no

Font
Theme

အပိုင်း (၂၀) - ရေထဲက ဘဲတစ်ကောင်လို (၂)

အခြားတစ်ဖက်တွင် အစီအစဉ်အဖွဲ့က အွန်လိုင်းမှရရှိထားသော တုံ့ပြန်ချက်များကို စစ်ဆေးနေကြ၏။

[ကောင်းပြီလေ၊ ရှီချန်းယွင် လက်ထပ်သွားတာ မှန်ပေမဲ့ သူ့အိမ်ထောင်ရေးရဲ့ရေပန်းစားမှုဆိုတာ ဘယ်သူမဆို စန်းတင်ဖို့ သုံးလို့ရတဲ့ဟာမဟုတ်ဘူး။]

[အမှိုက်ဆန်တဲ့ ရုပ်သံလိုင်းနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုဂရမ်ပဲ! နင်တို့သိတာဆိုလို့ ကြော်ငြာအတုတွေ လုပ်ဖို့ပဲရှိတာ!]

အစီအစဉ်အဖွဲ့မှာ ထိုမှတ်ချက်များကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်သွားခဲ့ကြသည်။

ဟေး၊ ငါတို့ ဒီလိုမျိုးကြော်ငြာနိုင်ဖို့ ပိုက်ဆံတွေ အများကြီး သုံးထားရတာကွ! မင်းတို့က အဲ့ဒါကို သိပ်လွယ်တယ် ထင်နေတာလား။ မသိရင် လမ်းပေါ်ကနေ ကောက်ရထားတာကျနေတာပဲ! ငါ ပိုက်ဆံသုံးထားတာ! ဘာဖြစ်လို့ အဲ့ဒီရေပန်းစားမှုကို အသုံးမချရမှာလဲ။

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့က တစ်ချိန်တည်းမှာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။

"အခုထိ ရိုက်ထားတဲ့ဗီဒီယိုတွေကို အကုန်ရှာပြီး ချက်ချင်း တည်းဖြတ်လိုက်။ ငါတို့ အခုချက်ချင်း ပို့စ်တင်မယ်!"

ရှီချန်းယွင် လေဆိပ်သို့သွားရာလမ်းမှာ 'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' ၏ ဒုတိယမြောက် PV ထွက်ရှိလာခဲ့သည်။

ယခုတစ်ခေါက်၌ ဗီဒီယိုထဲမှာ စုံတွဲသုံးတွဲ၏ မျက်နှာများသာမကဘဲ အခြားအရာများလည်း ပါဝင်ပေ၏။

အင်တာနက်သုံးစွဲသူများက ဗီဒီယိုကို မကြည့်ရသေးခင် စတင်လှောင်ပြောင်ကြတော့သည်။

[မှတ်ချက်တွေကို မတုံ့ပြန်ဘဲ သေချင်ယောင်ဆောင်နေတာလား။ ဘာလဲ၊ နင်တို့က သူ့အိမ်ထောင်ရေးရဲ့ ရေပန်းစားမှုကို အသုံးချပြီး ကြော်ငြာအဖြစ် တကယ်စန်းတင်တော့မလို့လား။]

[ငိုးမသားတွေ၊ နင်တို့ရဲ့အစီအစဉ်ဆွဲမှုတွေ ငရဲဒိုးလိုက်။ နင်တို့က ဘယ်သူ့ရဲ့ရေပန်းစားမှုကိုမဆို အသုံးချဖို့ သတ္တိရှိကြတာပဲ။ ကားတိုက်ခံရမှာ မကြောက်ဘူးလား။]

ဒေါသများကို ပြသပြီးနောက်မှ ၎င်းတို့က ဗီဒီယိုကို နှိပ်ကြည့်လိုက်ကြ၏...

[...]

[တကယ်လား။ စတုတ္ထမြောက်စုံတွဲ တကယ်ရှိတာလား???]

မှတ်ချက်များက စခရင်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့လေသည်။

ကျိုးယန်ဖုန်း CP... သို့မဟုတ် တစ်ချိန်က ထိပ်တန်းမင်းသမီး ယန်ယိရူ၏ CP... သို့မဟုတ် တော်တော်လေး ရေပန်းစားသော ချိုးစစ်ချွမ်း၏ CP စေ... ၎င်းတို့၏ PV များကတောင် ဤမျှ စိတ်ဝင်စားမှု မရရှိခဲ့ဖူးပေ!

ထိုဗီဒီယိုကို ပြန်လည်မျှဝေခြင်းနှင့် ထပ်ဆင့်မျှဝေခြင်းများ ရူးသွပ်စွာ ပြုလုပ်ခဲ့ကြသည်။ များမကြာမီ ယင်းက Hot Search ၏ နံပါတ် ၁ နေရာကိုတောင် ရောက်ရှိသွားခဲ့သည်။

[ဒါ ဓါတ်ပုံထဲက ကောင်လေးလား။]

[ချီးပဲ! သူ ကားပေါ်က ဆင်းလာတယ်... အားးးးး၊ တကယ်ကြီး သူပဲ! ငါ့နှလုံးသားလေးက မခံစားနိုင်တော့ဘူး! ရှီကောကရော ဘယ်မှာလဲ။]

သူ ကားပေါ်မှ တစ်ယောက်တည်းဆင်းလာသည်ကို မြင်လိုက်ရသောအခါမှ ပရိသတ်များမှာ သက်ပြင်းချနိုင်ခဲ့ကြသည်။

[သူနဲ့အတူ ဘယ်သူပဲ တက်ရောက်တက်ရောက်၊ ရှီကော ဖြစ်ဖို့ နည်းလမ်းမရှိဘူး။]

[ညီအစ်မရေ၊ ကိုယ့်ကိုယ်ကိုယ် လိမ်နေဖို့ မလိုပါဘူး။ တခြားနည်းနဲ့ တွေးကြည့်ရအောင်။ ဒါက စုံတွဲ reality show လေ၊ ဒါပေမဲ့ သူက တစ်ယောက်တည်းလာတာ။ ဆိုလိုတာက ရှီကောက သူ့ကို သိပ်ဂရုမစိုက်ဘူးပေါ့]

[+1။ တခြားစုံတွဲတွေက အကုန်လုံး အတူတူ လာကြတာ။]

အင်တာနက်သုံးစွဲသူများက မှတ်ချက်ရေးရင်း အချင်းချင်း သဘောတူလာခဲ့ကြ၏။ ထို့ကြောင့် စခရင်ထက်မှ မှတ်ချက်များမှာ ပို၍ပြည့်နှက်လာခဲ့သည်။

[ရှီချန်းယွင် အနုပညာလောကထဲဝင်တာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သူက ဘယ်ရသစုံရှိုးမှာမှ မပါဝင်ခဲ့ဘူး။]

[မှန်တယ်၊ သူက အရမ်းအလုပ်များနေမှာ။ အဲ့ဒီအတွက် အချိန်မရှိဘူး။ ဒါက ကြော်ငြာတစ်ခုပဲဆိုတာ အသိသာကြီး။]

[ဒီတော့... ရှီကောရဲ့ရေပန်းစားမှုကနေ စန်းတင်နေတာ အစီအစဉ်အဖွဲ့တင် မဟုတ်ဘူးပေါ့။ အင်း... ဒီပိုင်ချီဆိုတဲ့တစ်ယောက်ကရော အဲ့လိုပဲ မဟုတ်ဘူးလား။]

[ဒါဆို သူက ရှီလောင်ရှီးရဲ့အရင်းအမြစ်တွေကို အသုံးချပြီး ပွဲဦးထွက်ဖို့ လုပ်နေတာပေါ့၊ ဟမ်?]

[ရှီကော လက်ထပ်သွားပြီဆိုတာ ငါ မယုံနိုင်ဘူး QAQ]

[ဟူး။ ရှီလောင်ရှီးက ဘာဖြစ်လို့ သူ့လိုလူကို သဘောကျတာလဲဆိုတာ ငါ နားမလည်နိုင်ဘူး။]

ထို့နောက် ကင်မရာက ပိုင်ချီ အခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်ကို ရိုက်ကူးလိုက်၏။ သူက ကိုယ့်ကိုယ်ကိုယ် ရစ်ပတ်ထားသော 'ချပ်ဝတ်တန်ဆာ' အလွှာများကို ချွတ်လိုက်ရာ နောက်ဆုံး၌ တောက်ပသောအလင်းရောင်အောက်မှာ သူ၏မျက်နှာကို မြင်တွေ့လိုက်ရသည်။

မှတ်ချက်များက ရုတ်တရက် တိတ်ဆိတ်သွားသလိုပင်။

[ဘာလို့လဲဆိုတော့... သူက ရုပ်ချောလို့လား။]

[ဒါပေမဲ့ အနုပညာလောကမှာ ရုပ်ချောတဲ့လူတွေ အများကြီးရှိတာပဲ!]

