အခန်း (၁၂) ဆယ်လပိုင်းရာသီဥတုက နည်းနည်းပူတယ်
ယွင်ကျုံ့ယောင်သည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသော်ငြား ချူယန့်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ခံစားမှုကို မထိန်းနိုင်လုနီးပါးဖြစ်သွားသေးသည်။
ကံကောင်းထောက်မစွာ သူသည် မွေးရာပါမျက်နှာသေဖြင့် ဖြစ်သောကြောင့် ပေါ်ထွက်လာသည့် စိတ်ခံစားမှုများကို ဖုံးကွယ်ထားနိုင်ခဲ့သည်။
ချူယန့်သည် အတန်ကြာစောင့်နေသော်လည်း ယွင်ကျုံ့ယောင်၏ အဖြေကို မရရှိခဲ့ရာ အနည်းငယ်အံ့အားသင့်သွားသည်။
“သခင်လေး”
ယွင်ကျုံ့ယောင်က သူ့မျက်လုံးထဲရှိ စိတ်ခံစားမှုများကို လုံးဝထိန်းချုပ်ပြီးမှ ခေါင်းကို အနည်းငယ်မော့လိုက်သည်။
“မသိဘူး”
ကောလာဟလများအတိုင်း အေးစက်သလို၊ ကောလာဟလများထဲကအတိုင်းလည်း ချောမောသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ချူယန့်၏ မျက်လုံးများသည် ယွင်ကျုံ့ယောင်ကို မသိမသာကြည့်ရှုနေပြီး အံ့သြချီးကျူးမှု တစ်စွန်းတစ်စက ဖြတ်ပြေးသွားသည်။
“ဒါဆို စိတ်အနှောင့်အယှက်ပေးမိပါပြီ”
ချူယန့်သည် ဤကဲ့သို့သော လူမျိုးကို အတင်းအကျပ်မလုပ်ဆောင်သင့်၊ အလွန်အကျွံ မစွဲလမ်းသင့်ကြောင်း၊ မဟုတ်လျှင် ရွံမုန်းစရာဖြစ်လာမည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် ချက်ချင်းပင် နှုတ်ဆက်ထွက်ခွာသွားသည်။
ယွင်ကျုံ့ယောင်က မျက်လုံးကို အနည်းငယ်နှိမ့်လိုက်သည်။ ခုနက ချူယန့်၏ မျက်လုံးထဲရှိ တွက်ချက်မှုများကို သူ မြင်လိုက်ရသည်။ ထို့ကြောင့် သူ့ခန့်မှန်းချက်ကို ပို၍ သေချာစေခဲ့သည်။ ချူယန့်က အမှန်တကယ် သူ့ကို ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့ခြင်းပင်။
သူသည် ရှေ့ခန်းတွင် ယွင်ကျုံ့လီကို စောင့်ရန် ပြင်ဆင်ပြီးနောက် ဘာမှမတွေးတော့ဘဲ လှည့်ကြည့်လိုက်ရာ သူ့ကိုယ်ရံတော်လေးသည် ခေါင်းငုံ့ကာ ဘာကို တွေးနေမှန်း မသိဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ”
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို စကားပြောသောအခါ အမြဲလိုလိုပင် ပုံမှန်ထက် ပိုမိုနူးညံ့နေတတ်သည်။ ဤခြားနားချက်သည် သိပ်မသိမသာလှဘဲ ယွင်ကျုံ့ယောင် ကိုယ်တိုင်ပင် သတိမထားမိနိုင်ချေ။
“မ.... ဘာမှမဟုတ်ပါဘူး”
