အခန်း (၁၉) မိမိကိုယ်ကိုယ်သာ သနားမိခြင်း
ရွှမ်းအာသည် ယွင်မော့နှင့် အတူတူအလုပ်လုပ်ရသူချင်းဖြစ်သည်ကို ထောက်ထား၍ ယွင်မော့အတွက် အသနားခံပေးရန် ဆုံးဖြတ်လိုက်သည်။
“အရှင့်သား၊ အခုက ဆောင်းဝင်တော့မှာဆိုတော့ အပြင်က ကြမ်းပြင်က အရမ်းအေးနေတာ။ ဒီအတိုင်းသာ အကြာကြီးဒူးထောက်နေရင် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်”
ရွှမ်းအာသည် ယွင်ကျုံ့ယောင်၏ စားပွဲပေါ်ရှိ ရေအေးကို ရေနွေးဖြင့် လဲပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
ယွင်မော့ အပြင်မှာ ဒူးထောက်နေသည်ဟု ကြားလိုက်ရချိန်တွင် ယွင်ကျုံ့ယောင်၏ ရင်ခုန်သံ မြန်သွားသည်။
'ဒီငတုံးလေးက တကယ်ပဲ အူကြောင်ကြောင်နိုင်လှချေလား၊ ငါက သူ့ကို ဒူးထောက်ခိုင်းတာလည်း မဟုတ်ဘဲနဲ့!' ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် အပြင်ထွက်၍ ယွင်မော့ကို အထဲဝင်ခိုင်းချင်သော်လည်း ရွှမ်းအာရှိနေသဖြင့် ယွင်မော့အပေါ် ဘက်လိုက်နေသည်ဟု မထင်စေရန် ထိန်းလိုက်ရသည်။
“ဟွန့်၊ သူက သိုင်းပညာရှင်တစ်ယောက်ပဲ။ ကြမ်းပြင်အေးတာလေးလောက်တော့ ခံနိုင်မှာပါ။”
ယွင်ကျုံ့ယောင်သည် ခုတင်ပေါ်တွင် ထိုင်၍ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။
သို့သော် သူ၏အကြည့်မှာ စာအုပ်ပေါ်တွင် မရှိဘဲ စိတ်လေနေသည်ကို ရွှမ်းအာ ရိပ်မိလိုက်သည်။ ရွှမ်းအာသည်လည်း ရေလဲပြီးနောက် ပြန်လည်ထွက်ခွာသွားတော့သည်။
ရွှမ်းအာထွက်သွားပြီး ခဏအကြာတွင် သူသည် ထရပ်ကာ အခန်းတံခါးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ခေါင်းငိုက်စိုက်ချ၍ တံခါးဝတွင် ဒူးထောက်နေသော ကိုယ်ရံတော်လေးကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးမှာ စိတ်ဓာတ်ကျနေသော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး အလွန်ပင် သနားစရာကောင်းနေသည်။
ထိုပုံစံကို မြင်လိုက်ရသောအခါ ယွင်ကျုံ့ယောင်၏ စိတ်က ချက်ချင်းနူးညံ့သွားပြီး ဒေါသများမှာလည်း လေထဲ လွင့်စင်သွားတော့သည်။
မိမိကိုယ်မိမိ စိတ်နူးညံ့လွယ်သည်ဟု စိတ်တိုနေမိသော်လည်း ယွင်မော့ကို ဆက်၍ ဒူးထောက်ခိုင်းထားရန် စိတ်မမာတော့ချေ။ ရွှမ်းအာပြောသည်မှာ မှန်ပါသည်။
ယခုအချိန်က အလွန်အေးနေသဖြင့် အကြာကြီးဒူးထောက်ပါက သိုင်းသမားပင် ဖြစ်လင့်ကစား ခံနိုင်မည်မဟုတ်ချေ။ ထို့အပြင် ယွင်မော့မှာ ငယ်ရွယ်သေးသည့် ကလေးတစ်ယောက်သာ ရှိသေးရာ ရောဂါအခံတစ်ခုခု ကျန်သွားမည်ကို သူ စိုးရိမ်မိသည်။
“ထတော့”
ယွင်ကျုံ့ယောင်က မျက်နှာကို တည်ထားပြီး ပြောလိုက်သည်။
ယွင်မော့သည် ချက်ချင်းခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ အကယ်၍ သူ၏နောက်တွင် အမြီးပါပါက ယခုအချိန်တွင် အစွမ်းကုန်လှုပ်ယမ်းနေမည်မှာ သေချာသည်။
