အခန်း (၂) - သူ အလင်းရောင်အောက်မှာ ရှင်သန်ချင်တယ်
ယွင်ကျုံ့ယောင် မှုန်ဝါးဝါးနှင့် မျက်လုံးများ ပွင့်လာသည်။ အလင်းရောင်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်၍ ချက်ချင်းဆိုသလို မျက်လုံးများက နာကျင်လာသည်။
ငါ... သေသွားပြီမဟုတ်ဘူးလား။
လည်ချောင်းကို အရိုးဖြင့် ထိုးဖောက်လိုက်သည့် နာကျင်မှုသည် ကျန်ရှိနေသေးသည့်နှယ် သူ အလွန်အမင်းချောင်းဆိုးလာသည်။
"အယ်! အရှင့်သား! ဘာဖြစ်တာလဲ။ နေမကောင်းလို့လား။ ကျွန်တော်မျိုးမ ခုပဲ သမားတော်ကို သွားခေါ်လိုက်ပါ့မယ်!"
နားထဲတွင် ကြားလိုက်ရသည့် ရင်းနှီးသော အသံကြောင့် ယွင်ကျုံ့ယောင် မျက်ရည်ကျလုနီးပါးဖြစ်သွားကာ တုန်ရီနေသော အသံဖြင့် "ရွှမ်းအာ" ဟု ခေါ်လိုက်သည်။
"ရှင်! အရှင့်သား၊ ကျွန်တော်မျိုးမ ဒီမှာပါ။"
သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ငယ်စဉ်ကတည်းက သူ့ဘေးတွင် ရှိခဲ့သည့် ဤ အစေခံမလေးကို ကြည့်ကာ ယွင်ကျုံ့ယောင်သည် လက်လှမ်းလိုက်ပြီး ရွှမ်းအာ၏ ဆံထုံးကို အနည်းငယ်တုန်ယင်စွာ စမ်းကြည့်လိုက်သည်။
"အရှင့်သား?"
စိတ်ခံစားမှုအနည်းငယ်ပြင်းထန်နေပုံရသော ယွင်ကျုံ့ယောင်ကို ရွှမ်းအာက စူးစမ်းစွာ ကြည့်လိုက်သည်။
ယွင်ကျုံ့ယောင်သည် သူမကို ကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ခုက ဘယ်နေ့လဲ"
"ချူးယွင် သုံးဆယ့်နှစ်နှစ်၊ ခြောက်လပိုင်း၊ လပြည့်ကျော်ငါးရက်နေ့ပါ အရှင့်သား။ ဘာဖြစ်လို့လဲ"
ချူးယွင်သုံးဆယ့်နှစ်နှစ်...
ဤအချိန်တွင် ယွင်ကျုံ့ယောင်သည် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ကြေကွဲစရာ ဖြစ်ရပ်မတိုင်မီ ဆယ်နှစ်လောက် ကျန်သေးသည်။
ဒါက အိပ်မက်ဆိုးလား၊ ဒါမှမဟုတ်...
ယွင်ကျုံ့ယောင်သည် မိမိ၏ စိတ်ကို ငြိမ်သက်အောင် ထားပြီး ရွှမ်းအာကို
"ဒီမင်းသားကို အဝတ်အစားလဲပေး" ဟုသာ ပြောလိုက်သည်။
ရွှမ်းအာသည် သူမ၏အရှင့်သားသည် ယနေ့အနည်းငယ်ထူးဆန်းနေသည်ဟု တွေးမိသော်လည်း များများစားစားမမေးတော့ဘဲ ယွင်ကျုံ့ယောင်အား အဝတ်လဲပေးခဲ့သည်။
ယွင်ကျုံ့ယောင်သည် နန်းတော်ဝင်းရှိ ဥယျာဉ်သို့ လျှောက်သွားရင်း ဤနေရာမှ ရင်းနှီးသော သစ်ပင်ပန်းပင်တိုင်းကို ကြည့်နေသည်။ မျှော်လင့်ချက်မရှိအောင် နှိပ်စက်ခံခဲ့ရသော သူသည် ရုတ်တရက်ပင် အိပ်မက်,မက်နေသည်လား၊ အိပ်မက်က နိုးလာသည်လားဆိုသည်ကိုပင် မခွဲခြားနိုင်တော့ပေ။
"ယွင်မော့"
ယွင်ကျုံ့ယောင်က ခေါ်လိုက်သည်။ သေဆုံးသည်အထိ သူ့ကို ကာကွယ်ပေးခဲ့သည့် ဤသစ္စာရှိကိုယ်ရံတော်ကို သူ မြင်ချင်သည်။
ယွင်မော့ နာကျင်စွာဖြင့် အော်ပြောခဲ့သည့် "အရှင့်သား... မြန်မြန်ပြေး" ဆိုသည့် အသံကို သူ ကြားနေရဆဲပင်။
သူ့နောက်ရှိ သစ်ပင်ပေါ်က အရွက်များက လေမတိုက်ဘဲ ရုတ်တရက်လှုပ်လာသည်မှာ ယွင်ကျုံ့ယောင်၏ စကားကို တုံ့ပြန်နေသယောင်။
"ထွက်ခဲ့။"
"ကျွန်တော်မျိုး သတ္တမမင်းသားကို ဂါရဝပြုပါတယ်"
ရှင်းလင်းပြတ်သားသော အသံသည် သူ မှတ်မိနေသည့် အသံဩရှရှနှင့် မတူသော်လည်း အနည်းငယ်တော့ ဆင်တူနေပုံရသည်။
ယွင်ကျုံ့ယောင် လှည့်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်စုံဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးတစ်စုံသာ ပေါ်နေသည့် ထိုသူကို တွေ့လိုက်ရသည်။
ထိုလှပသော မက်မွန်မျက်လုံးများမှာ မှတ်ဉာဏ်ထဲကအတိုင်း ကြည်လင်ဆဲဖြစ်ပြီး မျက်ခွံထောင့်နားတွင် အနီရောင်ဖျော့ဖျော့ရှိသော မွေးရာပါအမှတ်အသားလေးရှိသည်။
သူပဲ။
ယွင်ကျုံ့ယောင်သည် ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် ယွင်မော့၏ ရှေ့သို့ ရောက်သွားသည်။
ယွင်မော့၏ စိတ်ထဲတွင် အနည်းငယ်တောင့်တင်းနေသည်။ သခင်က ဘာလုပ်ခိုင်းဖို့ ရုတ်တရက်ခေါ်လိုက်ကြောင်း သူ မသိပေ။
သူ အမှားတစ်ခုခုလုပ်မိထားတာလား။
ယွင်မော့သည် တော်ဝင်လျှို့ဝှက်ကိုယ်ရံတော်အဖွဲ့သို့ ဝင်ရောက်လာသည်မှာ မကြာသေးပေ။ အထက်လူကြီးများ၏ ပြောပြချက်အရ နတ်ဘုရားတစ်ပါးဟန်ရှိပြီး မစော်ကားသင့်သော ဤသတ္တမအရှင့်သားသည် အခြားသခင်များထက် ပိုမို ခစားရလွယ်ကူကြောင်း သိရသည်။
ထို့ကြောင့် သူသည် ဤအခွင့်အရေးကို ရရှိရန် အလွန်ကြိုးစားခဲ့ရသည်။
သတ္တမမင်းသားသည် အမှန်ပင် နတ်ဘုရားတစ်ပါးနှင့်တူသည်။ ရုပ်ရည်ချောမောပြီး စိတ်နေသဘောထားကောင်းသည်။ စကားနည်းသည်။ သို့သော် ထိုကျဉ်းမြောင်းသော မျက်ဝန်းများက သူ့ကို စူးစိုက်၍ ကြည့်လိုက်ချိန်တိုင်း ယွင်မော့မှာ စိတ်လှုပ်ရှားနေရဆဲပင်။
"သတ္တမမင်းသား..."
" ငါ့ကို မင်းရဲ့ မျက်နှာပြပါဦး။"
ယွင်မော့သည် ခဏတာအံ့ဩသွားသည်။ မည်သည့်သခင်ကမှ အစောင့်အရှောက်၏ မျက်နှာကို ကြည့်ဖို့ စိတ်မဝင်စားကြဖူးပေ။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံလာလျှင် ဘာလုပ်ရမည်ကို အထက်လူကြီးများက သူ့ကို မသင်ပေးခဲ့ဖူးချေ။
သို့သော်... လျှို့ဝှက်ကိုယ်ရံတော်များသည် သခင်၏ အမိန့်ကို လိုက်နာရမည်ဖြစ်ရာ သူ မျက်နှာဖုံးကို ချွတ်သင့်သည်။
စိတ်ထဲတွင် တုံ့ဆိုင်းပြီးနောက် ယွင်မော့သည် သူ၏ အနက်ရောင်မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။
ယွင်မော့၏မျက်နှာမှာ သူ့မှတ်ဉာဏ်ထဲမှ မျက်နှာနှင့် တူသော်လည်း အနည်းငယ်နုနယ်နေသေးသည်။
သူ၏ ကိုယ်ရံတော်များထဲတွင် ကိုယ်ခံပညာအတော်ဆုံးဖြစ်သည့် ကိုယ်ရံတော်ခေါင်းဆောင်သည် ဤမျှနုနယ်သော မျက်နှာလေးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထိုစိုစွတ်သော မက်မွန်ရောင်မျက်လုံးများနှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင်ချစ်စရာကောင်းနေသေးသည်။
မျက်ခွံနားမှ မွေးရာပါအမှတ်အသားလေးက သူ၏ ဖြူစင်သောအသွင်အပြင်အား ရမ္မက်ဆန်စေသည့် အရောင်မျိုးကို ပေးစွမ်းနေသည်။
"မင်း ဒီနေ့ကစပြီး ဒီမင်းသားဘေးမှာ နေပြီး အနီးကပ်ခစားရမယ်"
ပြောပြီးနောက် ယွင်ကျုံ့ယောင်သည် လှည့်ထွက်သွားရာ လေတိုက်နှုန်းကြောင့် သူ၏ ဝတ်ရုံစက လေထဲတွင် အနည်းငယ်လှုပ်ယမ်းသွားသည်။
မျက်နှာပေါ်တွင် အံ့ဩမှုများပြည့်နှက်နေသော ယွင်မော့ကိုမူ ထိုအတိုင်းသာ ချန်ထားခဲ့သည်။
ယွင်ကျုံ့ယောင်သည် သူသည် ယွင်မော့အား တစ်ချိန်က ‘သူ့ဘဝ၏ အကြီးဆုံးဆန္ဒကား အဘယ်နည်း’ ဟု မေးခဲ့ဖူးကြောင်း အမှတ်ရသည်။
ယွင်မော့က ‘နေရောင်အောက်မှာ နေထိုင်ဖို့’ ဟု ဖြေခဲ့သည်။
သူ့အတွက် အသက်ပေးကာ သူနှင့်အတူ သေဆုံးခဲ့သူဖြစ်သော ယွင်မော့၏ အဆင့်အတန်းသည် ယွင်ကျုံ့ယောင်၏ စိတ်ထဲတွင် အနည်းငယ်ကွဲပြားနေသည်။
၄င်းကား အိပ်မက်ဆိုးဖြစ်စေ အမှန်တကယ်ဖြစ်ခဲ့သည်ဖြစ်စေ ယွင်ကျုံ့ယောင်သည် ထိုမြင်ကွင်းများကို ထပ်မံ၍ ဖြစ်ခွင့်ပေးလိမ့်မည်မဟုတ်။
ယွင်ကျုံ့ယောင်သည် နန်းတော်ဝင်းထဲရှိ ရေကန်၏ စင်္ကြံငယ်လေးပေါ်တွင် ရပ်နေရင်း လှပစွာ ပွင့်နေသည့် ကြာပန်းများကို ကြည့်ရင်း အတွေးများထဲ နစ်မျောနေသည်။
သူသည် သူ့ကိုယ်သူနှိပ်စက်နေသည့်အလား ထိုဖြစ်ရပ်များကို စိတ်ထဲတွင် ပြန်လည် ဖြတ်သန်းကြည့်ပြီး စိတ်ထဲမှ တိတ်တဆိတ်စဉ်းစားနေသည်။
