အခန်း (၁၄) အရှင့်သား ပြုံးလိုက်တာ အရမ်းချောတာပဲ
ယွင်မော့သည် တစ်နေကုန် “ငါ့ရဲ့ ရတနာမို့လို့”ဟူသော စကားကြောင့် ခေါင်းမူးနေပြီး အရပ်မျက်နှာပင် မခွဲခြားနိုင်တော့ချေ။ သူ့တစ်ကိုယ်လုံးက လွင့်မျောနေပြီး ထိုပုံစံကို ရွှမ်းအာ မြင်သောအခါ ရယ်မောမိမတတ်ဖြစ်ခဲ့ရသည်။
ယွင်ကျုံ့ယောင် ဒဏ်ရာရသည့်ကိစ္စကို လူသိသွားကြသောအခါ သတ္တမမင်းသားအိမ်တော်သို့ လာရောက်တွေ့ဆုံသူများ အစဉ်မပြတ်ရှိနေခဲ့သည်။ အရေးမကြီးသော မှူးမတ်များကို အနားယူရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တံခါးအပြင်ဘက်တွင် တားဆီးခဲ့သည်။
အစ်ကိုတော်များနှင့် အစ်မတော်များကိုတော့ ငြင်းပယ်ရန် မသင့်တော်ချေ။ သူတို့၏ မပျင်းမရိပြောဆိုသံများကို နားထောင်ရင်း သူသည် အတွေးများက ကောင်းကင်သို့ ရောက်နေသော ကိုယ်ရံတော်လေးကို စိုက်ကြည့်နေခဲ့သည်။
“ဒါနဲ့ ညီတော် မင်းကို ကယ်ခဲ့တဲ့သူက ဘယ်သူလဲ။ နောက်နေ့ အစ်ကိုတော်ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားကျေးဇူးတင်လိုက်မယ်”
ယွင်ကျုံ့ယန့်သည် ရွှမ်းအာ ငှဲ့ပေးသော လက်ဖက်ရည်တစ်ငုံသောက်ပြီး သူမကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
ရွှမ်းအာသည် မကျေနပ်စွာ မျက်စောင်းထိုးလိုက်သဖြင့် ယွင်ကျုံ့ယန့်သည် မေတ္တာမပါသော စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
“မင်း ဒီကောင်မလေးကတော့ တစ်နေ့တခြား စိတ်ထားပိုပြီးဆိုးလာတယ်၊ ညီတော်ကသာ မင်း ချွဲတာကို လက်ခံနေတာ”
ယွင်ကျုံ့ယန့်၏ မေးခွန်းကို ကြားသောအခါမှ ယွင်ကျုံ့ယောင်သည် သူ၏ အကြည့်ကို ကိုယ်ရံတော်လေးထံမှ မနည်းလွှဲလိုက်သည်။
“နာမည်က ချူယန့်လို့ ခေါ်တယ် ထင်တယ်။ ဘယ်မှာနေတာလဲတော့… မသိဘူး၊ သူ မပြောခဲ့ဘူး”
“မင်း ဘာပြောလိုက်တာ။ သူ့နာမည်က ဘာလဲ”
ယွင်ကျုံ့ယန့်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းအေးစက်သွားသည်။
“ချူယန့်၊ ဘာဖြစ်လို့လဲ”
ယွင်ကျုံ့ယောင်သည် ခေါင်းအနည်းငယ်စောင်းကာ ယွင်ကျုံ့ယန့်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို နားမလည်စွာ ကြည့်နေသည်။
ယွင်ကျုံ့ယန့်သည် သူ၏ စိတ်ခံစားမှုထိန်းမနိုင်ဖြစ်သွားသည်ကို သတိပြုမိပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်ခွက်ကို ချလိုက်သောအခါ သူသည် ဆန်းကြယ်သော တတိယမင်းသားဟန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
“ဘာမှမဟုတ်ပါဘူး၊ ရုတ်တရက်… လျိုယွဲ့ပြည်ရဲ့ အိမ်ရှေ့စံက ဒီလိုနာမည်ရှိတယ်လို့ သတိရသွားတာ”
ယွင်ကျုံ့ယောင်သည် မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ ယွင်ကျုံ့ယန့်သည် တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားရသည်။ သူ တစ်စုံတစ်ခုမပြောမီတွင် ယွင်ကျုံ့ယန့်က ရယ်လိုက်ပြီး...
“ငါပဲ လွန်လွန်ကျူးကျူးတွေးမိတာ ဖြစ်နိုင်တယ်။ လျိုယွဲ့ပြည်က သံတမန်တွေ ရောက်ဖို့ တစ်ပတ်လောက် လိုသေးတယ်။ ချူယန့် အခုလို စောစောလာစရာ အကြောင်းမရှိဘူး”
ခဏရပ်ပြီးနောက် ယွင်ကျုံ့ယန့်သည် ယွင်ကျုံ့ယောင်ကို နူးညံ့စွာ ကြည့်လိုက်သည်။
“နာမည်တူတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူက ဘာပဲဖြစ်ဖြစ် မင်းကို ကယ်ခဲ့တာပဲ။ ငါ ပြန်ပြီး လူလွှတ်စုံစမ်းကြည့်လိုက်မယ်၊ တွေ့ရင် အိမ်တိုင်ရာရောက် သွားပြီး ကျေးဇူးတင်လိုက်မယ်”
“ဒီလောက်ထိလုပ်ပေးစရာမလိုပါဘူး။ ကျွန်တော့်ကို ကယ်ခဲ့တာဆိုတော့ ကျွန်တော့်ဘာသာကျွန်တော်ပဲ သွားသင့်ပါတယ်”
ယွင်ကျုံ့ယောင်စကားဆုံးသည်နှင့် ယွင်ကျုံ့ယန့်သည် ရယ်ချင်သလိုလို မရယ်ရဲသလိုလို ထူးဆန်းသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။
“မင်းကိုယ်မင်းလည်း ပြန်ကြည့်လိုက်ပါဦး၊ ဒီရက်ပိုင်း အပြင်ထွက်လို့ရဦးမှာတဲ့လား”
“…”
ယွင်ကျုံ့ယောင် တိတ်ဆိတ်သွားသည်။ ယွင်ကျုံ့မင် သူ လုပ်ကြံခံရသည်ကို သိသွားပြီးနောက် စစ်တန်းလျားမှ စစ်သားတစ်စုကို သူ၏ အိမ်တော်သို့ ကာကွယ်ရန် ပို့ပေးခဲ့သည်။ အပြင်ထွက်လျှင်ပင် သူတို့လိုက်ရမည်။
အပြင်မထွက်ရဟု မဆိုလိုသော်လည်း ဤလူအင်အားနှင့်ဆိုလျှင် အပြင်ထွက်ပါက သာမန်အရပ်သားများကို ကြောက်လန့်စေမည်မှာ သေချာသည်။
“တတိယနောင်တော်ကိုပဲ အားကိုးပါရစေ”
ခဏတာစဉ်းစားပြီးနောက် ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ယန့်ကို သွားစေရန် ဆုံးဖြတ်လိုက်သည်။
ရိုးရိုးသားသားပြောပါက ဖြစ်နိုင်လျှင် သူ၏ ဆွေမျိုးသားချင်းများအား ချူယန့်နှင့် ဝေးဝေးနေစေချင်သည်။ ထိုသူသည် အလွန်ပါးနပ်ပြီး ဟန်ဆောင်တတ်သည်။
သူ မှတ်မိသလောက်ဆိုလျှင် ယွင်ကျုံ့ယန့် ပထမဆုံးအကြိမ် ချူယန့်နှင့် တွေ့ဆုံသောအခါ ချူယန့်ကို အနည်းငယ်သဘောကျခဲ့သည်။ ထိုသဘောကျမှုသည် ယောက်ျားမိန်းမ ချစ်ခင်မှုမျိုးမဟုတ်ဘဲ ချူယန့်သည် စကားပြောကောင်း၊ ထူးခြားသော စိတ်နေသဘောထားရှိပြီး ဗဟုသုတကြွယ်ဝသောကြောင့် ထိုသို့သောသူကို သူငယ်ချင်းအဖြစ်ထားရှိရန် အသင့်တော်ဆုံးဟု ထင်ခဲ့ခြင်းသာ။
