အခန်း (၁၅) သူကတော့ ဆန္ဒရှိမှာမဟုတ်ဘူးထင်တယ်
ယွင်မော့သည် ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံးက အိပ်ရာပေါ်တွင် တောင့်တင်းသွားကာ လှုပ်မရတော့ပေ။
ထို့နောက် သူသည် ယွင်ကျုံ့ယောင်က မျက်လုံးများအနည်းငယ် ဖွင့်လာပြီး သူ့ကို အနည်းငယ်စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။
“မင်း ဘာလို့ ငါ့အိပ်ရာပေါ်မှာ ထပ်ပြီး လှဲနေပြန်တာလဲ”
“ကျွန်တော်မျိုး... ကျွန်တော်မျိုး ညက အရှင့်သား ကောင်းကောင်း မအိပ်ရဘူးလို့ ထင်တာနဲ့ အတင့်ရဲစွာနဲ့”
ယွင်မော့၏ စကားများ ထစ်အသွားသည်။ သူ မည်သို့ရှင်းပြရမည်မှန်း မသိချေ။
ယွင်ကျုံ့ယောင်၏ အနည်းငယ်တင်းမာသွားသော မျက်နှာကို မြင်သောအခါ ယွင်မော့သည် ပါးစပ်ပိတ်လိုက်သည်။
ယွင်ကျုံ့ယောင်က...
“ထတော့”
သူ၏အမူအရာသည် တည်ငြိမ်ပြီး စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်းကို မခွဲခြားနိုင်ချေ။
ယွင်မော့သည် အိပ်ရာပေါ်မှ အလန့်တကြားထရပ်လိုက်သည်။ ယွင်ကျုံ့ယောင်၏ မကျေနပ်သည့် မျက်နှာကို မြင်သောအခါ ခေါင်းအနည်းငယ်ငုံ့ကာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။
အရင်တုန်းက သူ အိပ်ရာပေါ်မှာ အိပ်ခဲ့တာကို အရှင့်သား တစ်ခါမှ ဒေါသမထွက်ခဲ့ဘူး၊ အခုကျမှ ဘာဖြစ်လို့လဲ။
သို့သော်လည်း နောက်တစ်ကြိမ်ပြန်တွေးလိုက်သောအခါ သူသည် အလွန် လောဘကြီးလွန်းသည်ဟု ခံစားရသည်။ အရှင့်သားက စစ်မေးခြင်း မပြုသည်မှာ အရှင့်သား၏ စေတနာကြောင့်ဖြစ်သည်။ သူသည် ဤအရာကို ဖြစ်သင့်သည်ဟု မယူဆသင့်ချေ။
သူသည် ကျွန်တစ်ဦးသာ။
ယွင်မော့ မမြင်နိုင်သော နေရာတွင် ယွင်ကျုံ့ယောင်၏ မျက်လုံးထဲတွင် ကလိမ်ကကျစ်မှုတစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်။ ထို့နောက် အိပ်ရာပေါ်မှ ထိုင်လိုက်ပြီး ယွင်မော့အား အဝတ်အစားဝတ်ဆင်ခိုင်းသည်။
သူ၏ကိုယ်ရံတော်လေးသည် အနည်းငယ်စိတ်ဓာတ်ကျနေပုံရသည်။ သူသည်လည်း အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း ဤအချိန်တွင် စိတ်ပျော့လို့ မရချေ။ ကိုယ်ရံတော်လေးကို သိမ်းပိုက်နိုင်ရန်အတွက် သူ သည်းခံရမည်။
ယွင်ကျုံ့ယန့်သည် ချူယန့်နှင့် တွေ့ဆုံခဲ့ပြီး ယွင်ကျုံ့ယောင်အတွက် အံ့အားသင့်စရာမှာ ယွင်ကျုံ့ယန့်နှင့် ချူယန့်တို့ သူငယ်ချင်းဖြစ်သွားခြင်းပင်။
ဤသည်မှာ ကောင်းသောလက္ခဏာ မဟုတ်ချေ။
ထို့ကြောင့် ယွင်ကျုံ့ယောင်သည် အမိန့်အရ သူ့နောက်မှ လိုက်ပါနေသော စစ်သားများကို ဂရုမစိုက်တော့ဘဲ တတိယမင်းသားအိမ်တော်သို့ တိုက်ရိုက် သွားလိုက်သည်။
သတ္တမမင်းသား၏ မြင်းလှည်းသည် လမ်းမပေါ် ရောက်သည်နှင့် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ မြို့သူမြို့သားအတော်များများပင် လိုက်ပါလာခဲ့ကြသည်။ ဤသည်မှာ မြို့တော်တွင် ယွင်ကျုံ့ယောင်၏ နာမည်ကျော်ကြားမှုကြောင့်ဖြစ်သည်။
နတ်ဘုရားနှင့်တူသော ဤသူ၏ မျက်နှာတော်လေးကို မည်သူက မမြင်ချင်ဘဲ နေမည်နည်း။
သို့သော် စစ်တပ်ရှိနေသောကြောင့် မည်သူမျှ ချဉ်းကပ်ရဲခြင်းမရှိချေ။
မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် ယွင်ကျုံ့ယောင်သည် သတင်းပို့သည်ကို မစောင့်ဘဲ တတိယမင်းသားအိမ်တော်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။
ယွင်ကျုံ့ယန့်သည် ယွင်ကျုံ့ယောင် ရုတ်တရက်ရောက်လာမည်ဟု ထင်မှတ်မထားပုံရသည်။
ယွင်ကျုံ့ယောင် မြင်လိုက်ရသောအခါ သူနှင့် ချူယန့်တို့သည် တတိယမင်းသားအိမ်တော်၏ ဥယျာဉ်ထဲတွင် ရယ်မောကာစကားပြောဆိုနေကြဆဲ။
ယွင်ကျုံ့ယောင်ကို မြင်သောအခါ ယွင်ကျုံ့ယန့်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီပင် ပုံမှန်ပြန်ဖြစ်သွားပြီး ထရပ်လိုက်သည်။
“ညီတော်၊ မင်း ဘာလို့ ရောက်လာတာလဲ”
“ဒဏ်ရာက သက်သာသွားလို့ အပြင်ထွက်လမ်းလျှောက်တာ။ နောင်တော့်ကို မတွေ့ရတာကြာပြီဆိုတော့ လာကြည့်တာလေ”
ယွင်ကျုံ့ယောင်၏ အကြည့်သည် ယွင်ကျုံ့ယန့်ကို ကျော်လွန်ကာ သူ့နောက်ရှိ ချူယန့်ကို ကြည့်လိုက်သည်။
ယွင်ကျုံ့ယန့်သည် သတိပြန်ဝင်လာသည်။
“ညီတော်၊ မင်းကို ပြောဖို့ မေ့နေတာ။ သူက လျိုယွဲ့ပြည်ရဲ့ အိမ်ရှေ့စံအစစ်ပဲ။ ဒါပေမယ့် ချူးယွင်ပြည်မှာ လည်ချင်တာကြောင့် စောစောရောက်လာတာ”
ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ယန့်ကို ကြည့်လိုက်သည်။ မျက်နှာထားသည် အေးဆေးပြီး မျက်လုံးထဲတွင် စိတ်ခံစားမှုများ ပေါ်လွင်နေခြင်းမရှိချေ။
“ဒီလိုကိုး၊ ဒါဆို တတိယနောင်တော်ကို ကျေးဇူးတင်ပါတယ်”
သို့သော် သူ၏ လေသံတွင် ကျေးဇူးတင်စကား တစ်စွန်းတစ်စပင် မပါဘဲ အနည်းငယ်အေးစက်နေခဲ့သည်။
ယွင်ကျုံ့ယန့်သည် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။ ယွင်ကျုံ့ယောင် သူ့ကို ဤသို့သော သဘောထားဖြင့် ဆက်ဆံသည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
“ညီတော်”
“တတိယနောင်တော်၊ ကျွန်တော် နောင်တော်နဲ့ ပြောချင်တဲ့ စကားတချို့ ရှိတယ်”
သူ၏ စကားများသည် ယွင်ကျုံ့ယန့်ကို ပြောခြင်း ဖြစ်သော်လည်း သူ၏ မျက်လုံးများကမူ ချူယန့်ကို ကြည့်နေခဲ့သည်။
ချူယန့်သည် အဓိပ္ပာယ်ကို နားလည်ပြီး လက်အုပ်ချီလိုက်သည်။
“ဒါဆို ကျွန်တော် အရင်နှုတ်ဆက်ပါရစေ။ တတိယမင်းသား၊ နောက်နေ့ ပြန်တွေ့ကြမယ်နော်”
ထွက်ခွာမသွားမီ ချူယန့်သည် ယွင်ကျုံ့ယောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်သည် အဓိပ္ပာယ်များစွာရှိပြီး အနိုင်ယူလိုစိတ်လည်း တစ်စွန်းတစ်စ ပါဝင်သည်။
ယွင်ကျုံ့ယန့်၏ နွေးထွေးသော ပုံစံမျိုးထက် ချူယန့်သည် ယွင်ကျုံ့ယောင်၏ အေးစက်သော ပုံစံမျိုးကို ပိုနှစ်သက်ကြောင်း ထင်ရှားသည်။
ချူယန့် ထွက်ခွာသွားပြီးနောက် ယွင်ကျုံ့ယောင်သည် ယွင်မော့ကိုပါ အပြင် ထွက်ခွာခိုင်းလိုက်ရာ ထိုခြံဝန်းထဲတွင် သူတို့နှစ်ဦးသာ ကျန်ရှိခဲ့သည်။
“ညီတော်၊ ဘာဖြစ်လို့လဲ။ ပြောစရာရှိလို့လား”
ယွင်ကျုံ့ယန့်သည် လျှောက်လာပြီး ယွင်ကျုံ့ယောင်ကို ပြုံးပြသည်။
“မင်း ဒီပုံစံမျိုး ပြုမူတာတစ်ခါမှ မမြင်ဖူးဘူး။ တတိယနောင်တော် ဘာများ မှားသွားလို့လဲ”
ယွင်ကျုံ့ယောင်သည် ချက်ချင်း စကားမပြောဘဲ စဉ်းစားနေခဲ့သည်။
ယခင်ဘဝက ယွင်ကျုံ့ယန့်သည် ချူယန့်ကို သဘောကျခဲ့သော်လည်း သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ယွင်ကျုံ့ယန့်သည် သူ၏ ခံစားချက်များကို ဖယ်ရှားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူတို့ နှစ်ဦး ထပ်မံတွေ့ဆုံခဲ့သည်။ သူသာ ဝင်မပါဝင်လျှင် ယွင်ကျုံ့ယန့်သည် ချူယန့်ကို ချစ်မိသွားမည်လား။ ချူယန့်ကို ချစ်မိသွားလျှင် ယွင်ကျုံ့ယန့်သည် ဒုတိယမြောက် ‘သူ’ ဖြစ်လာမည်လား။ ဤအကျိုးဆက်ကို စဉ်းစားရုံဖြင့်ပင် ယွင်ကျုံ့ယောင်တစ်ကိုယ်လုံး ချမ်းတုန်သွားသည်။
မဖြစ်နိုင်ဘူး၊ တတိယအစ်ကို သူ့လမ်းစဥ်နောက်လိုက်ခြင်းကို လုံးဝ ခွင့်မပြုနိုင်။
ချူယန့်သည် မည်မျှ လိမ်ညာတတ်သည်ကို သူ ကောင်းကောင်းသိပြီးသား ဖြစ်သည်။ ယွင်ကျုံ့ယန့်သည် သူ၏ ပြိုင်ဘက်ဖြစ်လာနိုင်မည်မဟုတ်ချေ။
“တတိယနောင်တော်၊ သူနဲ့ ဝေးဝေးနေပါ”
ယွင်ကျုံ့ယန့်သည် ယွင်ကျုံ့ယောင်၏ ပထမဆုံးစကားသည် ဤစကား ဖြစ်လိမ့်မည်ဟု မထင်ထားဘဲ မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။
“ဘာဖြစ်လို့လဲ”
“သူက လျိုယွဲ့ပြည်ရဲ့ အိမ်ရှေ့စံပဲ။ အခု နှစ်ပြည်ထောင်ဆက်ဆံရေးက အေးချမ်းနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ လျှို့ဝှက်လှုပ်ရှားမှုတွေရှိနေတယ်။ အရမ်းနီးနီးကပ်ကပ်ပေါင်းသင်းတာ မကောင်းဘူး”
ယွင်ကျုံ့ယန့်သည် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး ယွင်ကျုံ့ယောင်၏ ရှေ့သို့ လျှောက်သွားကာ သူ၏ လက်ချောင်းသွယ်များဖြင့် ယွင်ကျုံ့ယောင်၏ မေးစေ့ကို ညင်သာစွာ မြှောက်လိုက်သည်။
သူက ပေါ့ပေါ့ပါးပါးလေသံဖြင့်
“အဲဒါက တကယ့်အကြောင်းပြချက်လား။ ဒါမှမဟုတ် ညီတော် သူရဲကောင်းက အလှလေးကို ကယ်တာ ခံလိုက်ရပြီး မြင်မြင်ချင်း ချစ်မိသွားတာလား”
“နောင်တော် ဘာတွေလျှောက်ပြောနေတာလဲ”
ယွင်ကျုံ့ယောင်သည် မျက်မှောင်ကြုံ့ကာ ယွင်ကျုံ့ယန့်ကို မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး ယွင်ကျုံ့ယန့်က ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
“တတိယနောင်တော်က နောက်တာပါ။ ညီတော် တတိယနောင်တော်ကို စိတ်မဆိုးပါနဲ့နော်”
ခဏရပ်ပြီး ယွင်ကျုံ့ယန့်က ဆက်ပြောသည်။
“ညီတော် ပြောတာ မှန်ပါတယ်။ တတိယနောင်တော် သတိထားပါ့မယ်။ နောက်ဆို သူနဲ့ ဆက်ဆံတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ညီတော် ပြောတဲ့စကားကို ကိုယ်တိုင်လည်း မှတ်ထားသင့်တယ်”
“တစ်ကြိမ်အသက်ကယ်ခဲ့တာကြောင့် သူ့ကို တခြားအမြင်နဲ့ မကြည့်မိစေနဲ့”
ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ယန့်၏ စကားများတွင် အဓိပ္ပာယ်ရှိနေသည်ဟု ခံစားရသော်လည်း ယွင်ကျုံ့ယန့်ကို ကြည့်လိုက်သောအခါ ယွင်ကျုံ့ယန့်၏ မျက်လုံးများသည် အံ့ဩစရာကောင်းအောင် တောက်ပနေခဲ့သည်။
“မဖြစ်ပါဘူး”
“ညီတော်က အမြဲတမ်းစိတ်ချရပြီး ပြောတဲ့စကားကိုလည်း တည်တယ်။ ဒါဆို တတိယနောင်တော် စိတ်ချပြီ”
ယွင်ကျုံ့ယန့်၏ နှုတ်ခမ်းနီများ အနည်းငယ်ကွေးညွှတ်သွားပြီး တောက်ပစွာ ပြုံးလိုက်သည်။
ယွင်ကျုံ့ယောင်သည် သူတို့နှစ်ဦးကြားမှ လေထုသည် အနည်းငယ် လေးနက်နေသည်ဟု ခံစားရပြီး ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“တတိယနောင်တော် ကျွန်တော့်ကိုပဲ ဂရုစိုက်မနေဘဲ နောင်တော်ရဲ့ ကိုယ်လုပ်တော်နှစ်ယောက်ပေါ်မှာ အာရုံစိုက်သင့်တယ်။ ကလေးမွေးဖွားပြီးလို့ မင်းမျိုးမင်းနွယ်တွေ နောက်မျိုးဆက်ရလာရင် ခမည်းတော်က ကျွန်တော်တို့ကို ဒီလောက် တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတော့မှာ မဟုတ်ဘူး”
ယွင်ကျုံ့ယန့်၏ မျက်လုံးများက ပြူးကျယ်သွားသည်။
“မင်း ဘာတွေပြောနေတာလဲ။ဒါနဲ့များ မင်း ဘာလို့ သခင်မလေးတစ်ယောက်ကို လက်ထပ်ပြီး ကလေးမမွေးလိုက်တာလဲ”
“… သူကတော့ ဆန္ဒရှိမှာမဟုတ်ဘူး ထင်တယ်”
ယွင်ကျုံ့ယန့်က ရုတ်တရက် ပြောလိုက်ခြင်းဖြစ်သော်လည်း ယွင်ကျုံ့ယောင်၏ တုံ့ပြန်မှုသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။
“ညီတော်မှာ ချစ်ရသူရှိနေပြီလား။ ဘယ်သူလဲ။ ဘယ်သူလဲဆိုတာ တတိယနောင်တော်ကို မြန်မြန်ပြောပြပါဦး။ ဘယ်သူက မင်းကို စိတ်ဝင်စားစေတာလဲ”
မိန်းကလေးမဟုတ်ချေ။
ယွင်ကျုံ့ယန့်ကို မကြောက်သွားစေရန် ယွင်ကျုံ့ယောင်သည် ပါးစပ်ပိတ်လိုက်သည်။
ချူးယွင်ပြည်တွင် ယောက်ျားချင်း ချစ်ခင်ခြင်းသည် ဖုံးကွယ်ထားရမည့် ကိစ္စမဟုတ်သော်လည်း မင်းမျိုးမင်းနွယ်များထဲတွင် ယောက်ျားနှင့် ပေါင်းသင်းခဲ့သည့် စံနမူနာမျိုး တစ်ခါမျှမရှိခဲ့ချေ။
“တတိယနောင်တော်၊ ကျွန်တော် အရင်ပြန်လိုက်ဦးမယ်”
ပြောပြီးနောက် ယွင်ကျုံ့ယန့်ကို ထပ်မံမေးရန် အခွင့်အရေးမပေးတော့ဘဲ ယွင်ကျုံ့ယောင် လှည့်ထွက်သွားသည်။
“ဟေ့! ကောင်စုတ်လေး! မင်း တတိယနောင်တော်ကို စိတ်ဝင်စားအောင် လုပ်နေတာလား”
ယွင်မော့သည် တံခါးဝတွင် စောင့်နေပြီး ယွင်ကျုံ့ယောင် ထွက်လာသည်ကို မြင်သောအခါ အမြန်ကြိုဆိုလိုက်သည်။
“အရှင့်သား၊ အိမ်တော်ကို ပြန်မှာလား”
ခေါင်းအနည်းငယ်စောင်းကာ ယွင်မော့ကို ကြည့်လိုက်ပြီး ယွင်ကျုံ့ယောင်က တိုးတိုးလေးပြောလိုက်သည်။
“ချူယန့်ရဲ့ ခရီးစဉ်ကို သေချာစုံစမ်းပြီး ငါနဲ့ သူ ‘မတော်တဆ’ တွေ့ဆုံဖို့ စီစဉ်ပေးပါ”
ယွင်မော့ အနည်းငယ်တောင့်တင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့”
ချူယန့်သည် မည်သို့သောသူကို ကြိုက်သည်ကို ယွင်ကျုံ့ယောင် ကောင်းကောင်းသိသည်။ သူသည် နတ်ဘုရားဆန်သော၊ ကျူးကျော်မရသော ပုံစံရှိသူများကိုသာ ကြိုက်သည်။
ထိုအချက်ကြောင့်ပင် သူသည် ယခင်က ယွင်ကျုံ့ယောင်ကို စွဲလမ်းခဲ့ခြင်း မဟုတ်ပေလား။ ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် ယွင်ကျုံ့ယောင် ချစ်မိသွားသောအခါ သူ့ထံမှ အမှိုက်သဖွယ် စွန့်ပစ်ခြင်းခံခဲ့ရသည်။
တကယ်တော့ ယွင်ကျုံ့ယောင်သည် ဤဘဝတွင် ဤသို့ လုပ်ရန် မလိုအပ်သော်လည်း သူသည် ချူယန့်အား ယခင်ဘဝက သူ ခံစားခဲ့ရသော နာကျင်မှုများကို မြည်းစမ်းစေချင်သည်။