှင့် ဆင်တူသည့် အဖြူရောင်အခန်းတစ်ခုထဲကို ရောက်သွားလေသည်။
အခန်းထဲ၌ လူတွေအများကြီး မတ်တပ်ရပ်နေကြသည်။ "မြွေသားရဲတွင်း" ကို ပို့ထားတဲ့သူများထဲက တချို့ကို နည်းနည်းရင်းနှီးသလို စုလျန် ခံစားခဲ့ရသည်။ သူတို့ကို လုမိသားစု၏ နေအိမ်မှာ မြင်ဖူးခဲ့တာလည်း ဖြစ်နိုင်သည်။
တစ်ချက်ကြည့်လိုက်တာ တခြားကြယ်ခရိုင်များကမှန်း သိနိုင်ကြသူများလည်း ရှိနေသည်၊ သူတို့၏ အသားအရောင်နှင့် အဝတ်အစားများက ဗဟိုဂြိုဟ်မှ လူများနှင့်မတူပေ။
သို့သော် သေချာတာ တစ်ခုကတော့ လုမိသားစုက သူတို့ သခင် လုထိုက်ဖန် အတွက် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများကို ရွေးချယ်သည့်အခါ တချို့ကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားပုံရသည်။ ယခု ခန်းမထဲမှာ ရပ်နေသော လူတိုင်းနီးပါးတွင် တူညီသော လက္ခဏာများရှိပြီး နုပျိုလှပကြသည်။
သို့ပေမဲ့ စုလျန် ခန်းမထဲ ဝင်လိုက်သောအခါ တခြားလူငယ်များ ဂုဏ်ယူနေသော လှပသည့်မျက်နှာများက ရုတ်တရက် မှုန်မှိုင်းသွားကာ သာမန်ဖြစ်သွားသလိုပင်။
အမှန်ပင် စုလျန် သူတို့ကို ကြည့်လိုက်တော့ ဒီလူတွေလည်း သူ့ကို ဂရုတစိုက် ကြည့်နေကြ၏။
“ဟင်၊ သူက ဘယ်ကလာတာလဲ”
“အိုမီဂါတွေကို မြွေတွင်းထဲကို ဝင်ခွင့်မပြုဘူး မဟုတ်လား။ အဆင့်မြင့် အိုမီဂါတစ်ယောက် ဘယ်လိုများ ခိုးဝင်လာတာလဲ။”
“မှားတာများလား”
အခြားကဏ္ဍများမှ မသိသော လူငယ်များက တီးတိုးပြောဆိုနေချိန်တွင် အနည်းငယ် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အော်၊ မင်း သူ့ကို မသိဘူးလား။ နာမည်ကြီး စွန့်ပစ်ခံ ဘီတာလေ။ သူ့ကို လုမိသားစုထဲကို ငွေရှာဖို့ ဝင်လာတာ။ အိုမီဂါဖြစ်မယ်လို့ သူ့ကိုယ်သူထင်ခဲ့ပေမဲ့ ဘီတာ ဖြစ်သွားတာလေ။ ဒါနဲ့ သူ့မျက်နှာကြောင့် လှည့်စားမခံနဲ့၊ တချို့လူတွေက မျက်နှာလှပေမဲ့ သူတို့နှလုံးသားက အရမ်းရွံဖို့ကောင်းတယ်။"
“လုမိသားစုက သူ့ကို အစားအသောက်တွေကို ထောက်ထားပြီးပေးခဲ့ပေမဲ့ သူက သခင်လေးလုကို လှည့်စားဖို့ အပြင်းအထန် ကြိုးစားနေလို့ သခင်လေးလုနဲ့ သခင်လေးနင်းကြားမှာ အရှုပ်အထွေးတွေ ဖြစ်နေတာ။ သူ သခင်လေးလုနဲ့ ငြိသွားရင် သူဘာလို့ ဒီကိုလာမှာလဲ။ ဘယ်သူ သိနိုင်မလဲ၊ သူ့ကို ငြင်းပယ်ခဲ့တာ ဖြစ်နိုင်တာပဲ။”
ဤ ခေတ်ဟောင်း အတွေးအခေါ်များနှင့် ပျင်းစရာကောင်းသော အတင်းအဖျင်းများကို ကြားရသောအခါ စုလျန် က စကားပြောနေသောသူကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ဘီတာအုပ်စုတစ်စုထဲမှာ အနည်းငယ်ရင်းနှီးသည့် ပုံပန်းသဏ္ဍာန်ရှိသူတစ်ဦး ရှိခဲ့သည်။ ဘဝတစ်လျှောက်လုံး ပြန်အောက်မေ့လျှင်တောင် တကယ်တော့ စုလျန်က အဲ့ဒီလူ၏ နာမည်ကို မမှတ်မိတော့ပေ။ နင်းကျားရိ၏ သူငယ်ချင်းတစ်ယောက် ဆိုတာကိုသာ မှတ်မိတော့သည်။
‘နင်းမိသားစုက "မြွေတွင်း" ထဲကို လူလွှတ်လိုက်တာလား’
စုလျန် အနည်းငယ် အံ့သြသွားသော်လည်း ထပ်မတွေးတော့ချေ။
ထို နင်းကျားရိ၏သူငယ်ချင်းဆိုသူ ပါးစပ်မှနေ အပုပ်ချပြောဆိုမှုများနှင့် မကောင်းကြံစည်မှုများကို သူ အရင်ဘဝကတည်းကလည်း အများကြီး ကြုံတွေ့ခဲ့ပြီးပြီ။ တစ်ခါသေပြီးသော လူတွေအနေဖြင့် ချမ်းသာသော အသိုင်းအဝိုင်းမှ လူငယ်လေးများ၏ နောက်ကွယ်က လှောင်ပြောင်ပြောဆိုမှုများကို အရေးအရာလုပ်ကာ စဥ်းစားနေမည် မဟုတ်ချေ။
စုလျန် သူ့အကြည့်ကို ရုတ်လိုက်ပြီး မထင်မရှားနေရာကို ရှာကာ ရပ်နေလိုက်လေသည်။
သူခဏလောက် ငြိမ်ငြိမ်းချမ်းချမ်းနေချင်ပေမဲ့ တစ်ယောက်ယောက် သူ့အနားသို့ လျှောက်လာနေသည်။
"အဲ့လိုမျိုး လုံးဝ မဟုတ်ပါဘူး။ စီနီယာစု စိတ်မပူပါနဲ့။"
စုလျန် ခေါင်းစောင်းငဲ့ကြည့်လိုက်သည့်အခါ ဘီတာတစ်ယောက်က သူ့အနားသို့ ထူးထူးဆန်းဆန်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
ဘီတာတစ်ယောက်အနေနှင့်ဆိုရင် သူက ချောတယ်လို့ ပြောလို့ရသည်။ အရပ်ရှည်ပြီး မျက်နှာက ကလေးဆန်ဆန် ချစ်စရာကောင်း၏။ ခွေးပေါက်လေးလို ဝိုင်းစက်စက် မျက်လုံးတွေက ချဉ်းကပ်ရလွယ်သည်ဟု ခံစားရစေသည်။
"မင်း"
"စီနီယာစု၊ စီနီယာကို တွေ့ရမယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။"
ဂျူနီယာဘီတာလေးသည် သူ့ဘေးမှ စုလျန်ကို နူးညံ့စွာ စိုက်ကြည့်လိုက်လေဟည်။
"စီနီယာက ကျွန်တော့်ကို မသိပေမဲ့ ကျွန်တော်ကတော့ စီနီယာ့ကို တော်တော်ကြာကြာ သိနေတာပါ။ ကျွန်တာ့်နာမည်က လုဟယ် ပါ"
ကောင်လေးသည် သူ့ကို ပြုံးပြပြီး ပြောလေ၏။
"ကျွန်တော်ကလဲ ရှင်းချွမ် တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပဲ။ ဒီနှစ်မှ ပထမနှစ်ကျောင်းသားပါ။ အရင်က စီနီယာ့ကို ထူးချွန်တဲ့ ကျောင်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မိန့်ခွန်းပြောတာ မြင်ဖူးတယ်၊ ပြီးတော့ အရမ်းချောတယ်လို့ ထင်ခဲ့တယ်။"
"မင်္ဂလာပါ လုဟယ်"
စုလျန် ပြန်ဖြေလိုက်လေသည်။
စုလျန် စိတ်ထဲ သိပ်အဆင်မပြေတာကြောင့် လုဟယ်နှင့် အနည်းငယ် ဝေးဝေးနေလိုက်၏။
‘ရှင်းချွမ် တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားထဲမှာ ဒီလိုလူ ရှိလို့လား။’
စုလျန် အသည်းအသန် စဉ်းစားလိုက်လေသည်။
လုဟယ် က ထပ်ပြောသည်။
"တကယ်တော့၊ စီနီယာက အဲ့ဒီလူတွေ ပြောနေသလို ငွေနောက်လိုက်နေတဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ။ ကျွန်တော် စီနီယာကို ယုံတယ်၊ ဒါကြောင့် ဒီလိုကိစ္စမျိုးကြောင့် စိတ်မပူပါနဲ့။"
ထိုကောင်လေးက စုလျန် အပေါ် ကောင်းမွန်သော အထင်အမြင်ရှိပုံရသည်။ နွေးထွေးပြီး ရိုးသားသော အားပေးစကားများကို ပြောလိုက်ပြီးနောက် စုလျန်နှင့် လက်ဆွဲနှုတ်ဆက်ဖို့ လက်တစ်ဖက်ကို ကမ်းပေးလိုက်ပေမဲ့ စုလျန်က သူ့လက်ကို ရှောင်လိုက်၏။
စကားပြော နှုတ်ဆက်နေသည့် အနေအထားက တဖက်သက်လို ဖြစ်ပြီး အနည်းငယ် ကသိကအောက် ဖြစ်သွားတော့သည်။
"ဆောရီး၊ ကျွန်တော် လူတွေနဲ့ ထိတွေ့ရတာသိပ်မကြိုက်ဘူး"
စုလျန်သည် သတိပြန်ဝင်လာပြီး လုဟယ်ကို ခပ်ပြတ်ပြတ်သာ ငြင်းဆိုလိုက်သည်။
"ပြီးတော့၊ ဖန်တရာတေနေတဲ့ ကျွန်တော့်အကြောင်း ကောလာဟလတွေအတွက်လဲ စိတ်မပူဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။"
စုလျန်၏ မရင်းနှီးလိုသော အမူအရာအပြင် ခပ်တန်းတန်းစကားများကိုပါ ကြားလိုက်ရသောအခါ လုဟယ် သည် အားပြင်းပြင်း အထိုးခံရသကဲ့သို့ ခေါင်းငုံ့ချလိုက်မိသည်။
"စီနီယာ၊ ကျွန်တော် အရမ်းရုတ်တရက် ဆန်သွားတာလား။ တကယ်တော့ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေတယ်။ ဒီနေရာက ကြောက်စရာကောင်းတယ်လို့ လူတိုင်းပြောကြတယ်။ ကျွန်တော် ဒီကို ပထမဆုံး ရောက်တုန်းက အသက်ရှူရတာတောင် မဝဘူးလို့ ခံစားရတယ်။ ဒါကြောင့် အသိတစ်ယောက်ကို မြင်တော့ ရင်းနှီးချင်သွားလို့ အနားကို လာမိတာပါ။"
လုဟယ်သည် စကားပြောနေရင်းမှ စုလျန်ထံသို့ ချဥ်းကပ် မိမှန်းမသိ ချဉ်းကပ် လိုက်မိပြန်သည်။
စုလျန်သည် ဆက်နောက်ဆုတ်ဖို့က လွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ နောက်ဆုတ်ရင်း ဆုတ်ရင်းဖြင့် အခန်းထောင့်တစ်နေရာကို ရောက်လာလေသည်။
အခန်းထောင့်နားရှိ လုဟယ်နှင့် စုလျန်ကို အာရုံစိုက်နေသော လူအုပ်စုက သူတို့နှစ်ယောက်ကြားက တကယ့် အဖြစ်မှန်ကို မသိဘဲ နှစ်ယောက်သား အခန်းထောင့်သို့ တိုးကပ်သွားသည်ကိုသာ မြင်နေကြ၏။
ရပ်ကြည့်နေသော ဘီတာအုပ်စုက သူတို့ထပ် ပိုချောမောသော ဘီတာလုဟယ်က စုလျန်ကို ရင်းနှီးမှုကို ပြသလာသည့်အပေါ် သာ စိတ်ဝင်စားနေကြသည်။ သူတို့အတွက် ဒါက စိတ်အနှောက်အယှက် ဖြစ်စရာ အကောင်းဆုံးအရာဖြစ်ပြီး လူတချို့ကတော့ ကြည့်နေရင်းပင် လှောင်ပြောင် ကဲ့ရဲ့ကြလေကြသည်။
"နည်းနည်းလေး ပိုချောတာနဲ့ မြှောက်ပင့်ပေါင်းစရာ မလိုပါဘူး။ သူက ဘယ်က တောသားလဲ"
"မပြောနဲ့ဦး၊ အဲ့ဒီတစ်ယောက်က သာမန်ဘီတာ မဟုတ်ဘူး၊ သူက အယ်လ်ဖာတစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ ဆရာကြီး၊ လောကကြီးကို မမြင်ဖူးတဲ့ လူအကို လှည့်စားဖို့ ဘယ်လောက်ခက်မှာလဲ"
တချို့လူတွေက တဟီးဟီးရယ်နေကြသည်၊ တချို့လူတွေက လှောင်ပြောင်နေကြသည်၊ တချို့လူတွေကတော့ စောင်းမြောင်း ကြည့်နေကြသည်။
ဘယ်ရှုထောင့်က ကြည့်ကြည့် သူတို့ရှေ့က မြင်ကွင်းက သာမန်သာ။
သို့သော် "မြွေသားရဲတွင်း" ၏ တစ်နေရာတွင် မြွေပွေး အဖွဲ့နှင့် အစည်းအဝေးလုပ်နေသူတစ်ဦးသည် အစည်းအဝေးလုပ်နေစဥ်တွင် ပထမဆုံးအကြိမ်အဖြစ် စိတ်ပြန့်လွင့်မှု ဖြစ်ပွားခဲ့သည်။
လုထိုက်ဖန်သည် သူ၏ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် စိမ့်ထွက်နေမှုကြောင့် သူ၏စိတ်စွမ်းအင် နယ်ပယ်အတွင်း ဖြစ်ပျက်နေမှုများကို အလိုအလျောက် စူးစမ်းပြီးသား ဖြစ်နေသည်။ ရည်ရွယ်ချက်ရှိရှိ စူးစမ်းရှာဖွေရန် တစ်ခါမျှ မစဉ်းစားခဲ့သော်လည်း အခြားခြံဝင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော အရာအားလုံးသည် သူ၏စိတ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာခဲ့၏။
ထို့ကြောင့် သူ နာကျင်နေရပြီး ပြိုလဲလုဆဲဆဲ ဖြစ်နေခြင်းပင်။
သူ ခံစားသိမြင်နိုင်သည့် အတိုင်းအတာက ကျယ်ပြောလွန်းပြီး သိရှိရသော အချက်အလက်များက ရှုပ်ထွေးလွန်းသဖြင့် သူ့စိတ်ဝိညာဉ်ပင်လယ်ကို ပြင်းထန်သော ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၏။
လုထိုက်ဖန်ကဲ့သို့ စိတ်စွမ်းအင်ကြီးမားသူများအဖို့ အသေးအဖွဲကိစ္စလေးများကို အာရုံမစိုက်မိအောင် စစ်ထုတ်ပစ်တတ်သည့် အလေ့အကျင့်ကို မွေးမြူထားသည်။ သို့သော် အရေးမပါသော အချက်အလက်များက သူ့စိတ်ပင်လယ်ထဲ စုပုံနေမည် ဖြစ်သော်ငြား ဆေးဝါးများ၏ အကူအညီကြောင့် သူ၏ နေ့စဉ်အလုပ်လုပ်ကိုင်မှု ကို ထိခိုက်စေမှာ မဟုတ်ပေ။
သို့သော် ယနေ့တွင် သူ့၏ ကျင့်သားရနေသော စစ်ထုတ်သည့် စနစ်က ချွတ်ယွင်းသွားပုံရသည်။
ကျွန်း၏ တခြားတစ်ဖက်ရှိ ခန်းမထဲမှ ဘီတာလေး စုလျန်၏ လှုပ်ရှားမှုကို အလှမ်းဝေးကွာလှသော စစ်ဆင်ရေးအစည်းအဝေးခန်းမထဲရှိ လုထိုက်ဖန်ထံမှ ဖုံးကွယ်ထားလို့ မရနိုင်ပေ။ စုလျန်ကိုယ်တိုင်တောင် သတိမထားမိလိုက်သော လုဟယ်ကို တိမ်းရှောင်လိုက်သည့် လှုပ်ရှားမှုက လုထိုက်ဖန်၏ အသိစိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ထိုအခိုက်တွင် လုထိုက်ဖန်၏ လက်ချောင်းများပင် တုန်ခါသွား၏။
လုထိုက်ဖန်သည် အနည်းငယ်မျှပင် မဆိုင်းမတွဘဲ အဆိုပါခန်းမ၏ အသေးစိတ်စောင့်ကြည့်ပုံရိပ်များကို တိုက်ရိုက် ခေါ်ထုတ်ကာ ကြည့်ရှု့လိုက်သည်။
မျက်နှာပြင်၏ အခြားတစ်ဖက်တွင် လုဟယ် အမည်ရှိ ကောင်လေး၏ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များ လင်းလက်လာသည်။
သူသည် လုမိသားစုခွဲ၏ မျိုးဆက်မှ ဆင်းသက်လာသူ ဖြစ်သည်။
သူသည် ရှင်းချွမ် တက္ကသိုလ်မှ ပထမနှစ်ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သေချာသည်။
ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် လုဟယ်၏ဖိုင်က သန့်ရှင်းနေပြီး လုံခြုံစိတ်ချရသည်။ မဟုတ်လျှင် "ကွမ်ကျိုး" က စုလျန် ကို ဒီလိုလူများကြားထဲတွင် ထားမှာ မဟုတ်ပေ။ အလကားနေ မောက်မာဖို့သာ သိသော ဒီလူအုပ်က နောက်ကြောင်းတော့ ရှင်းလင်းနေသည်။
အနည်းဆုံးတော့ သူတို့သည် နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခံရသော သူလျှိုများ၊ လုပ်ကြံသတ်ဖြတ်သူများ မဟုတ်ကြပေ။
သို့သော် ဒီလို သန့်ရှင်းသောဖိုင်ကြောင့်ပင် လုထိုက်ဖန်ကို မျက်မှောင်ကြုတ်သွားစေသည်။
လုထိုက်ဖန်သည် လုဟယ် ကို သဘောမကျပေ။ လုဟယ် မှာ ထူးဆန်းသော ခံစားချက်ရှိတယ်လို့ သူအမြဲ ခံစားနေရသည်။
ထို့အပြင် သူက လုမိသားစုမှ ဘယ်သူ့ကိုမှ မသဘောမကျပေ။
သူ့ရဲ့ လုမိသားစုအပေါ် မုန်းတီးမှုက ထူးဆန်းနေသည်တော့ မဟုတ်။
"ကွမ်ကျိုး" ပို့လိုက်သော ဖိုင်က လုဟယ် မှာ ဘယ်အင်အားစု၊ ဘယ်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်မှု မရှိဘူးလို့ ဖော်ပြထားသည်။ စုလျန်အပေါ်ထားသော လုဟယ်၏ စိတ်အားထက်သန်မှုကလည်း သူ့(လုထိုက်ဖန်)ကို စိတ်အနှောက်အယှက် မဖြစ်စေပေ။
အချက်အလက်တွေအရ စုလျန်မှာ ရှင်းချွမ် တက္ကသိုလ်က သဘောကျတဲ့သူတွေ အများကြီးရှိသည်။
စုလျန်လို လှပတဲ့ကောင်လေးတစ်ယောက်က ဖယ်ရိုမုန်း၏ ဆွဲဆောင်မှုမရှိရင်တောင် တခြားသူများ၏ ချစ်ခြင်းမေတ္တာကို အလွယ်တကူ ရရှိနိုင်သည်။
လုမိသားစု၏ ရက်စက်ပြတ်သားသော ခေါင်းဆောင် လုထိုက်ဖန် အနေဖြင့် ပုံမှန်ဖြစ်ပြီး အားနည်းသော ဘီတာကို သက်သေ သက္ကာယမရှိဘဲ အန္တရာယ် ရှိပါသည်ဟု အကြောင်းပြ ကိုင်တွယ်၍လည်း မရနိုင်ချေ။
ထို့ကြောင့် လုထိုက်ဖန် မျက်မှောင်ကြုတ်ကာ အကြိတ်အနယ် စဥ်းစားနေရချေ၏။
‘ဒါပေမဲ့လည်း’
လုထိုက်ဖန်သည် မနေ့က အခန်းထဲမှာ လူငယ်လေးတစ်ယောက်က စိတ်သက်သာရာရပြီး ချိုမြိန်စွာ ပြုံးနေတာကို သတိရမိသည်။
"စစ်ဆေးရေးအရာရှိလား”
စုလျန်သည် လုထိုက်ဖန် စကားပြောစက်မှ ပြောလိုက်ချိန်၌ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးခြင်း လုံးဝ မလုပ်ခဲ့ချေ။
တခြားလူတွေ ပြောတာကို ဒီလို မြန်မြန်ဆန်ဆန်ပဲ ယုံကြည်လိုက်သည်။
"မြွေတွင်း" သည် နာမည်ဆိုးနှင့် ကျော်ကြားသော နေရာဖြစ်သည်။ ဒီလို နေရာမျိုးတွင် အစစအရာရာ သတိရှိရှိ နေထိုင်သင့်ပြီး လူတိုင်း အရာဝတ္ထုတိုင်းကို သတိထားနေရမည်။ သို့သော် သူ(စုလျန်)က စိတ်ရင်းကောင်းသော လူတစ်ယောက်ဖြစ်ပြီး တစ်ကြိမ်တည်းသာ ဆုံတွေ့ဖူးသော လူတစ်ယောက်ကို ဖြစ်စေ၊ ခဏတာ အတူရှိခဲ့သော အေအိုင်စက်ရုပ်ကို ဖြစ်စေ ကရုဏာထားပေးတတ်သည်။
အစွမ်းအထက်ဆုံး စစ်လက်နက်အဖြစ် အသုံးပြုနိုင်သည့် ဉာဏ်ရည်တု "ကွမ်ကျိုး" ကိုတောင် သူက စိုးရိမ်ပေးနေသေးသည်။
ရှင်းရှင်းပြောရရင် အသက်ဆယ့်လေးနှစ်အရွယ် အားနည်းသော ကောင်လေးအရွယ် မဟုတ်တော့ပေမဲ့ တချို့ကိစ္စများမှာတော့ ဒီလို အပြစ်ကင်းသော စိတ်နေစိတ်ထားက လုံးဝ မပြောင်းလဲသွားပေ။ သွေးများဖြင့် ဖုံးလွှမ်းနေသော လူက သူ့ကို ခေါ်လျှင်ပင် ထုံအအဖြင့် ချက်ချင်း အနားကပ်သွားခဲ့သေးသည်။
ထိုအကျင့်က တုံးအလွန်းတဲ့ လမ်းဘေးကြောင်ရိုင်းတစ်ကောင်နှင့်သာ တူနေသည်။ လိမ်ညာခံရခြင်းနှင့် အန္တရာယ်ရှိခြင်းဆိုသည့် သဘောတရားကို ဘယ်သောအခါမှ အမှတ်သည်းခြေ ရှိလိမ့် မည်မဟုတ်။ နည်းနည်းလေး ချိုသာမှုပေးလိုက်သည်နှင့် သူ့ဝမ်းဗိုက်လေးကို ထုတ်ပြကာ သူ့အမွေးလုံးလုံးများကိုပင် အထိခံဖို့ တုံးတုံးအအဖြင့် ရောက်လာလိမ့်မည်။
‘ဒီလိုလူမျိုးက လုမိသားစုထဲမှာ ဘယ်လိုမျိုး အဆင်ပြေပြေ ရှင်သန်နိုင်ခဲ့တာလဲ’
ဤအကြောင်း စဉ်းစားလျက် လုထိုက်ဖန်၏ မျက်ခုံးများ တွန့်ချိုးသွား၏။
‘သူက ဒီလို ရိုးရှင်း နုံအပြီး အားနည်းတဲ့ကောင်ကို လုံးဝ မကြိုက်ဘူး။’
လုထိုက်ဖန် စိတ်ထဲ၌ သူ့ဟာသူ မှတ်ချက်ပြုလိုက်၏။
‘သတ်ဖို့ လွယ်လွန်းတယ်’
‘ယုံကြည်လို့ မရဘူး’
….
"အဟမ်း၊ ဘော့စ်"
သူ သတိပြန်ဝင်လာသည့်အခါ ဆူညံနေသော စစ်ဆင်ရေးအစည်းအဝေးခန်းမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်ကို လုထိုက်ဖန် သည် သတိထားမိလိုက်၏။
မြွေပွေး များသည် လုထိုက်ဖန် ကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြပြီး သူတို့မျက်နှာများက နားမလည်မှုများ စိုးရိမ်မှုများ ရှိနေသည်။
"ဒီတစ်ခါ ကြယ်ဓားပြက မှောင်ခိုဈေးကွက်ကို ပို့တဲ့ ကုန်ပစ္စည်းတွေက အရမ်းအရေးကြီးလား။ ဥပမာ - ဂလက်ဆီတစ်ဝက်ကို ဖျက်ဆီးပစ်နိုင်တဲ့ အနုမြူ အမြှောက်တွေလား။ အဲလိုဆိုရင် သူတို့ကို ချေမှုန်းဖို့ ပိုပြီး လုံခြုံတဲ့ အစီအစဉ်တစ်ခု ထပ်လုပ်လိုက်ရမလား"
ရွှယ်ရင်းဟွမ် သည် လုထိုက်ဖန်၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို သေချာ စောင့်ကြည့်နေလျက် တုန်ရီသော အသံဖြင့် ပြောလိုက်လေသည်။
သူ လုထိုက်ဖန် နောက်ဆုံး မျက်မှောင်ကြုတ်တာကို မြင်ဖူးတာက ခါနန်နဲ့ နောက်ဆုံး တိုက်ပွဲမတိုင်ခင် ညတုန်းကပင်။
လုထိုက်ဖန် သည် သူ့၏မူလ တောင့်တင်းသော မျက်နှာကို ရုတ်တရက် ပြန်လည်ရရှိသွားပြီး ရွှယ်ရင်းဟွမ် ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ် မစ်ရှင်ပါပဲ။"
လုထိုက်ဖန် က တစ်ခွန်းချင်းစီ ပြောလိုက်၏။
"မင်းနဲ့ ဘလက်မမ်ဘာ လုပ်နိုင်မှာပါ။”
သူ စကားပြောပြီးနောက် မျက်လွှာချလိုက်ပြီး သူ့ရှေ့မှ ဖန်သားပြင်ကို ကြည့်လိုက်သော်လည်း စစ်ဆင်ရေးအစည်းအဝေး ဆက်မလုပ်ခင်တွင် အမိန့်တစ်ခုကို ပေးလိုက်၏။
"ဝန်ဆောင်မှု ဝန်ထမ်း နံပါတ် ၀၁၇၊ လုဟယ်။"
ဝန်ဆောင်မှု ဝန်ထမ်းများ စုဝေးရာ ခန်းမထဲ၌ စက်ရုပ်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဝန်ထမ်းများ စုဝေးရာ ခန်းမထဲသို့ အော်တိုရိုဘော့တစ်ရုပ်က ပျံသန်းဝင်ရောက်ပြီး လုဟယ် ဆီကို တန်းတန်းမတ်မတ် သွားသည်ကို တွေ့လိုက်ရ၏။
"မင်းရဲ့ လုပ်ငန်းတာဝန်ကို ထုတ်ပြန်ပြီးပြီ၊ မင်းကို ဒီတာဝန်အတွက် လေ့ကျင့်ပေးလိမ့်မယ်။ အခုချက်ချင်း ဒီကနေ ထွက်ပြီး လုပ်ငန်းခွင်ကို သွားပါ။"
စက်ရုပ်သည် အေးစက်သော အမိန့်များ ပေးလိုက်၏။
လုဟယ် သည် သူ့ရှေ့မှ ပျံသန်းနေသည့် ရုပ်ဆိုးဆိုးစက်ရုပ်ကို အံ့သြစွာ ကြည့်လိုက်၏။
"ဟင်"
သူ အံ့သြသွားသည်။
"ဟေး၊ ငါ နံပါတ် ၁၇ မဟုတ်ဘူးလား။ မစ်ရှင်က ဒီလောက် မြန်မြန်ဆန်ဆန် လာတာလား။”
ဤသို့မလာခင် လေ့ကျင့်ရေး မှတ်တမ်းများအရ၊ လုပ်ငန်းတာဝန်အားလုံးကို နံပါတ်စဉ်အလိုက် ခွဲဝေပေးထားသည်။
လုဟယ် သည် စုလျန်ကို ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်ပြီး အလိုအလျောက် စက်ရုပ်နှင့် ညှိနှိုင်းချင်နေသည်။
သို့သော် သူ့ရှေ့မှ စက်ရုပ်သည် သူ့ကို ညှိနှိုင်းရန် အခွင့်အရေး မပေးချေ။
