no

Font
Theme

အခန်း (၅) - အရှင့်သားရဲ့ ကျောကို ကျွန်တော်မျိုး ပွတ်တိုက်ပေးပါ့မယ်

ရွှမ်းအာ၏ စိုးရိမ်တကြီးအော်သံကို ကြားလိုက်ရချိန်တွင် ယွင်ကျုံ့ယောင်သည် မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။ ရွှမ်းအာသည် အရာအားလုံးတွင် ကောင်းသော်လည်း အသံကျယ်လွန်းသည်။ သို့သော် ထိုအရာကပင် အေးစက်တိတ်ဆိတ်နေသော နန်းဆောင်ကို အသက်ဝင်စေခဲ့သည်။

အိပ်ဆောင်ထဲသို့ ခြေလှမ်းဝင်လိုက်သည်နှင့် အတွင်းရှိ လူနှစ်ဦးကို လန့်သွားစေခဲ့သည်။

ရွှမ်းအာသည် ဒုန်းခနဲ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး အမြန်လျှောက်တင်လိုက်သည်။

“အရှင့်သား၊ အပြစ်ပေးတော်မူပါ၊ ကျွန်တော်မျိုးမ လက်မမြန်လို့ အရှင့်သားရဲ့ စောင်ကို ဆုတ်ဖြဲမိပါတယ်”

ယွင်မော့သည် ဆုတ်ဖြဲခံထားရသည့် စောင်ကို ရင်ခွင်ထဲ ပိုက်လျက် သူ့ကို ဘာလုပ်ရမှန်းမသိသော မျက်နှာဖြင့် ကြည့်နေသည်။ ရွှမ်းအာ၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ရွှမ်းအာနှင့်အတူ ဒူးထောက်လိုက်ပြီး...

“မ... မဟုတ်ပါဘူး... အစ်မရွှမ်းအာ...”

ယွင်မော့သည် ရှင်းပြချင်သော်လည်း စကားပြောလေ့မရှိသောကြောင့် သူ လောလေလေ ရှင်းရှင်းလင်းလင်းမပြောနိုင်လေ ဖြစ်လာသည်။ နောက်ဆုံးတွင် ရွှမ်းအာ၏ မျက်စောင်းတစ်ချက်ကြောင့် ပါးစပ်ပိတ်သွားသည်။

“အရှင့်သား၊ အပြစ်ပေးမယ်ဆိုရင် ကျွန်တော်မျိုးမကိုသာ ပေးပါ”

ယွင်ကျုံ့ယောင်သည် ယွင်မော့ကို ကြည့်လိုက်ပြီးနောက် ရွှမ်းအာကို ပြန်ကြည့်လိုက်ကာ အသာအယာပြောလိုက်သည်။

“တခြားတစ်ထည်နဲ့ သွားလဲလိုက်ပါ”

ရွှမ်းအာက အနည်းငယ်တောင့်တင်းသွားပြီးနောက် အလွန်ဝမ်းသာသွားသည်။

ယွင်ကျုံ့ယောင် ထိုသို့ပြောခြင်းမှာ အပြစ်မယူတော့ဟု ဆိုလိုသည်ကို သိသောကြောင့် ချက်ချင်းထရပ်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးမ အခုပဲ သွားလိုက်ပါ့မယ်”

ရွှမ်းအာ ထွက်သွားသောအခါ ယွင်မော့နှင့် ယွင်ကျုံ့ယောင် နှစ်ဦးတည်းသာ ကျန်ခဲ့သည်။ ယွင်မော့သည် စောင်ကို ပွေ့ဖက်၍ မြေပြင်ပေါ် ဒူးထောက်နေသည်။ သူ့ပုံစံမှာ အနည်းငယ် တွေဝေနေပုံရသည်။

ယွင်ကျုံ့ယောင် အနည်းငယ်ရယ်ချင်စိတ်ဖြစ်မိသည်။ သူ့မျက်နှာအမူအရာက မပြောင်းသော်လည်း မျက်လုံးများတွင်မူ ရယ်မောခြင်းများ ပြည့်နှက်နေသည်။

