အခန်း (၃) - မျက်စိမခွာနိုင်အောင် ဖြစ်သွားသည်
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို ခေါ်၍ နန်းတော်သို့ ဝင်လာခဲ့သည်။ ယွင်ဧကရာဇ်နှင့် ချန်ဧကရီတို့သည် ယွင်ကျုံ့ယောင်က သူ၏ အစ်ကိုမောင်နှမများရှေ့တွင် ရုတ်တရက် မျက်လုံးများ နီရဲလာသည့်အကြောင်းကို ယွင်ချန်းမုန့်၏ ပြောပြချက်အရ ကြားသိထားပြီးဖြစ်၍ စိုးရိမ်သဖြင့် နန်းတော်သို့ ခေါ်လိုက်ခြင်းဖြစ်သည်။
ယွင်ကျုံ့ယောင်သည် မြင်းရထားပေါ်တွင် ထိုင်နေရင်း အမှောင်ရိပ်ထဲသို့ ကျုံ့ဝင်ရန် ကြိုးစားနေသည့် ယွင်မော့ကို ကြည့်ကာ ရယ်ချင်သလိုလို ခံစားရသည်။
“ဘာလို့ ငါနဲ့ အဲဒီလောက်ဝေးဝေးမှာ နေနေတာလဲ”
ယွင်မော့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ဘာလုပ်ရမှန်းမသိသော မျက်နှာလေးဖြင့် ယွင်ကျုံ့ယောင်ကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
“ကျွန်တော်မျိုး... ကျွန်တော်မျိုး...”
သူ့ခမျာ စကားပင် မပြောတတ်အောင် တောင့်တင်းနေသည်။
“ဒီမှာ ထိုင်”
ယွင်ကျုံ့ယောင်က သူ၏ မျက်နှာချင်းဆိုင်ရှိ နေရာကို လက်ညှိုးထိုးပြလိုက်ရာ
ယွင်မော့သည် တွန့်ဆုတ်တွန့်ဆုတ်နှင့် နေရာယူကာ ထိုင်လိုက်သော်လည်း သူ၏ တစ်ကိုယ်လုံးမှာ တင်းမာနေပြီး မသက်မသာဖြစ်နေပုံရသည်။
ယွင်ကျုံ့ယောင်သည်လည်း သူ့ကို ဆက်မပြောတော့ချေ။ သူ အသားကျအောင်တော့ အချိန်ပေးရမည်။ ထို့ပြင် သူ၏ ကိုယ်ပိုင်စိတ်နေသဘောထားအရလည်း မည်သူ့ကိုမှ ရင်းရင်းနှီးနှီးရှိမည်မဟုတ်။ ထို့ကြောင့် ယွင်ကျုံ့ယောင်သည် ခန္ဓာကိုယ်ကို နောက်သို့ မှီလိုက်ပြီး မျက်လုံးများ မှိတ်ကာ အနားယူလိုက်သည်။
ယွင်မော့သည် ယွင်ကျုံ့ယောင်ကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်သည်။ သို့သော် ကျွန်တစ်ဦးသည် သခင်၏ မျက်နှာကို တိုက်ရိုက်ကြည့်ခွင့်မရှိကြောင်း ရုတ်တရက် သတိရသွားပြီး ယွင်ကျုံ့ယောင် မြင်သွားမည်ကို ကြောက်သဖြင့် ခေါင်းကို ချက်ချင်းငုံ့လိုက်သည်။
သို့သော် ခဏအကြာတွင်မူ မနေနိုင်ဘဲ ခေါင်းပြန်မော့လာကာ ယွင်ကျုံ့ယောင်၏ ပြီးပြည့်စုံလှသော မျက်နှာကို ကြည့်ရင်း မျက်လုံးများ မခွာနိုင်အောင် ဖြစ်နေရသည်။
တကယ်ကို လှပလိုက်တာ......
ချူးယွင်ပြည်၏ အချောဆုံးပုရိသအဖြစ် ချီးမွမ်းခြင်းခံရသည့် သတ္တမအရှင့်သားနှင့်အတူ ရှိရသည်မှာ အခြားအရာများကို ထည့်ပြောစရာမလိုဘဲ ဤမျက်လုံးများကပင် နေ့စဉ် ဝမ်းသာနေရပြီဖြစ်သည်။
ထို့ပြင် သတ္တမအရှင့်သားက စိတ်ရင်းလည်း ကောင်းသေးသည်။
သူက အစပိုင်းတွင် မသိမသာကြည့်နေသော်လည်း နောက်ပိုင်းတွင်မူ ဖုံးကွယ်ထားရန် မေ့လျော့သွားသည်အထိ ဖြစ်လာကာ ယွင်ကျုံ့ယောင်ပင်လျှင် လျစ်လျူရှုနိုင်ခြင်း မရှိတော့ပေ။
"ဘာကြည့်နေတာလဲ"
ယွင်ကျုံ့ယောင် မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ ယွင်မော့သည် လန့်သွားပြီး ထိုင်ခုံပေါ်မှ မြေပြင်သို့ ဒူးထောက်လျက်ကျသွားကာ တောင်းပန်လိုက်သည်။
"အရှင်... အရှင့်သား အသက်ချမ်းသာပေးပါ"
သူ၏ ရုတ်တရက်ဒူးထောက်လိုက်မှုကြောင့် ယွင်ကျုံ့ယောင်ပင် အနည်းငယ် တောင့်တင်းသွားသည်။
"ဘာလုပ်နေတာလဲ"
အေးစက်သောအသံက တည်ငြိမ်နေပြီး အတက်အကျမရှိပေ။ သို့သော် ထိုအရာက ယွင်မော့ကို ပို၍ပင် ထိတ်လန့်သွားစေသည်။
"ကျွန်တော်မျိုး သခင့်ကို စိုက်ကြည့်မိတာ မသင့်တော်ပါဘူး။ ကျွန်တော်မျိုး သေသင့်ပါတယ်"
ယွင်ကျုံ့ယောင်၏ နှုတ်ခမ်းသည် အနည်းငယ်တွန့်ကွေးသွားသည်။
"ဘာမှမဖြစ်ဘူး၊ ထလိုက်ပါ"
ယွင်မော့သည် သတိကြီးစွာ ခေါင်းမော့ကြည့်ပြီး ကြောက်ရွံ့စွာ ယွင်ကျုံ့ယောင်ကို ကြည့်လိုက်သည်။ ထိုကျဉ်းမြောင်းသော မျက်ဝန်းများက သူ့ကို ကြည့်လာချိန်တွင် အမျက်ဒေါသတစ်စုံတစ်ရာမပါဘဲ နူးညံ့တည်ငြိမ်နေသည်။
"ကျေးဇူးတင်ပါတယ် အရှင့်သား..."
ယွင်မော့သည် သူ၏ နေရာသို့ ပြန်ထိုင်လိုက်သည်။ ယွင်မော့က စိတ်ထဲမှ စဉ်းစားနေသည်။ သတ္တမအရှင့်သားသည် အထက်လူကြီးများပြောသကဲ့သို့ပင် ရင်းနှီးရန် ခက်ခဲသော်လည်း စိတ်ထားနွေးထွေးသည်။
စိတ်နေစိတ်ထားလည်း အလွန်ကောင်းမွန်ပြီး ပုံမှန်မင်းသားတစ်ပါးနှင့် မတူပေ။
ယွင်ကျုံ့ယောင်သည် ဘဝ၏ အနိမ့်အမြင့်၊ အသက်ရှင်ခြင်းနှင့် သေခြင်းကို ဖြတ်သန်းပြီးပြီဖြစ်၍ အရာအားလုံးကို ပေါ့ပေါ့တန်တန် မြင်ထားပြီးဖြစ်သည်။ ဤကဲ့သို့သော ကိစ္စသေးသေးလေးအတွက် စိတ်ဆိုးရန် မလိုအပ်ပေ။
"အရှင့်သား၊ နန်းတော်ရောက်ပါပြီ"
ယွင်မော့က တိုးတိုးလေး သတိပေးလိုက်ရာ ယွင်ကျုံ့ယောင် ခေါင်းညိတ်လိုက်ပြီး မြင်းရထားပေါ်မှ ဆင်းလိုက်သည်။ သို့သော် နန်းတော်တံခါးကို ဖြတ်ကျော်ဝင်ရောက်ချိန်တွင် ယွင်မော့ ပျောက်ကွယ်သွားပြန်ကြောင်းကို ရုတ်တရက် သတိပြုမိလိုက်သည်။
"..."
ယွင်ကျုံ့ယောင်က သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ထားလိုက်ပါတော့၊ သူ အသားကျဖို့ အချိန်ယူရဦးမှာပဲ။
ယွင်ဟွမ်နန်းတော်အတွင်း၌ ယွင်ဧကရာဇ်နှင့် ချန်ဧကရီတို့သည် စောင့်မျှော်နေကြသည်။ ယွင်ကျုံ့ယောင်သည် ချစ်ခင်ရင်းနှီးလှသော ထိုနှစ်ဦးကို ကြည့်ရင်း သူ နန်းတော်မှ ထွက်ခွာနိုင်စေရန်အတွက် ရန်သူများ၏ မြှားဒဏ်ကို ခံကာ သေဆုံးခဲ့ရသည့် ပုံစံများကို ပြန်လည်မြင်ယောင်လာသည်။
သူ၏ နှလုံးသားက ပြန်လည်နာကျင်လာသည်။
"ခမည်းတော်ဧကရာဇ်၊ ဧကရီမယ်တော်"
ယွင်ကျုံ့ယောင်သည် ထိုနှစ်ဦးရှေ့သို့ သွားပြီး အရိုအသေပြုလိုက်သည်။
"ယောင်အာ ရောက်လာပြီလား။ လာပါဦး၊ မယ်တော် ကြည့်ရအောင်"
ချန်ဧကရီသည် ယွင်ကျုံ့ယောင်၏ လက်ကို ဆွဲယူပြီး စိတ်မချမ်းသာသည့် မျက်နှာထားဖြင့် အထက်အောက်ကြည့်လိုက်ပြီး "ပိန်သွားလိုက်တာ" ဟု ဆိုသည်။
ချန်ဧကရီသည် နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသော အမျိုးသမီးဖြစ်သည်။ ယွင်ဧကရာဇ်သည် အသက်ငါးဆယ်နီးပါးရှိပြီဖြစ်သော်လည်း ချောမောခန့်ညားနေဆဲပင်။
"စတုတ္ထအစ်ကိုတော်က မင်း နေမကောင်းဘူးလို့ ပြောတယ်"
ယွင်ဧကရာဇ်သည် ဤသားငယ်အား ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ဘာမှ မပြသသော်လည်း မျက်လုံးများတွင်မူ စိုးရိမ်မှုများကို မြင်နေရသည်။
ယွင်ကျုံ့ယောင်၏ အကြည့်သည် ထိုနှစ်ဦးထံမှ မခွာဘဲ စိတ်ထဲမှ နောင်တရမှုများနှင့် အပြစ်ရှိသလို ခံစားရမှုများကို ဖိနှိပ်ထားကာ မျက်လွှာအနည်းငယ်ချလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ခမည်းတော်၊ စတုတ္ထအစ်ကိုတော်က စိုးရိမ်လွန်နေတာပါ"
ယွင်ဧကရာဇ်နှင့် ချန်ဧကရီတို့နှင့် စကားပြောနေစဉ်တွင် တံခါးအပြင်မှ အရိပ်တစ်ခုသည် ရုတ်တရက်ပြေးဝင်လာကာ ယွင်ကျုံ့ယောင်ထံ တန်းတန်းမတ်မတ်ပြေးလာသည်။
"ညီလေးခုနစ်! နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ! မင်းကို အရမ်းလွမ်းနေတာ!"
တံခါးအပြင်မှ ချစ်စဖွယ်အသံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။
"ယွင်ကျုံ့ရှင်း! ဖြည်းဖြည်း! ညီခုနစ်ကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ!"
ယွင်ကျုံ့ယောင်ထံသို့ ပြေးဝင်လာသူမှာ လူငယ်တစ်ဦးဖြစ်ပြီး အများကြီးငယ်ပုံရသော်လည်း အမှန်တကယ်တွင်မူ သူက ယွင်ကျုံ့ယောင်ထက်ပင် ငါးလကျော်ခန့် ပိုကြီးသည်။
အပြင်မှ ဝင်လာသော မိန်းကလေးမှာ ယွင်ချန်းလင်ဖြစ်ပြီး သူမမှာ ယွင်ကျုံ့ရှင်းနှင့် တစ်ပုံစံတည်း ထွင်းထားသကဲ့သို့ တူညီသည်။
သူတို့နှစ်ဦးစလုံးအား ချန်ဧကရီမှ မွေးဖွားခဲ့ခြင်းမဟုတ်ဘဲ ယွင်ဧကရာဇ်၏ မောင်းမများထဲမှ ကိုယ်လုပ်တော်ယွင်၏ သားသမီးများ ဖြစ်ကြသည်။
"ရူးမိုက်လိုက်ကြတာ! မင်းသားနဲ့ မင်းသမီးဖြစ်ပြီး ရန်ဖြစ်နေကြတာ ဘယ်လိုပုံစံမျိုးလဲ!"
ယွင်ဧကရာဇ်သည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားသည်။
"အား! ခမည်းတော်လည်း ရှိနေတာလား"
ယွင်ကျုံ့ရှင်းသည် ချက်ချင်းပင် ယွင်ကျုံ့ယောင်ကိုယ်ပေါ်မှ ဆင်းကာ သူ၏ နောက်တွင် ပုန်းလိုက်သည်။ ယွင်ချီလင်သည်လည်း ယွင်ကျုံ့ယောင်၏ ကျန်လက်တစ်ဖက်ကို ချက်ချင်းဆွဲကိုင်လိုက်သည်။
"အရှင်မင်းကြီး၊ သူတို့မောင်နှမချင်း ချစ်ခင်ကြလို့ဟာကို ခွင့်လွှတ်လိုက်ပါ"
ချန်ဧကရီက အပြုံးဖြင့် ပြောလိုက်သည်။ ဤမောင်နှမများ၏ ချစ်ခင်မှုကို မြင်ရသည်မှာ သူမအတွက် အလွန်ဝမ်းသာစရာပင်။
"မင်းက သူတို့ကို အရမ်းအလိုလိုက်တယ်၊ ဒါကြောင့် စည်းမရှိကမ်းမရှိ ဖြစ်နေတာ" ယွင်ဧကရာဇ်သည် ထိုသို့သော အမူအကျင့်ကို သဘောမတူချင်ပေ။
ယွင်ကျုံ့ယောင်က မျက်လွှာချလိုက်သည်။ ဤမျှ နွေးထွေးသော ခံစားချက်မျိုးကို မခံစားရသည်မှာ ကြာပြီဖြစ်သည်။
"ခမည်းတော်၊ မယ်တော်၊ သားတော် ဒီနေ့ နန်းတော်မှာ ညစာအတူစားချင်ပါတယ်"
"ကောင်းတယ်၊ ကောင်းတယ်၊ မယ်တော် အခုပဲ နန်းတွင်းစားဖိုဆောင်ကို မင်း ကြိုက်တာတွေ လုပ်ခိုင်းလိုက်မယ်"
ယွင်ကျုံ့ယောင်၏ စကားကို ကြားသောအခါ ချန်ဧကရီသည် ချက်ချင်းပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"မယ်တော်၊ သားတော်လည်း စားချင်တယ်"
ယွင်ကျုံ့ရှင်းသည်လည်း ယွင်ကျုံ့ယောင်၏ နောက်မှ ခေါင်းလေးထုတ်ကာ ချန်ဧကရီကို သနားစဖွယ်မျက်နှာလေးဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီ၊ အားလုံး နေခဲ့ကြ၊ မယ်တော် နန်းတွင်းစားဖိုဆောင်ကို ပိုပြင်ဆင်ခိုင်းလိုက်မယ်"
ယွင်ချန်းလင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အနည်းငယ်ထူးဆန်းစွာ မေးလိုက်သည်။
"မောင်လေးခုနစ်၊ အစ်မတော် ခုနက ယွင်ဟွမ်နန်းတော်အပြင်က ဝင်လာတုန်းက ရွှမ်းအာ ပါမလာတာ သတိထားမိတယ်၊ ဘာလို့လဲ? တစ်ယောက်တည်း ထွက်လာတာလား?"
"ကိုယ်ရံတော်လေးတစ်ယောက် ခေါ်လာတာပါ... သူက လူတွေ့ရတာကို သိပ်မကြိုက်ဘူး"
ယွင်မော့အကြောင်း ပြောနေချိန်တွင် ယွင်ကျုံ့ယောင်၏ မျက်လုံးနှင့် မျက်ခုံးများသည် အနည်းငယ်ပျော့ပျောင်းသွားသည်။
"ဘာကိုယ်ရံတော်လဲ? သခင်ရှေ့မှာ အခွင့်အရေးယူနေတာလား"
ယွင်ကျုံ့ရှင်းသည် မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။
"မဟုတ်ပါဘူး"
ယွင်ကျုံ့ယောင်က ယွင်မော့ဘက်မှ ဖြေရှင်းပေးလိုက်သည်။
"ငါ ခွင့်ပြုထားတာ"
ယွင်ဟွမ်နန်းတော်၌ နေ့လယ်စာစားပြီးနောက် ယွင်ကျုံ့ယောင်သည် ယွင်ဧကရာဇ်နှင့် ချန်ဧကရီတို့နှင့်အတူ ဥယျာဉ်သို့ လျှောက်သွားကာ အစာချေရန် စဉ်းစားနေစဉ်တွင် အစေခံမလေးတစ်ဦးက ရုတ်တရက်ပြေးဝင်လာကာ လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး၊ ဧကရီ၊ ကိုယ်လုပ်တော်ရှူး ရေထဲကျသွားပါတယ်”
"ဘာ!"
ချန်ဧကရီက အလွန်အံ့အားသင့်သွားကာ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"မြန်မြန် နန်းတွင်းသမားတော်ကို ခေါ်!"
လူတိုင်းသည် ကိုယ်လုပ်တော်ရှူး နေထိုင်သည့် လျိုချီနန်းဆောင်သို့ အတူတကွ သွားကြသည်။ နောက်ဆုံးမှ လိုက်ပါလာသော ယွင်ကျုံ့ယောင်သည် ဤသတင်းကို ကြားသောအခါ တစ်ကိုယ်လုံးအေးစက်သွားသည်ကို မည်သူမျှ သတိမထားမိကြပေ။
ယွင်မော့သည် မည်သည့်အချိန်က ပေါ်လာသည်မသိ။ တုန်ရီနေသော ယွင်ကျုံ့ယောင်ကို ထောက်ကူပေးလာသည်။
"အရှင့်သား..."
"တကယ်ပဲ... အိပ်မက်မဟုတ်ဘူး"
ယွင်ကျုံ့ယောင်သည် ယွင်မော့ နားမလည်သော စကားများကို ရေရွတ်လိုက်သည်။
သူ စိုးရိမ်သော်လည်း မမေးရဲပါ။
ယွင်ကျုံ့ယောင် ကောင်းကောင်းမှတ်မိသည်။ သူ အိပ်မက်ဟု ထင်ခဲ့သည့် ဘဝတွင် သူ ဆယ့်ခြောက်နှစ်သားအရွယ်က ကိုယ်လုပ်တော်ရှူးသည် မတော်တဆ ရေထဲကျပြီးနောက် ဖျားနာကာ မကြာမီသေဆုံးသွားခဲ့သည်။
"ယွင်မော့၊ သွား၊ မင်း လျိုချီနန်းဆောင်ရဲ့ အနောက်ဘက်နန်းဆောင်က ကိုယ်လုပ်တော်ထောင်ဆီ အရင်သွားပြီး သူ့ကို စောင့်ကြည့်ထားလိုက်"
ယွင်မော့သည် နားမလည်သော်လည်း ယွင်ကျုံ့ယောင်၏ လက်ကို လွှတ်လိုက်ပြီး လျိုချီနန်းဆောင်ဘက်သို့ ဦးတည်၍ ထွက်သွားခဲ့သည်။
ယွင်ကျုံ့ယောင်သည် မျက်လုံးများကို မှိတ်လိုက်သည်။ ငယ်စဉ်ကတည်းကပင် သူသည် ဉာဏ်ကြီးရှင်လေးအဖြစ် ကျော်ကြားခဲ့သည်။ ယခုတွင်တော့ ယခင်ဘဝက အတွေ့အကြုံ၏ အားသာချက်လည်း ရှိနေပြီဖြစ်၍ များစွာသော ကြေကွဲစရာကိစ္စများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။