ယွင်မော့က ခေါင်းခါလိုက်သည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို စိုက်ကြည့်လိုက်ရာ ယွင်မော့သည် အနည်းငယ် စိတ်မလုံမလဲဖြစ်ကာ အကြည့်လွှဲလိုက်သည်။
ယွင်ကျုံ့ယောင်က မေးလိုက်သည်။
“စိတ်မပျော်ဘူးလား”
ယွင်မော့သည် ပို၍ပင် စိုးရိမ်တကြီးဖြင့် ခေါင်းခါလိုက်သည်။
“မ...မဟုတ်ပါဘူး။ အရှင့်သား ကျွန်တော်မျိုးကို စိတ်ပူစရာ မလိုပါဘူး”
ယွင်ကျုံ့ယောင်အတွက် ယွင်မော့သည် အရာအားလုံးတွင် ကောင်းမွန်သော်လည်း သူတို့နှစ်ဦး၏ အဆင့်အတန်းကို အလွန်အမင်းဂရုစိုက်ပြီး ရှင်းရှင်းလင်းလင်း ခွဲခြားထားကာ ခြေတစ်လှမ်းမျှ မကျော်လွန်ရဲသည်ကို တွေ့ရှိခဲ့သည်။
ရုတ်တရက် ရေအောက်တွင် ယွင်မော့ သူ့ကို လေပေးခဲ့သည့်ကိစ္စကို ပြန်စဉ်းစားမိပြီး ဤအတွေးကို သူ၏ ဦးနှောက်ထဲတွင် ပယ်ချလိုက်သည်။
ထိုသူသည် တစ်ခါတစ်ရံကျလည်း အလွန်ရဲရင့်တတ်ပေသည်။
“ကိစ္စရှိရင် တိုက်ရိုက်ပြောပါ။ ငါက ပွင့်ပွင့်လင်းလင်းမပြောတာကို မကြိုက်ဘူး”
ယွင်မော့သည် ခေါင်းငုံ့ကာ သူ၏ အဝတ်စကို ဆုပ်ကိုင်ထားသည်။ ထို့နောက် ခေါင်းမော့ကာ ယွင်ကျုံ့ယောင်ကို ကြည့်လိုက်သည်။
“ခုနကလူက အရှင့်သားကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်နေတာ… အရှင့်သား သူနဲ့များများ မဆက်ဆံတာ အကောင်းဆုံးပါပဲ”
စကားဆုံးသောအခါ သူ၏ စကားများသည် အလွန်အရိုအသေမဲ့နေသည်ဟု ခံစားရပြီး ချက်ချင်းပင် ထပ်ပေါင်းပြောလိုက်သေးသည်။
“ဒါက ကျွန်တော်မျိုး ထင်တာပါ။ အရှင့်သား ဘယ်သူနဲ့ ပေါင်းပေါင်း ကျွန်တော်မျိုး ဝင်ပါစရာ မလိုပါဘူး”
ယွင်မော့သည် ယွင်ကျုံ့ယောင်၏ စိတ်နေစိတ်ထားက မည်မျှပင် ကောင်းမွန်စေကာမူ သူ၏ စကားများကို ကြားရလျှင် ဒေါသထွက်လိမ့်မည်ဟု ယူဆသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်သခင်ကမျှ ကျွန်တစ်ယောက်က သူ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်သောကြောင့် ဖြစ်သည်။
ယွင်မော့သည် ခေါင်းငုံ့ကာ အပြစ်တင်ခံရရန် ပြင်ဆင်ထားသော်လည်း ရုတ်တရက် ယွင်ကျုံ့ယောင်၏ တိုးညှင်းသော စကားတစ်ခွန်းကို ကြားလိုက်ရသည်။
“ကောင်းပြီ၊ ငါ သိပြီ”
သူ့နားကို သံသယဝင်သည့်အလား မျက်လုံးဝိုင်းဖြင့် ခေါင်းမော့ကာ ယွင်ကျုံ့ယောင်ကို ကြည့်လိုက်သည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့၏ ဤအမူအရာကို ကြည့်ကာ စိတ်ထဲတွင် တွေးမိသွားသည်။
“ဒီငတုံးလေးကတော့...”
ယွင်မော့သည် ယွင်ကျုံ့ယောင်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်ကို ထပ်မံ မြင်လိုက်ရသလို ထင်မိသည်။
“မင်းက ဘာပဲဖြစ်ဖြစ် ငါ့ကို ဒုက္ခပေးမယ့်သူမဟုတ်ဘူး”
ဤဆယ်လပိုင်းရာသီဥတုသည် အဘယ်ကြောင့် ဤမျှ ပူနေရသည်ကို ယွင်မော့ ခံစားမိသွားသည်။ ယွင်ကျုံ့ယောင်၏ နှုတ်ခမ်းများ အနည်းငယ်တင်းသွားသည်ကို မြင်သောအခါ သူ၏ တစ်ကိုယ်လုံးက မီးလောင်တော့မည့်အလား ခံစားရသည်။
ထို့ကြောင့် သူ၏ ပူနေသော မျက်နှာကို အလိုအလျောက်ပွတ်သပ်လိုက်သည်။
“ရူးတော့မလား မသိဘူး။ ဘာလို့ ဒီလောက်ပူနေရတာလဲ။ နှလုံးကလည်း အရမ်းခုန်နေတယ်”
ယွင်ကျုံ့ယောင်သည် ရှေ့ခန်းသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားသည်။ ယွင်မော့ကို ကျော်သွားသောအခါ သူ့အသံကို နှိမ့်ကာ ပြောလိုက်သည်။
“ငတုံးလေး”
ယွင်ကျုံ့ယောင် ရှေ့ခန်းတွင် ခဏစောင့်ပြီးမှ ယွင်ကျုံ့လီသည် တုယွမ်ဘုန်းတော်ကြီး၏ တရားခန်းမှ ဘုန်းတော်ကြီးနှင့်အတူ ထွက်လာသည်။
“အော်မိတော်ဖော်၊ သတ္တမမင်းသား”
တုယွမ်ဘုန်းတော်ကြီးက လက်အုပ်ချီသည်။
ယွင်ကျုံ့ယောင်က အနည်းငယ်ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။
ထို့နောက် ယွင်ကျုံ့လီဘေးနားမှ အဖော်ဖြစ်သူက ယွင်ကျုံ့လီ ယူလာသော အထုပ်များကို တုယွမ်ဘုန်းတော်ကြီးအား ပေးလိုက်သည်။ အတွင်း၌ ယွင်ကျုံ့လီ ယူဆောင်လာသော ရွှေငွေပစ္စည်းများနှင့် ဗုဒ္ဓဘာသာဆိုင်ရာပစ္စည်းများ ပါဝင်သည်။
ယွင်ကျုံ့ယောင်သည် ထိုအရာများကို သိပ်နားမလည်ချေ။
တောင်ဆင်းလမ်းတွင် ယွင်ကျုံ့လီနှင့် ယွင်ကျုံ့ယောင်တို့ စကားပြောနေကြစဉ် ရုတ်တရက် ယွင်မော့က ခြေတစ်လှမ်းဖြင့် သူတို့နှစ်ဦး၏ ရှေ့တွင် ကာရပ်လိုက်သည်။
ယွင်ကျုံ့ယောင်၏ ခြေလှမ်းများက ရပ်သွားသည်။ သူ စောင့်နေသောအချိန် ရောက်လာကြောင်းကို သူ သိလိုက်သည်။
“ဘာဖြစ်တာလဲ”
ယွင်ကျုံ့လီသည် ယွင်မော့ကို အနည်းငယ်အံ့အားသင့်စွာ ကြည့်ပြီး ယွင်ကျုံ့ယောင်ဘက်သို့ လှည့်ကြည့်သည်။
“အရှင့်သား၊ ပတ်ဝန်းကျင်မှာ လူတွေ ရှိတယ်။သူတို့ရည်ရွယ်ချက်က သိပ်မကောင်းဘူး”
ယွင်မော့၏ မျက်နှာထားက တင်းမာသွားပြီး သူ၏ လက်ကို ခါးပေါ်တင်လိုက်သည်။
ယွင်ကျုံ့ယောင်နောက်သို့ လိုက်ပါလာသောအခါ သူသည် ဓားရှည်ကို မယူဆောင်လာဘဲ ခါးပါတ်ဓားကိုသာ ယူဆောင်လာသည်။ ၎င်းသည် အဆင်ပြေပြီး အစွမ်းလည်း ထက်သည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့၏ နောက်သို့ ဝင်ရပ်လိုက်ပြီး ယွင်ကျုံ့လီကိုပါ ဆွဲခေါ်လိုက်သည်။
ဤလမ်းတစ်လျှောက်လုံး မည်သည့်အချိန်က ရှင်းလင်းသွားသည်ကို မသိလိုက်ချေ။ လူမရှိတော့ဘဲ ဘေးဘက်လမ်းမှ အနက်ရောင်ဝတ်စုံနှင့်လူငါးဦးခန့်သည် ဓားရှည်များ ကိုင်ဆောင်ကာ ရုတ်တရက် ခုန်ထွက်လာသည်။ အမှန်ပင် သူတို့၏ရည်ရွယ်ချက် မကောင်းချေ။
ယွင်မော့သည် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ ပျော့ပျောင်းသောဓားကို ဆွဲထုတ်ကာ ထိုအနက်ရောင်ဝတ်လူများနှင့် တိုက်ခိုက်လေသည်။
ယွင်ကျုံ့ယောင်သည် ယခင်ဘဝက ယွင်မော့၏ သိုင်းပညာသည် ကိုယ်ရံတော်များထဲတွင် ထိပ်ဆုံးတွင် ရှိခဲ့သည်ကို သတိရသည်။ သို့သော်လည်း ယခုအချိန်တွင် ယွင်မော့သည် ထိုမျှ အင်အားမကြီးသေးချေ။ လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို မခုခံနိုင်သောကြောင့် တဖြည်းဖြည်းအားနည်းလာသည်။
ယွင်ကျုံ့ယောင်က မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ မြွေမကြောက်စေရန် ယွင်မော့တစ်ဦးတည်းကိုသာ ခေါ်လာခဲ့သည်ကို သူ နောင်တရမိသည်။
သူ အစတည်းက လူအင်အားများများခေါ်ဆောင်ခဲ့သင့်သည်။ ဤအတိုင်းဆိုလျှင် ယွင်မော့က မဖြစ်မနေဒဏ်ရာရတော့မည်။
“အားဟွမ်၊ မင်းရဲ့ သခင်ကို ခေါ်ပြီး သွားတော့”
အားဟွမ်သည် ယွင်ကျုံ့လီ၏ စာဖတ်ဖော်ဖြစ်သည်။
“မရဘူး၊ အစ်ကိုက အရင် သွားရတယ်ဆိုတာ ဘယ်နားက သဘာဝကျလို့လဲ”
ယွင်ကျုံ့လီက သဘောမတူချေ။
ယွင်ကျုံ့ယောင်က ဘေးသို့ လှည့်လိုက်သည်။
“မင်းနဲ့ အားဟွမ်က သိုင်းပညာမတတ်ဘူး။ ဒီလူတွေက ငါ့ကို ပစ်မှတ်ထားတာ ရှင်းနေတယ်။ မင်းတို့နှစ်ယောက် ဒီမှာနေရင် ယွင်မော့ကို စိတ်ပြန့်စေရုံပဲ ရှိမယ်”
ယွင်ကျုံ့လီသည် အံကြိတ်ထားသည်။
“စိတ်ချ၊ ယွင်မော့ရဲ့ သိုင်းပညာက အရမ်းမြင့်တယ်။ ဘာမှဖြစ်မှာ မဟုတ်ဘူး”
“ငါ လူသွားခေါ်မယ်”
ထို့နောက် ယွင်ကျုံ့လီသည် အားဟွမ်ကို ခေါ်၍ တောင်အောက်သို့ ပြေးဆင်းသွားသည်။
ထိုအနက်ရောင်ဝတ်စုံနှင့်လူများသည် ယွင်ကျုံ့လီကို လှည့်ပင် မကြည့်ဘဲ ယွင်မော့ကိုသာ ဆက်လက်တိုက်ခိုက်နေကြသည်။ နှစ်ဦးကမူ ယွင်ကျုံ့ယောင်ဘက်သို့ ဦးတည်လာသည်။
ယွင်မော့သည် ပင်ပန်းလာပြီး အင်အားမရှိတော့ချေ။
“ယွင်မော့!”
ဓားတစ်ချောင်းသည် ယွင်မော့၏ ကျောကို ထိုးသွင်းတော့မည့် မြင်ကွင်းကို မြင်လိုက်သောအခါ ယွင်ကျုံ့ယောင်သည် လန့်သွားပြီး အလိုအလျောက် အော်ခေါ်လိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ဦးနှောက်ထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်ခဲ့ပြီး ဓားကို လက်ဗလာဖြင့် ကာကွယ်ရန် ပြေးတက်သွားခဲ့သည်။
သူ၏ လက်ကို ဓားက ထိမိပြီး ဓား၏ ဦးတည်ရာ လွဲသွားခဲ့သည်။ ယွင်မော့အတွက်လည်း တုံ့ပြန်ရန် အခွင့်အရေးရလိုက်သည်။
ယွင်မော့၏ ပျော့ပြောင်းသောဓားသည် နောက်သို့ လျင်မြန်စွာ ရိုက်ခတ်လိုက်ပြီး ထိုလူ၏ လည်ပင်းကို ဖြတ်တောက်လိုက်သည်။
“အရှင့်သား!”
ယွင်မော့သည် ယွင်ကျုံ့ယောင်၏ သွေးစွန်းနေသော အင်္ကျီလက်ကို မြင်သောအခါ သူ၏ ဦးနှောက်သည် ချက်ချင်းပင် ထိန်းချုပ်မှုမှ လွတ်သွားလေသည်။
ထိုအနက်ရောင်ဝတ်စုံနှင့်လူများသည် ရှေ့သို့ ထပ်တက်လာတော့မည့်အချိန်တွင် ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာပြီး ယွင်ကျုံ့ယောင်၏ ရှေ့တွင် ကျရောက်လာကာ အနက်ရောင်ဝတ်စုံနှင့်လူများကို တားဆီးလိုက်သည်။
ချူယန့်၏ ပုံရိပ်ကို မြင်သော်လည်း ယွင်ကျုံ့ယောင်သည် သူ့ကို ဂရုမစိုက်ချေ။ သူ၏ အင်္ကျီလက်မှ အဝတ်စတစ်ပိုင်းကို ဆွဲဖြဲကာ ပတ်တီးစည်းပေးနေသော သူ့ကိုယ်ရံတော်လေးကိုသာ ငုံ့ကြည့်နေသည်။
“ဘာမှမဖြစ်ပါဘူး”
ယွင်ကျုံ့ယောင်က နူးညံ့စွာ နှစ်သိမ့်လိုက်သည်။
သူ့ကိုယ်ရံတော်လေး၏ မျက်လုံးများ နီရဲနေပြီး ခေါင်းအနည်းငယ်မော့ကာ ယွင်ကျုံ့ယောင်ကို ကြည့်လိုက်သည်။
“အရှင့်သား ဘာလို့… ကျွန်တော်မျိုးက အဖိုးမတန်တဲ့ အသက်ပါ။ သေသွားလည်း ဘာမှ မဖြစ်ဘူး။ အရှင့်သားရဲ့ ခန္ဓာကိုယ်က အဖိုးတန်တယ်။ သခင်က ကျွန်အတွက် ဓားဝင်ခံပေးရတယ်ဆိုတာ ဘယ်မှာထုံးစံရှိလို့လဲ”
“ဘယ်သူပြောလဲ”
ယွင်ကျုံ့ယောင်သည် သူ၏ လက်မောင်းမှ နာကျင်မှုကို သည်းခံကာ မိုက်မဲသော စကားများပြောနေသည့် ကိုယ်ရံတော်လေး၏ နဖူးကို လက်ဖြင့် တောက်လိုက်သည်။
“မင်း သေသွားရင် ငါ ဝမ်းနည်းရမှာ”