“ဘာလို့ ဒူးထောက်နေတာလဲ။ ကြမ်းပြင်က သက်သောင့်သက်သာရှိလို့လား”

“မဟုတ်ပါဘူး။”

ယွင်မော့သည် ရိုးသားစွာ ခေါင်းခါလိုက်သော်လည်း ထရပ်မည့် အရိပ်အယောင်မပြပေ။

ယွင်ကျုံ့ယောင် ပို၍ပင် စိတ်ပျက်လာသည်။ နောင်တွင် လုပ်ရဲကိုင်ရဲပြီး ရက်စက်ကြမ်းကြုတ်သော ကိုယ်ရံတော်ဖြစ်လာမည့်သူသည် ယခုအချိန်တွင်မူ အရူးလေးတစ်ယောက်လို တုံးအနေသေးသည်။

“သက်တောင့်သက်သာမရှိဘူးဆိုရင် ဘာလို့ မထသေးတာလဲ။ ဒီမင်းသားက မင်းကို ထူပေးရအုံးမှာလား”

ယွင်မော့သည် အနည်းငယ်အံ့အားသင့်သွားပြီး နောက်ဆုံးတွင် ယွင်ကျုံ့ယောင်၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူက မြေပြင်ပေါ်မှ ချက်ချင်းထလိုက်သော်လည်း စောင်ကိုတော့ ဆက်လက်ပွေ့ဖက်ထားပြီး ဘာလုပ်ရမှန်းမသိဘဲ ရပ်နေသေးသည်။

“အရူးလေး။”

ယွင်ကျုံ့ယောင်က တစ်ချက်ခေါ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

“လာပြီး ဒီမင်းသားရဲ့ အဝတ်အစားကို လဲပေး”

ယွင်မော့သည် စောင်ကို ဘေးရှိ ကုတင်ပေါ်တွင် ချလိုက်ပြီး ချက်ချင်းသွားကာ ယွင်ကျုံ့ယောင်၏ အဝတ်အစားကို လဲပေးသည်။

သို့သော် သူ၏ လက်များသည် တုန်ယင်နေသဖြင့် အချိန်အတော်ကြာသည်အထိ ယွင်ကျုံ့ယောင်၏ ခါးပတ်ကိုပင် မဖြည်နိုင်ဖြစ်နေသည်။

ယွင်ကျုံ့ယောင်၏ လက်များပင် ညောင်းလာပြီး နောက်ဆုံးတွင် လက်ကို အောက်ချလိုက်ကာ ချွေးများရွှဲနေသော ယွင်မော့က သူ့ခါးပတ်လည်တွင် အလုပ်ရှုပ်နေသည်ကို ကြည့်နေသည်။

နောက်ဆုံးတွင် ယွင်မော့သည် သနားစဖွယ်မျက်နှာလေးဖြင့် ယွင်ကျုံ့ယောင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

“အရှင့်သား... အရှင့်သား၊ ကျွန်တော်မျိုး ကိုယ်ရံတော်ပဲ ပြန်လုပ်ရမလားဟင်”

လူသတ်ခြင်းကို သူ ကျွမ်းကျင်သော်လည်း ဤကဲ့သို့သော အလုပ်များမှာ သူ၏ အားသာချက်မဟုတ်ပေ။ ကိုယ်တိုင်က နေ့စဉ်အဝတ်အစားကို အလွယ်တကူ ဝတ်ဆင်လေ့ရှိသော ယွင်မော့အတွက် အရှင့်သား၏ အဝတ်အစားများသည် ရိုးရှင်းသော်လည်း ဝတ်ဆင်ရန် ခက်ခဲလှသည်။

ချွတ်ရန်ဆိုလျှင် ပို၍ပင် ခက်သေးသည်။

“ဒီမင်းသား ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို တစ်ခါမှ မပြောင်းလဲဖူးဘူး။ မင်း ရူးနေရင်တောင် ဒီမင်းသားရဲ့ ဘေးမှာပဲ နေရမယ်။”

ယွင်ကျုံ့ယောင် ပြောနေရင်း သူ၏ လက်များကို ခါးတွင် တစ်ချက်ပွတ်ဆွဲလိုက်ရာ ခါးပတ်သည် ပြုတ်ကျသွားသည်။