ဒူးထောက်နေသည်မှာ ကြာသွား၍လား၊ သို့မဟုတ် အလျင်စလိုထလိုက်၍လားမသိ၊ ယွင်မော့သည် ယိုင်လဲသွားပြီး ရှေ့သို့ မှောက်ကျတော့မည့်အလား ဖြစ်သွားသည်။
သူ မိမိကိုယ်မိမိ ပြန်ထိန်းမည်အပြုတွင် နှာခေါင်းထဲသို့ အေးမြသော ရနံ့တစ်ခုက တိုးဝင်လာပြီး တစ်စုံတစ်ဦး၏ ဖမ်းထိန်းခြင်းကို ခံလိုက်ရသည်။
ယွင်မော့သည် ခဏတာကြောင်အသွားပြီး သတိမဝင်နိုင်သေးချေ။
“ခြေထောက်ဒဏ်ရာရသွားလား။”
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို ဖက်ထားရင်း စိုးရိမ်တကြီးမေးလိုက်သည်။
ယွင်မော့ သတိဝင်လာသောအခါ မျက်နှာမှာ တဖြည်းဖြည်းနီရဲလာပြီး အမြန်ထရပ်ကာ ခေါင်းခါလိုက်သည်။
“ဟင့်အင်း၊ မရပါဘူး အရှင့်သား။”
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
“အထဲဝင်ခဲ့။”
အခန်းထဲတွင် မီးသွေးအိုးထည့်ထားသဖြင့် နွေးထွေးနေသည်။ ယွင်မော့သည် သူ၏ကိုယ်ပေါ်ရှိ အအေးဓာတ်များပါ ချက်ချင်းပျောက်ကွယ်သွားသည်ဟု ခံစားရသည်။
“ဒီကို လာ”
ယွင်ကျုံ့ယောင်က ယွင်မော့ကို ခေါ်၍ မီးသွေးအိုးနားတွင် ရပ်ခိုင်းထားလိုက်သည်။ ယွင်မော့၏ မျက်နှာမှာ အပူရှိန်ကြောင့် နီရဲလာသည်ကို မြင်မှသာ ဖယ်ခိုင်းလိုက်သည်။
“မင်းရဲ့ အမှားကို သိပြီလား။”
ယွင်မော့သည် ခေါင်းငုံ့လိုက်သည်။
“ကျွန်တော်မျိုး သိပါပြီ။”
“ဘာမှားတာလဲ။”
“ကျွန်တော်မျိုး စိတ်မမြန်သင့်ပါဘူး။ နောက်တစ်ခါဆို အကျိုးဆက်ကို သေချာစဉ်းစားပါ့မယ်၊ အရှင့်သားကို စိတ်မပူစေရတော့ပါဘူး။”
ယွင်မော့၏ လိမ္မာယဉ်ကျေးသော ပုံစံကြောင့် ယွင်ကျုံ့ယောင်၏ စိတ်မှာ ထပ်မံ နူးညံ့သွားရပြန်သည်။
သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
'သူက ကလေးပဲ ရှိသေးတာပဲ၊ စိတ်မြန်လက်မြန် ဖြစ်တာကတော့ မလွဲသာဘူးလေ။' ဟု တွေးလိုက်မိသောအခါ ကြွင်းကျန်သမျှဒေါသများလည်း အကုန်ပျောက်ကွယ်သွားတော့သည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့အပေါ်တွင် အမြဲတမ်းစိတ်မဆိုးနိုင်ချေ။ ယွင်မော့ကို အပြစ်ပေးလိုက်သော်လည်း နောက်ဆုံးတွင် မိမိကိုယ်မိမိသာ သနားနေမိခြင်းဖြစ်သည်။
ဒုတိယနေ့တွင် ယွင်ကျုံ့ဖုန်း၏ လူများက သတင်းလာပို့ရာ မနေ့ညက နန်းတွင်းဧည့်ခံပွဲမှာ စိတ်မချမ်းမြေ့စရာများဖြင့် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းရရချင်းမှာပင် ယွင်ကျုံ့ယန့် ရောက်လာသည်။
ယွင်ကျုံ့ယန့်နှင့် တွေ့ရသောအခါ ယွင်ကျုံ့ယောင်သည် အနည်းငယ်စိတ်မသက်မသာ ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစ်ကိုတော်များနှင့် တစ်ခါမျှ စိတ်ဝမ်းကွဲခဲ့ခြင်းမရှိဘဲ မနေ့ညကမူ ချူယန့်ကြောင့် သူတို့ကြားတွင် အဖုအထစ် ဖြစ်ခဲ့ရသောကြောင့်ဖြစ်သည်။
“မနေ့က ချူယန့်ကို ဒုတိယအစ်ကိုက နန်းတော်ထဲမှာ တော်တော်ဆူလိုက်တာ၊ သူ ဘာတစ်ခွန်းမှ မပြောရဲဘူး။”
