no

Font
Theme

အခန်း (၁) - အရှက်ရစေခြင်း

မှောင်မည်းစိုစွတ်နေသည့် အကျဉ်းခန်းထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး ဗလာကျင်းနေသော ခန့်ညားသည့် လူငယ်တစ်ဦးအား သံကြိုးများဖြင့် ခြေလက်ခလေးဖက်လုံး ချည်နှောင်ထားသည်။ ဖြူဖွေးနူးညံ့သည့် အရေပြားပေါ်တွင် ကြိမ်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကြည့်လိုက်သည်နှင့် ထိတ်လန့်စရာကောင်းလောက်အောင် ဖြစ်နေသည်။

သူ၏ ရှေ့တွင် အရပ်မြင့်မြင့် ခန့်ညားသည့် အမျိုးသားတစ်ဦးသည် ရှည်လျားသော ကြိမ်လုံးတစ်ချောင်းကို ကိုင်ထားပြီး အဝတ်အစားများ သေသပ်သန့်ရှင်းနေသည်မှာ ဤ မှောင်မိုက်သော အကျဉ်းခန်းနှင့် လားလားမျှမဆိုင်ပေ။

လူငယ်က သေသည်ရှင်သည်ကိုပင် မသိရတော့ဘဲ ခေါင်းနှင့် ခြေလက်များ အားမရှိစွာ တွဲကျနေသည်။ ကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း သွေးများ စိမ့်ထွက်နေဆဲပင်။

ထိုအမျိုးသားက လက်ကို မြှောက်တင်လိုက်သည်နှင့် ကြိမ်လုံးသည် လူရွယ်၏ ကိုယ်ပေါ်သို့ ကျရောက်ကာ နောက်ထပ် ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ချက် ထပ်မံချန်ရစ်ခဲ့ပြန်သည်။ ထိုအချိန်တွင် အကျဉ်းခန်းထဲ၌ ကြိမ်လုံး ရိုက်သံများသာ ကျန်တော့သည်။

မည်မျှကြာသွားသည်မသိ၊ ထိုအမျိုးသားသည် ကြိမ်လုံးကို ဘေးသို့ ပစ်ချလိုက်ပြီး ရှေ့သို့ တိုးလာကာ လူငယ်၏ မေးစေ့ကို ညှစ်ကိုင်လိုက်ပြီး သူ့အား ခေါင်းမော့ကြည့်ရန် အတင်းအကျပ် ပြုလုပ်လိုက်သည်။

အတန်ကြာမှ ချစ်သူချင်း တီးတိုးပြောသကဲ့သို့ “ယွင်ကျုံ့ယောင်၊ အကျဉ်းသားဘဝရဲ့ အရသာက ဘယ်လိုလဲ” ဟု ပြောလိုက်သည်။

လူငယ်သည် မျက်လုံးများကို စေ့ပိတ်ထားပြီး သတိလစ်သွားသကဲ့သို့ ဖြစ်နေသည်။ သို့သော် လှုပ်ယမ်းနေသော သူ၏ ထူထဲသည့် မျက်တောင်များက သူ နိုးနေသေးကြောင်းကို ဖော်ပြနေသည်။

“မင်းက ငါနဲ့ ထာဝရ အတူရှိချင်တယ်လို့ အမြဲ အော်ဟစ်နေခဲ့တာမဟုတ်လား။ အခုတော့ ဆန္ဒပြည့်ဝသွားပြီပဲ၊ ဘာလို့ မပျော်တာလဲ” အမျိုးသား၏ လေသံထဲတွင် ပြောင်လှောင်သရော်မှုများ ပြည့်နှက်နေသည်။

လူရွယ်၏ မျက်လုံးများ နောက်ဆုံးတွင် အနည်းငယ် ပွင့်လာပြီး သူ၏ အက်ရှရှအသံသည် နှစ်ပေါင်းများစွာ မပြင်ဆင်ရသေးသည့် သစ်သားတံခါးကဲ့သို့ ကြမ်းတမ်းနေ၍ နားများပင် ပိတ်ထားချင်လောက်အောင်နားဝင်ဆိုးလှသည်။

“ချူယန့်... ငါ သရဲဖြစ်သွားရင်တောင် မင်းကို အလွှတ်ပေးမှာမဟုတ်ဘူး။”

“မင်းမှာ အခု သရဲဖြစ်ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး” ဟု ချူယန့်ဟု ခေါ်သည့် အမျိုးသားက ယွင်ကျုံ့ယောင်အား လွှတ်ပေးလိုက်ပြီး အနည်းငယ် ရှုပ်ပွနေသည့် သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်လိုက်သည်။ ထို့နောက် ယွင်ကျုံ့ယောင်၏ ရှေ့သို့ လာရပ်ကာ အထက်စီးမှ ကြည့်လိုက်သည်။

“ချူးယွင်ပြည်ရဲ့ မင်းမျိုးမင်းနွယ်တွေ၊ မင်းရဲ့ အချစ်ဆုံး ခမည်းတော်နဲ့ မယ်တော်၊ မင်းကို ချစ်ခင်တဲ့ အစ်ကိုတော်တွေက မင်း ငရဲကို ဆင်းသွားပြီး သူတို့ မျက်စိတွေကို ညစ်ညမ်းစေမှာကို သဘောတူမှာ မဟုတ်ဘူး။”

ယွင်ကျုံ့ယောင်၏ အေးစက်သည့် မျက်နှာသည် နောက်ဆုံးတော့ အနည်းငယ်ပျက်ယွင်းလာပြီး “ပါးစပ်ပိတ်!” ဟု အော်လိုက်သည်။

ချူယန့်သည် ယွင်ကျုံ့ယောင်၏ ထိုပုံစံကို မြင်ရသည်ကို နှစ်သက်သည်။ သူသည် ဤ အမြဲတမ်း အေးစက်ပြီး မာနကြီးသော အမျိုးသား၏ ဂုဏ်ယူဝင့်ကြွားသည့် ပုံစံ ပျက်ယွင်းသွားသည်ကို မြင်ရသည်ကို နှစ်သက်သည်။

ယခင်အချိန်က သူသည် ချူးယွင်ပြည်၏ အဆင့်မြင့်ဆုံး သတ္တမမင်းသား ဖြစ်ခဲ့ပြီး လူရှေ့သူရှေ့တွင် အေးစက်တည်ကြည်ခဲ့သည်။ သို့သော် ဖြူစင်သော အဝတ်အစားများဖြင့် ဖုံးအုပ်ထားသော ထိုသူ၏ ခန္ဓာကိုယ်သည် မည်မျှ ဖောက်ပြန်ရမက်ကြီးကြောင်းကို မည်သူသိနိုင်မည်နည်း။

သူသည် ယွင်ကျုံ့ယောင်၏ မေးစေ့ကို ပင့်လိုက်ပြီး သူ့အား ခေါင်းမော့ကြည့်ရန် အတင်းအကျပ် ပြုလုပ်ကာ “မင်း ပြောကြည့်၊ ယွင်ဘုရင်သာ ချူးယွင်ပြည်ဟာ သူ့ရဲ့ အချစ်ဆုံး သားငယ်လေးကြောင့် ပျက်စီးရလိမ့်မယ်ဆိုတာ သိခဲ့ရင် မင်းကိုမွေးမွေးချင်း လည်ပင်းညှစ်သတ်ပစ်လောက်တယ်။”

ဖခင်ကို သတိရရင်း ယွင်ကျုံ့ယောင်သည် မျက်လုံးများကို မပိတ်ဘဲ မနေနိုင်တော့ဘဲ ကြည်လင်သော မျက်ရည်စက်များက သူ၏ လှပသည့် မျက်နှာထက်မှ စီးကျလာသည်။

၄င်းကားအသက်ရှုရပ်လောက်အောင် လှပနေသည်။

ချူယန့်သည် တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားသော်လည်း မကြာမီပင် သတိပြန်ဝင်လာသည်။

“နေစမ်းပါဦး၊ မနေ့ကပဲ နန်းတွင်း အစောင့်အရှောက်တွေက ကြွက်ကလေးတစ်ကောင်ကို ဖမ်းမိတယ်။ ဘယ်သူဖြစ်မယ် ထင်လဲ။”

ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ချူယန့်ကို ကြည့်နေသည့် ယွင်ကျုံ့ယောင်၏ မျက်လုံးများတွင် အရိုးထဲအထိ စူးရှသည့် မုန်းတီးမှုများ ပါဝင်နေသည်။

ချူယန့်က အေးစက်စွာ ပြုံးလိုက်ပြီး “အဲ့လူခေါ်လာခဲ့။”

အကျဉ်းခန်းဆီသို့ လူအနည်းငယ် ရောက်လာသည်။ ယွင်ကျုံ့ယောင်၏ အကြည့်သည် အစောင့်အရှောက်အချို့က ဆွဲခေါ်လာသော ဒဏ်ရာများနှင့် ပြည့်နေသည့် အမျိုးသားပေါ်သို့ ကျရောက်သွားသည်။

ထိုသူ၏ မျက်နှာသည် သူ့အတွက်စိမ်းနေသည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင် အစောင့်အရှောက်များသည် မျက်နှာကို အမြဲ ဖုံးကွယ်ထားသောကြောင့် သူပင် မမြင်ဖူးခဲ့ပါ။ သို့သော် သူ ဝတ်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် မျက်ခွံထောင့်နားမှ အနည်းငယ်ပါးသော မွေးရာပါ အမှတ်အသားက ယွင်ကျုံ့ယောင်အား ထိုသူကို မှတ်မိစေခဲ့သည်။

“ယွင်မော့——” ယွင်ကျုံ့ယောင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

ယွင်မော့သည် သူ၏လျို့ဝှက်ကိုယ်ရံတော် ဖြစ်သည်။ ချူးယွင်ပြည် ပျက်စီးပြီးနောက် သူ ထွက်ပြေးခဲ့ရပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ လူများအားလုံး ချူယန့်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယွင်မော့တစ်ဦးတည်းသာ ကျန်ခဲ့သည်။

သူသည် ချူယန့်၏ လိုက်လံဖမ်းဆီးခြင်းမှ နောက်ဆုံးတွင် မလွတ်မြောက်နိုင်ခဲ့ပါ။ မိမိ၏ ကံကြမ္မာကို ကောင်းစွာသိသော ယွင်ကျုံ့ယောင်သည် ဤ သစ္စာရှိသော လူအား မနှောင့်ယှက်လို၍ နည်းမျိုးစုံဖြင့် သူ့အား မောင်းထုတ်ခဲ့သည်။

သူ မောင်းထုတ်လိုက်သည့် ထိုသူသည် သူ့အား ကယ်တင်ရန်အတွက် ပြန်လာခဲ့ပြီး ဤမျှ လူမဆန်အောင် နှိပ်စက်ခြင်း ခံခဲ့ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပါ။

ယွင်မော့သည် ယွင်ကျုံ့ယောင်၏ ခေါ်သံကို ကြားဟန်တူပြီး မျက်လုံးများကို အားယူဖွင့်လိုက်သည်။ “ကျွန်တော်မျိုး... အရည်အချင်း မရှိ... အရှင့်သားကို... ကယ်ထုတ်နိုင်ခြင်း... မရှိခဲ့ပါဘူး။”

“ဟား၊ မင်းရဲ့ အစောင့်အရှောက်လေးကတော့ မင်းအပေါ် သစ္စာရှိလှချည်လား။ အကြိမ်များစွာ လာခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရက်မှ ဖမ်းမိတာ။ မင်းတို့ ယွင်မိသားစုက ခွေးကောင်းတစ်ကောင်ကို မွေးထားတာပဲ” ဟု ချူယန့်၏ အေးစက်စူးရှသော အသံက ယွင်ကျုံ့ယောင်အား လက်တွေ့ဘဝဆီသို့ ပြန်လည် ဆွဲခေါ်လာသည်။

“သူ့ကို လွှတ်ပေးလိုက်ပါ...” ယွင်ကျုံ့ယောင်၏ လေသံတွင် တောင်းပန်မှုများ ပါဝင်လာသည်။

“ကျေးဇူးပြုပြီး...”

“မင်းမှာ ငါနဲ့ ဈေးဆစ်နိုင်တဲ့ အခွင့်အရေးရှိတယ် ထင်လို့လား” ချူယန့်က အေးစက်စွာ ပြုံးလိုက်ပြီး “ဒီကြွက်ကလေးက မကြာသေးမီက ငါ့ကို အရမ်းစိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာ။ ငါ သူ့ကို လွှတ်ပေးစရာ အကြောင်းမရှိဘူး။”

ချူယန့်၏ မျက်လုံးတစ်ချက်ဖြင့်ကြည့်လိုက်သည်နှင့် အစောင့်အရှောက်များ စတင် လှုပ်ရှားလိုက်ကြသည်။

သူတို့သည် ယွင်ကျုံ့ယောင်၏ ရှေ့တွင်ပင် ယွင်မော့၏ လက်နှင့် ခြေထောက်ရှိ သွေးကြောများကို ဖြတ်တောက်ပစ်လိုက်သည်။

“မလုပ်နဲ့——” ယွင်ကျုံ့ယောင်သည် နာကျင်စွာ အော်ဟစ်ငိုယိုလိုက်သည်။

“အရှင့်သား... အရှင့်သား၊ ယွင်မော့ မနာကျင်ပါဘူး” ယွင်မော့သည် မြေပြင်ပေါ်တွင် မှောက်လျက်လဲလျက် အသက်သည် ဝင်လိုက်ထွက်လိုက်နှင့် ဖြစ်နေသည်။

“ဖြည်းဖြည်းချင်းသတ်” ဟု ချူယန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

“မလုပ်ပါနဲ့... မလုပ်ပါနဲ့!” ယွင်ကျုံ့ယောင်သည် ယွင်မော့၏ ကိုယ်ပေါ်မှ အသားစများကို တစ်စစီ လှီးဖြတ်နေသည်ကို မျက်စိဖြင့် မြင်နေရသည်။

ချူယန့်သည် ဘေးမှ အေးစက်စွာ ကြည့်နေပြီး လူရွှင်တော်တစ်ဦးကို ကြည့်နေသကဲ့သို့ သူ၏ တုံ့ပြန်မှုကို ကြည့်ရှုနေသည်။

မည်သည့်နေရာက အားများရလာသည်မသိ၊ ယွင်ကျုံ့ယောင်သည် သံကြိုးများမှ လွတ်အောင် ရုန်းထွက်လိုက်သည်။ သူ၏ လက်ခြေများသည် သံကြိုးများကြောင့် ပွန်းပဲ့ပြီး သွေးထွက်ကာ အရိုးပင် ပေါ်နေသည်။

သူသည် အစွမ်းကုန် အားထုတ်ပြီး ချူယန့်၏ ရှေ့သို့ ပြေးသွားကာ သူ၏ လက်ထဲတွင် ချိုးဖဲ့ထားသော အရိုးတစ်ချောင်းကို ကိုင်ဆောင်ပြီး ချူယန့်၏ လည်ပင်းကို ထိုးသွင်းလိုက်သည်။

ချူယန့်သည် မျက်နှာထား တင်းမာသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ယွင်ကျုံ့ယောင်သည် ပြင်းထန်သော လေတိုက်ခတ်မှုဖြင့် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

“သေချင်နေတာ!” ချူယန့်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် ဝဲပျံလာပြီး ယွင်ကျုံ့ယောင်ကို သူ၏ ခန္ဓာကိုယ်အောက်တွင် အကာအကွယ်ပေးလိုက်သည်။

“အား...” နွေးထွေးသော အရည်များက ယွင်ကျုံ့ယောင်၏ မျက်နှာပေါ်သို့ စီးကျလာသည်။ ယွင်မော့သည် မျက်လုံးများ မဖွင့်နိုင်တော့ဘဲ ယွင်ကျုံ့ယောင်၏ ကိုယ်ပေါ်တွင် မှောက်လျက်လဲလျက် အသက်ရှုသံသည်လည်း ပိုမိုလေးလံလာသည်။

သို့သော် သူ၏ နှုတ်ခမ်းများသည် တုန်ယင်နေပြီး ပါးလွှာသော အသံကို ထုတ်နေသည်၊ “အရှင့်သား... မြန်မြန်ပြေး... မြန်မြန်ပြေး...”

နီးကပ်သောကြောင့် ကြားလိုက်ရသည့် ယွင်ကျုံ့ယောင်သည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

“သစ္စာရှိတဲ့ ခွေးကောင်းတစ်ကောင်ပဲ” ချူယန့်သည် ယွင်ကျုံ့ယောင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

တစ်ချိန်က သူ့အတွက် နှလုံးသားတစ်ခုလုံးကို ထုတ်ပေးနိုင်လောက်အောင် ချစ်ခဲ့ပြီး ယခုအခါ အရိုးထဲအထိ မုန်းတီးနေသည့် ဤအမျိုးသားကို သူ ကြည့်နေသည်။

ယွင်ကျုံ့ယောင်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ပါးစပ်နားသို့ ယူသွားကာ မည်သည့်အရာကို စားလိုက်သည်မသိ။

မကြာမီတွင်ပင် သွေးအမြောက်အမြားသည် ယွင်ကျုံ့ယောင်၏ ပါးစပ်မှ ထွက်လာသည်။

ချူယန့် သတိထားမိသည့်အခါ နောက်ကျနေပြီ ဖြစ်သည်။

သူသည် ယွင်ကျုံ့ယောင်၏ ပါးစပ်ကို ဖြဲလိုက်သောအခါ ပါးလွှာသော အရိုးတစ်ချောင်းသည် သူ၏ လည်ချောင်းတွင် ခံနေပြီး လည်ချောင်းကို ပြတ်ရှသွားစေခဲ့သည်။

ယွင်ကျုံ့ယောင်ကို လွှတ်လိုက်ပြီး ချူယန့်သည် အတူတကွ သေဆုံးသွားသော ထိုလူနှစ်ဦးကို ကြည့်နေသည်။ သူ၏ စိတ်ထဲတွင် ယွင်ကျုံ့ယောင်နှင့် ပထမဆုံး တွေ့ဆုံစဉ်က အထက်တန်းကျပြီး နတ်ဘုရားကဲ့သို့ သန့်စင်အေးဆေးသော ထိုလူ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်လာသည်။

သူ့ကို ကြည့်သည့်အခါတွင်မှသာ ထို လှပတည်ငြိမ်သော မျက်လုံးများတွင် ပြင်းပြသော ချစ်ခြင်းမေတ္တာများ ထွက်ပေါ်လာပြီး ထိုအမူအရာမဲ့သော မျက်နှာတွင် သေးငယ်သော အပြုံးတစ်စ ချိုသာစွာ ပေါ်လာတတ်သည်။

ယခုမူ ထိုအရာအားလုံး မရှိတော့ပေ။

မည်သူမျှ ထို နတ်ဘုရားကဲ့သို့သော သတ္တမမင်းသားသည် နောက်ဆုံးတွင် ဤမျှ ဝမ်းနည်းဖွယ် သေဆုံးလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပါ။

ချူယန့်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အတွေးများထဲမှ ပြန်လည် နိုးထလာသည်။ သူ့လက်မှ သွေးများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ဤ ညစ်ပတ်သော နေရာမှ လှည့်ထွက်သွားခဲ့သည်။

သူထွက်ခွာသွားစဉ်တွင် “အလောင်းတွေကို အမှိုက်ပုံထဲ ပစ်ချလိုက်” ဟုသာပြောဆိုသွားခဲ့သည်။

အပြန်အလှန် ယှဉ်ပြိုင်ခဲ့သော ချူးယွင်ပြည်သည် ပျက်စီးသွားပြီ။ ဤကမ္ဘာသည် လျိုယွဲ့ပြည်၏ အပိုင်သာဖြစ်တော့သည်။

ပါရမီရှင်ဟု သတ်မှတ်ခံရသည့် ယွင်ကျုံ့ယောင် သေဆုံးသွားပြီဖြစ်၍ ဤလောကတွင် သူ့အား ယှဉ်ပြိုင်နိုင်သူ မရှိတော့ပါ။

ချူယန့် တစ်ဦးတည်းသာရှင်ဘုရင် ဖြစ်လာရန် ကံကြမ္မာပါလာသူပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment