အခန်း (၄) - အရှင့်သားရဲ့ စောင်ကို ဘာလို့ ဆွဲဖြဲလိုက်တာလဲ
လျိုချီနန်းဆောင်သို့ အားလုံးရောက်ရှိလာချိန်တွင် ထိုနေရာ၌ ဆူပူသောင်းကျန်းမှုဖြစ်နေပြီး အနောက်နန်းဆောင်ဘက်မှ စူးရှသောအသံဖြင့် စွပ်စွဲသံများနှင့် ဆဲဆိုသံများ ထွက်ပေါ်လာသည်။
“ခွေးလိုကျွန်ကောင်၊ မင်း အခုချက်ချင်းမဖယ်ရင် ဒီကိုယ်လုပ်တော်က မင်းအသက်ကို ယူပစ်မယ်!”
အလွန်မခံသာအောင် စူးရှသည့် ထိုအသံက နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
“ဘာဖြစ်တာလဲ! ဆူဆူညံညံနဲ့ ရိုင်းပျလိုက်တာ!”
ယွင်ဧကရာဇ်က အမျက်ဒေါသဖြင့် ပြောသည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့က ကိုယ်လုပ်တော်ထောင်နှင့် သူမ၏လူများကို တားဆီးထားသည်ကို သိသောကြောင့် ချက်ချင်းထွက်လာသည်။
“ဒီအသံက ကိုယ်လုပ်တော်ထောင်ရဲ့ အသံ ဖြစ်နိုင်ပါတယ်။ ခမည်းတော်နဲ့ မယ်တော်တို့ ကိုယ်လုပ်တော်ရှူးကို သွားကြည့်လိုက်ပါ၊ သားတော် အနောက်နန်းဆောင်ကို သွားကြည့်လိုက်ပါ့မယ်။”
ယွင်ဧကရာဇ်၏ ခွင့်ပြုချက်ရသောအခါ ယွင်ကျုံ့ယောင်သည် အနောက်နန်းဆောင်သို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားသည်။ အနောက်နန်းဆောင်သို့ ရောက်သည်နှင့် ယွင်မော့အား မိန်းမစိုးများနှင့် နန်းတော်အစေခံမများက ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။ သူ၏လက်ထဲတွင် သတိလစ်နေသော အမျိုးသားတစ်ဦးကို ဆွဲကိုင်ထားပြီး ကိုယ်လုပ်တော်ထောင်ကလည်း သူ၏ မျက်နှာချင်းဆိုင်မှ ဆူပူကြိမ်းမောင်းနေသည်။
ယွင်ကျုံ့ယောင်သည် ထိုရိုင်းစိုင်းကြမ်းတမ်းသော ကိုယ်လုပ်တော်ထောင်ကို ကြည့်ရင်း အမူအရာမှာ အနည်းငယ်အေးစက်သွားသည်။
ကိုယ်လုပ်တော်ရှူး ရေထဲကျပြီးနောက်တွင် အမှန်တကယ်ပြန်ကောင်းနိုင်သော်လည်း ကိုယ်လုပ်တော်ထောင်က ကိုယ်လုပ်တော်ရှူး၏ ဆေးခွက်ထဲတွင် နာတာရှည်အဆိပ်ကို ထည့်ခဲ့သည်။ ထိုအဆိပ်သည်ကား ကိုယ်လုပ်တော်ရှူး အသက်ဆုံးရှုံးရခြင်း၏ အကြောင်းအရင်းပင်။
ကိုယ်လုပ်တော်ရှူးသည် ဆဋ္ဌမမင်းသား၏ မိခင်ရင်းဖြစ်သည်။ သူမသည် နေ့စဉ်သက်သတ်လွတ်စားကာ ဘုရားဝတ်ပြုရှိခိုးလေ့ရှိပြီး လူတိုင်းကို အမြဲတစေနူးညံ့သိမ်မွေ့စွာ ဆက်ဆံသည်။ ယွင်ကျုံ့ယောင်အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူ ကွယ်လွန်ပြီးနောက်တွင် ဆဋ္ဌမမင်းသားမှာ စိတ်ဓာတ်ကျကာ နန်းတော်အပြင်ရှိ ဟန်ဆန်းဘုရားကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ယွင်ကျုံ့ယောင်သည် သူ၏ခမည်းတော်နှင့် မယ်တော်တို့ နန်းတွင်းကို ကောင်းစွာ စီမံခန့်ခွဲနေသည့်အတွက် မင်းသား၊ မင်းသမီးများ၏ ဆက်ဆံရေးများ ကောင်းမွန်နေသည်ဟု ထင်ခဲ့သော်လည်း မနာလိုမှုနှင့် ကောက်ကျစ်စဉ်းလဲမှုတို့ကို ရှောင်လွှဲမရနိုင်ပေ။
ထိုနန်းတော်အစေခံမများနှင့် မိန်းမစိုးများက ယွင်မော့ကို တိုက်ခိုက်တော့မည်ကို မြင်သောအခါ ယွင်ကျုံ့ယောင်က အသံတိုးတိုးဖြင့် “ရပ်ကြစမ်း” ဟု ပြောလိုက်သည်။
ထိုအသံကို ကြားသည်နှင့် ယွင်မော့၏ မျက်လုံးများက တောက်ပသွားပြီး ထိုအမျိုးသားကို ဆွဲကိုင်ကာ ယွင်ကျုံ့ယောင်၏ ဘေးသို့ ပြေးသွားလိုက်သည်ဦ
“အရှင့်သား"
ယွင်ကျုံ့ယောင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်”
ဤချီးမွမ်းစကားကြောင့် ယွင်မော့၏ မျက်လုံးများ ကျဉ်းသွားကာ ခဏတာပြုံးလိုက်သည်။ ထို့နောက်တွင်မှ သူသည် ကိုယ်ရံတော်ဖြစ်သောကြောင့် ပြုံးရယ်ခြင်းမပြုသင့်ကြောင်း ရုတ်တရက်သတိရသွားကာ အပြုံးကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်သည်။
သို့သော် ပျော်ရွှင်သော စိတ်ခံစားမှုက သူ၏ နှုတ်ခမ်းထောင့်များကို မထိန်းနိုင်ဘဲ ကော့တက်လာစေပြီး နောက်ဆုံးတွင် နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်လိမ်နေသည့် အနေအထားသို့ ရောက်သွားသည်။
ကလေးလေးတစ်ယောက်ကဲ့သို့ပင်........
ယွင်ကျုံ့ယောင်သည် ယွင်မော့၏ ထိန်းသိမ်းလိုက်သော အမူအရာကို ကြည့်ပြီး အနည်းငယ်စိတ်ပျက်သလို ခံစားရကာ ခေါင်းကို မော့၍ ကိုယ်လုပ်တော်ထောင်ကို ကြည့်လိုက်သည်။
ကိုယ်လုပ်တော်ထောင်သည် ယွင်ကျုံ့ယောင်ကို မြင်သောအခါ သူ၏ မျက်လုံးများမှာ ယွင်ကျုံ့ယောင်၏ ခန္ဓာကိုယ်မှ မခွာနိုင်တော့ဘဲ ကြည့်နေသည်။ ထိုပွင့်လင်းလွန်းသော အကြည့်ကြောင့် ယွင်ကျုံ့ယောင်က မျက်ခုံးအနည်းငယ်တွန့်ချိုးသွားသည်။
ကံကောင်းစွာဖြင့် သူ၏ စိတ်နေစိတ်ထားက အေးဆေးတည်ငြိမ်ပြီး စိတ်ခံစားမှုများကို အပြင်သို့ မထုတ်ပြတတ်သောကြောင့် သူ မနှစ်သက်သည့်တိုင်အောင် မည်သူမျှ သတိထားမိမည်မဟုတ်ပေ။
“သတ္တမအရှင့်သား၊ ဘယ်လိုကြောင့်များ ဒီနေရာကို ကြွလာတာလဲ”
ကိုယ်လုပ်တော်ထောင်သည် ဆွဲဆောင်မှုရှိသည်ဟု သူကိုယ်တိုင် ယူဆထားသော အပြုံးတစ်ပွင့်ဖြင့် ပြုံးရင်း မေးလိုက်သည်။
သို့သော် ယွင်ကျုံ့ယောင်က သူမကို တစ်ချက်သာ ကြည့်ပြီး ယွင်မော့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“သူ့ကို ခေါ်ပြီး အရှေ့နန်းဆောင်ကို သွားလိုက်”
“ဟုတ်ကဲ့”
ယွင်မော့သည် ထိုအမျိုးသားကို ဆွဲကိုင်ကာ ယွင်ကျုံ့ယောင်၏ နောက်မှ လိုက်ပါသွားသည်။
ယွင်ကျုံ့ယောင်၏ စကားကြောင့် ကိုယ်လုပ်တော်ထောင်က သတိပြန်ဝင်လာပြီး အဝတ်အစားကို ဆွဲကိုင်ကာ ပြေးသွားပြီး ယွင်ကျုံ့ယောင်၏ ရှေ့တွင် တားဆီးလိုက်သည်။
“သတ္တမအရှင့်သား၊ အရှင့်သား ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်မဆီက လူကို ခေါ်သွားတာ မသင့်တော်ဘူးမဟုတ်လား”
ယွင်ကျုံ့ယောင်သည် သူမကို တစ်ချက်မျှပင် မကြည့်ဘဲ ပြောလိုက်သည်။
“ဒီလူက မိန်းမစိုးမဟုတ်သလို နန်းတော်အစောင့်အရှောက်လည်း မဟုတ်ဘူး။ ဘယ်က ရောက်လာတာလဲဆိုတာ ငါ မသိဘူး”
ကိုယ်လုပ်တော်ထောင်၏ မျက်နှာသည် ရုပ်ဆိုးသွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားသော်လည်း ယွင်ကျုံ့ယောင်က ရှင်းပြရန် အခွင့်အရေးမပေးလိုက်ပေ။
“ကိုယ်လုပ်တော်ထောင် ခမည်းတော်ကိုပဲ တိုက်ရိုက်ရှင်းပြလိုက်ပါ။”
ထိုသို့ပြောရင်း ယွင်ကျုံ့ယောင်က ထွက်ခွာသွားသည်။
သူတို့ အရှေ့နန်းဆောင်သို့ ရောက်သောအခါ နန်းတွင်းသမားတော်က စမ်းသပ်စစ်ဆေးပြီးဖြစ်၍ အန္တရာယ်မရှိကြောင်း၊ ရက်အနည်းငယ်သာ အနားယူရန် လိုအပ်ကြောင်း ပြောသည်။
ယွင်ကျုံ့ယောင် ရောက်လာသည်ကို မြင်သောအခါ ကိုယ်လုပ်တော်ရှူးကို စောင့်ရှောက်နေသည့် ဆဋ္ဌမမင်းသားယွင်ကျုံ့လီက ထရပ်လိုက်သည်။
“ညီခုနစ်”
ယွင်ကျုံ့ယောင်သည် ကြာပန်းကဲ့သို့ အေးဆေးတည်ငြိမ်သော ဤဆဋ္ဌမမင်းသားကို ကြည့်ရင်း အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
“အစ်ကိုတော်ခြောက်၊ စိတ်မပူပါနဲ့။ အရီးတော်ရှူးအတွက် တရားမျှတမှုကို ဒီမင်းသားက ပြန်ယူပေးပါ့မယ်။”
ယွင်ကျုံ့လီသည် ယွင်ကျုံ့ယောင်ကို အနည်းငယ်အံ့အားသင့်စွာ ကြည့်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ယောင်အာ၊ ဒါက ဘယ်လိုအခြေအနေမျိုးလဲ”
ချန်ဧကရီသည် ယွင်ကျုံ့ယောင်ကို ကြည့်လိုက်၊ ယွင်မော့ကို ကြည့်လိုက်နှင့် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
ယွင်ကျုံ့ယောင်က ယွင်မော့ကို တစ်ချက်ကြည့်လိုက်သည်။
ယွင်မော့သည် သဘောပေါက်သွားပြီး ထိုသတိလစ်နေသော အမျိုးသားကို ဘေးသို့ ပစ်ချလိုက်ကာ ဒူးတစ်ဖက်ထောက်၍ လက်နှစ်ဖက်ကို ယှက်ရင်း အရိုအသေပေးလိုက်သည်။
“ကျွန်တော်မျိုး ဧကရာဇ်နဲ့ ဧကရီကို အရိုအသေပေးပါတယ်။”
“မင်းက ဘယ်သူလဲ။ ဒါက ဘာသဘောလဲ”
ယွင်ဧကရာဇ်က မျက်နှာထား တင်းမာစွာဖြင့် မေးလိုက်သည်။
“ဧကရာဇ်ကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးက သတ္တမအရှင့်သားနန်းတော်ရဲ့ ကိုယ်ရံတော်ပါ။ ခုနက အရှင့်သားက ကိုယ်လုပ်တော်ရှူးကို စိတ်ပူလို့ ကျွန်တော်မျိုးကို လျိုချီနန်းဆောင်ကို အရင်လာခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက ဒီလူကို လျိုချီနန်းဆောင်ထဲကို တိတ်တဆိတ်ခိုးဝင်လာတာ တွေ့လိုက်ရတယ်။ ဒါကြောင့် ကိုယ်လုပ်တော်ကို အန္တရာယ်ပြုမှာ စိုးရိမ်လို့ လိုက်သွားခဲ့ပါတယ်။ ဒီလူက အနောက်နန်းဆောင်ကို သွားပြီး ကိုယ်လုပ်တော်ထောင်နဲ့ လျှို့ဝှက်ကြံစည်နေတာကို တွေ့ခဲ့ရတယ်။ အစီအစဉ်အောင်မြင်ရင် ကိုယ်လုပ်တော်ရှူးရဲ့ ဆေးထဲမှာ အဆိပ် ထပ်ထည့်ဖို့ပါပဲ။”
ယွင်မော့သည် သူ ကြားခဲ့ရသည့် အကြောင်းအရာအားလုံးကို ပြောပြလိုက်သည်။
အရှေ့နန်းဆောင်သို့ ခုမှ ရောက်လာသည့် ကိုယ်လုပ်တော်ထောင်သည် ကြားသည်နှင့် ခြေထောက်များ ပျော့ခွေသွားပြီး မျက်နှာက ချက်ချင်းဖြူဖျော့သွားကာ ဒုန်းခနဲ ဒူးထောက်ကျသွားသည်။
“အရှင်မင်းကြီး! ဒီကိုယ်လုပ်တော်က မတရားစွပ်စွဲခံရတာပါ။ ဒီခွေးကျွန်က ကျွန်တော်မျိုးမကို မတရားစွပ်စွဲနေတာပါ!”
ထိုသူက ယွင်မော့ကို တစ်ခွန်းပြီးတစ်ခွန်း “ခွေးကျွန်” ဟု ခေါ်နေသည်ကို ကြားသောအခါ ယွင်ကျုံ့ယောင်၏ မျက်နှာနှာ အနည်းငယ်တင်းမာသွားပြီး မေးလိုက်သည်။
“ကိုယ်လုပ်တော်ထောင်ရဲ့ ဆိုလိုရင်းက ဒီမင်းသားက မင်းကို စွပ်စွဲနေတာလား”
“ကျွန်မ... ကျွန်မ မရဲပါဘူး။”
ကိုယ်လုပ်တော်ထောင်၏ နဖူးပေါ်မှ ချွေးစေးများ စီးကျလာသည်။
“ဧကရီ၊ ဒီကိစ္စကို မင်း စုံစမ်းစစ်ဆေးဖို့ ကိုယ်တော်လွှဲပေးမယ်။ ရှင်းရှင်းလင်းလင်း မသိရခင်အထိ ကိုယ်လုပ်တော်ထောင်ကို အနောက်နန်းဆောင်ကနေ ခြေတစ်လှမ်းတောင် မလှမ်းရဘူး။ ဒီလူကိုတော့...”
ယွင်ဧကရာဇ်သည် မြေပြင်ပေါ်လဲကျနေသည့် ထိုအမျိုးသားကို ကြည့်လိုက်ပြီး...
“ချုပ်နှောင်ထားလိုက်။”
ယွင်ကျုံ့ယောင်သည် အနောက်နန်းဆောင်တွင် ဆက်မနေတော့ဘဲ နောက်ရက်များအတွင်း ချန်ဧကရီ အလုပ်များလိမ့်မည်ဟု တွေးကာ နန်းတော်မှ စောစောထွက်ခွာခဲ့သည်။
ဒီတစ်ကြိမ် သူ ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် ကိုယ်လုပ်တော်ရှူးသည် ဘေးကင်းနိုင်လောက်ပြီး သူ၏အစ်ကိုတော်ခြောက်သည်လည်း ဟန်ဆန်းဘုရားကျောင်းသို့ သွားတော့မည်မဟုတ်ပေ။
သို့သော် နန်းတော်တံခါးဝသို့ ရောက်၍ မြင်းရထားပေါ် တက်ချိန်တွင် ယွင်မော့ ပျောက်နေပြန်သည်ကို တွေ့ရသည်။
သူ စိတ်ပျက်စွာဖြင့် ခေါ်လိုက်ရသည်။
“ယွင်မော့၊ ထွက်ခဲ့”
ယွင်မော့သည် အသံမပြုဘဲ ယွင်ကျုံ့ယောင်၏ ဘေးတွင် ပေါ်လာပြီး
"အရှင့်သား၊ ဘာအမိန့်ရှိပါသလဲ"
“မြင်းရထားပေါ် တက်”
ယွင်မော့ကို မြင်းရထားပေါ် ခေါ်ဆောင်သွားပြီးနောက် ယွင်ကျုံ့ယောင်သည် သူ၏ မျက်နှာချင်းဆိုင်တွင် ယဉ်ကျေးစွာ ထိုင်နေသည့် ယွင်မော့ကို ကြည့်လိုက်သည်။
“ငါ့ကို အနီးကပ်ခစားရမယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ မင်းသိလား”
ယွင်မော့သည် ရိုးသားစွာ ခေါင်းခါလိုက်သည်။
“အရှင့်သားကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုး မသိပါဘူး။ ပညာသင်ယူတုန်းက ဒီအရာတွေ မသင်ခဲ့ရပါဘူး...”
ယွင်ကျုံ့ယောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီမင်းသားက မင်းကို အလေးပေးဖို့ ပျက်ကွက်ခဲ့တာပဲ။ မင်း ရွှမ်းအာရဲ့ ဘေးမှာနေပြီး သူ့ဆီကနေ သင်ယူလိုက်ပါ”
“ဟုတ်ကဲ့။”
လမ်းတစ်လျှောက် စကားမပြောကြတော့ဘဲ နန်းဆောင်သို့ ပြန်ရောက်သောအခါ ယွင်ကျုံ့ယောင်သည် စာကြည့်ခန်းသို့ ဝင်ပြီး စက္ကူနှင့် ဘောပင်ကို ထုတ်ကာ သူသိထားသော နောင်တွင် ဖြစ်ပျက်လာမည့် အရေးကြီးအဖြစ်အပျက်များနှင့် ရက်စွဲများကို တစ်ခုပြီးတစ်ခု စာရင်းပြုစုလိုက်သည်။
နောက်ဆုံးတွင် သူသည် စက္ကူ၏ အောက်ခြေ၌ ‘ချူယန့်’ ဟူသော စာလုံးနှစ်လုံးကို ရေးချလိုက်သည်။
“ချူယန့်... စောင့်နေပါ၊ အရင်ဘဝက အကြွေးတွေကို ဒီဘဝမှာ ပေးဆပ်ရလိမ့်မယ်။”
စက္ကူပေါ်ရှိ အကြောင်းအရာများကို ရင်ထဲတွင် မြဲမြံစွာ မှတ်သားထားပြီးနောက် ယွင်ကျုံ့ယောင်သည် စက္ကူကို ခေါက်ကာ ဖယောင်းတိုင်ထဲ ထည့်၍ မီးရှို့လိုက်သည်။
ယွင်ကျုံ့ယောင် စာကြည့်ခန်းမှ ထွက်လာသောအခါ ညနေစောင်းနေပြီဖြစ်ပြီး ယွင်မော့ကို ထပ်မတွေ့ရပြန်ပေ။
အမြဲတမ်းပုန်းနေတတ်သည့် ဒီလူအပေါ် ယွင်ကျုံ့ယောင် အမှန်တကယ်စိတ်ပျက်မိသည်။
“ယွင်မော့”
ယွင်ကျုံ့ယောင်က တစ်ခါခေါ်လိုက်လျှင် ယွင်မော့ ထွက်လာမည်ဟု ထင်ခဲ့သော်လည်း ခဏအကြာသည်အထိ အရိပ်အယောင်ပင် မမြင်ရပေ။
ယွင်ကျုံ့ယောင်သည် အနည်းငယ်အံ့အားသင့်သွားပြီး အိပ်ဆောင်ဘက်သို့ လျှောက်သွားသည်။ အနားပင် မရောက်သေးမီ ရွှမ်းအာ၏ စိတ်ပျက်လက်ပျက်အော်သံကို ကြားလိုက်ရသည်။
“အရှင့်သားရဲ့ စောင်ကို ဘာလို့ ဆွဲဖြဲလိုက်တာလဲ! သွားပြီ သွားပြီ၊ ဒါက အရှင့်သား အသုံးအများဆုံးစောင်တစ်ထည်ပဲ!”
“အစ်မရွှမ်းအာ... ဒါ... ဒါဆို ဘယ်လိုလုပ်ရမလဲဟင်”
ယွင်မော့၏ အသံသည် ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။
“ဘယ်လိုလုပ်ရမလဲ? ငါလည်း ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်မိတယ်။”