အပိုင်း (၁၇) - အထူးဧည့်သည် (၁)
'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' ၏ ပရိုဂရမ်ဝန်ထမ်းများက ရိုက်ကူးရေး တရားဝင်မစတင်ခင် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
ထုတ်လုပ်သူက တံခါးတွန်းဖွင့်ဝင်လာသည်နှင့် အရင်ဆုံး မေးလိုက်သည်။
"စာချုပ်ချုပ်ပြီးပြီလား။"
"ချုပ်ပြီးသွားပြီ။"
ဒါရိုက်တာ၏အသံက စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေခဲ့၏။
ထုတ်လုပ်သူက သက်ပြင်းအလေးကြီးချလိုက်ပြီး သူ့ကို အလွန်ချီးကျူးသည့် အကြည့်များဖြင့် ကြည့်လိုက်၏။
"မင်း တကယ်တော်တာပဲ! မင်းရဲ့နှာခေါင်းက ဘာလို့ဒီလောက်တောင် စူးရှရတာလဲ။ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်တောင် မကြေညာရသေးဘဲနဲ့ ရှီလောင်ရှီးဆီ ဒီလိုအဆိုပြုလွှာကို သွားပေးရဲတယ်ပေါ့..."
ပြောရင်းဆိုရင်းဖြင့် ထုတ်လုပ်သူက ဖုန်းကို စာပွဲပေါ်တင်လိုက်သည်။
"စောစောက ပါပါရာဇီတွေ ဓါတ်ပုံနှစ်ပုံ တင်လိုက်တာ Hot Search မှာ ပေါက်ကွဲတော့မလို ဖြစ်သွားပြီ။ တခြားအစီအစဉ်တော်တော်များများကလည်း သူ့ကို ဖိတ်ဖို့ ကြိုးစားနေကြတယ်... ကျစ်၊ သူတို့တော့ နောက်ကျသွားပြီ။"
ဒါရိုက်တာက ရယ်မောရင်း ပြောလိုက်၏။
"ငါ လက်မြန်သွားလို့ တော်သေးတာပေါ့။"
'ရှီချန်းယွင် မင်္ဂလာဆောင်လိုက်ပြီထင်တယ်' ဆိုသည့် သတင်းတစ်ခုတည်းနှင့်တင် Hot Search ကို ပေါက်ကွဲမလို ဖြစ်သွားစေသဖြင့် သူ၏လူကြိုက်များမှုနှင့် တန်ဖိုးက မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပေသည်...
အကယ်၍ အစီအစဉ်တစ်ခုခုက သူ့ကို အောင်အောင်မြင်မြင် ဖိတ်ခေါ်နိုင်ခဲ့လျှင် ထိုအစီအစဉ်၏ကြည့်ရှုနှုန်းအတွက် ပူပန်စရာ လိုတော့မည်မဟုတ်။
အစီအစဉ်ကို ထုတ်လွှင့်ပြသပေးမည့် ရုပ်သံလိုင်းကလည်း အောင်ပွဲခံပါတီပွဲကို ချက်ချင်းတောင် ကျင်းပပေးနိုင်ပေသည်!
ဘေးမှာရပ်နေသော ဒါရိုက်တာက သူ၏ဖုန်းကိုကောက်ယူလိုက်ပြီး Weibo ပေါ် အကြမ်းဖျင်းကြည့်လိုက်သည်။
Hot Search တွင် အမှန်တကယ်ကို ပေါက်ကွဲနေလေပြီ။
ပါပါရာဇီများက လက်ထပ်မှတ်ပုံတင်ရုံးသို့ သတင်းသွားယူရန် အပြေးအလွှား သွားခဲ့ကြသလို၊ ကျင်းတက္ကသိုလ် တံခါးဝ၌ သွားရောက်ပိတ်ဆို့ထားကြသည့် ပရိသတ်များလည်း ရှိနေခဲ့၏။ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။
[ငိုး! ဒီကောလာဟလက ခိုင်လုံသွားပြီပေါ့? ဘာတွေလဲ!]
[OP တင်ထားတဲ့ လက်စွပ်ဓါတ်ပုံနဲ့ အခု ရတနာဆိုင်မှာ ရှီချန်းယွင် ရောက်နေတဲ့ဓါတ်ပုံကို ပေါင်းကြည့်လိုက်ရင်... အကုန်လုံး အချိတ်အဆက်မိသွားပြီ!]
[အားးးး၊ အရမ်းရုတ်တရက်ဆန်တာပဲ! ငါ လက်မခံနိုင်သေးဘူးလို့!!!]
[ကဲပါ... ရှီလောင်ရှီးရဲ့ပရိသတ်တွေအတွက် ဖယောင်းတိုင် ထွန်းပေးလိုက်ကြရအောင်။]
[ဒါနဲ့ စောစောက အဲ့ဒီအကောင့်ပိုင်ရှင်က ဘယ်သူလဲ။ သူက အသက်ဘယ်လောက်ရှိပြီလဲ။ တကယ်ပဲ ကျင်းတက္ကသိုလ်ကလား။ ငါ့ကို အသေးစိတ်လေး ပြောပြပေးကြပါဦး။]
[စုံစမ်းနေတုန်းပဲ၊ မလောကြပါနဲ့!]
...
ကျင်းတက္ကသိုလ်၏ အဆောင်အခန်း ၃၀၃ ၌။
မုသုန်းက တံခါးတွန်းဖွင့်ဝင်လာပြီး ပြောလာခဲ့သည်။
"မင်းတို့ နောက်ဆုံးရသတင်းတွေကို ကြည့်ပြီးပြီလား။ ဘုရားရေ၊ ဟိုနေ့က ရှီချန်းယွင် ငါတို့ကျောင်းကိုလာတာ သူနဲ့ လက်ထပ်မဲ့သူကို လာတွေ့တာတဲ့! အင်တာနက်သုံးစွဲသူတွေက အဲ့ဒီလူကို လိုက်ရှာနေကြပြီ! သူတို့ စုံစမ်းလို့ ရ၊ မရတော့ မသိဘူး။"
အခြားအခန်းဖော်များမှာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့ကြသည်။
"အင်း... သူတို့တွေ စုံစမ်းလို့ရသွားပြီထင်တယ်..."
"ထားလိုက်ပါတော့၊ မင်းဘာသာမင်းပဲ ကြည့်လိုက်တော့။"
မုသုန်း ဖုန်းကိုယူကြည့်လိုက်ရာ အင်တာနက်ပေါ်မှာ သတင်းများ ပျံ့နှံ့နေပြီဖြစ်သည်။
[အမှန်တော့ ငါ အဲ့နေ့ကတည်းက ပြောချင်တာ။ ဓါတ်ပုံထဲကလူက ကျင်းတက္ကသိုလ် နိုင်ငံခြားဘာသာစကားဌာနရဲ့ 'အချောဆုံးကောင်လေး' နဲ့ အရမ်းတူတာပဲ။ ကျောင်းဖိုရမ်မှာ သူ့ဓါတ်ပုံရှိတယ်၊ နင်တို့ ကိုယ်ဘာသာကိုယ် ယှဉ်ကြည့်လိုက်ကြ [ပုံ]]
မုသုန်း: ?
မုသုန်းက မကျေမနပ် ပြောလိုက်၏။
"သူတို့တွေ ရူးများနေတာလား၊ ငါတို့ချီချီရဲ့ဓါတ်ပုံကို ဘာလို့ ယူသုံးရတာလဲ။"
အခြားအခန်းဖော်များက မဝံ့မရဲဖြင့် ပြောလိုက်ကြသည်။
"သူတို့ လျှောက်ပြောနေတာတော့ မဟုတ်ဘူးထင်တယ်... ကြည့်ရတာ... တကယ်ကြီး အထောက်အထားတချို့ ရှိနေပုံပဲ။"
"ဘာအထောက်အထားရှိလို့လဲ။"
"သူတို့ ချီချီရဲ့ Weibo အကောင့်ကို ရှာတွေ့သွားပြီ။"
"..."
၎င်းတို့မှာ အခိုက်အတန့်တစ်ခုလောက်ထိ အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။
မုသုန်းတစ်ယောက် ထိုနေ့က ပိုင်ချီကို ပွေ့ဖက်ထားသော ကျောပြင်အား သတိရသွားပြီး တုန်ယင်လာသောအသံများဖြင့် ရေရွတ်လိုက်သည်။
"ဒါဆို အဲ့ဒါက တကယ်ကြီး ရှီချန်းယွင်ပေါ့..."
ထို့နောက် ပိုင်ချီက သူ့ချစ်သူမှာ အလွန်ယဉ်ကျေးပြီး လက်မပါတတ်ကြောင်း ပြောခဲ့သည်ကို ပြန်သတိရသွားခဲ့ကြ၏။
ထို့အပြင် ပိုင်ချီ၏စရိုက်အရဆိုလျှင် ၎င်းတို့အား သူ ရည်းစားရနေပြီဟု ပြောရန် အချိန်အတော်ယူပေလိမ့်မည်။
မုသုန်းတစ်ယောက် မျက်လုံးများပြာသွား၏။
"သောက်ကျိုးနည်း!"
ခဏအကြာ၌ အခြားအခန်းဖော်တစ်ယောက်က ပြောလိုက်သည်။
"တော်သေးတာပေါ့၊ ချီချီ ကျောင်းမှာမရှိလို့။ မဟုတ်ရင် သူ အဆောင်ထဲမှာပဲ အပိတ်ခံထားရတော့မှာ..."
မုသုန်းက ရုတ်တရက်သတိရသွားပြီး ပြောလိုက်သည်။
"ငါ သူ့ဆီဖုန်းဆက်ပြီး အကျိူးအကြောင်း မေးလိုက်ဦးမယ်။ သတင်းက ရုတ်တရက်ကြီး ထွက်လာတာဆိုတော့... ထိခိုက်မှုတွေ ရှိမလား မသိဘူး..."
မုသုန်းက ဖုန်းထုတ်၍ ပိုင်ချီ၏နံပါတ်ကို ခေါ်လိုက်သော်လည်း ဆက်သွယ်လို့မရခဲ့ပေ။
ထိုအခိုက်အတန့်၌ ပိုင်ချီက ဖုန်းပြောနေခဲ့သည်။
အမှန်တကယ်တော့ သူ၏မိခင်နှင့် ဖုန်းပြောနေခြင်းဖြစ်သည်။
လွန်ခဲ့သောရက်အနည်းငယ်က ဖုန်းခေါ်ဆိုမှုပြီးနောက် စုမေရှန်းသည် ဘဏ်စာအုပ်ကို ရိုးရိုးရှင်းရှင်းသာ ပြန်သိမ်းထားခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ပါးပါးပိုင် ပိုက်ဆံသုံးရန် လိုအပ်လာသောအခါမှ သူ(မ)က ဘဏ်စာအုပ်ယူ၍ ပိုက်ဆံသွားထုတ်ရန် ပြင်လိုက်သည်။ သိုသော်လည်း ကောင်တာသို့ရောက်ပြီး ဘဏ်စာအုပ်ကို လှန်ကြည့်လိုက်သောအခါ သူ(မ) လန့်ဖျပ်သွားခဲ့ပြီး ထိုနေရာကနေ ချက်ချင်း အိမ်သို့ပြန်ပြေးလာခဲ့သည်။
၅၀၉၀၀၀၀.၀၀
စုမေရှန်း အကြိမ်ကြိမ်အခါခါ ရေတွက်ကြည့်ပြီးနောက်မှာတော့ သူ(မ) မမှားကြောင်း အတည်ပြုလိုက်ရတော့သည်။
၎င်းတို့မိသားစု၏ဘဏ်စာအုပ်ထဲမှာ ရုတ်တရက် ပိုက်ဆံ ငါးသန်းကျော် တိုးလာခဲ့လေသည်။
"ချီချီ၊ ဒါ ဘာတွေဖြစ်နေတာလဲ။ မင်း ဒီပိုက်ဆံတွေကို ဘယ်ကရလာတာလဲ။"
စုမေရှန်း၏အသံက တင်းမာနေခဲ့သည်။
ပိုင်ချီက သက်ပြင်းချလိုက်သည်။
ယခုလိုဖြစ်လာမည်ကို သူ အစောကြီးကတည်းက ကြိုသိထားခဲ့သည်... အလွန်များပြားသောပိုက်ဆံက သူ့အမေကို သေချာပေါက် သံသယဝင်စေလိမ့်မည်ပင်။
စုမေရှန်း၏အသံက ပိုပိုပြီး တင်းမာလာခဲ့၏။
"မင်း တရားမဝင်တဲ့အလုပ်တွေ လုပ်ခဲ့တာလား။ ဒါမှမဟုတ်..."
ထိုသို့ပြောရင်းဖြင့် စုမေရှန်း၏အသံထဲမှာ မယုံကြည်နိုင်မှုများဖြင့် အနည်းငယ် မွန်းကျပ်လာသလိုဖြစ်သွား၏။
"မင်း... မကောင်းတာတစ်ခုခုကို မစဉ်းစားဘဲ လျှောက်လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်။"
"ဟို၊ ကျွန်တော် အရင်က ပြောဖူးတယ်လေ၊ ကျွန်တော့်မှာ ကောင်လေးရှိတယ်ဆိုတာ။"
"အင်း။"
စုမေရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ပိုက်ဆံက သူ ပေးတာလား၊ ဒါဆိုရင်လည်း ယူလို့မဖြစ်ဘူးလေ... သူက အသက်ငယ်ငယ်လေးနဲ့ ဘယ်က ပိုက်ဆံရမှာလဲ။ သူ သူ့မိဘတွေဆီကနေ ခိုးလာတာလည်း ဖြစ်နိုင်တာပဲ။"
ပိုင်ချီတစ်ယောက် စိတ်ထဲကနေ တွေးလိုက်မိ၏။
ရှီချန်းယွင်က မငယ်တော့ပါဘူး။
စုမေရှန်း ဆက်မေးမြန်းရန်ပြင်လိုက်စဉ် သူ(မ)၏လုပ်ဖော်ကိုင်ဖက်က သူ(မ)ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"အားမေ၊ ဒီကို ခဏလာပါဦး။"
စုမေရှန်းမှာ ရွေးချယ်စရာမရှိဘဲ ဖုန်းချလိုက်ရတော့၏။
"ဘာဖြစ်လို့လဲ လီကျဲ၊ အဝယ်စာရင်းမှာ ပြဿနာရှိလို့လား။"
"မရှိပါဘူး၊ ပြဿနာမရှိပါဘူး။"
လီကျဲက စုမေရှန်း၏အလုပ်စားပွဲနားသို့ တိုးကပ်လာပြီး စုမေရှန်း စားပွဲတင်ထားသော ဓါတ်ပုံကို လှမ်းယူလိုက်သည်။
စုမေရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။
လီကျဲက ဓါတ်ပုံဘောင်ကို လှန်လိုက်ပြီး သူ(မ)၏ဖုန်းစခရင်ကို စုမေရှန်းရှေ့သို့ ထိုးပြလိုက်သည်။
"ငါ ထင်တယ်၊ တကယ်တူတာပါဆို။ အားမေ၊ ဒါ နင့်သား မဟုတ်လား။"
စုမေရှန်းက သေချာကြည့်လိုက်၏။
ဖုန်းစခရင်ပေါ်မှာ ဓါတ်ပုံနှစ်ပုံရှိနေသည်။
တစ်ပုံက ကားပေါ်မှဆင်းလာသော လူတစ်ယောက်၏ ဘေးတစောင်းပုံရိပ်ဖြစ်ပြီး သူ့အရှေ့မှာ အမျိုးသားတစ်ယောက် ရပ်နေ၏။ အခြားတစ်ပုံမှာ ကျောင်းဝင်းထဲရှိ ပိုင်ချီ၏ဓါတ်ပုံဖြစ်ပြီး သူက လိမ္မော်ရောင်ဘေ့စ်ဘောယူနီဖောင်းကို ဝတ်ဆင်ထားကာ အနောက်လှည့်၍ တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်။
စုမေရှန်းမှာ ဇဝေဇဝါဖြစ်သွားခဲ့သည်။
"ဟုတ်ပါတယ်... ဘာများဖြစ်လို့လဲ။"
လီကျဲက ပြောလိုက်သည်။
"နင် မသိသေးဘူးလား၊ နင့်ရဲ့သား လက်ထပ်လိုက်ပြီ၊ အရမ်းကိုနာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့လေ။ အခု အင်တာနက်ပေါ်မှာ ဒီသတင်းတွေချည်းပဲ ပြန့်နေတာ။"
စုမေရှန်း၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ(မ)က ဖုန်းကိုကိုင်ကာ နားနေခန်းဆီ အမြန် လျှောက်သွားလိုက်ပြီး တံခါးကိုလော့ခ်ချလိုက်၏။
ပိုင်ချီ၏ဖုန်းသံက ချက်ချင်းဆိုသလို ထပ်မြည်လာခဲ့သည်။
စုမေရှန်း၏အသံက ရုတ်တရက် အင်မတန့်အင်မတန် ကျယ်လောင်သွားခဲ့သည်။
"ပိုင်ချီ! မင်းက မိဘတွေမသိအောင် လက်ထပ်လိုက်တာလား။ မင်းရဲ့ချစ်သူကရော ဘာဖြစ်သွားတာလဲ။ ဒါ မင်း ဟန်ဆောင်လက်ထပ်လိုက်တာ မဟုတ်လား! ငါ ပြောလိုက်မယ်၊ မင်း အခုချက်ချင်း အိမ်ပြန်လာခဲ့..."
တံခါးအပြင်ဘက်မှ လီကျဲက လိုက်လာပြီး တံခါးခေါက်ကာ အော်ပြောလိုက်သည်။
"အားမေ၊ စောစောက ပြောဖို့မေ့သွားတယ်၊ နင့်သားနဲ့ လက်ထပ်လိုက်တာက ယောက်ျားတစ်ယောက်ပဲ..."
စုမေရှန်း၏အသံက လည်ချောင်းထဲမှာ တန့်သွားခဲ့သည်။
"..."
သူ(မ)က မျက်နှာကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်လေသည်။
ဟူး၊ တော်သေးတာပေါ့... အနည်းဆုံးတော့ ဟန်ဆောင်လက်ထပ်တာမဟုတ်လို့။
ဖုန်း၏အခြားတစ်ဖက်မှ ပိုင်ချီက မှင်တက်နေခဲ့သည်။
ဟင်?
ဘာဖြစ်လို့ ဒီလောက်မြန်မြန်ကြီး သိသွားကြတာလဲ။
အာ၊ ဟိုပါပါရာဇီစတူဒီယိုက ဓါတ်ပုံတွေ တင်လိုက်တာလား။
ပိုင်ချီက အမြန်ပြောလိုက်သည်။
"မား၊ ကျွန်တော့်မှာ အလုပ်လေးနည်းနည်းရှိသေးလို့ အိမ်ကို ခဏတော့ ပြန်လာလို့မရသေးဘူး။ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။"
သူ ဖုန်းချပြီးနောက် ကြည့်လိုက်သောအခါ...
'တင် တင် တင် တင်'
သူ၏ဖုန်းထဲ WeChat၊ SMS မက်ဆေ့ချ်များနှင့် လွတ်သွားသော ဖုန်းခေါ်ဆိုမှုများ ဒလဟော ဝင်ရောက်လာခဲ့သည်။
ပိုင်ချီ၏လက်ချောင်းထိပ်များတောင် ထုံကျဉ်သွားလေ၏။
သူက သက်ပြင်းတိုးတိုးချလိုက်သည်။
အိမ်ပြန်ရင်တော့ သူ အရိုက်ခံရမှာ မဟုတ်ဘူးမလား။
ပိုင်ချီတစ်ယောက် Weibo ကို ဝင်ကြည့်လိုက်ရာ သူ၏ Weibo က မိနစ်ဝက်လောက်ထိ ကြောင်သွားပြီးမှ သူ၏အသိပေးချက်အသစ်များ ပေါ်ထွက်လာခဲ့သည်။
မဖတ်ရသေးသော မက်ဆေ့ချ်များ: ၃၃၁၀၀ စောင်
မန်းရှင်းခေါ်ထားသည်များ: ၁၁၂၃၄၁ ခု
မှတ်ချက်များ: ၉၀၁၂၃ ခု
ပိုင်ချီ: ...
ပိုင်ချီတစ်ယောက် မှင်တက်သွားခဲ့သည်။
ဒါက နာမည်ကြီးရုပ်ရှင်မင်းသားရဲ့ လွှမ်းမိုးမှုပေါ့လေ။
သူ၏ Weibo အောက်မှာ အများစုမှာ 'တကယ်လား' ဟု မေးမြန်းနေကြပြီး အနည်းငယ်က သူသည် ရှီချန်းယွင်နှင့် မထိုက်တန်ကြောင်းနှင့် ချက်ချင်းထွက်သွားရန် ဆဲဆိုနေကြ၏။
အဆဲခံရသူမှာ သူတစ်ယောက်တည်းမဟုတ်ပေ။
ဤအချိန်တွင် အဆိုးဝါးဆုံး ဆဲဆိုခံနေရသူက ရှီချန်းယွင်၏ PR အဖွဲ့ပင်။
[ဘယ်လို သောက်ကျိုးနည်း PR အဖွဲ့လဲ။ ဘာဖြစ်လို့ သူတို့က ရှေ့ထွက်ပြီး အခြေအနေတွေကို မရှင်းပြရသေးတာလဲ။]
[သူတို့တွေ ရှေ့နေထုတ်ပြန်ချက်တွေကို မတင်တတ်ကြဘူးလား။ ငါ လာသင်ပေးရမလား။]
[PR အဖွဲ့ရဲ့ အလုပ်ပုံက သောက်သုံးကို မကျဘူး၊ အန်ချင်လိုက်တာ။]
လူများက တစ်ယောက်တစ်ပေါက်ပြောနေကြသော်လည်း ၎င်းတို့အားလုံး တော်တော်လေးတော့ ဆဲရေးနိုင်ကြသည်။
***
Aurora Novel Translation Team