အပိုင်း (၉) - ငါ ဒီအဖြေကို သိတယ်! (၂)
တံခါးဝရှိ ဝန်ထမ်းက ၎င်းတို့ကို တွေ့လိုက်ရသောအခါ အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွားခဲ့သည်။ ထို့နောက်မှာမှ သူက တံခါးဖွင့်ကာ ကြိုဆိုနှုတ်ဆက်ခဲ့လေသည်။
"ကြိုဆိုပါတယ်ခင်ဗျ။"
ပိုင်ချီက အထဲဝင်သွားလိုက်ပြီး ရှီချန်းယွင်က သူ့ကို ဆက်ပြောပြလိုက်သည်။
"ဒီညစာစားပွဲက သီးသန့်ပွဲမျိုးမို့ လူအများကြီး တက်ရောက်မှာမဟုတ်ဘူး။ မင်း စိတ်ထဲ မလွတ်လပ်ဘူးလို့ ခံစားရရင် တိတ်တိတ်လေး နေလို့ရတယ်။ ဘာမှမဖြစ်ဘူး။"
ပိုင်ချီက ပြန်ဖြေလိုက်သည်။
"အင်း။"
ရှန်းကွမ်းတစ်ယောက် အနောက်ကနေလိုက်ကာ နားထောင်ရင်း ရှီကောက အရာအားလုံးကို သေချာစီစဉ်ပေးတတ်ပြီး ဤကလေးအပေါ်တွင်လည်း အမှန်တကယ် ကောင်းပေးသည်ဟု ခံစားလိုက်ရသည်။
သို့သော် ရှီကော ဤနယ်ပယ်ထဲမှာ နာမည်ကောင်းရထားသည်မှာလည်း ပေါင်းသင်းဆက်ဆံရေး၌ လူများနှင့် လိုက်လျောညီထွေ ဆက်ဆံပေးတတ်သောကြောင့်ပင်။
ထို့ကြောင့် အချို့သူများက မိမိကိုယ်မိမိ ရှီကောအတွက် အထူးသီးသန့်ဖြစ်နေသည်ဟု အထင်လွဲသွားတတ်ကြသည်။
"ရှီလောင်ရှီး!"
မလှမ်းမကမ်းကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ပိုင်ချီ အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ငယ်ရွယ်သော အမျိုးသားတစ်ယောက်က ၎င်းတို့ဘက်သို့ အမြန် လျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ သူက အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်လည်စည်းကို တပ်ဆင်ထားကာ ဆံပင်များကို အနောက်သို့လှန်ဖြီး၍ ပုံသွင်းထားသည်။
ထိုအမျိုးသား၏မျက်နှာထက်မှာ ပျော်ရွှင်နေသော အရိပ်အယောင်များ ပြည့်နှက်နေပြီး အနားသို့ ရောက်လာသောအခါမှ အံ့ဩသွားသောမျက်လုံးများဖြင့် ပိုင်ချီကို စိုက်ကြည့်လာခဲ့သည်။
"ရှီလောင်ရှီး... ဒါ... ဒါက..."
"ကျွန်တော့်နာမည် ပိုင်ချီပါ။"
ပိုင်ချီက နှုတ်ခမ်းများကို အသာအယာစေ့ပိတ်လိုက်ရာ နာခံမှုရှိသော ပုံစံလေးကို ပေါ်လာခဲ့သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။"
"ဝမ်း၊ အာ၊ ဝမ်းသာပါတယ်..."
ထိုအမျိုးသားက စကားတောင်ထစ်သွားခဲ့သည်။
သူ၏အကြည့်များက နှစ်ဦးသားကြား အပြန်အလှန်ကူးလူးနေသော်လည်း ၎င်းတို့ဆက်ဆံရေးကို နာမည်တပ်ရန် အခက်တွေ့နေခဲ့သည်။
"ဥက္ကဌလျန်၊ အထဲဝင်ပြီးမှ ပြောကြတာပေါ့။"
ရှီချန်းယွင်က ပြောလိုက်သည်။
ဥက္ကဌလျန်ဆိုသည့် ထိုအမျိုးသားက ခေါင်းအထပ်ထပ်ညိတ်ကာ ၎င်းတို့ရှေ့ကနေ ဦးဆောင်ခေါ်သွားခဲ့သည်။
"ကျွန်တော်တို့ ဝိုင်ပုလင်းတွေ ဖွင့်ပြီးသွားပြီ။ သူတို့ ရုပ်ရှင်ဇာတ်ညွှန်းအကြောင်း ပြောနေတာ နှစ်ခါတောင်ရှိပြီ။ ကျွန်တော်တို့မှာ ပျင်းလို့ သေတော့မယ်... ကျွန်တော်တောင် တွေးနေသေးတယ်၊ ရှီလောင်ရှီးရဲ့ပွဲက ပြီးသွားတာစောတာကို ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲလို့။ ဒါက..."
သူက ခဏရပ်တန့်လိုက်ပြီးမှ မေးလိုက်၏။
"ဒီသခင်လေးပိုင်ကို သွားကြိုနေတာလား။"
ရှီချန်းယွင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"အင်း။"
ဥက္ကဌလျန်က ၎င်းတို့ကို ပွဲခန်းမအသေးစားလေးထဲ ခေါ်ဆောင်သွားခဲ့သည်။
"လက်ထပ်မှတ်ပုံသွားတင်တာ။"
ရှီချန်းယွင်က ပြောလိုက်လေသည်။
ဥက္ကဌလျန်မှာ ချက်ချင်းဆိုသလို ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်သွားပြီး ကော်ဇောပေါ် မှောက်လျက်လဲတော့သည်။
ခန်းမထဲမှလူများက ရယ်မောလိုက်ကြ၏။
"ဟားဟား၊ ဥက္ကဌလျန်က ဘာလုပ်နေတာလဲ။ ရှီလောင်ရှီးကို နှစ်သစ်ကူး ဂါရဝပြုနေတာလား။"
ဥက္ကဌလျန်က ကြမ်းပြင်ပေါ်ကနေ ကုန်းရုန်းထလိုက်၏။
အထဲမှလူများက သူ့ကို ထိုမျှသာစနောက်လိုက်ကြပြီး ချက်ချင်း အသံပြောင်းလိုက်ကြသည်။
"ရှီကော၊ ဒီမှာ ဒီမှာ!"
"ရှီလောင်ရှီး ကြွပါ။"
ဥက္ကဌလျန်က ပြောလိုက်သည်။
တကယ်တော့ ၎င်းတို့အားလုံးက ပိုင်ချီကို စိုက်ကြည့်နေကြလေသည်။
ပိုင်ချီက ရုပ်ချောလွန်းသဖြင့် ရှီချန်းယွင်၏ဘေးမှာ ရပ်နေလျှင်တောင် နည်းနည်းလေးမှ မနိမ့်ကျသွားပေ။ နှစ်ယောက်စလုံးက လုံးဝမတူညီသော ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားကြပြီး လူတိုင်း၏အကြည့်များကို ဖမ်းစားနိုင်ပေသည်။
လူတိုင်းက အလွန့်အလွန် စူးစမ်းလိုစိတ်ပြင်းပြနေသော်လည်း မပြောသင့်တာပြောမိပြီး ရှီချန်းယွင်ကို အပြစ်ပြုမိမည်စိုး၍ တိုက်ရိုက်မမေးရဲကြပေ။
ရှီချန်းယွင်က ပိုင်ချီကိုခေါ်ကာ အထဲသို့လျှောက်လာပြီး နေရာယူလိုက်လေ၏။
ရှန်းကွမ်းက ပိုင်ချီ ကြောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် ၎င်းတို့က ရောက်လာခဲ့ပြီဖြစ်ရာ စိုးရိမ်နေလည်း အပိုပင်။ မည်သို့ပင်ဆိုစေ ရှီကောကို မျက်နှာမပျက်စေလျှင် အဆင်ပြေပြီဖြစ်၏။
ရှန်းကွမ်းတစ်ယောက် အဖက်ဖက်ကနေ တွေးတောနေခဲ့သည်။
အခြားတစ်ဖက်တွင် ရှီချန်းယွင်၏ဘေးပတ်ပတ်လည်မှ လူများက ရုပ်ရှင်အကြောင်းကို ပြန်လည်ဆွေးနွေးနေကြလေပြီ။ တစ်ခါတစ်ရံ လူအနည်းငယ်က ဝင်ပြောလာခဲ့ကြသည်။
"ရှီကော၊ ကျွန်တော်ပြောထားတဲ့ ဒီပရောဂျက်လေးကို အရင်ကြည့်ပေးပါဦး။"
"ရှီလောင်ရှီး၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ပြောထားတဲ့ ကိစ္စကိုလေ ဘယ်လိုသဘောရလဲ။"
ရှီချန်းယွင်က ဤညစာစားပွဲ၏ ဇာတ်လိုက်ပင်။
အတိအကျပြောရလျှင် ဤညစာစားပွဲက ရုပ်ရှင်၏အောင်မြင်မှုကို အောင်ပွဲခံနေသည်ထက် ဝါရင့်သဘာရင့်တစ်ယောက်ဆီကနေ လမ်းညွှန်မှုတောင်းခံနေကြသည့် ပုံစံနှင့် ပို၍တူနေခဲ့သည်။
ပိုင်ချီတစ်ယောက် မျက်တောင်လေး တဖျပ်ဖျပ်ခတ်လိုက်၏။
သူ နာမည်ကြီးဒါရိုက်တာကို တွေ့လိုက်ရသလို အခြားတစ်ဖက်မှာထိုင်နေသော နာမည်ကြီးထုတ်လုပ်သူကိုလည်း တွေ့လိုက်ရသည်... ထို့အပြင် နာမည်ကြီး ဇာတ်ညွှန်းရေးဆရာများ၊ ဘဏ္ဍာရေးမဂ္ဂဇင်းများ၌ မြင်တွေ့နေကျ ဥက္ကဌများ၊ လူကြီးမင်းများကိုလည်း မြင်တွေ့ခဲ့ရသည်။
ဒါဆို ရှီချန်းယွင်က သရုပ်ဆောင်လောကမှာပဲ ကောင်းကောင်းစွမ်းဆောင်နိုင်တာ မဟုတ်ဘူးပေါ့? ဟင်?
သူ ရှန်းကွမ်းပြောခဲ့သော ကျန်းမိသားစုက အလွန်ချမ်းသာသည်ဆိုသည့်စကားကို ပြန်အမှတ်ရလိုက်မိသည်။ ထို့ကြောင့် ရှီချန်းယွင်၏နောက်ခံမှာ ကနဦးကတည်းက အလွန် ကြီးမားပေသည်။
"တစ်ဆိတ်လောက်ပါ၊ ကိတ်မုန့်ကို အခုခွဲတော့မလားဗျ။"
ဝန်ထမ်းတစ်ယောက်က တံခါးကို အသာအယာခေါက်၍ ဝင်လာကာ မေးလိုက်သည်။
ပိုင်ချီက ခေါင်းလှည့်ကြည့်လိုက်သည်။
အမယ်လေး။ ၇ ထပ်ကိတ်မုန့်ကြီးတဲ့လား!
"ဖယောင်းတိုင်ကို အရင် ထွန်းရအောင်လေ။"
"ငါတို့ ဆုတောင်းကြမယ်။ ဘယ်သူ အရင် ဆုတောင်းမလဲ။"
"ရှီကော၊ ရှီကောက အရင်ဆုံး ဆုတောင်းလိုက်ပါ။"
ဝန်ထမ်းက ဖယောင်းတိုင်များကို မီးညှိရန် ကူညီပေးလိုက်သည်။
ဖယောင်းတိုင်ကို ကြည့်ပြီး ဆုတောင်းဖို့အတွက် ခေါင်းကို မည်မျှအထိ မော့ထားရမည်နည်း။
ပိုင်ချီတစ်ယောက် ရှီချန်းယွင်ကို လှည့်ကြည့်လိုက်ရာ ရှီချန်းယွင်ကလည်း သူ့ကိုကြည့်နေသည်အား တွေ့လိုက်ရလေသည်။
ရှီချန်းယွင်က တစ်ချက်ကြည့်လိုက်ပြီးမှ အကြည့်ကို ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက ဝန်ထမ်းအား ထိပ်ဆုံးအလွှာကို ဖယ်ရှားခိုင်းလိုက်ပြီး ပိုင်ချီ့အရှေ့မှာထားပေးရန် ပြောလိုက်သည်။
"ဆုတောင်းလိုက်။"
ခန်းမလေးထဲမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏မျက်လုံးများက ပိုင်ချီ့အပေါ်မှာသာ ကျရောက်နေခဲ့သည်။
ပိုင်ချီက မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်၏။
"ကောင်းပြီ။"
သူက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏နှာခေါင်းထဲ ကိတ်မုန့်အနံ့များ သင်းပျံ့လာခဲ့သည်။
အမ်၊ ငါ ဘာဆုတောင်းရမလဲ။ ငါ့မိသားစု ကြုံနေရတဲ့ ဒုက္ခအပေါင်းကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်မယ်၊ ပြီးတော့ လူကြီးမင်းရှီလည်း ဆန္ဒတွေ ပြည့်ဝပါစေ။
ပိုင်ချီနှင့် ရှီချန်းယွင်တို့ အတူတူ ဆုတောင်းလိုက်ကြပြီးမှ အခြားသူများက အသံထွက်၍ ဆုတောင်းကြတော့သည်။
"ငါ့ရဲ့အဲ့ဒီပရောဂျက်လေး အောင်အောင်မြင်မြင် ပြီးဆုံးပါစေကွာ၊ ငါ့မှာ စိတ်ပူလွန်းလို့ ထိပ်တောင်ပြောင်တော့မယ်!"
အချို့ကလည်း 'ငါ မင်္ဂလာမဆောင်ချင်တော့ဘူး၊ နောက်ထပ် နှစ် ၃၀၀ လောက်ကို တစ်ကိုယ်တည်းပဲ နေချင်တယ်'၊ 'ငါ သဘောကျနေတဲ့ကောင်မလေးကို အမြန်ဆုံး ရပါရစေ' စသဖြင့် ဆုတောင်းခဲ့ကြသည်။
ဤနယ်ပယ်မှ ဆရာ့ဆရာကြီးများ စုစည်းမိသောအခါ ဆုတောင်းကြသည့်အရာများက အတော်လေးကို ဆန်းကြယ်နေသည်။ ၎င်းတို့က ဟိတ်ကြီးဟန်ကြီး ထုတ်မနေကြဘဲ ၎င်းတို့ဆုတောင်းသောအရာများကို ခေတ်နောက်ကျသည်ဟုတောင် ပြောလို့ရပေသည်။
ဆုတောင်းပြီးနောက် ဝန်ထမ်းက ကိတ်မုန့်ကို ကူလှီးပေးလိုက်သည်။
၎င်းတို့ စကားဆက်ပြောနေစဉ် ပိုင်ချီက ခေါင်းငုံ့၍ သူ၏ကိတ်မုန့်ကိုသာ စားနေခဲ့သည်။
ထိုလူများက သိချင်စိတ်ပြင်းပြနေကြဆဲဖြစ်ပြီး ပိုင်ချီကို ခဏခဏ ခိုးကြည့်နေခဲ့ကြသည်။
ပိုင်ချီက ရှက်မနေသည့်အပြင် သူ့ကို ကြည့်လာသောလူများအား ပြန်တောင်ပြုံးပြနေခဲ့၏။ ခဏအကြာမှာတော့ ခိုးကြည့်နေသူအချို့ဆို မျက်နှာများတောင် နီရဲသွားခဲ့ကြသည်။
ရှန်းကွမ်း: "..."
သူ ဤတစ်လျှောက်လုံး စိတ်ပူနေခဲ့သည်မှာ အပိုဖြစ်နေသလိုပင်။
ပြဿနာက ပိုင်ချီ ရှက်ရွံ့၊ မရွံ့နှင့် ရှီကောကို မျက်နှာပျက်အောင် လုပ်မိ၊ မလုပ်မိဆိုသည့် ကိစ္စမဟုတ်တော့ပေ။
တကယ့်ပြဿနာမှာ ထိုချာတိတ် ရှီကောကို ဦးထုပ်စိမ်း ဆောင်းပေး၊ မဆောင်းပေးဆိုသည့် ကိစ္စဖြစ်နေလေပြီ။
ဒီချာတိတ် ပြုံးလိုက်ရင် ဘာဖြစ်လို့ အရမ်းဆွဲဆောင်မှုရှိနေရတာလဲ။
ရှီချန်းယွင်က သူ့အရှေ့မှာ ဖြန့်ခင်းထားသော စာရွက်စာတမ်းများကို ဘေးသို့တွန်းဖယ်လိုက်သည်။ သူက ရုတ်တရက် မျက်လွှာပင့်ကာ မေးလိုက်လေ၏။
"လျန်လန်၊ မင်း ကြည့်လို့မဝသေးဘူးလား။"
သူက ဥက္ကဌလျန်တစ်ယောက်တည်းကိုသာ ခေါ်လိုက်သည်။
သူ ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်းက မိမိတို့၏စူးစမ်းလိုသောအကြည့်များကို ကြိုးစားထိန်းချုပ်လိုက်ကြတော့သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး..."
ဥက္ကဌလျန်က အလျင်စလို ရှင်းပြလိုက်၏။
ရှီချန်းယွင်က သူ့ကို အေးစက်စွာကြည့်လိုက်ပြီးနောက် မနှစ်မြို့သော လေသံဖြင့် မေးလိုက်သည်။
"မဟုတ်ဘူး၊ ကြည့်မနေဘူးလို့ပြောတာလား၊ ဒါမှမဟုတ် မဟုတ်ဘူး၊ ကြည့်လို့မဝသေးဘူးလို့ ပြောနေတာလား။"
"ကြည့်လို့ဝပါပြီ! ကျွန်တော် ကြည့်လို့ဝပါပြီ!"
ဥက္ကဌလျန်က ကမန်းကတန်း ပြောလိုက်သည်။
ရှီချန်းယွင်က ပိုင်ချီ့ဘက် လှည့်ကြည့်လိုက်သည်။
ပိုင်ချီက ငြင်းဆန်လို့မရလောက်အောင် အပြစ်ကင်းနေပြီး ကိတ်မုန့်စားသည့်ခက်ရင်းကို ကိုက်ထားရင်း ရှီချန်းယွင်ကို ပြန်ကြည့်လာပုံမှာ အလွန်ချစ်စရာကောင်းနေခဲ့သည်။
ရှီချန်းယွင်တစ်ယောက် မှင်တက်သွား၏။
"ပိုင်ချီ၊ သူတို့ကို ပြောလိုက်... ကိုယ်က ဘယ်သူလဲဆိုတာ။"
သူက သူ၏တရားဝင်အိမ်ထောင်ဖက်ဖြစ်ကြောင်း ပိုင်ချီ၏နှုတ်မှ ထုတ်ပြောလိုက်လျှင် နားထောင်လို့ကောင်းပေလိမ့်မည်။
ပိုင်ချီတစ်ယောက် သူ့ဘာသာသူ တွေးလိုက်၏။
ငါ ဒီအဖြေကို သိတယ်!
ပိုင်ချီက နှုတ်ခမ်းများကိုဖွင့်ဟကာ ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။
"ရှီချန်းယွင်လား။ သူက ကျွန်တော့်လောင်ကုန်းလေ။"
"ဖလူးးးး..."
လူတိုင်း အံ့ဩတုန်လှုပ်စွာဖြင့် သီးကုန်ကြတော့သည်။
ရှီချန်းယွင်တောင် တံတွေးသီးသွားခဲ့သည်။
ရှန်းကွမ်း၏မျက်နှာထက်မှာ 'WTF' ဆိုသည့် အမူအရာကြီး ဖုံးလွှမ်းသွား၏။
ရှီချန်းယွင်က လက်ချောင်းများကို ကွေးလိုက်ရင်း ရယ်ရမလို၊ စိတ်တိုရမလိုဖြင့် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့လေသည်။
***
Aurora Novel Translation Team