ယွင်မော့သည် မျက်လုံးများကို လျင်မြန်စွာ ရွေ့လျားကာ ခါးပတ်ကို ဖမ်းလိုက်သည်။ သူ၏ ဦးခေါင်းအထက်မှ ယွင်ကျုံ့ယောင်၏ ရယ်မောဟန်အနည်းငယ်ပါသော အသံကို ကြားလိုက်ရသည်။

“တော်တယ်”

ရုတ်တရက် ချီးမွမ်းခံလိုက်ရခြင်းကြောင့် ယွင်မော့၏ မျက်နှာမှာ နီရဲသွားသည်။ သူသည် ခေါင်းငုံ့ကာ ယွင်ကျုံ့ယောင်၏ အပြင်ဝတ်ရုံများကို တစ်ထည်ချင်း ချွတ်ပေးနေသည်။

“ရေနွေးသွားယူခဲ့လိုက်တော့၊ ဒီမင်းသား ရေချိုးမယ်။”

သိုင်းပညာတတ်ပြီး ခွန်အားကြီးသူ၏ အားသာချက်မှာ အခြားသူများကဲ့သို့ ရေနွေးကို နှစ်ခေါက်သုံးခေါက် သယ်ယူရမည့်အစား တစ်ခါတည်း အပြီးသယ်ယူနိုင်ခြင်းပင်။

ကြည့်ရသည်မှာ သန်မာပုံမရသော်လည်း မထင်မှတ်ထားသော ခွန်အားများ ပိုင်ဆိုင်ထားသည့် ယွင်မော့ကို ယွင်ကျုံ့ယောင် ရုတ်တရက်မနာလိုဖြစ်မိသည်။

သူသည် ဦးနှောက်ကောင်းသော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင် အလွန်ညံ့ဖျင်းသည်။ အရင်ဘဝက သူ့ကို ထိုကဲ့သို့ အဆုံးသတ်ဖြစ်စေခဲ့သော အကြောင်းရင်းများထဲတွင် သိုင်းပညာမတတ်မြောက်ခြင်းကလည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

"အရှင့်သား..."

ယွင်မော့သည် ယွင်ကျုံ့ယောင်၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ အနည်းငယ်ထပ်မံ၍ စိတ်လှုပ်ရှားသွားပြန်သည်။ အရှင့်သားက သူ့ကို ခြေလက်လေးလွန်းသည်ဟု ထင်နေသည်လားဟု ထပ်စဉ်းစားမိသည်။

ယွင်ကျုံ့ယောင် သတိပြန်ဝင်လာပြီး မျက်နှာထားမပျက်စေဘဲ ပြောလိုက်သည်။

“မနက်ဖြန်ကစပြီး မင်း ဒီမင်းသားကို သိုင်းပညာသင်ပေး”

ယွင်မော့၏ ပါးစပ်မှာ ဟစိဟစိဖြစ်သွားပြီး သူ့ကို မယုံကြည်နိုင်သည့် မျက်နှာဖြင့် ပြန်ကြည့်လာသည်။

သူ၏ စီနီယာကိုယ်ရံတော်များက သတ္တမမင်းသားသည် ခစားရလွယ်ကူသော်လည်း စိတ်ကို ခန့်မှန်းရခက်ကြောင်း ပြောခဲ့ဖူးသည်။ ဤသည်မှာ အမှန်ပင်ဖြစ်ပုံရသည်။

ဒါနဲ့ ဘာလို့ ရုတ်တရက်ကြီး သိုင်းပညာသင်ခိုင်းရတာလဲ။

“အရှင့်သား၊ သိုင်းပညာသင်ယူချင်ရင် သိုင်းဆရာတစ်ယောက်ကို ရှာလို့ရပါတယ်... ကျွန်တော်မျိုးက ခြေလက်လေးလွန်းတော့ အရှင့်သားကို ထိခိုက်မိမှာ စိုးရိမ်လို့ပါ...”

“ဒီမင်းသားက မင်းကိုပဲ ယုံတာ”

ယွင်ကျုံ့ယောင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ယခင်ဘဝတွင် ယွင်မော့က သူ့ကို ရန်သူများကြားထဲမှ ကယ်တင်ခဲ့ပြီး အချိန်အတော်ကြာအောင် အသက်ရှင်စေခဲ့သည်ကို ကြည့်ခြင်းဖြင့် ယွင်မော့၏ စွမ်းရည်ကို သက်သေပြနိုင်သည်။ ဤအကြောင်းကြောင့်ပင် ယွင်ကျုံ့ယောင်သည် ယွင်မော့အပေါ်တွင် သာမန်လူတစ်ဦးနှင့် မတူသော ယုံကြည်စိတ်ချမှုမျိုး ပိုရှိလာခဲ့သည်။

ထိုခံစားချက်ကို သူ မမုန်းပါ။ ယွင်မော့သည် သူ့ကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း သူသိသည်။

ယွင်ကျုံ့ယောင်၏ စကားကြောင့် ယွင်မော့၏ မျက်နှာက ချက်ချင်းနီရဲသွားသည်။ အရှင့်သားက သူ့အပေါ်တွင် ဤမျှ မျှော်လင့်ချက်ကြီးမားလိမ့်မည်ဟု မထင်ခဲ့ပေ။ အရှင့်သားသည် တကယ်ကို ကောင်းမြတ်လှသည်။ သူ မြင်ဖူးသမျှ သခင်များထဲတွင် အကောင်းဆုံးပင်။

ဤသို့တွေးလိုက်သောအခါ ယွင်မော့သည် ယွင်ကျုံ့ယောင်ကို ပို၍ပင် စိတ်မပျက်စေချင်တော့ပေ။

“အရှင့်သား စိတ်ချပါ။ ကျွန်တော်မျိုး တတ်နိုင်သမျှ ကြိုးစားပါ့မယ်!”

ယွင်ကျုံ့ယောင်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် နောက်ခံကန့်လန့်ကာဘက်သို့ လှည့်သွားကာ အဝတ်အစားများကို ချွတ်ပြီး ရေချိုးကန်ထဲသို့ ဝင်လိုက်သည်။

ယွင်မော့သည် အဘယ်ကြောင့်မှန်းမသိ၊ ကန့်လန့်ကာပေါ်ရှိ အရိပ်အယောင်ကို စိုက်ကြည့်နေမိပြီး ထိုနေရာမှ မျက်စိမခွာနိုင်ဖြစ်နေသည်။

“ယွင်မော့၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”

ရွှမ်းအာသည် စောင်ကို ယူလာပြီးနောက် ယွင်မော့က ကန့်လန့်ကာကြီးကို ကြည့်၍ တွေဝေနေသည်ကို တွေ့လိုက်ရသည်။

ယွင်မော့လည်း သတိပြန်ဝင်လာပြီး ရွှမ်းအာကို ကူညီရန် လျှောက်သွားသည်။

ထို့နောက် ကုတင်ဘေးသို့ သွား၍ ရွှမ်းအာနှင့်အတူ စောင်ခေါက်ပေးသည်။

ရုတ်တရက် ရွှမ်းအာသည် သူ့အနားကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလာသည်။

“ယွင်မော့၊ နင် ရူးနေတာလား။ ခုနက အရှင့်သားက နင့်ကို တကယ်အပြစ်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ”

“ဗျာ?”

ယွင်မော့ နားမလည်ဖြစ်သွားသည်။

“ဒါပေမဲ့ ကျွန်တော် မှားခဲ့တာပဲ၊ အရှင့်သားက အပြစ်ပေးရင်လည်း ပေးသင့်တာပဲလေ”

“နင်က ဘာလို့ ဒီလောက်တောင် တဇွတ်ထိုးနိုင်ရတာလဲ”

ရွှမ်းအာသည် သူ၏ မတိုးတက်နိုင်သည့် အခြေအနေကို မကျေနပ်သည့်ပုံစံဖြင့် စိုက်ကြည့်လိုက်သည်။

“ခုနကဆိုရင် ငါ နင့်အတွက် တာဝန်ယူလိုက်ပြီးပြီကို နင် ပါးစပ်မဟခဲ့သင့်ဘူး။ ငါက အရှင့်သားဘေးမှာ နှစ်ပေါင်းများစွာ ခစားခဲ့တာ၊ ဒီလိုကိစ္စလေးနဲ့ ငါ့ကို ကြီးကြီးမားမား အပြစ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်ကတော့ မတူဘူး၊ အရှင့်သားဘေးမှာ ခစားနိုင်ဖို့ နင် ခက်ခက်ခဲခဲကြိုးစားထားရတာလေ။ ဒီလိုကိစ္စလေးနဲ့ အပြစ်ပေးခံရရင် မိုက်မဲရာ မကျဘူးလား”

ယွင်မော့သည် ရွှမ်းအာကို ကြောင်တောင်တောင်မျက်နှာဖြင့် ကြည့်နေသည်။ လူမှုရေးကျွမ်းကျင်မှုများကို သူ မသိပေ။ စီနီယာကိုယ်ရံတော်များက သူ့ကို လူသတ်ခြင်းသာ သင်ပေးခဲ့ပြီး ဤလူမှုဆက်ဆံရေးများသည် ကိုယ်ရံတော်သင်ယူရမည့် အကြောင်းအရာများတွင် မပါဝင်ခဲ့ပေ။

ရွှမ်းအာက သက်ပြင်းချပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

“အရှင့်သားရဲ့ နန်းဆောင်က အေးစက်တိတ်ဆိတ်နေတာ၊ အရှင့်သား အစေခံအသစ်လေး ရတော့ အဖော်ရပြီလို့ ထင်ခဲ့တာ၊ တကယ်တော့ အရူးလေးဖြစ်နေတာကိုး။”

ယွင်မော့ ခေါင်းကုတ်လိုက်သည်။

သူကိုယ်တိုင်ကတော့ သူ အရူးမဟုတ်ဘူးလို့ ထင်တာပဲ။ သူ့ဦးနှောက်က အရမ်းကို ဉာဏ်ရည်ထက်မြက်တယ်လို့တောင် ခံစားရတယ်။

ဒါပေမဲ့ ခုနက အရှင့်သားကလည်း သူ့ကို အရူးလေးလို့ ခေါ်ခဲ့သေးတယ်။

ယွင်မော့ ဘယ်လိုမှ နားမလည်နိုင်တော့ပေ။

“ဟေး၊ သတိထားစမ်း! ဒီစောင်ကိုပါ ထပ်မဆုတ်ဖြဲမိစေနဲ့ဦး”

နောက်ဆုံးတွင် ရွှမ်းအာသည် ယွင်မော့၏ လက်ကို ဆွဲလိုက်ရပြန်သည်။

“တော်ပြီ တော်ပြီ၊ ငါ ကိုယ်တိုင်ပဲ လုပ်တော့မယ်၊ နင်က နမော်နမဲ့နိုင်လွန်းတယ်”

အိပ်ရာကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ရွှမ်းအာသည် ကန့်လန့်ကာကို ကြည့်ပြီး ရုတ်တရက်တစ်ခုခုကို သတိရသွားသည်။

“အရှင့်သားကို အထဲမှာ တစ်ယောက်တည်း ရေချိုးခိုင်းထားတာလား”

“ဗျာ?”

ယွင်မော့ မတုံ့ပြန်နိုင်ဖြစ်နေသည်။

ရွှမ်းအာက သူ့ကို တွန်းလိုက်သည်။

“သွားပြီး အရှင့်သားရဲ့ ကျောကို တိုက်ပေးလေ!”

ရွှမ်းအာက ယွင်မော့ကို ပွတ်တိုက်ရန် ပုဝါရှည်တစ်ထည်ပေးလိုက်ပြီး ကန့်လန့်ကာဆီသို့ တွန်းပို့ရာ ရေချိုးကန်ထဲတွင် စိမ်နေသော ယွင်ကျုံ့ယောင်ကို သူ မြင်လိုက်ရသည်။

“မင်း ဘာလို့ ဝင်လာတာလဲ”

ယွင်ကျုံ့ယောင်၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးသွားသည်။

“အရှင့်သားရဲ့ ကျောကို...တိုက်ပေးဖို့ပါ...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment