no

Font
Theme

အခန်း (၈) ငါ ဘယ်တော့မှ အိမ်ရှေ့စံမလုပ်ဘူး

ယွင်မော့သည် ယွင်ကျုံ့ယောင်က ဘုန်းတော်ကြီးအား အမှာပါးသည့်စကားကို ပေးပို့ခဲ့ပြီး ဖြစ်ရာ ယွင်ကျုံ့ယောင် မျှော်လင့်ထားသည့်အတိုင်း ဘုန်းတော်ကြီးက ယွင်ကျုံ့လီကို တားမြစ်လိုက်လေသည်။ ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့လီ၏ စိတ်ပျက်နေသော အမူအရာကို စိတ်ကူးဖြင့်ပင် မြင်ယောင်နိုင်သည်။

သူ သတင်းပို့သည်ကို နားထောင်ရင်း ယွင်ကျုံ့ယောင်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသော ထက်မြက်သည့် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ယွင်မော့က သတ္တမမင်းသားသည် ကောလာဟလများထဲကအတိုင်း အမှန်တကယ်မဟုတ်ဟု တွေးလိုက်မိသည်။

“ကြည့်စမ်းပါဦး၊ သူ့မှာလည်း ဆိုးချင်တဲ့ဘက်ခြမ်းလေး ရှိနေသေးတာပဲ”

ယွင်မော့သည် သတ္တမမင်းသား၏ အခြားတစ်ဖက်ခြမ်းကို မြင်လိုက်ရပြီဟု ခံစားရပြီး အကြောင်းရင်းမသိဘဲ သူ၏ရင်ထဲတွင် ဝမ်းသာအားရဖြစ်မိသည်။

ယွင်ကျုံ့ယောင်၏ ခန္ဓာကိုယ်သည် အိမ်တော်၌ ရက်အနည်းငယ်အနားယူပြီးမှ နာကျင်မှုများ မရှိတော့ဟု ခံစားရသည်။

အချစ်ခံရသူများသည် အမြဲတမ်းနူးညံ့တတ်ကြပြီး သူသည် အမျိုးသားတစ်ဦး ဖြစ်နေသော်လည်း ခြွင်းချက်မရှိခဲ့ချေ။

ရက်အနည်းငယ်အတွင်း အစ်ကိုကြီးယွင်ကျုံ့မင်နှင့် ဒုတိယအစ်ကိုယွင်ကျုံ့ဖုန်းတို့သည် မြို့တော်သို့ ပြန်ခေါ်ခံခဲ့ရသည်။ သူတို့နှစ်ဦး မလိုလားသဖြင့် လမ်းခရီးတွင် မည်မျှပင် ကြန့်ကြာအောင် လုပ်ခဲ့သော်လည်း မတတ်နိုင်တော့ချေ။

မူလက ယွင်ကျုံ့ယန့်တို့သည်လည်း ဤတစ်ကြိမ်ကို ရှောင်ရှားရန် မြို့တော်မှ ထွက်ခွာနိုင်မည့် နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့ကြသည်။ သို့သော် ယွင်ဧကရာဇ်သည် သူတို့၏ လုပ်ရပ်များကို ကြိုတင်သိရှိထားသည့်အလား လူများကို စောစောစီးစီး စေလွှတ်၍ စောင့်ကြည့်စေခဲ့ရာ တစ်ဦးတစ်ယောက်မှ ထွက်ပြေးရန် မစဉ်းစားနိုင်တော့ချေ။

“အရှင့်သား၊ ရွှမ်းအာပြောတာက ပထမမင်းသားနဲ့ ဒုတိယမင်းသား ပြန်ရောက်တာနဲ့ အရှင်မင်းကြီးက ချက်ချင်းပဲ နန်းတော်ကို ဆင့်ခေါ်သွားတယ်တဲ့။ အရှင့်သားကိုလည်း နန်းတော်ထဲ လာဖို့ နန်းတော်ကလူ လာခေါ်ပါတယ်”

ယွင်ကျုံ့ယောင်သည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး ခေါင်းကိုက်သဖြင့် နဖူးကို ပွတ်သပ်လိုက်သည်။

“ပြင်ဆင်လိုက်ဦးမယ်၊ နန်းတော်ထဲ သွားကြစို့”

လာသင့်သည်များက အမြဲတမ်းရောက်လာတတ်ပြီး မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ချေ။

သူသည် သူ၏အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတော်တို့ ပြန်ရောက်လာချိန်တွင် သူတို့ထံသွားရောက်ပြီး နည်းလမ်းတချို့ ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ယွင်ဧကရာဇ်က ထိုအခွင့်အရေးကို လုံးဝမပေးခဲ့ချေ။

နန်းတော်တံခါးဝတွင် ယွင်ကျုံ့ယောင်သည် ရင်းနှီးသော မြင်းရထားနှစ်စီးကို မြင်လိုက်ရသည်။ ၎င်းတို့သည် ယွင်ကျုံ့ယန့်နှင့် ယွင်ကျုံ့မြောင်တို့၏ မြင်းရထားများ ဖြစ်သည်။

သူတို့နှစ်ဦးကိုလည်း နန်းတော်ထဲသို့ ခေါ်လိုက်သည်နှင့် တူသည်။

ယွင်မော့သည် ယွင်ကျုံ့ယောင်ကို အနီးကပ်ကာကွယ်ရန်အတွက် နန်းတော်ထဲသို့ အတူဝင်လာသော်လည်း စာကြည့်ခန်းသို့ ရောက်သောအခါ သူ့ကို ဝင်ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ယွင်ကျုံ့ယောင်သည် ယွင်မော့ကို စာကြည့်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေစေခဲ့ရသည်။

စာကြည့်ခန်းထဲသို့ ဝင်လိုက်ချိန်တွင် သူ၏ အစ်ကိုကြီးခြောက်ယောက်ကို တွေ့လိုက်ရသည်။ သူတို့၏ အမူအရာများသည် မတတ်သာသည့်ပုံ၊ လျစ်လျူရှုသည့်ပုံများသာ ရှိပြီး စိတ်လှုပ်ရှားနေသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

“သားတော်က ခမည်းတော်ကို ဂါရဝပြုပါတယ်”

“ဂါဝရပြုတာတွေလုပ်မနေနဲ့တော့၊ မြန်မြန်လာထိုင်ကြ”

ယွင်ဧကရာဇ်သည် စုဝေးရောက်ရှိလာသော ခုနစ်ယောက်ကို ကြည့်ကာ စိတ်မရှည်စွာဖြင့် သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“အခု မင်းတို့ ခုနစ်ယောက်လုံး အရွယ်ရောက်နေပြီ။ အိမ်ရှေ့စံနေရာကလည်း အကြာကြီး လစ်လပ်နေပြီ။ အခု ဆုံးဖြတ်ဖို့ အချိန်တန်ပြီ။ မင်းတို့ ညီအစ်ကိုခုနစ်ယောက် ဆက်ဆံရေးကောင်းတယ်ဆိုတာ ငါ သိတယ်။ ဒါကြောင့် မင်းတို့နဲ့ အထူးတိုင်ပင်ဆွေးနွေးဖို့ နန်းတော်ထဲ ခေါ်လိုက်တာ”

သို့သော်လည်း ယွင်ဧကရာဇ်၏ စကားကို ကြားသောအခါ အစ်ကိုကြီးယွင်ကျုံ့မင်၏ ခန့်ညားသော မျက်နှာမှာ မှောင်မိုက်သွားသည်။ စစ်မြေပြင်တွင် နှစ်ရှည်လများ တိုက်ခိုက်ခဲ့သောကြောင့် သူ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုသည့် စွမ်းအင်အနည်းငယ် ပျံ့နှံ့နေပြီး သူ၏ မျက်နှာကြီးမည်းလာသောအခါ မည်သူမျှ တိုက်ရိုက်မကြည့်ရဲချေ။

“ခမည်းတော်၊ နယ်စပ်မှာ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါပဲ။ ခမည်းတော်က ဒီကိစ္စလေးအတွက်နဲ့ သားတော်ကို ပြန်ခေါ်တာလား”

“လျိုယွဲ့ပြည်က ငါတို့လောက် အင်အားမရှိဘူး။ နယ်စပ်ကို မင်း အမြဲတမ်းဂရုစိုက်နေစရာ မလိုပါဘူး”

ယွင်ဧကရာဇ်သည် ယွင်ကျုံ့မင်၏ ကြောက်စရာကောင်းသော အမူအရာကို မကြောက်။ အဘယ်ကြောင့်ဆိုသော် သူသည် ယွင်ကျုံ့မင်၏ ဖခင်ပင်။

“ဒါပေမဲ့ နယ်စပ်စစ်ပွဲက ငြိမ်းချမ်းမှုမရှိသေးပါဘူး။ ပြီးတော့ သားတော်မှာ အဲဒီစိတ်မရှိပါဘူး”

ယွင်ဧကရာဇ် တစ်ခုခုပြောတော့မည့်အချိန်တွင် ခေါက်ယပ်တောင် ကိုင်ဆောင်ထားသော လှပသည့်ပုံစံရှိသော ဒုတိယမင်းသားယွင်ကျုံ့ဖုန်းကလည်း ပါးစပ်ဖွင့်လိုက်သည်။

“ခမည်းတော်၊ သားတော်ကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့။ သားတော်က နိုင်ငံရေးကိစ္စတွေကို တစ်ခုမှ နားမလည်ပါဘူး။ စီးပွားရေးမှာသာ လက်တည့်ပါတယ်။ ဘယ်ညီအစ်ကိုမဆို အိမ်ရှေ့စံသာ ဖြစ်သွားရင် သားတော်က အားလုံးကို စိတ်ရောကိုယ်ပါ ကူညီထောက်ပံ့ပေးမှာပါ”

ယွင်ကျုံ့ယန့်ကလည်း ယွင်ဧကရာဇ်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ခမည်းတော်၊ အိမ်ရှေ့စံနေရာကို သားတော်ကို ပေးပါလား။ သားတော် အိမ်ရှေ့စံဖြစ်ပြီး ထီးနန်းဆက်ခံတဲ့အခါ နန်းဆောင်ထဲမှာ ကိုယ်လုပ်တော်သုံးထောင်လောက် ထားမယ်လေ”

“မင်း ပေါက်ကရတွေ လာမပြောနဲ့!”

ယွင်ဧကရာဇ်သည် ဒေါသထွက်သွားသည်။ ယွင်ကျုံ့ယန့်က ဒီလိုပြောလိုက်တော့ ဧကရာဇ်မှာ သူ့ကို အိမ်ရှေ့စံအဖြစ်ထားရန် တကယ်ပင် စိတ်မချတော့ချေ။

“ခမည်းတော်၊ ရှေးထုံးတမ်းစဉ်လာအရ နန်းတော်အပြင်ဘက်မှာ အိမ်တော်ဆောက်ပြီးသွားရင် အိမ်ရှေ့စံနေရာနဲ့ အခြေခံအားဖြင့် ကင်းကွာသွားပါပြီ။ သားတော်က မင်းသားအိမ်တော်ဆောက်ပြီးသွားပြီ။ နောက်ကွယ်ကနေ အတင်းအဖျင်းပြောတာကို မခံချင်ဘူး”

ယွင်ကျုံ့မြောင်က လည်ပင်းကို ကျုံ့ပြီးထိုင်ခုံပေါ်တွင် ထိုင်လျက် ပြောလိုက်သည်။

ယွင်ဧကရာဇ်သည် သူ့ကို စူးစိုက်ကြည့်လိုက်သည်။

“မင်း ကောင်းကောင်းထိုင်စမ်း! ထိုင်ပုံထိုင်နည်းကို ဂရုစိုက်။ မင်း တတိယအစ်ကိုဆီကနေ အဲဒီလိုတွေ လိုက်မသင်နဲ့!”

ရုတ်တရက်အမည်တပ်ခံလိုက်ရသော ယွင်ကျုံ့ယန့်သည်လည်း ဒေါသမထွက်ဘဲ မျက်နှာပြောင်ပြောင်ဖြင့်သာ ရယ်မောနေသည်။

ယွင်ကျုံ့ရှင်း အလှည့်ရောက်သောအခါ သူသည် အံ့အားသင့်နေဆဲဖြစ်သည်။ ကိုယ်တိုင် အလှည့်ရောက်လာသည်ကို အလျင်အမြန်မသိလိုက်ချေ။ မျက်လုံးဝိုင်းကြီးများဖြင့် သူ၏ နုနယ်သောမျက်နှာကို လက်ဖြင့် ထိုးလိုက်ကာ

“ခမည်းတော်၊ သားတော်ရဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ပါဦး။ ဒီရာထူးမှာ ထိုင်ရင် ဘယ်သူက သားတော်ကို နာခံမှာလဲ။ ပြီးတော့ ရှေးကတည်းက အိမ်ရှေ့စံကို အကြီးဆုံး ဒါမှမဟုတ် မိဖုရားမှ မွေးတဲ့သူကိုပဲ ရွေးချယ်တာ။ သားတော်က တစ်ချက်နဲ့မှ မငြိဘူးလေ၊ ဘယ်သူက နာခံမှာလဲ”

ယွင်ဧကရာဇ် ယွင်ကျုံ့လီဘက်ကို မကြည့်မီတွင်ပင် ယွင်ကျုံ့လီသည် လောက၏ နာကျင်မှုများကို မြင်သည့်ဟန်ပန်ဖြင့် လက်ထဲတွင် ပုတီးစေ့ကို ဆုပ်ကိုင်ထားသည်။

“ခမည်းတော်၊ သားတော် ရဟန်းဝတ်ချင်တယ်…”

“မင်း လုပ်ရဲလား။ မင်း သွားရဲရင် မင်းရဲ့ ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်!”

ဤအခါတွင် လူတိုင်း၏ အကြည့်များသည် ယွင်ကျုံ့ယောင်ထံသို့ ကျရောက်လာသည်။

“…”

ယွင်ကျုံ့ယောင်သည် ခုမှပင် သတိပြန်ဝင်လာသည်။

ယွင်ဧကရာဇ်က လျိုယွဲ့ပြည်အကြောင်း ပြောခဲ့သောကြောင့် ခဏတာမှိုင်တွေသွားခဲ့ရာ ယခုမှပင် လူအများကြီးက သူ့ကို ကြည့်နေကြောင်း သတိထားမိလိုက်သည်။

သူ၏ လေးနက်သော မျက်လုံးများက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် အပေါ်ဘက်ရှိ ယွင်ဧကရာဇ်ကို ကြည့်ကာ စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်သည်။

ယွင်ဧကရာဇ်သည် နဖူးကို လက်ဖြင့်ဖိထားသည်။ ယွင်ကျုံ့ယောင်၏ ဤသဘောသဘာဝဖြင့် မည်သို့အိမ်ရှေ့စံလုပ်နိုင်မည်နည်း။

ဧကရာဇ်ခမျာ အလွန်အမင်းခေါင်းကိုက်နေလေသည်။ သူ၏ သားသမီးများကြားရှိ ဆက်ဆံရေးမှာ အမြဲကောင်းမွန်ခဲ့ပြီး ချူးယွင်ပြည်၏ အခြားတော်ဝင်မျိုးနွယ်များကဲ့သို့ ညီအစ်ကိုအချင်းချင်းသတ်ဖြတ်ခြင်းမျိုးမရှိသည့်အတွက် သူ အမြဲတမ်းဂုဏ်ယူခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင် ဤညီအစ်ကိုများကြားရှိ ဆက်ဆံရေးမှာ တစ်ယောက်နှင့် တစ်ယောက် အိမ်ရှေ့စံနေရာကိုပင် လွှဲပေးနိုင်ကြသည်အထိ ကောင်းမွန်လွန်းနေသည့်အတွက် သူ အနည်းငယ်စိတ်ညစ်လာသည်။

“ပြိုင်သင့်တဲ့အရာတွေဆိုရင် ပြိုင်ရမှာပေါ့၊ ဘာလို့ ဒီလောက်ယဉ်ကျေးနေကြတာလဲ!”

“တစ်ယောက်ပြီးတစ်ယောက် ရှောင်နေကြတယ်။ ဘာလဲ၊ ငါ့ရဲ့ ရာဇပလ္လင်က ပူနေလို့လား”

ဤအချက်ကို စဉ်းစားမိသောအခါ ယွင်ဧကရာဇ်သည် ခေါင်းခဲသွားသည်ဟု ခံစားရသည်။

ယွင်ကျုံ့ယန့်၏ မျက်လုံးများသည် လှည့်ပတ်သွားပြီး ယွင်ဧကရာဇ်ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်လိုသေးသည့်အလား။ သူက ညည်းညူဟန်လေးဖြင့် ပြောလိုက်သည်။

“ခမည်းတော်၊ သားတော် လက်ခံမယ်လို့ ပြောခဲ့တာကို ခမည်းတော်က ဘာလို့ ဂရုမစိုက်တာလဲ”

ယွင်ဧကရာဇ်မှာ တွေးရင်း ဒေါသထွက်လာသဖြင့် စားပွဲပေါ်မှ အစီရင်ခံစာတစ်စောင်ကို ဆွဲယူကာ ယွင်ကျုံ့ယန့်ထံ ပစ်ပေါက်လိုက်သည်။

“သွား! သွား! အကုန်လုံးထွက်သွား! မင်းတို့ကို ငါ့မျက်စိရှေ့ မှာ မမြင်ချင်ဘူး”

မြင်ရသည်နှင့် သူသာ ဒေါသထွက်ရသည်ပင်။

ညီအစ်ကိုများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် ညီညီညာညာထရပ်ကာ အထက်ရှိ ယွင်ဧကရာဇ်အား အရိုအသေပေးလိုက်ကြသည်။

“သားတော်တို့ကို ခွင့်ပြုပါဦး”

သူတို့၏ အသံများထဲမှ ဝမ်းသာအားရဖြစ်မှုများကို လုံးဝဖုံးကွယ်မထားပုံမှာ ယွင်ဧကရာဇ်ကို တမင်စိတ်ဆိုးအောင် လုပ်နေကြသည့်အလား။

“ထွက်သွား!”

ညီအစ်ကိုခုနစ်ယောက် စာကြည့်ခန်းမှ ထွက်လာသောအခါ တံခါးဝတွင် ဧကရာဇ်၏ တော်ဝင်အထိန်းတော် လီဖူလုကို တွေ့လိုက်ရသည်။

ယွင်ကျုံ့ဖုန်းသည် သူ၏ ခေါက်ယပ်တောင်ကို ပိတ်လိုက်ပြီး လီဖူလု၏ ပခုံးကို ခေါက်လိုက်သည်။

“လီကုန်းကုန်း၊ ငါ မင်းကို သတိပေးရမယ်ဆိုရင် မင်း မယ်တော်ကို အရင်သွားရှာသင့်တယ်နော်။ မဟုတ်ရင် ခဏနေ ဒုက္ခရောက်မှာက မင်းပဲ”

“အစ်ကိုကြီးနဲ့ ဒုတိယနောင်တော်၊ ကျွန်တော်တို့ ညဘက်အပြင်ထွက်လည်ကြမလား။ အချင်းချင်းမတွေ့ရတာကြာပြီလေ”

ယွင်ကျုံ့မြောင်က ယွင်ကျုံ့မင်နှင့် ယွင်ကျုံ့ဖုန်း၏ လက်များကို ဆွဲယူကာ ပြောလိုက်သည်။

ရှေ့မှ အစ်ကိုများက ညဘက်ဘယ်သွားလည်မည်ကို ဆွေးနွေးနေကြသော်လည်း ယွင်ကျုံ့ယောင်သည် နောက်ဆုံးတွင် မတ်တပ်ရပ်နေသည်။ ယွင်မော့တစ်ဦးတည်းသာလျှင် သူ၏ပုံစံက မူမမှန်သည်ကို ချက်ချင်းသတိထားမိလိုက်သည်။

“အရှင့်သား၊ ဘာဖြစ်တာလဲ”

ယွင်မော့က အသံကို နှိမ့်ကာ မေးမြန်းသည်။

ယွင်ကျုံ့ယောင်သည် ခေါင်းခါလိုက်ပြီး အလိုအလျောက်ပင် ယွင်မော့၏ဘေးနားသို့ တိုးလိုက်သည်။

သူ့အနားတွင် ယွင်မော့ ရှိနေမှသာ အနည်းငယ်စိတ်အေးချမ်းနိုင်သည့်အလား။

ယွင်မော့က ယွင်ကျုံ့ယောင်၏ ခန္ဓာကိုယ်မှာ မသက်မသာဖြစ်နေပြန်ပြီဟု ထင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံ့ယောင်၏ ခန္ဓာကိုယ်သည် တန်ဖိုးကြီးလှသောကြောင့် ဖြစ်သည်။

ယွင်မော့သည် လက်ဖြင့် ယွင်ကျုံ့ယောင်၏ လက်မောင်းကို ဖေးမလိုက်ပြီး အားပေးသည့် အနေဖြင့် ပြောလိုက်သည်။

“အရှင့်သား၊ မသက်မသာဖြစ်နေရင် ကျွန်တော်တို့ အရင်ပြန်ကြစို့လေ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment