အခန်း (၉) နမ်းလိုက်ပြီ၊ နမ်းလိုက်ပြီ
ယွင်ကျုံ့ယောင်၏ စိတ်ထဲတွင် အမှန်ပင် အနည်းငယ်မျှ မသက်မသာဖြစ်နေသော်လည်း ယခုအချိန်တွင် သူ ထွက်ခွာ၍ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အစ်ကိုတော်များအားလုံးက မည်သည့်နေရာတွင် စုဝေးရမည်ကို ဆွေးနွေးပြီးကြပြီဖြစ်သည်။
ဤအချိန်မျိုးတွင် သူက သူတို့၏ အပျော်ကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။
“ငါ ဘာမှမဖြစ်ဘူး၊ မင်း ခဏနေ ငါ့ဘေးနားကပဲ လိုက်ခဲ့”
ယွင်ကျုံ့ယောင်က ယွင်မော့အား ပြောလိုက်သည်။
ယွင်မော့က ခေါင်းညိတ်လိုက်သည်။
ယွင်ကျုံ့ယန့်က သူ ပန်းလှေတစ်စင်းငှားထားကြောင်း၊ သူတို့သည် ပန်းလှေပေါ်တွင် လျှောက်သွားရင်း လကို ခံစားကာ လှပသော အမျိုးသမီးများကို ကြည့်နိုင်ကြောင်း ပြောသည်။
“ဟို… ချွန်းမန်လုံက ပန်းလှေတော့ မဟုတ်ပါဘူးနော်”
ယွင်ကျုံ့ယန့်၏ အကျင့်စရိုက်ကို နားလည်ထားသော ယွင်ကျုံ့ဖုန်းသည် ယဉ်ကျေးမှုမရှိဘဲ စနောက်လိုက်သည်။
“ချွန်းမန်လုံက ဘာဖြစ်လို့လဲ။ ချွန်းမန်လုံမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်။ မင်းတို့လို ပျင်းစရာကောင်းတဲ့သူတွေက အလှပဂေးတွေနဲ့ အတူရှိရတဲ့ ပျော်ရွှင်မှုကို ဘယ်လိုလုပ်နားလည်မှာလဲ”
ယွင်ကျုံ့ယန့်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်ကာ သူတို့၏ အမူအရာများကို အထင်သေးသည့် အရိပ်အယောင်ဖြင့် ကြည့်သည်။
ယွင်ကျုံ့မြောင်က တိုးတိုးလေးရေရွတ်လိုက်သည်။
“ဘယ်လောက်လှတဲ့ မိန်းမလှလေးပဲဖြစ်ပါစေ အငယ်ဆုံးညီတော်လောက်တော့ မလှပါဘူး”
“…”
ယွင်ကျုံ့ယောင်သည် ဤအချိန်တွင် စကားပြောချင်စိတ်မရှိချေ။
ကံကောင်းစွာဖြင့် ယွင်မော့က သူ့ကို ခဏနားခွင့်ပေးခဲ့ရာ သူ၏မျက်နှာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အနည်းဆုံးတော့ အပြင်ပန်းမှ ကြည့်လျှင် မည်သည့်ထူးခြားမှုမှ မတွေ့ရချေ။
ယွင်ကျုံ့ယောင် စကားမပြောသည်ကို မြင်သောအခါ သူတို့လည်း ဂရုမစိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အချိန်များတွင်လည်း ယွင်ကျုံ့ယောင်၏ စိတ်နေသဘောထားမှာ ဤကဲ့သို့ အေးတိအေးစက်ပင်။
စနောက်စကားအနည်းငယ်ပြောပြီးနောက် နောက်ဆုံးတွင် ယွင်ကျုံ့ယန့် ငှားထားသော ပန်းလှေပေါ်သို့ ရောက်ရှိသွားကြသည်။
“ထူးဆန်းလိုက်တာ၊ ဒီနေ့ ဘာလို့ ဒီလောက်စည်ကားနေရတာလဲ”
ယွင်ကျုံ့ဖုန်းသည် လက်ထဲတွင် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းကာ မြစ်ပေါ်တွင် သွားလာနေသော ပန်းလှေများကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဒါ ကျွန်တော် သိတယ်!”
ယွင်ကျုံ့ဖုန်း၏ ဘေးတွင် ကပ်နေသော ယွင်ကျုံ့ရှင်းက ကြားသောအခါ သူတောက်ပသော အပြုံးဖြင့်
“ကျွန်တော် အစောပိုင်းက မိန်းကလေးတွေ ပြောတာကို ကြားခဲ့တယ်။ ဒီနေ့က ချွန်းမန်လုံရဲ့ နံပါတ်တစ်အလှပဂေး ဖျော်ဖြေမယ့်နေ့တဲ့။ အလှပဂေးရဲ့ သဘောကျမှုကို ရခဲ့ရင် တစ်ညတာပျော်ရွှင်နိုင်မယ်တဲ့… အားရိုး!”
ယွင်ကျုံ့ဖုန်းက ယွင်ကျုံ့ရှင်း၏ ခေါင်းကို ခေါက်ယပ်တောင်ဖြင့် တစ်ချက်ခေါက်လိုက်သည်။
“ဒီလိုကိစ္စတွေ လျှော့တွေးစမ်း၊ လူကဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့”
“ကျွန်တော် မတွေးပါဘူး! နောင်တော်ပဲ မေးတာလေ…”
ယွင်ကျုံ့ရှင်းက အနည်းငယ်ညည်းညူရင်း သူ၏ ဦးခေါင်းကို ဖက်ထားလိုက်သည်။
ယွင်ကျုံ့ယောင်သည် နောက်ဆုံးတွင် မတ်တပ်ရပ်နေသည်။ ယွင်မော့သည် လျှို့ဝှက်နေရာတွင် ပုန်းအောင်းနေသည်မှာ ကြာပြီဖြစ်၍ သူ့ကို မမြင်ရသော်လည်း ယွင်မော့သည် သူ့ကို အမှောင်ထဲမှ အမြဲကာကွယ်ပေးနေကြောင်း ယွင်ကျုံ့ယောင် သိသည်။
အစ်ကိုတော်များ ရယ်မောစကားပြောနေသည်ကိုသာ ကြည့်နေသည်။ သူ ဤမြင်ကွင်းကို အတော်ကြာအောင် မမြင်ခဲ့ရချေ။
...ဆယ်နှစ်ကျော်ပြီလား မသိဘူး။
“မင်း ဘာဖြစ်လို့လဲ”
နားထဲတွင် အသံခပ်တိုးတိုးလေး ထွက်ပေါ်လာကာ ယွင်ကျုံ့မင် လျှောက်လာခဲ့သည်။
သူသည် မျက်နှာအေးစက်နေပြီး အလွယ်တကူထိပါး၍ မရသည့်ပုံပေါက်နေသော်လည်း သူ၏ အသံတွင် စိုးရိမ်မှုအနည်းငယ်ပါဝင်နေသည်။
“ဘာမှမဖြစ်ပါဘူး”
ယွင်ကျုံ့ယောင်က ခေါင်းခါလိုက်ပြီး လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ချင်း မတွေ့ရတာ အကြာကြီးရှိပြီလို့ ခံစားမိလို့ နည်းနည်းစိတ်လှုပ်ရှားသွားတာပါ”
“ဆဌမညီတော်ပြောတာ မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က သိုင်းပညာလေ့ကျင့်ချင်လို့ဆို? ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေခဲ့သေးလား”
“အဲ့ဒီလောက်လည်း မဟုတ်ပါဘူး”
ယွင်ကျုံ့မင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ...
“မင်း ဘေးမှာ ကာကွယ်ပေးမယ့်လူ လိုအပ်ရင် အစ်ကိုကြီးကို ပြောနိုင်တယ်။ စစ်တပ်မှာ အကုန်လုံးလိုအပ်ပေမဲ့ သိုင်းပညာမြင့်သူတွေတော့ မလိုအပ်ပါဘူး”
“မဟုတ်ပါဘူး၊ ခဏတာ စိတ်ပါလာလို့ လုပ်မိတာပါ”
သူ စိတ်ပါသည်မှာ ရှားပါးလှသဖြင့် ယွင်ကျုံ့မင်သည် ယွင်ကျုံ့ယောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သို့သော်လည်း ယွင်ကျုံ့မင်သည် ထပ်မမေးတော့ချေ။
နှစ်ယောက်သား အတူတူရပ်နေကြသော်လည်း စကားပြောရသည်ကို မနှစ်သက်သူများ ဖြစ်သောကြောင့် ခဏတာတိတ်ဆိတ်သွားသည်။
ယွင်ကျုံ့ယောင်သည် ပတ်ပတ်လည်ရှိ ပန်းလှေများကို ကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်သည် ရုတ်တရက်ကျဉ်းသွားသည်။ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည့်ပုံပင်။
သူ၏ မျက်လုံးများ လှည့်စားခံရခြင်း ရှိမရှိ သေချာစေရန် သူသည် ခြေလှမ်းနှစ်လှမ်း ရှေ့တိုးလိုက်ပြီး ခြံစည်းရိုးအစွန်းသို့ လျှောက်သွားကာ ထိုပန်းလှေကို အနီးကပ် ကြည့်လိုက်သည်။
“ချူယန့်…”
ယွင်ကျုံ့ယောင်၏ ပါးစပ်မှ နာမည်တစ်ခုထွက်လာသည်။ သူ၏ ပုံမှန်အတိုင်း အေးစက်သောအသံမဟုတ်သော်လည်း ပြင်းထန်သော မုန်းတီးမှုပါနေသည်။
ဤနာမည်ကို အခြားသူများမကြားရသောကြောင့်သာ မဟုတ်လျှင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိကြမည်ဖြစ်သည်။
ရုတ်တရက် ယွင်ကျုံ့ယောင်၏ ကျောဘက်မှ နာကျင်လာရာ တစ်စုံတစ်ခုက သူ့ကျောကို ထိမှန်သွားသည့်အလား ထင်ရသည်။ ထိုအားကြောင့် သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ မတော်တဆစောင်းသွားခဲ့သည်။
သူသည် လှေအစွန်းတွင် ရှိနေပြီး ဤထိမှန်မှုကြောင့် သူ၏ ခန္ဓာကိုယ်သည် ထိန်းမရဘဲ မြစ်ထဲသို့ ပြုတ်ကျသွားသည်။
“ညီတော်!”
ယွင်ကျုံ့မင်သည် သူ၏ ညီငယ်လေးမှာ ရေမကူးတတ်ကြောင်း သတိရသွားပြီး
သတိမထားဘဲ ရေထဲ ခုန်ဆင်းတော့မည့်ဟန်ပြင်လိုက်သည်။
သို့သော်လည်း သူ လှေအစွန်းသို့ ရောက်ချိန်တွင် လူတစ်ဦးက သူ့ထက်အရင် ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ”
“ညီတော်! ညီတော်ကို မြန်မြန်ကယ်ကြပါဦး!”
လှေပေါ်တွင် ဆူညံသွားသည်။
ယွင်ကျုံ့ယောင်သည် ရေထဲသို့ နစ်မြုပ်သွားပြီး အခြားအသံများကို မကြားရတော့ချေ။ ပတ်ပတ်လည်ရှိ ရေများသည် သူ့ကို ကမ္ဘာနှင့် ဝေးကွာသွားစေပုံရသည်။
ယွင်ကျုံ့ယောင်သည် လွတ်မြောက်ရန် အားထုတ်ခဲ့သော်လည်း သူသည် ရေပေါ်သို့ မပေါ်လာသည့်အပြင် ပို၍ မြန်မြန်နစ်မြုပ်နေကြောင်း တွေ့ရပြီး ကြောက်လန့်တကြား လှုပ်ရှားခြင်းမရှိတော့ဘဲ ငြိမ်နေလိုက်သည်။
လူတစ်ဦး၏ ပုံရိပ်သည် သူ့ဘက်သို့ ကူးခတ်လာသည်ကို မှင်သက်စွာ မြင်လိုက်ရသည်။
ဘယ်သူများဖြစ်လောက်မလဲ...?