တစီစီ အသံမြည်နေသည့် စက်ရုပ်ကိုယ်ထည်သည် ရှေ့ကို ပြေးလာပြီး တစ်ခုခု ပြောမည်သကဲ့သို့ လုဟယ်၏ မျက်နှာနားသို့ ဇွတ်တရွတ် ဝင်တိုးလာသည်။ စက်ရုပ်ပေါ်မှ လှည့်ပတ်နေသော ပန်ကာများကို ရှောင်ရှားရန်အတွက် လုဟယ် သည် ကြောက်လန့်တကြား နောက်ကို ဆုတ်သွားပြီး ထပ်ခါထပ်ခါ နောက်ဆုတ်လျက် မူလရပ်နေသော နေရာမှ ဝေးကွာသွား၏။
"ဟေး၊ ဒီစက်ရုပ် မှာ တစ်ခုခု မှားနေတာလား"
"ဒီကနေ ချက်ချင်းထွက်ပြီး လုပ်ငန်းခွင်ကို သွားပါ။"
"ဒီကနေ ချက်ချင်းထွက်ပြီး လုပ်ငန်းခွင်ကို သွားပါ။"
စက်ရုပ်သည် အေးစက်သော အမိန့်များကိုသာ ထပ်ခါတလဲလဲ ပြောနေသည်၊ တိရစ္ဆာန်တစ်ကောင်ကို မောင်းနေသလိုပင်၊
အရပ်ရှည်ပြီး ခန့်ညားသော လုဟယ်အား ခန်းမအပြင်ကို တိုက်ရိုက် မောင်းထုတ်သွားလေသည်။
ခန်းမ အပြင်သို့ မရောက်ခင် လုဟယ် သည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ့၏ ကိုယ်ပိုင်ဆက်သွယ်ရေးစက် ကို စုလျန် လက်ထဲကို ထိုးထည့်လိုက်၏။
"စီနီယာစု၊ အချိန်ရရင် ဆက်သွယ်ကြမယ်နော်” ဟု သည့် လုဟယ်၏အသံသည် တံခါးအပြင်မှ ထွက်ပေါ်လာသည်။
ဘီတာအဖွဲ့သည်လည်း စက်ရုပ်က သိုးကျောင်းသကဲ့သို့ အပြင်သို့ မောင်းထုတ်ပစ်မည်ကို ကြောက်သဖြင့် အလျင်အမြန် တိတ်ဆိတ်သွားကြလေသည်။
စုလျန် မှလွဲ၍ပင်။
စုလျန်က သူ့လက်ထဲက ဆက်သွယ်ရေးစက် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းပြီးနောက် သူ့အိတ်ထဲကို ထည့်လိုက်လေသည်။
"ကလစ်- ခွမ်း”
လုထိုက်ဖန် ရှေ့ရှိ စခရမ် ပျက်စီးသွားခြင်းနှင့်အတူ မြွေပွေးအဖွဲ့၏ စစ်ဆင်ရေးအစည်းအဝေးသည် ထပ်မံ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
"ဘော့စ်၊ ကျွန်တော့်ကို အမှန်တိုင်းပြောပြပါ"
ရွှယ်ရင်းဟွမ်မှာ ငိုချလုမတတ် ဖြစ်နေခဲ့ပြီ။
သူသည် လုထိုက်ဖန် မျက်မှောင်ကြုတ်နေသည့် မျက်နှာကို အားငယ်စွာဖြင့် ကြည့်လိုက်၏။
"တကယ်တော့ ဒါက သေနိုင်လောက်တဲ့ မစ်ရှင်မျိုး ဖြစ်ရင်တောင် ကျွန်တော် သွားဖို့ ဆန္ဒရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာတာဝန်ပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းပဲ ပြောပြပေးပါ၊ အနည်းဆုံးတော့ ကျွန်တော်ကို မလျှို့ဝှက်ထားဖို့ပဲ မျှော်လင့်တာပါ၊ ဒီမစ်ရှင်ရဲ့ ဦးတည်ချက်က ဘာလဲ။ အနည်းဆုံးတော့ ကျွန်တော့် ပင်စင်ကို ဘယ်လိုခွဲဝေမယ် ဆိုတာ စီစဥ်ခဲ့လို့ ရတာပေါ့၊ ဘလက်မမ်ဘာကို မလိုက်ခိုင်းပါနဲ့၊ သူက သေမင်းလက်ကနေ လွတ်မြောက်လာတာ သိပ်မကြာသေးဘူး၊ နှစ်အနည်းငယ်ပဲ နေရသေးတယ် သူ့ကို ထပ်မရင်ဆိုင် ခိုင်းပါနဲ့ဦး"
လုထိုက်ဖန်: "..."
@@@@@
လုထိုက်ဖန်: ဒီလို တုံးအတဲ့၊ နူးညံ့တဲ့၊ အပြစ်ကင်းတဲ့၊ ချိုမြိန်တဲ့ သနားစရာကောင်လေးကို ငါ တကယ် မုန်းတယ်။
လုထိုက်ဖန်: အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။
လုထိုက်ဖန်: သူ့ကို သနားစရာလို့ပဲ မြင်တယ်။
လုထိုက်ဖန်: ဂရုစိုက်ပေးလိုက်ပါ။ အပန်းမကြီးပါဘူး။