"အရှင့်သား၊ အကြီးဆုံးမင်းသမီး၊ တတိယမင်းသားနဲ့ စတုတ္ထမင်းသားတို့ ရောက်နေပါပြီ”
ရွှမ်းအာ၏ အသံက ယွင်ကျုံ့ယောင်၏ အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။
"အင်း"
ပြန်ဖြေပြီးနောက် ယွင်ကျုံ့ယောင်သည် အရှေ့ဘက်ခန်းမသို့ လျှောက်သွားသည်။
သူ မရောက်ခင်မှာပင် ဥယျာဉ်ဘက်သို့ လာနေသည့် လူအချို့ကို တွေ့လိုက်ရသည်။
"အကြီးဆုံးအစ်မတော်၊ တတိယအစ်ကိုတော်၊ စတုတ္ထအစ်ကိုတော်"
ယွင်ကျုံ့ယောင်၏ လေသံသည် ရင်းနှီးမှု မရှိဘဲ အမြဲတမ်းအေးစက်နေသည်။ မသိသောသူတစ်ဦးက မြင်လိုက်လျှင် သူသည် ဤလူသုံးဦးကို ကြိုဆိုခြင်းမရှိဟု ထင်မှတ်ပေလိမ့်မည်။
"ညီလေးခုနစ်၊ နေကောင်းသွားပြီလား"
အနည်းငယ် ပို၍တက်တက်ကြွကြွရှိသော စတုတ္ထမင်းသား ယွင်ကျုံ့မြောင်သည် ယွင်ကျုံ့ယောင်၏ ရှေ့သို့ ပြေးလာသည်။
"သိပ်မဆိုးပါဘူး"
ယွင်ကျုံ့ယောင် ခေါင်းယမ်းလိုက်သည်။ သူ့ကြောင့် ရက်ရက်စက်စက်သေဆုံးခဲ့ရသည့် ဤ ဆွေမျိုးများကို ကြည့်ရင်း သူ၏ နှာခေါင်းထဲမှ ရုတ်တရက်စူးရှလာသည်။
တတိယမင်းသားယွင်ကျုံ့ယန့်သည် သူ၏ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းကာ ပြုံးရယ်လျက် ယွင်ကျုံ့ယောင်အား ကြည့်လိုက်သည်။
"ငါ့အထင်တော့ ညီခုနစ်က နေမကောင်းဖြစ်မှပဲ လူနဲ့ နည်းနည်း ပိုတူလာတယ်"
သူ စကားဆုံးသည်နှင့် ယွင်ချန်းမုန့်က နောက်ကနေ နားရွက်ကို လိမ်လိုက်သောကြောင့် ထို ချောမောသော မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။
"အား.....နာတယ်! နာတယ် နာတယ် နာတယ်... အစ်မတော်၊ ကျွန်တော်မှားသွားပါပြီ..."
"ဒီလိုဟာမျိုးက ပြောသင့်လို့လား။ မောင်ငယ်ခုနစ် နေမကောင်းဖြစ်ဖို့ကို မျှော်လင့်နေတာလား"
ယွင်ချန်းမုန့်သည် ယွင်ကျုံ့ယန်အား ပြင်းပြင်းထန်ထန် ဆူပူလိုက်ပြီးနောက် စိုးရိမ်စွာဖြင့် ယွင်ကျုံ့ယောင်အား မော့ကြည့်လိုက်သည်။
ကြည့်လိုက်တော့မှ သူ အံ့အားသင့်သွားသည်။ ယွင်ကျုံ့ယောင်၏ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။
"အယ်၊ ဘာဖြစ်တာလဲ? ဘာလို့ ရုတ်တရက်ငိုတာလဲ? ဘယ်သူက အနိုင်ကျင့်တာလဲ"
ယွင်ကျုံ့ယောင်၏ မျက်လုံးများ နီရဲနေသည်ကို မြင်သောအခါ ထိုသုံးဦးလုံး ထိတ်လန့်သွားပြီး ယွင်ကျုံ့ယောင်အား အသည်းအသန်နှစ်သိမ့်ကြတော့သည်။
"ဘာမှမဖြစ်ပါဘူး... မျက်စိထဲ တစ်ခုခုဝင်သွားလို့ပါ"
ယွင်ကျုံ့ယောင်သည် သူ၏ အစ်ကိုတော်များနှင့် အစ်မတော်အား နှစ်သိမ့်လိုက်သည်။ သူတို့နှင့်အတူ နေ့လယ်စာစားပြီး သူ ဘာမှမဖြစ်ကြောင်း ထပ်ခါတလဲလဲ အာမခံပြီးမှ သူတို့ကို စိတ်အေးချမ်းသာစွာ ပြန်ခွင့်ပြုလိုက်သည်။