လက်ကောက်ဝတ်ကို ဆွဲကိုင်ခံလိုက်ရပြီး နစ်မြုပ်နေသော ခန္ဓာကိုယ်ကို ဆွဲထုတ်လိုက်ခြင်း ခံရသည်။
ထိုအခါမှသာ ယွင်ကျုံ့ယောင် ထိုသူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ယွင်မော့...
သူ၏ စိတ်သည် ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။ ယွင်မော့ရှိနေသရွေ့ သူ ဘာမှ ဖြစ်မည်မဟုတ်ဟု သူ၏ စိတ်ထဲတွင် ယုံကြည်ထားခဲ့သည့်အလား.....
ယွင်မော့သည် ယွင်ကျုံ့ယောင်၏ ခါးကို ဆွဲကိုင်ကာ သူ့ကို အပေါ်သို့ ခေါ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ယွင်ကျုံ့ယောင်မှာ အသိစိတ်ကင်းမဲ့သွားသည့် လက္ခဏာများ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။
ထိုအခါ သူသည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ ရုတ်တရက် ယွင်ကျုံ့ယောင်၏ နောက်စေ့ကို ဆုပ်ကိုင်ကာ သူ၏ ပါးလွှာသော နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။
ယွင်ကျုံ့ယောင်သည် သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သည် ပေါက်ကွဲတော့မည့်အလား ခံစားနေရသည်။ နှုတ်ခမ်းချင်းဖိကပ်ခံရပြီးနောက် တစ်စုံတစ်ဦးက လေကို လွှဲပြောင်းပေးလိုက်သည်။
သူသည် ကယ်ဆယ်ရေးကြိုးကို ဆွဲကိုင်လိုက်သည့်အလား ယွင်မော့၏ ပါးစပ်မှ လေကို အသည်းအသန်စုပ်ယူလိုက်သည်။
ယွင်မော့ နောက်ဆုတ်ရန် ကြိုးစားသောအခါ ယွင်ကျုံ့ယောင်သည် မည်သည့်နေရာမှ ရောက်လာသည်မသိသော အားဖြင့် သူ၏ ခေါင်းကို ဖိထားကာ သူ၏ နှုတ်ခမ်းများကို ကိုက်လိုက်သည်။
ယွင်မော့၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ ဤအချိန်တွင် ယွင်ကျုံ့ယောင်သည် သတိလက်လွတ်ဖြစ်နေနိုင်သည်ကို သိသော်လည်း သူ၏ မျက်နှာမှာ နီရဲလာသည်။
ယွင်မော့သည် သူ၏ ခေါင်းထဲမှ ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်ပြီး ယွင်ကျုံ့ယောင်ကို ချီကာ ရေပေါ်သို့ တက်လာသည်။ ရေထဲမှ မထွက်မီတွင် ယွင်ကျုံ့ယောင် ရုန်းကန်နေသည်ကို ဂရုမစိုက်ဘဲ သူ၏ နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည်။
ယွင်ကျုံ့မင်သည် သိုင်းပညာကို အသုံးပြုကာ ယွင်ကျုံ့ယောင်ကို ယွင်မော့၏ လက်ထဲမှ ဖမ်းယူလိုက်ပြီးနောက် ခြေဖျားဖြင့် ရေမျက်နှာပြင်ကို ထိကာ လှေပေါ်သို့ တက်လိုက်သည်။ ယွင်မော့သည်မူ ရေထဲမှ ပန်းလှေပေါ်သို့ ခက်ခဲစွာ တက်ရောက်ခဲ့ရသည်။
လူတိုင်းသည် ယွင်ကျုံ့ယောင်ကို ဝိုင်းရံထားသောကြောင့် သူ့ကို မည်သူမျှ ဂရုမစိုက်ကြချေ။
ယွင်မော့သည် ရေစိုနေသော ပုံရိပ်ကို ကြည့်ကာ ဘေးနားတွင် ရပ်နေသည်။ ယွင်ကျုံ့ယောင် ကိုက်ထားသဖြင့် အနည်းငယ်ရောင်ရမ်းနေသည့် နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။ သူ ဘာတွေ တွေးနေမိမှန်းမသိဘဲ မျက်နှာနီမြန်းစွာဖြင့် ခေါင်းငုံ့လိုက်သည်။
ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက် သူတို့သည် ဆက်လက်လည်ပတ်ရန် စိတ်မပါကြတော့ဘဲ ယွင်ကျုံ့ယောင်ကို သတ္တမမင်းသားအိမ်တော်သို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြသည်။
ရွှမ်းအာသည် မင်းသားများစွာက သတ္တမမင်းသားအိမ်တော်သို့ ပြေးလာသည်ကို မြင်လိုက်ရပြီး သူမ၏ အရှင့်သားသည် တစ်ကိုယ်လုံးရေစိုနေကာ ယွင်ကျုံ့မင်၏ အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။
“ဘုရားရေ! အရှင့်သား ဘာဖြစ်လာတာလဲ”
“ရွှမ်းအာ ကောင်မလေး၊ ကြောင်ကြည့်မနေနဲ့။ အစေခံတွေကို ရေနွေးမြန်မြန် သွားတည်ခိုင်း။ ညီတော်အတွက် ဂျင်းပြုတ်ရည်တစ်ခွက်ပါ ပြုတ်ခိုင်း”
ယွင်ကျုံ့ယန့်က အလျင်အမြန်ပြောလိုက်သည်။
ခဏတာရှုပ်ထွေးမှုများ ဖြစ်ပွားပြီးနောက် ယွင်ကျုံ့ယောင်သည် ကုတင်ပေါ်တွင် ထိုင်နေပြီး စောင်ဖြင့် ထူထဲစွာ ပတ်ထားခံရကာ လက်ထဲတွင်လည်း ဂျင်းပြုတ်ရည်တစ်ခွက်ကို ကိုင်ထားသည်။
“ကျွန်တော် တကယ် ဘာမှမဖြစ်ဘူး။ အရင်ပြန်ကြတော့လေ၊ တစ်ရေးအိပ်ပြီး မနက်ဖြန် နိုးလာရင် ကောင်းသွားလိမ့်မယ်”
ယွင်ကျုံ့ယောင်က အနည်းငယ်မတတ်သာစွာ ပြောလိုက်သည်။ မျက်လုံးများစွာက သူ့ကို စိုက်ကြည့်နေသောကြောင့် သူ့မှာ အမှန်တကယ်ပင် ဖိအားများ ခံစားနေရသည်။
“တကယ် ဘာမှမဖြစ်ဘူးလား”
“တကယ်ပါ၊ ဒီကိစ္စကို ခမည်းတော်နဲ့ မယ်တော်ကို မပြောပြပါနဲ့။ မဟုတ်ရင် သူတို့ ထပ်ပြီး စိုးရိမ်ပူပန်နေကြလိမ့်မယ်”
ယွင်ကျုံ့ယောင်က ဂျင်းပြုတ်ရည်ကို တစ်ငုံသောက်လိုက်သည်။
“ညဉ့်နက်နေပြီ။ စောစောပြန်ပြီး အနားယူကြနော်”
“ဒါဆို ရွှမ်းအာ၊ မင်းတို့ရဲ့ အရှင့်သားကို သေချာဂရုစိုက်”
“ဟုတ်ကဲ့”
လူများထွက်သွားပြီးနောက် ယွင်ကျုံ့ယောင်က ရွှမ်းအာကိုလည်း ထွက်သွားခိုင်းလိုက်ရာ အခန်းထဲတွင် သူနှင့် ယွင်မော့သာ ကျန်ခဲ့သည်။
ခဏတာအတွင်းတွင် တိတ်ဆိတ်မှုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူကို မသက်မသာဖြစ်စေသည်။