နောက်ပိုင်းတွင် ဘာဖြစ်လာမည်ကို ဘယ်သူသိနိုင်မည်နည်း။
“ဒီလိုဆိုရင် အစ်ကို အရင်သွားတော့မယ်။ မင်း ကောင်းကောင်းအနားယူဦး”
ယွင်ကျုံ့ယန့်က ထရပ်ပြီး ယွင်ကျုံ့ယောင်ဘေးမှ ယွင်မော့ကို ကြည့်လိုက်သည်။
“မင်းရဲ့ သခင်ကို ကောင်းကောင်းကာကွယ်။ နောက်ထပ် ကိစ္စတစ်ခုခုဖြစ်လာရင် မင်း သေရလိမ့်မယ်”
“ကျွန်တော်မျိုး မှတ်သားထားပါမယ်”
ယွင်မော့သည် ခေါင်းငုံ့ပြီး တုံ့ပြန်လိုက်သည်။
ယွင်ကျုံ့ယန့် ထွက်ခွာသွားသောအခါ ယွင်ကျုံ့ယောင်သည် ယွင်မော့ကို ဆွဲခေါ်ကာ ထိုင်စေလိုက်သည်။
“စိတ်မကောင်းဖြစ်သွားလား”
ယွင်ကျုံ့ယောင်က တိုးတိုးလေးမေးလိုက်သည်။
“စိတ်မကောင်းမဖြစ်ပါဘူး။ တတိယမင်းသားပြောတာ အားလုံးမှန်ပါတယ်”
ယွင်မော့၏ နားရွက်များသည် နီရဲနေသည်။
“အရှင့်သားကို ကာကွယ်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ”
ယွင်ကျုံ့ယောင်သည် သူ၏ မေးစေ့ကို လက်ဖြင့် ထောက်ကာ ပြုံးရယ်နေသည့် မျက်လုံးများဖြင့် ယွင်မော့ကို ကြည့်နေခဲ့သည်။
သူက ယွင်မော့သည် သွားရည်မျိုချလိုက်ပြီး တောက်ပသော မျက်လုံးနှစ်လုံးဖြင့် သူ့ကို ငေးမောနေသည်ကို မြင်လိုက်ရသည်။
ယွင်ကျုံ့ယောင်သည် အလွန်ပင် လှပသည်။ ပုံမှန်အားဖြင့် ရယ်ခြင်း၊ စကားပြောခြင်း မရှိသောကြောင့် အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားရစေကာ ချဉ်းကပ်ရန် ခက်ခဲသည်။
သို့သော် ယွင်မော့သည် သူ ယွင်ကျုံ့ယောင်၏ ဘေးနားတွင် ရှိနေသည့်အချိန်မှစ၍ ယွင်ကျုံ့ယောင် ရယ်သည်ကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည်။
အလွန်အကျွံရယ်ခြင်းမျိုးမဟုတ်၊ နှုတ်ခမ်းထောင့်ကွေးညွှတ်မှုကိုပင် သေချာမကြည့်လျှင် မမြင်နိုင်သော်လည်း မျက်လုံးထဲမှ နစ်မြုပ်သွားစေနိုင်သော နူးညံ့သည့် အပြုံးသည် ယွင်မော့အား ရှင်းရှင်းလင်းလင်း ခံစားမိစေခဲ့သည်။
ကိုယ်ရံတော်အဖွဲ့မှ အကြီးအကဲများပြောသည်မှာ မမှားပေ။ အရှင့်သားသည် အကောင်းဆုံးပြုစုစောင့်ရှောက်ရမည့် သခင်ဖြစ်ပြီး… သူ့ကိုပင် ပြန်ရယ်ပြသေးသည်။
ပြုံးလိုက်တာ အရမ်းချောမောတာပဲ။
ချူယန့်နှင့် တွေ့ဆုံခဲ့ရခြင်းကြောင့် ထင်ပါသည်။ ယွင်ကျုံ့ယောင်က ထပ်မံ၍ အိပ်မက်ဆိုး မက်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် သူ နိုးမလာခဲ့ချေ။ မရေရာသော အခြေအနေတွင် ရင်းနှီးသော အသံတစ်ခုက သူ့ကို ပေါ့ပေါ့ပါးပါးနှစ်သိမ့်ပေးနေသည်ကို သူ ကြားလိုက်ရသည်။
“အရှင့်သား… အရှင့်သား မကြောက်ပါနဲ့။ ယွင်မော့ ဒီမှာ ရှိပါတယ်။ ကျွန်တော်က အရှင့်သားကို ကာကွယ်ပါ့မယ်”
ဤအသံသည် မှော်ဆန်သည့်အလား သူ၏ အိပ်မက်ဆိုးများကို ပျောက်ကွယ်စေပြီး စိတ်ချမှုနှင့် နွေးထွေးမှုကို ခံစားရစေခဲ့သည်။
ယွင်မော့သည် ယွင်ကျုံ့ယောင်ကို ညင်သာစွာ ပွေ့ဖက်ထားပြီး သူ တဖြည်းဖြည်း ငြိမ်သက်လာသည်ကို မြင်သောအခါမှ သက်ပြင်းရှည်ချလိုက်သည်။
သူလည်း အနည်းငယ်အိပ်ချင်လာသည်။ အရှင့်သား၏ အိပ်ရာပေါ်တွင် သူ ပထမဆုံးအကြိမ်အိပ်ခြင်းမဟုတ်ပေ။ ယခင်ကလည်း အရှင့်သား ဒေါသမထွက်ခဲ့သောကြောင့် ယခုတစ်ကြိမ်လည်း ဖြစ်လိမ့်မည်မဟုတ်ဟု သူ တွေးလိုက်သည်။
သူ ခေါင်းငုံ့ကာ သူ့ ခါးကို တင်းတင်းဖက်ထားသည့် ယွင်ကျုံ့ယောင်၏လက်ကို ကြည့်လိုက်သည်။
သူ မသွားချင်၍ မဟုတ်ဘဲ… အရှင့်သားက မသွားခိုင်းခြင်းဖြစ်သည်။
ဤသို့တွေးမိသောအခါ ယွင်မော့သည် စိတ်အေးလက်အေး ခေါင်းစောင်းကာ အိပ်ရာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ယွင်ကျုံ့ယောင် နိုးလာသောအခါ သူ့ကိုတစ်စုံတစ်ဦးက ပွေ့ဖက်ထားသည်ကို ခံစားလိုက်ရသည်။ ယွင်မော့မှလွဲ၍ မည်သူမျှ သူ့ကို အိပ်မက်ဆိုး မက်ပြီးနောက် ဤမျှ နက်ရှိုင်းစွာ အိပ်ပျော်စေနိုင်မည် မဟုတ်သောကြောင့် ယွင်ကျုံ့ယောင်မှာ အံ့သြခြင်းမရှိချေ။
သို့သော် ဤတစ်ကြိမ်တွင် သူနှင့် ယွင်မော့၏ အကွာအဝေးသည် သူ မျှော်လင့်ထားသည်ထက် ပိုမိုနီးကပ်နေခဲ့သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် ယွင်မော့၏ မျက်နှာကို မြင်နိုင်သည်။
သွယ်လျပြီး ထူထဲသော မျက်တောင်များ၊ ငယ်ရွယ်သောကြောင့် အနည်းငယ် ဖောင်းကြွနေသည့် ချောမောသော မျက်နှာလေး။
သူတို့နှစ်ဦးသည် အလွန်နီးကပ်နေပြီး အသက်ရှူသံများပင် ရောနှောနေသည့်အလား ဖြစ်သည်။ ယွင်ကျုံ့ယောင်ဘက်က အနည်းငယ်လှုပ်လိုက်ရုံဖြင့် နမ်းရှုံ့နိုင်မည်။
ဘာအရသာရှိတာကို အိပ်မက်မက်နေမှန်း မသိချေ၊ ယွင်မော့၏ နှုတ်ခမ်းများသည် တဖျပ်ဖျပ်လှုပ်ရှားနေပြီး နီရဲသော နှုတ်ခမ်းများသည် ယွင်ကျုံ့ယောင်ကို ဆွဲဆောင်နေသည့်အလား ထင်ရသည်။
ယွင်ကျုံ့ယောင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယွင်မော့ကို ပွေ့ဖက်ထားသော လက်ကို မလွှတ်ဘဲ မျက်လုံးများကို ပြန်ပိတ်လိုက်သည်။
ထိုမှောင်မိုက်သောနေ့ရက်များတွင် တစ်ခုတည်းသော အလင်းရောင်ဖြစ်သည့်အတွက် ယွင်ကျုံ့ယောင်သည် ယွင်မော့အပေါ် မှီခိုအားထားမှုနှင့် ယုံကြည်မှုများ မလွဲမသွေ ပေါ်ပေါက်လာခဲ့သည်။ အတူတကွနေထိုင်လာသည်နှင့်အမျှ ဤခံစားချက်များလည်း ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။
ယွင်ကျုံ့ယောင်သည် အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ သူသည် ယွင်မော့အပေါ် သူ၏ ထူးခြားသော သဘောထားနှင့် စိတ်ခံစားမှု အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူသည် ဤခံစားချက်ကို မငြင်းပယ်ချေ။ အဘယ်ကြောင့်ဆိုသော် ယွင်မော့သည် ချူယန့်နှင့် မတူဘဲ သူ့ကို လုံးဝသစ္စာဖောက်မည်မဟုတ်သောကြောင့် ဖြစ်သည်။
သူ၏ ကိုယ်ရံတော်လေးကို ကြောက်သွားစေမည်ကို မစိုးရိမ်လျှင်…ကိုယ်ရံတော်လေးသည် သတ္တမမင်းသားအိမ်တော်၏ နောက်ထပ်သခင်တစ်ဦးဖြစ်နေလောက်ပြီ။
သို့သော် ကိုယ်ရံတော်လေး၏ သတ္တိသည် အနည်းငယ်နည်းသည်။ သူ ဖြည်းဖြည်းချင်း ဆွဲဆောင်ရမည်။ လူကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင် မလုပ်သင့်ချေ။
“အရှင့်သား...”
သူ့နားထဲတွင် တိုးညှင်းသော အသံတစ်ခုထွက်ပေါ်လာသည်။
ကိုယ်ရံတော်လေး နိုးလာသော်လည်း ယွင်ကျုံ့ယောင်သည် မနိုးသေးသလို ဟန် ဆောင်နေဆဲဖြစ်သည်။ ခဏအကြာတွင် ယွင်မော့သည် ယွင်ကျုံ့ယောင်၏ လက်ကို တိတ်တဆိတ်ဖြည်ကာ ထရန် ကြိုးစားသည်။
သို့သော် ယွင်ကျုံ့ယောင်က ဖိထားလိုက်ရာ အသင့်မပြင်ထားသော ယွင်မော့သည် အိပ်ရာပေါ်သို့ ပြန်လဲကျသွားသည်။
မျက်လုံးပိတ်ထားသော ယွင်ကျုံ့ယောင်သည် သူ၏ နှုတ်ခမ်းပေါ်တွင် နူးညံ့သော ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရသည်။