သူတို့ ထွက်သွားပြီးနောက် ယွင်ကျုံ့ယောင်သည် ကိစ္စတစ်ခုကို သတိရသွားကာ ရွှမ်းအာကို ကြည့်ရင်း မေးလိုက်သည်။
"ယွင်မော့ ဘယ်မှာလဲ"
ရွှမ်းအာက အနည်းငယ်တောင့်တင်းသွားသည်။
"ကျွန်တော်မျိုးမ သူ့ကို အဝတ်အစားလဲဖို့ ပေးလိုက်ပြီး လဲပြီးရင်လာခဲ့ပါလို့ ပြောထားတာကို ဘာလို့ ခုထိ အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ"
ခဏကြာပြီးနောက် ရွှမ်းအာက ထပ်မေးလိုက်ပြန်သည်။
"ကျွန်တော်မျိုးမ သူ့ကို သွားခေါ်လိုက်ရမလား”
"မလိုပါဘူး"
ယွင်ကျုံ့ယောင် ခေါင်းယမ်းလိုက်ကာ ခဏတာစဉ်းစားပြီးနောက် "ယွင်မော့၊ ထွက်ခဲ့" ဟု ခေါ်လိုက်သည်။
စကားသံဆုံးသည်နှင့် အရိပ်တစ်ခုသည် မှောင်ရိပ်မှ ထွက်ပေါ်လာသည်။
ယွင်မော့သည် သူ့ကိုယ်သူ အနည်းငယ်မသက်မသာ ဆွဲဆန့်လိုက်ပြီး ယွင်ကျုံ့ယောင်အား စိုးရိမ်တကြီးကြည့်နေသည်။
ယွင်မော့ ဖမ်းဆီးခံရသည့်အချိန်တွင် သူသည် အရည်အချင်းပြည့်မီသော လျှို့ဝှက်ကိုယ်ရံတော်တစ်ဦး ဖြစ်နေပြီ။ အပြုံးမရှိ၊ လူသတ်ရန် တွန့်ဆုတ်ခြင်းမရှိ။
ယွင်ကျုံ့ယောင်သည် ဤအချိန်က ယွင်မော့၏ မျက်နှာတွင် ထိုမျှ များပြားသော ခံစားချက်များရှိနေမည်ကို မမျှော်လင့်ခဲ့ပေ။ သူသည် လျှို့ဝှက်ကိုယ်ရံတော်နှင့် လုံးဝ မတူသေးဘဲ ပို၍ အသက်ဝင်နေသည်။
ယွင်ကျုံ့ယောင် သိသည်။ ယွင်မော့သည် လျှို့ဝှက်ကိုယ်ရံတော်အဖြစ် နေသားကျနေသောကြောင့် အလွယ်တကူမမြင်နိုင်သော မှောင်ရိပ်ထဲတွင် ပုန်းနေတတ်ခြင်း ဖြစ်သည်။
ရွှမ်းအာသည် ယွင်မော့အား နန်းတော်မှ အစောင့်အရှောက်များ၏ အဝတ်အစားကို ပေးခဲ့သည်။ ဖျော့တော့သော မီးခိုးရောင်အဝတ်အစားများသည် သူ၏ ရှည်လျားပြီး သွယ်လျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။
တော်တော်တော့ ကြည့်ကောင်းသားပဲ။
"ဒီအဝတ်အစားကို မကြိုက်ဘူးလား"
ယွင်ကျုံ့ယောင် မေးလိုက်သည်။
ယွင်မော့က ချက်ချင်းပင် ခေါင်းယမ်းလိုက်ကာ
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ နည်းနည်းမရင်းနှီးသေးလို့ပါ"
ယွင်မော့ အထင်သက်သက်ပင်လားမသိ၊ သူ၏ စကားကို ကြားသောအခါ ယွင်ကျုံ့ယောင်၏ မျက်နှာပေါ်တွင် သေးငယ်သော အပြုံးလေးတစ်စပေါ်လာသည်ဟု ခံစားရသည်။
သို့သော် ၎င်းမှာ ချက်ချင်းပျောက်ကွယ်သွားရာ သူ ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ သတ်မှတ်လိုက်သည်။