[အားးး၊ ငါ အရမ်းစိတ်တိုလိုက်တာ! သူတို့နှစ်ယောက်ကြားက အချက်အလက်တွေက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကမှ Weibo မှာ ပေါ်လာတာ၊ ခုတော့ သူတို့က လက်ထပ်လိုက်ပြီတဲ့။ ပိတ်ထားတဲ့တံခါးနောက်ကွယ်မှာ ဘာမှမဖြစ်ဘူးလို့ ပြောရင် ဘယ်သူက သောက်ကျိုးနည်းယုံမှာလဲ။ ဘာလဲ။ ဟန်ဆောင်လက်ထပ်တာလား။ ဒါမှမဟုတ် အတင်းအကျပ် လက်ထပ်တာလား။ တကယ်ပါပဲ၊ အတန်းရှင်းအရှာဆုံးဆုကို မင်း ရသွားပြီ!]

ပြီးခဲ့သည့်အချိန်က ကျင်းတက္ကသိုလ်၌ ပိုင်ချီကို မရှာနိုင်ခဲ့ကြဘဲ ပထမဆုံးအကြိမ်အဖြစ် ပါပါရာဇီများလည်း အသုံးမကျဖြစ်ခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့၏ဆက်ဆံရေးအကြောင်း အသေးစိတ်ကို ဘာမှမသိခဲ့ကြဘဲ ၎င်းတို့မှာ ပိုင်ချီ၏ Weibo ကိုသာ အားကိုးခဲ့ရသည်။ သူသည် အရင်ကတည်းက ချစ်သူရှိနေကြောင်း အရိပ်အမြွက်ပြခဲ့သော်လည်း... ၎င်းအပြင် ဘာရှိသနည်း။ ရှီချန်းယွင်၏ လက်တွဲဖော်ဖြစ်လာရန် သူ ဘာလုပ်ခဲ့သနည်း။

အင်း၊ သူတို့ ဘာမှမသိဘူး!

ယခု သူက ဖန်သားပြင်ပေါ်မှာ ရုပ်လုံးပေါ်လာပြီဖြစ်ရာ ပရိသတ်များက ၎င်းတို့၏ဒေါသများကို သဘာဝအတိုင်း သူ့အပေါ် ပုံချလိုက်ကြသည်။

အခြေအနေမဆိုးဘူးဟု ထင်မှတ်ထားသော အချို့အင်တာနက်သုံးစွဲသူများလည်း စိတ်လှုပ်ရှားမှု၌ ပါဝင်လာခဲ့ကြပြီး ပိုင်ချီကို ဝေဖန်ခဲ့ကြသည်။

သို့သော်လည်း သူ့ကို ဆက်လက်ဝေဖန်နေရင်း ၎င်းတို့တွေ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြပေ။

[မလိမ်တမ်းပြောရမယ်ဆိုရင်၊ ဒီဟူလီကျင်းက တကယ်ကို ရုပ်ချောတာပဲ။]

ပိုင်ချီရော ရှီချန်းယွင်ပါ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေသည့်အရာများကို ဘာမှမသိကြပေ။

ရိုက်ကူးရေးလုပ်နေသည့်နေရာသို့ ပြန်သွားရသော် ရွှီယီက ပိုင်ချီကို အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ရွှီယီက ပြုံးလျက် ပြောလိုက်၏။

"တောင်းပန်ပါတယ်၊ အိမ်က နည်းနည်းရှုပ်နေတယ်။ ရှောင်ချွမ်းနဲ့ ငါနဲ့က ဒီလိုအရာတွေမှာ သိပ်မတော်ကြဘူး။"

ဆိုဖာဘက်မှ လူတစ်ယောက် ထထိုင်လိုက်သည့်အသံ ထွက်ပေါ်လာ၏။

ယင်းမှာ ချိုးစစ်ချွမ်းဖြစ်သည်။

ချိုးစစ်ချွမ်းက မနေ့ကထက်စာလျှင် နည်းနည်း ပိုကြည့်ကောင်းလာပုံရသော်လည်း သူ၏မျက်နှာက ဖြူဖျော့နေဆဲပင်။

၎င်းတို့တွေ ရိုက်ကူးရေးလုပ်နေသည့်အလျောက် သူနှင့် ပိုင်ချီတို့က ပြန်နှုတ်ဆက်ကြပြီး မိတ်ဆက်မှုအသစ် ပြုလုပ်ခဲ့ကြသည်။

"ခင်ဗျားတို့အိမ်မှာ ဘာစားစရာရှိလဲ။"

ပိုင်ချီက မေးလိုက်သည်။

ရွှီယီက သူ၏ခရီးဆောင်အိတ်ကို ဖွင့်လိုက်၏။ ထိုထဲမှာ ဘူးခေါက်ဆွဲများ၊ လော်စီးဖန်*၊ အလိုအလျောက်အပူပေးလို့ရသော ဟော့ပေါ့နှင့် အသင့်ပြင်ထားသော ကျန်းပင်*တို့ရှိနေ၏...

[T/N: လော်စီးဖန်ဆိုတာ ခရုအရည်၊ ဝက်ရိုးအရည်တို့နဲ့ လုပ်တဲ့ ဆန်ခေါက်ဆွဲပါ။ ကျန်းပင်ကကျ ပန်ကိတ်အမျိုးအစားပါ၊ မြန်မာမှာဆို ခေါက်မုန့်နဲ့တူပါတယ်။]

၎င်းတို့မှာ အသင့်စားအစားအစာများသာရှိသည်။

"အစီအစဉ်အဖွဲ့က ခင်ဗျားတို့ကို ဘာပေးထားလဲ။"

ပိုင်ချီက မေးလိုက်၏။

ရွှီယီက သူ့ကို ရေခဲသေတ္တာရှိရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ပိုင်ချီတစ်ယောက် ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ပါဝင်ပစ္စည်းများက တော်တော်လေးစုံလင်ကြောင်း တွေ့လိုက်ရ၏။ ဂေါ်ဖီထုပ်၊ ရွှေဖရုံသီး၊ ကြက်သားတစ်ခြမ်း၊ ဘဲတစ်ကောင်လုံးနှင့် အေးခဲထားသော ပုစွန်တစ်ဘူးတို့ ရှိနေသည်။

"ခဏစောင့်ပေးပါဦး။"

ပိုင်ချီက ပြောလိုက်၏။

"အင်း။"

ရွှီယီက ပြန်ဖြေလိုက်သည်။

ပိုင်ချီက လှည့်ထွက်သွားခဲ့သည်။

ချိုးစစ်ချွမ်းမှာ မမေးဘဲ မနေနိုင်ခဲ့ပေ။

"သူ ဘယ်သွားတာလဲ။ မင်းတို့ ဘာတွေပြောခဲ့ကြတာလဲ။"

"ထွေထွေထူးထူး မဟုတ်ပါဘူး၊ သူ ရေခဲသေတ္တာကိုပဲ ကြည့်သွားတာ။"

ရွှီယီက ပြန်ဖြေလိုက်၏။

များမကြာမီ ပိုင်ချီ ပြန်ရောက်လာခဲ့သည်။

ပိုင်ချီတစ်ယောက် ရင်ခွင်ထဲမှာ တစ်ခုခုကို ပိုက်လာခဲ့၏။ သူက လမ်းလျှောက်လာရင်း ပြောလိုက်သည်။

"အေးလိုက်တာ လွန်ရောပဲ..."

"ဒါက ဘာလဲ။"

ချိုးစစ်ချွမ်းက မေးလိုက်၏။

ထိုအခါ ပိုင်ချီက သူ၏အနွေးထည်ကို ဖွင့်လိုက်ရာ ချိုးစစ်ချွမ်းတစ်ယောက် ကြက်ဥဝိုင်းဝိုင်းလေးနှစ်လုံးကို တွေ့လိုက်ရသည်။ ပိုင်ချီ လက်ဖြန့်လိုက်သောအခါ ကြက်မွေးများတောင် ပါလာခဲ့၏၊ မသိလျှင် သူ ကြက်ခြံကို ဝင်ဓါးပြတိုက်လာသည့်အလား။

ချိုးစစ်ချွမ်းမှာ ကြောင်အမ်းသွားလေ၏။

ပိုင်ချီက လှည့်ကာ မီးဖိုချောင်ဆီဦးတည်သွားခဲ့ရာ ရွှီယီကလည်း ချက်ချင်း အနောက်ကနေ လိုက်သွားခဲ့၏။

ရွှီယီက သူ့နောက်ကနေလိုက်လာရင်း မေးလိုက်သည်။

"ငါတို့ နေ့လယ်စာ အတူတူစားဖို့ ပြင်နေတာလား။"

ပိုင်ချီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ ဟုတ်တယ်!"

"ကောင်းတယ်! ရှောင်ချွမ်းနဲ့ ငါနဲ့က ဟင်းသိပ်မချက်တတ်တာနဲ့ အတော်ပဲ။"

ရွှီယီက ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့ရဲ့မီးဖိုချောင်ကို ခဏသုံးလို့ရမလား။"

ပိုင်ချီက မေးလိုက်၏။

"ရတာပေါ့၊ သုံးလေ။"

ရွှီယီက ပြန်ဖြေလိုက်သည်။

၁၀ မိနစ် ကြာပြီးနောက်...

ပိုင်ချီက ကြက်ဥတချို့ကိုခေါက်ကာ ပေါင်းလိုက်ပြီး အပေါ်ကနေ ဆီအနည်းငယ်ဆမ်းလိုက်သည်။ ထို့နောက် ရွှေဖရုံသီးကို လှီးဖြတ်ကာ အားလုံးကို ပေါင်းအိုးထဲထည့်လိုက်သည်။

"အနံ့က မွှေးနေတာပဲ။"

ရွှီယီက မှတ်ချက်ပေးလိုက်သည်။

"ဒါပေမဲ့ သိပ်တော့မများဘူးထင်တယ်?"

ပိုင်ချီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း၊ ဒါက မနက်စာပဲ ရှိသေးတာမို့လို့လေ။"

"ဒါဆို နေ့လယ်စာအတွက်..."

"အရင်ဆုံး မနက်စာ စားလိုက်ကြတာပေါ့၊ နောက်မှ စဉ်းစားမယ်။"

ပိုင်ချီက စားစရာများကို သယ်ထုတ်လာပြီး ချိုးစစ်ချွမ်းအရှေ့မှာ ချလိုက်သည်။

"နည်းနည်း မြည်းကြည့်မလား။"

ချိုးစစ်ချွမ်း အောက်နှုတ်ခမ်းကို စေ့ထားလိုက်၏။

"ငါ မ..."

"အစာအိမ်အဆင်မပြေရင် ပိုပြီးတော့တောင် တစ်ခုခုစားပေးသင့်တယ်။ မင်း မနက်စာတောင် မစားထားဘူးမလား။"

ချိုးစစ်ချွမ်း သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ရင်း မေးလိုက်သည်။

"မင်း ဘယ်လိုသိတာလဲ။"

"လွန်ခဲ့တဲ့လေးနှစ်က မင်းရဲ့အင်တာဗျူးတစ်ခုမှာ အဖွဲ့ထဲက အကအခြေခံမပါတဲ့သူ နှစ်ယောက်ရှိလို့ ခဏခဏ လေ့ကျင့်နေရတာနဲ့ ထမင်းစားချိန်တောင် မရှိဘူးလို့ မင်း ပြောခဲ့ဖူးတယ်လေ... အဲ့ဒီထဲကတစ်ယောက်က မင်းပဲ။ အဲ့တုန်းက မင်းရဲ့အစာအိမ်က အခြေအနေမကောင်းခဲ့ဘူးမလား။"

ပိုင်ချီက တည်ငြိမ်စွာ ပြောလိုက်၏။

ချိုးစစ်ချွမ်းမှာ နောက်တစ်ကြိမ်ထပ်ပြီး မှင်တက်သွားခဲ့ပြန်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment