အခန်း (၁၈) သတ္တမမင်းသားကို လက်ထပ်ခွင့်တောင်းခံခြင်း
နန်းတော်အတွင်း၌ ညစာစားပွဲသည် စတင်လုနီးပါးဖြစ်နေပြီး ရောက်သင့်ရောက်ထိုက်သူအားလုံး ရောက်ရှိနေကြပြီဖြစ်သည်။
ယွင်ကျုံ့ယောင်သည် သူ၏နေရာတွင် ထိုင်နေပြီး ယွင်မော့က သူ၏နောက်တွင် ရပ်နေသည်။ ချူယန့်မှာမူ ယွင်ကျုံ့ယောင်နှင့် အတန်ငယ်ဝေးသော နေရာတွင် ထိုင်နေသော်လည်း သူ၏မျက်လုံးများကမူ ယွင်ကျုံ့ယောင်ထံမှ မခွာဘဲ စိုက်ကြည့်နေခဲ့သည်။
“အရှင်မင်းကြီး ကြွလာတော်မူပြီ မိဖုရားခေါင်ကြီး ကြွလာတော်မူပြီ”
လီဖူလု၏ အော်ဟစ်သံနှင့်အတူ ချူယန့်သည် သူ၏အကြည့်များကို ရုပ်သိမ်းလိုက်တော့သည်။
“ကျွန်တော်မျိုး အရှင်မင်းကြီးကို အရိုအသေပြုပါတယ်”
“ထကြတော့”
ယွင်ဧကရာဇ်၏ အသံထွက်ပေါ်လာပြီးနောက် သူသည် နဂါးပလ္လင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားသည်။
ဤအချိန်တွင် ချူယန့်သည်လည်း ထရပ်လိုက်သည်။ သူသည် ယွင်ဧကရာဇ်အား ဒူးထောက်အရိုအသေပြုရန် မလိုသော်လည်း ရှိသင့်ရှိထိုက်သော လုပ်ထုံးများက ရှိရမည်ဖြစ်သဖြင့် ယွင်ဧကရာဇ်အား လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
“လျိုယွဲ့ပြည်က သံတမန်တွေကို ကြိုဆိုဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို ပြသဖို့အတွက် ဒီဧည့်ခံပွဲကို တည်ခင်းခြင်းဖြစ်ပါတယ်၊ အားလုံးပဲ စိတ်လွတ်ကိုယ်လွတ် သုံးဆောင်ကြပါ”
ထို့နောက်တွင် ယွင်ဧကရာဇ်၏ ရှည်လျားလှသော မိန့်ခွန်းများ ထွက်ပေါ်လာသည်။
ယခင်ကအတိုင်း တစ်ပုံစံတည်းဖြစ်သောကြောင့် ယွင်ကျုံ့ယောင်သည် စိတ်မပါဘဲ နားထောင်နေမိသည်။ သူသည် ဤကဲ့သို့သော အခမ်းအနားမျိုးကို အလွန်ပင် စိတ်မရှည်တတ်ချေ။
“ယွင်ဧကရာဇ်မင်းမြတ်၊ ယခုအကြိမ်မှာ ကျွန်တော်မျိုးတို့ အိမ်ရှေ့စံက လျိုယွဲ့ပြည်ကို ကိုယ်စားပြုပြီး လာရောက်တာဖြစ်တာကြောင့် ချူးယွင်ပြည်နဲ့ ဆွေးနွေးစရာကိစ္စတစ်ခုလည်း ရှိပါသေးတယ်”
လျိုယွဲ့ပြည်မှ သံတမန်တစ်ဦးက ရှေ့သို့ ထွက်လာသည်။
ယွင်ဧကရာဇ်သည် မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။
“သြော်၊ ဘာကိစ္စများ ရှိသေးလို့လဲ။ သံတမန်တော် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။”
“ကျွန်တော်မျိုးတို့ အရှင်မင်းကြီးနှင့် အိမ်ရှေ့စံတို့က နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ချူးယွင်ပြည်နဲ့ လက်ထပ်ထိမ်းမြားဖို့ ဆန္ဒရှိကြပါတယ်။ ယွင်ဧကရာဇ်ရဲ့ သဘောထားကကော ဘယ်လိုရှိပါသလဲ။”