ယွင်ကျုံ့ယန့်သည် မနေ့ညက ကိစ္စများကို လုံးဝစိတ်ထဲမထားသည့်အလား ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
ယွင်ကျုံ့ယောင်သည် ခေါင်းအနည်းငယ်ငုံ့ထားသော်လည်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ မျက်လုံးထဲတွင် အပြုံးရိပ်များပေါ်လာသည်။
ယွင်ကျုံ့ဖုန်းသည် ကုန်သည်တစ်ဦးဖြစ်သဖြင့် စကားပြောအလွန်တော်သူဖြစ်သည်။ ချူယန့်တစ်ယောက် ယွင်ကျုံ့ဖုန်း၏ ဆူပူကြိမ်းမောင်းမှုကို ခံနေရသည့် ပုံစံကို သူ မြင်ယောင်ကြည့်နိုင်သည်။
“နှမြောစရာပဲ၊ မင်းက စောစောပြန်သွားလို့ မမြင်လိုက်ရဘူး။”
ယွင်ကျုံ့ယန့်က မေးစေ့ကို လက်ဖြင့် ထောက်၍ ပြုံးရွှင်စွာ ပြောသည်။
“ရပါတယ်၊ ကျွန်တော်လည်း မကြည့်ချင်ပါဘူး။”
ယွင်ကျုံ့ယောင်သည် မျက်လွှာချလိုက်သည်။
“နောက်နှစ်ရက်ဆို ဆောင်းဦးအမဲလိုက်ပွဲမဟုတ်လား။”
“ဟုတ်တယ်၊ မနေ့ညက မပြေမလည်ဖြစ်ခဲ့ပေမဲ့ ခမည်းတော်က ချူယန့်ကို အမဲလိုက်ပွဲတက်ဖို့ ဖိတ်ထားတုန်းပဲ… မင်းလည်း သွားရမယ်။”
ခဏရပ်ပြီး ယွင်ကျုံ့ယန့်က ဆက်ပြောသည်။
“အကယ်၍ မင်း မသွားချင်ရင် ငါ ခမည်းတော်ကို ပြောပေးမယ်။”
“မလိုပါဘူး၊ ကျွန်တော် သွားပါ့မယ်။”
ယွင်ကျုံ့ယောင်က ခေါင်းခါလိုက်သည်။
ယွင်ကျုံ့ယန့်က မတတ်သာသည့်အလား ခေါင်းခါရင်း—
“ပဉ္စမညီလေး မနေ့ညက နန်းတော်ပြန်ချိန်မှာ ခြေထောက်ခေါက်သွားတယ်၊ ခြေကျင်းဝတ်က အတော်လေးရောင်နေတာ။ သမားတော်ကတော့ အမဲလိုက်ပွဲသွားလို့ရမှာ မဟုတ်ဘူးတဲ့။”
ယွင်ကျုံ့ယောင်သည် အံ့ဩသွားသည်။ သူသည် ယွင်ကျုံ့ရှင်းကို အမဲလိုက်ပွဲမသွားရန် တားမြစ်ရန် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူက ငြင်းဆန်ပါက နည်းလမ်းတစ်ခုခု သုံး၍ တားဆီးရန်ပင် ကြံရွယ်ထားခဲ့သည်။
သို့သော် သူ ဘာမှမလုပ်ရသေးခင်မှာပင် ယွင်ကျုံ့ရှင်းက ဘာကြောင့် မိမိဘာသာ ခြေထောက် ခေါက်သွားရသနည်း။ ယခင်ဘဝက… ဤသို့ မဖြစ်ခဲ့ဖူးချေ။
ယွင်ကျုံ့ယောင်၏ အကြည့်မှာ ဇဝေဇဝါဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ။”
ယွင်ကျုံ့ယန့်က မေးသည်။
“ဘာ… ဘာမှ မဟုတ်ပါဘူး။”
ယွင်ကျုံ့ယောင် ခေါင်းခါလိုက်သည်။ သူ့စိတ်ထဲတွင် သံသယရှိနေသော်လည်း အကြာကြီးမစဉ်းစားတော့ချေ။
ယွင်ကျုံ့ရှင်း အမဲလိုက်ပွဲမသွားနိုင်ခြင်းမှာ ကောင်းသောကိစ္စဖြစ်သည်။ အနည်းဆုံးတော့… အသက်အန္တရာယ်မရှိနိုင်တော့ချေ။
ယွင်ကျုံ့ယန့်သည် အကြာကြီးနေပြီးမှ ထွက်ခွာသွားသည်။ ထိုအတောအတွင်း အစပိုင်း၌ ချူယန့်အကြောင်း စကားစပ်မိသည်မှလွဲ၍ ကျန်အချိန်များတွင် လုံးဝထည့်မပြောတော့ချေ။
ယွင်မော့သည် ယွင်ကျုံ့ယန့်ကို တံခါးဝအထိ ပို့ဆောင်ပေးပြီးနောက် ပြန်လာသောအခါ ယွင်ကျုံ့ယောင်ကို ကြည့်၍ စကားပြောချင်သလို ဖြစ်နေသည်။
“ပြောစရာရှိရင် ပြောလေ။”
“အရှင့်သား၊ ကျွန်တော်မျိုး ထင်တာကတော့… တတိယမင်းသားက နည်းနည်း ထူးဆန်းနေသလိုပဲ။”
ယွင်မော့က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ဘယ်လိုထူးဆန်းတာလဲ။”
ယွင်မော့က ရိုးရိုးသားသားပင် ခေါင်းခါလိုက်သည်။
“ပြောမပြတတ်ဘူး၊ ဒါပေမဲ့ ခံစားချက်တစ်ခုပဲ။ ကျွန်တော်မျိုး ခံစားချက်မှားတာလည်း ဖြစ်နိုင်ပါတယ်။”
ခံစားချက်က မှားတာ? ယွင်မော့၏ ခံစားချက်မှာ မည်မျှတိကျသည်ကို ယွင်ကျုံ့ယောင် ကောင်းကောင်းသိသည်။ ဤခံစားချက်ကြောင့်ပင် ယခင်ဘဝက သူတို့ကို အကြိမ်များစွာ ကယ်တင်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
ယွင်ကျုံ့ယောင်သည် မျက်လုံးများကို အနည်းငယ်မှေးလိုက်သည်။ ယွင်မော့၏ စကားကို သူ လျစ်လျူမရှုနိုင်ချေ။
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း ယွင်ကျုံ့ယန့်မှာ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားမိသည်။
သို့သော် ထိုခံစားချက်မှာ အလွန်မရေမရာဖြစ်နေသဖြင့် ယွင်ကျုံ့ယောင် သိပ်စိတ်ထဲ မထားခဲ့ခြင်း။ ယခု ယွင်မော့ပါ ဤသို့ပြောလာပြီဖြစ်ရာ သူ သေသေချာချာ သတိထားရတော့မည်။
သူ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည်။ ယခင်ဘဝတွင် ယွင်ကျုံ့ယန့်သည် သူ့ကို တစ်ခါမျှ လေသံမာမာဖြင့် စကားမပြောခဲ့ဖူးချေ။ သို့သော် ယခုဘဝတွင်မူ ချူယန့်ကြောင့် သူနှင့် စကားများလုနီးပါးဖြစ်ခဲ့ရသည်။
တတိယအစ်ကိုက ချူယန့်ကို စိတ်ဝင်စားနေတာလား။
ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ တတိယအစ်ကိုက ချူယန့်ရဲ့ ကောက်ကျစ်တဲ့ စရိုက်ကို မသိဘဲ မနေပါဘူး၊ ပြီးတော့ တတိယအစ်ကိုက ဒီလိုလူမျိုးတွေကို အမြဲမုန်းတီးတတ်တာပဲ။
ထပ်ပြီး စဉ်းစားရရင် ယွင်ကျုံ့ယန့်က ချူယန့်ကို တကယ်နှစ်သက်ခဲ့ရင်တောင် ယခင်ဘဝတုန်းက ယွင်ကျုံ့ယောင်အတွက်နဲ့ စွန့်လွှတ်ခဲ့တာ မဟုတ်ဘူးလား။
သေသေချာချာတွေးကြည့်လေ ယွင်ကျုံ့ယန့်၏ လုပ်ဆောင်ချက်အတော်များများမှာ ယခင်ဘဝနှင့် မကိုက်ညီတော့သည်ကို တွေ့ရသည်။ တစ်ခုခုမှားယွင်းသွားတာလား။
ယွင်ကျုံ့ယောင် ဘာကြောင့် ကွဲလွဲမှုတွေ ဖြစ်ပေါ်လာရသလဲဆိုသည်ကို တွေးမရဖြစ်နေသည်။
“အရှင့်သား?”
ယွင်မော့သည် ယွင်ကျုံ့ယောင် အကြာကြီးတိတ်ဆိတ်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ခေါ်လိုက်သည်။
သတိပြန်ဝင်လာသောအခါ ယွင်ကျုံ့ယောင်သည် ယွင်မော့ဘက် လှည့်ကြည့်လိုက်သည်။
“ဘာလဲ။”
“ကျွန်တော်မျိုး ဘာများမှားပြောမိလို့လဲ။”
ယွင်ကျုံ့ယောင် စကားမပြောသဖြင့် ယွင်မော့၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ယွင်ကျုံ့ယောင် စိတ်မဆိုးစေရန် စိုးရိမ်နေမိသည်။
ယွင်ကျုံ့ယောင်သည် ယွင်မော့ကို အနည်းငယ်စိတ်မကောင်းစွာ ကြည့်လိုက်သည်။
“မင်း ငါ့ရှေ့မှာ ဒီလောက်အထိ အမြဲတမ်းသတိထားနေစရာမလိုပါဘူး။”