ယွင်ဧကရာဇ်၏ မျက်နှာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားသော်လည်း ခဏအတွင်း မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကိုယ်တော့်ရဲ့ သမီးတော်နှစ်ပါးစလုံးမှာ လက်ထပ်မယ့်သူရှိနှင့်ပြီးသားပါ။”
ဤသည်မှာ သူတို့၏ အကြံပြုချက်ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ခြင်းပင်။
“ချူးယွင်ပြည်နဲ့ လျိုယွဲ့ပြည်မှာ ဓလေ့ထုံးတမ်းတွေက ပွင့်လင်းလှပါတယ်။ ယောက်ျားချင်း လက်ထပ်ယူတာမျိုးကလည်း မရှိတာမဟုတ်ပါဘူး။”
ဤစကားထွက်လာသည်နှင့် တုံးအသည့်သူပင် သူတို့၏ ဆိုလိုရင်းကို နားလည်သွားကြပြီဖြစ်သည်။ ဤနေရာတွင် ရှိနေသူများမှာလည်း တုံးအသူများမဟုတ်ကြချေ။
သမီးတော် (မင်းသမီး) ကို လက်ထပ်၍မရလျှင် သားတော် (မင်းသား) ကို လက်ထပ်ယူမည်ဟူသော သဘောပင်။ သို့မဟုတ် သူတို့၏ ရည်ရွယ်ချက်မှာ မူလကတည်းက မင်းသားတစ်ပါးဖြစ်နေခြင်း။
သို့သော် ချူးယွင်ပြည်၏ မင်းသားများမှာ တစ်ဦးချင်းစီတိုင်းက ထူးချွန်ထက်မြက်သူများ ဖြစ်ကြရာ အခြားသူတစ်ဦးအား ပေးအပ်ရန် အကြောင်းမရှိချေ။
“သံတမန်တော်က နောက်နေတာပဲ။ ကိုယ်တော်တို့ ချူးယွင်ပြည်က ပွင့်လင်းတယ်ဆိုပေမဲ့ မင်းသားတွေကို တစ်ပါးသူထံ ပေးစားတာမျိုးကတော့ လုံးဝမရှိပါဘူး။”
ချူယန့်သည် ဧည့်ခံပွဲတစ်လျှောက် သူ၏နေရာတွင် ထိုင်နေပြီး သံတမန်နှင့် ယွင်ဧကရာဇ်တို့၏ အပြန်အလှန်စကားပြောဆိုမှုများကိုသာ လွှတ်ထားပေးသည်။
သူ၏ အကြည့်များမှာမူ ယွင်ကျုံ့ယောင်ထံသို့ ရံဖန်ရံခါ ကျရောက်နေတတ်သည်။
ယွင်ကျုံ့ယောင်သည် ထိုအကြည့်ကို ခံစားမိသော်လည်း ဘာမှမသိသည့်အလား ဟန်ဆောင်နေခဲ့သည်။
“ယွင်ဧကရာဇ်မင်းမြတ်အနေနဲ့ ကျွန်တော်မျိုးတို့ စကားကို ဆုံးအောင် နားထောင်ပေးစေချင်ပါတယ်။ ကျွန်တော်မျိုးတို့ အိမ်ရှေ့စံမှာ တကယ်တော့ စိတ်ထဲရှိပြီးသား လူတစ်ယောက်ရှိနေပါတယ်။”
“လီအမတ်ကြီး”
ချူယန့်သည် ထိုသံတမန်၏ စကားကို ကြားသောအခါ ရုတ်တရက် ထရပ်လိုက်ပြီး ဟန့်တားလိုက်သည်။
“ပါးစပ်ပိတ်ထား”
သို့သော် ထိုသံတမန်မှာ ပါးစပ်ပိတ်မသွားသည့်အပြင် ချူယန့်ဘက်သို့ လှည့်၍ လက်အုပ်ချီလိုက်သည်။
“အိမ်ရှေ့စံမင်းသား၊ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရွေးချယ်ထားသူက မင်းသားနှစ်သက်သူ မဟုတ်သည့်တိုင်၊ အိမ်ရှေ့စံကိုယ်တိုင်နှစ်သက်နေမှတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လူလဲလိုက်တာကလည်း ကိစ္စမရှိပါဘူး။”
ခဏအကြာတွင် ထိုသံတမန်သည် ယွင်ဧကရာဇ်၏ မည်းမှောင်နေသော မျက်နှာကို လုံးဝသတိမထားမိသည့်အလား ဆက်ပြောလိုက်ပြန်သည်။
“ယွင်ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုးတို့ အိမ်ရှေ့စံက သတ္တမမင်းသားရဲ့ ဂုဏ်သတင်းကို ကြားသိရတာ ကြာပါပြီး အလွန်စွဲလမ်းနေခဲ့ရပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ယွင်ဧကရာဇ်မင်းမြတ်အနေနဲ့ ဖြည့်ဆည်းပေးဖို့ တောင်းဆိုအပ်ပါတယ်။”
ဤသူသည် စကားတစ်ခွန်းတိုင်းတွင် နှစ်နိုင်ငံချစ်ကြည်ရေးကို ထည့်သွင်းပြောဆိုနေခြင်းမှာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ဆိုလိုရင်းမှာ ‘ငါတို့စကားကို နားထောင်ရင် မိတ်ဆွေအဖြစ် ဆက်ရှိမယ်၊ နားမထောင်ရင်တော့ စစ်တပ်နဲ့ လာတိုက်မယ်’ ဟူသော သဘောပင်။
သို့သော် ယွင်ဧကရာဇ်မှာ သူတို့၏ ခြိမ်းခြောက်မှုကို ခံမည့်သူမျိုးမဟုတ်ချေ။
သူ၏မျက်လုံးများတွင် ဒေါသအရှိန်များပေါ်လွင်လာသည်။ ယွင်ကျုံ့မင်နှင့် အခြားသူများမှာမူ ထိုစကားကို ကြားကြားချင်း မအောင့်နိုင်တော့ဘဲ သူတို့၏နေရာမှ ဝုန်းခနဲ ထရပ်လိုက်ကြသည်။
“ဒါက မင်းတို့ ချူးယွင်ပြည်ကို လာရတဲ့ ရည်ရွယ်ချက်လား။”
ယွင်ကျုံ့ဖုန်းက မျက်နှာထားအေးစက်စွာဖြင့် မေးမြန်းလိုက်သည်။
ယွင်ကျုံ့မင်၏ မျက်နှာမှာမူ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့၏ လက်ကို အမြန်ဖိထားလိုက်ရသည်။
သံတမန်၏ စကားကို ကြားလိုက်ရချိန်တွင် ယွင်မော့၏ လက်များသည် သူ၏ခါးရှိ ဓားဆီသို့ အလိုအလျောက်ရောက်ရှိသွားပြီး ဓားကို ဆွဲထုတ်တော့မည့်အလား ဖြစ်နေသောကြောင့်ဖြစ်သည်။
နန်းတွင်း၌ လက်နက်ကိုင်ဆောင်ခြင်းမှာ သေဒဏ်ပေးနိုင်သောအမှုဖြစ်သည်။ သူသည် ယွင်မော့ကို တစ်ချက်စိုက်ကြည့်ပြီး သူ၏ လက်ကို တင်းတင်းဖိထားလိုက်သည်။ ယွင်မော့ စိတ်ငြိမ်သွားပြီး မဆင်မခြင်မလုပ်တော့မည်ကို သေချာမှသာ လက်ကို လွှတ်ပေးလိုက်သည်။
“တစ်ယောက်တစ်လှည့် စကားပြောတာကောင်းလှချေလား၊ လျိုယွဲ့ပြည်က လူတွေက ဒီလောက်တောင် စိတ်ကူးယဉ်တတ်ကြတာလား။”
ယွင်ကျုံ့ယောင်၏ မျက်လုံးများတွင် အေးစက်မှုများ ပြည့်နှက်နေသည်။
“လက်ထပ်ထိမ်းမြားဖို့ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ မင်းတို့ အိမ်ရှေ့စံကို ဒီဘက်မှာ လက်ထပ်ခိုင်းလိုက်လေ။”
ပြောပြီးနောက် ယွင်ကျုံ့ယောင်သည် ချူယန့်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
“ခမည်းတော်၊ သားတော် ကိုယ်လက်မအီမသာဖြစ်နေလို့ အရင်ဆုံးခွင့်ပြုပါဦး။”
ပြောပြောဆိုဆိုနှင့် သူသည် နန်းဆောင်အတွင်းမှ တိုက်ရိုက်လှည့်ထွက်သွားတော့သည်။
ယွင်မော့မှာ အမြန်လိုက်ပါသွားသည်။ ချူယန့်သည် နောက်မှ လိုက်သွားချင်ပုံရသော်လည်း လူများက တားဆီးထားကြသည်။ ယွင်ဧကရာဇ်က သူ့ကို ဤအတိုင်း အလွယ်တကူထွက်သွားခွင့်ပေးမည် မဟုတ်ချေ။
နန်းတော်မှ ထွက်လာပြီးနောက် ယွင်ကျုံ့ယောင်သည် မြင်းလှည်းပေါ်သို့ တက်လိုက်သည်။ သူ၏ မျက်နှာမှာ အေးစက်နေပြီး အလွန်ပင် စိတ်ဆိုးနေပုံရသည်။
သူ၏ အမူအရာမှာ ယခင်အတိုင်းပင်ဖြစ်သော်လည်း ယွင်မော့ကမူ သူ စိတ်ဆိုးနေသည်ကို ခံစားမိသည်။ သို့သော်လည်း စဉ်းစားကြည့်လျှင် ထိုကဲ့သို့ လူပုံအလယ်တွင် အတင်းအဓမ္မလက်ထပ်ခွင့် တောင်းခံရပါက မည်သူမဆို ဒေါသထွက်မည်မှာ အမှန်ပင်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ယွင်မော့က စကားစလိုက်သည်။
“အရှင့်သား၊ စိတ်ထဲ မထားပါနဲ့။ အရှင်မင်းကြီးက ဘယ်လိုမှ သဘောတူမှာမဟုတ်ပါဘူး။ ချူယန့်ကတော့ စိတ်ကူးယဉ်နေတာသက်သက်ပါ။”
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို မော့ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ယွင်မော့မှာ အနည်းငယ် စိတ်မလုံမလဲဖြစ်သွားရသည်။
“ဘာ… ဘာဖြစ်လို့လဲ အရှင့်သား။”
“မင်းက ငါ ဘာကြောင့် စိတ်ဆိုးနေတယ်လို့ ထင်လို့လဲ။”
“ချူယန့်က လူပုံအလယ်မှာ အဲဒီလိုလုပ်လို့ မဟုတ်ဘူးလား…”
ယွင်မော့သည် ပါးစပ်ပိတ်သွားပြီး ယွင်ကျုံ့ယောင်ကို ဝိုင်းစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ယွင်ကျုံ့ယောင်၏ အကြည့်ကမူ ထိုကဲ့သို့ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
“ဒါဆို ဘာကြောင့်လဲဟင်”
ယွင်မော့သည် ချက်ချင်းပင် လေသံပျော့သွားပြီး တိုးတိုးလေး မေးမြန်းလိုက်သည်။
ယွင်ကျုံ့ယောင်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ စိတ်ထဲမှ အတွေးများကို ငတုံးလေးတစ်ယောက်က နားလည်လိမ့်မည်ဟု မျှော်လင့်နေမည့်အစား အိပ်မက်မက်နေခြင်းက ပိုလက်တွေ့ကျသည်ဟု မိမိကိုယ်ကို ပြန်လည်သတိပေးလိုက်ရသည်။
“ခုနက မင်း ဘာလုပ်ချင်နေတာလဲ။ နန်းဆောင်ထဲမှာ ဓားဆွဲထုတ်ချင်နေတာလား။”
ယွင်ကျုံ့ယောင်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။
ယွင်မော့သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အံ့ဩသွားသည်။ ယွင်ကျုံ့ယောင် စိတ်ဆိုးရသည့် အကြောင်းရင်းမှာ ဤကိစ္စကြောင့်ဖြစ်လိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ချေ။
“ငါသာ မင်းကို မတားခဲ့ရင် မင်းက အဲဒီကို တက်သွားပြီး ချူယန့်ကို သတ်ပစ်တော့မှာလား။”
ယွင်ကျုံ့ယောင်သည် ထိုဖြစ်နိုင်ချေကို တွေးမိသည်နှင့် အလွန်ပင် စိုးရိမ်ထိတ်လန့်သွားရသည်။
သူသည် သိုင်းပညာမတတ်သောကြောင့် ယွင်မော့လောက် မမြန်ချေ။ အကယ်၍ ယွင်မော့ကသာ အနည်းငယ်ပိုမြန်သွားခဲ့လျှင် သူ တားဆီးနိုင်လိမ့်မည်မဟုတ်။
အကယ်၍ အမှန်တကယ် ထိုသို့ ဖြစ်သွားခဲ့လျှင် ယခု သူ မြင်နေရသည်မှာ ယွင်မော့၏ အလောင်းပင် ဖြစ်နေနိုင်သည်။
“ယွင်မော့၊ ကိုယ်ရံတော်တစ်ယောက်မှာ ရှိရမယ့် တည်ငြိမ်မှုနဲ့ ရင့်ကျက်မှုတွေက ဘယ်ရောက်ကုန်ပြီလဲ။”
ယွင်မော့သည် ခေါင်းကို အောက်သို့ အတော်လေးငုံ့ထားလိုက်သည်။ ခုနက စိတ်လှုပ်ရှားမှုကို ဖယ်လိုက်လျှင် ယခုအချိန်တွင် သူသည်လည်း အကျိုးဆက်ကို နားလည်သွားပြီဖြစ်ရာ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့သည်။
သူသည် ယွင်ကျုံ့ယောင်၏ ရှေ့တွင် အမြန်ဒူးထောက်လိုက်သည်။
“အရှင့်သား၊ ယွင်မော့ မှားသွားပါပြီ။ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး။”
ယွင်ကျုံ့ယောင်သည် သူ့ကို ဂရုမစိုက်တော့ဘဲ ဒေါသထွက်နေဆဲဖြစ်သဖြင့် မျက်နှာကို လွှဲကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ယွင်မော့သည် သူ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်။ ယွင်ကျုံ့ယောင်က စကားမပြောသဖြင့် သူလည်း မထရဲချေ။
အိမ်တော်သို့ ရောက်သောအခါတွင်လည်း ယွင်ကျုံ့ယောင်သည် ယွင်မော့ကို ဂရုမစိုက်ဘဲ မြင်းလှည်းပေါ်မှ တိုက်ရိုက်ဆင်းသွားသည်။
ယွင်မော့သည် စဉ်းစားပြီးနောက် ယွင်ကျုံ့ယောင်၏ အနောက်မှ လိုက်ပါသွားပြီး တံခါးဝတွင် ဒူးထောက်လိုက်တော့သည်။
ယွင်ကျုံ့ယောင်သည် ပြန်လှည့်မကြည့်ဘဲ သူ၏ အခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။
ယွင်မော့မှာမူ အင်္ကျီစကို မကာ တံခါးဝတွင် ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။
ယွင်ကျုံ့ယောင် ပြန်ရောက်လာပြီဟူသော သတင်းကို ရရချင်း အမြန်ပြေးလာသော ရွှမ်းအာသည် တံခါးဝတွင် ဒူးထောက်နေသော ယွင်မော့ကို တွေ့လိုက်ရသည်။
“ယွင်မော့၊ နင် ဘာဖြစ်တာလဲ။ ဘာလို့ ဒီမှာ ဒူးထောက်နေရတာလဲ။”
ယွင်မော့မှာ ခေါင်းငုံ့ထားပြီး ဘာမှမပြောချေ။
“နင် အရှင့်သားကို စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီလား။”
အမှန်အတိုင်းပြောရလျှင် ရွှမ်းအာမှာ စဉ်းစားရခက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွင်ကျုံ့ယောင် ဒေါသထွက်နေသော ပုံစံကို တွေ့ရခဲသောကြောင့် ဖြစ်သည်။
ထို့အပြင် ယွင်ကျုံ့ယောင်သည် ယွင်မော့ကို အမြဲ အလိုလိုက်ပြီး ကာကွယ်ပေးထားခဲ့ရာ ဘာကြောင့် ရုတ်တရက် ဤမျှအထိ ဒေါသထွက်သွားပြီး တံခါးဝတွင် ဒူးထောက်ခိုင်းရသနည်း။