အပိုင်း (၆) - လက်ထပ်မှတ်ပုံတင်ရုံး (၁)
[ဓါတ်ပုံထဲကကောင်လေးကို ငါ အရင်က တစ်ခါမှမမြင်ခဲ့ဖူးဘူး။ သူက တော်တော်လေးငယ်တာပဲ။ သူက သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ဆိုတဲ့ ဖြစ်နိုင်ခြေကို အရင်ဆုံး ဖယ်ထုတ်လိုက်မယ်၊ သူက သူငယ်ချင်းရဲ့ညီ ဖြစ်နိုင်လောက်တယ်... ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ရှီကို ဒီလိုမျိုးပြုမူအောင် လုပ်နိုင်တဲ့သူမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ ဒီတစ်ယောက်နဲ့ ရုပ်ရှင်ဧကရာဇ်ရှီကြားမှ အထူးတလည်ဆက်ဆံရေးမျိုး ရှိနေလောက်မယ်လို့ ငါတော့ထင်တယ်။]
[+၁၊ အဓိကအချက်ကတော့ နှစ်ယောက်သား တစ်ခေါက်လောက်တွေ့ရဖို့အတွက်နဲ့ ရှီချန်းယွင်ကို ဒီလိုပွဲမျိုးတက်အောင် လုပ်နိုင်တဲ့သူမျိုး မရှိဖူးဘူး။ ဒီတစ်ယောက်ရဲ့အထောက်အထားက သေချာပေါက် မရိုးရှင်းနိုင်ဘူး။]
[ရှီချန်းယွင်မှာ အရင်က ကောင်မလေးတစ်ယောက်တောင် မရှိခဲ့ဖူးဘူး။ ပြီးတော့ နာမည်ကြီးတော်တော်များများက သူ့ကို ချဉ်းကပ်ဖို့ကြိုးစားခဲ့ကြပေမဲ့ အချည်းနှီးပဲလေ။ ဒီတော့... သူက ယောက်ျားလေးတွေကို သဘောကျတာများလား။]
များမကြာမီ ထိုပို့စ်က ပေါက်ကွဲသွားခဲ့ပြီး အာရုံစိုက်မှုများ ရရှိလာခဲ့သည်။
ရှီချန်းယွင်က သူ၏လမ်းကြောင်း၌ အထွတ်အထိပ်ရောက်နေသော နာမည်ကြီးသရုပ်ဆောင်ဖြစ်သည်မှာ သံသယမရှိပေ။ ရှီချန်းယွင်မှာ ပရိသတ်များစွာရှိသည်။ သူ၏ပရိသတ်အင်အားက လက်ရှိလူကြိုက်များနေသော ကြယ်ပွင့်များ၏ ကြီးမားသောပရိသတ်အင်အားနှင့်တောင် ယှဉ်လို့မရပေ။ တစ်ယောက်ယောက်က လာယှဉ်လျှင်တောင် သူ၏ပရိသတ်အင်အားက ပို၍သာနေမည်သာ။
သူ၏ပရိသတ်အင်အားက စနစ်တကျရှိပြီး အတိတ်တုန်းက ၎င်းတို့သည် အတင်းအဖျင်းဖိုရမ်များနှင့် လူပြိန်းကြိုက်မီဒီယာများ လျှောက်ရေးထားကြသော အချစ်ရေးသတင်းအမှားများကို မကြာခဏ ကိုင်တွယ်ခဲ့ကြဖူးသည်။
ယခုတစ်ခေါက်မှာလည်း မထူးမခြားနားပေ။
ထိုခန့်မှန်းချက်တစ်ခုကြောင့် ဖိုရမ်ထဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်နှင့် သူ၏ပရိသတ်များက ချက်ချင်းဆိုသလို ဖိနှိပ်လိုက်ကြပြီး ရှေ့ထွက်ကာ အောက်ဖော်ပြပါဝါကျများဖြင့် ဆက်တိုက်တုံ့ပြန်ခဲ့ကြသည်။
"ငါ့ရှီကောက မဟုတ်ဘူး။ ငါ့ရှီကောမှာ မရှိဘူး။ ပေါက်ကရတွေ လျှောက်မပြောကြနဲ့!"
ပိုင်ချီတစ်ယောက် စိတ်ဝင်တစားဖြင့် ထိုပို့စ်များကို တစ်ခုပြီးတစ်ခု ပွတ်ဆွဲကာ သူနှင့်သက်ဆိုင်နေသော အတင်းအဖျင်းများကို လိုက်ဖတ်နေခဲ့သည်။
သူ ဖရဲသီးစားပြီးချိန်၌ ကျန်းဖန်းချန်က သူ၏အဆောင်တံခါးဝသို့ ရောက်လာခဲ့သည်။
ကျန်းဖန်ချန်က တံခါးကို တွန်းဖွင့်လိုက်ပြီး မနေ့ကလို အဆင်မပြေသောလေထုကို ဖန်တီးမိမည်စိုး၍ မုသုန်းတို့ အဖွဲ့အား အရင်ဆုံး ပြုံးပြလိုက်သည်။ သို့မှသာ မုသုန်းတို့က သူ၏မက်ဆေ့ချ်များကို ပြန်မဖြေဘဲ မနေကြမှာပင်။
"ချီချီ။"
ကျန်းဖန်းချန်က ခေါ်လိုက်သည်။
ပိုင်ချီက တစ်ချက်လှည့်ကြည့်လိုက်ပြီး ခေါင်းကို ပြန်လှည့်သွားခဲ့၏။
သူ အနည်းငယ် ပဟေဠိဖြစ်နေခဲ့သည်။
ကျန်းဖန်းချန် သူ့အဆောင်ကို ဖိတ်စာလာပို့ရဲလောက်အောင်အထိ မည်သူကများ သူ့ကို သတ္တိများပေးလိုက်သနည်း။ ဖိတ်စာပို့ပြီးသည့်တိုင် သူက သူ့ကို လာတွေ့ချင်နေသေးသည်...
ပိုင်ချီက သူ့ကို လျစ်လျူရှုထားခဲ့သည်။ ကျန်းဖန်းချန်တစ်ယောက် တစ်ဖက်မှာ အနည်းငယ်ရှက်ရွံ့ပြီး စိုးရိမ်သွားခဲ့သလို အခြားတစ်ဖက်မှာတော့ သူ သဝန်တိုစိတ်နှင့်အတူ ဒေါသများလည်း ထွက်ပေါ်လာခဲ့သည်။
သူက ပိုင်ချီ့ဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
"ငါ မင်းဆီကို သီးသန့်လာခဲ့တာ။"
ပိုင်ချီ: "ခဏစောင့်။"
ကျန်းဖန်းချန်: "ချီ..."
ပိုင်ချီ: "ခဏ။"
ကျန်းဖန်းချန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ပါးစပ်ပိတ်လိုက်ရပြီး ထိုနေရာ၌ ငြိမ်ငြိမ်လေးရပ်ကာ စောင့်ဆိုင်းနေရတော့သည်။
ပိုင်ချီက သူ၏ Weibo အကောင့်ထဲ ဝင်ကာ 'အချစ်ရေးနေ့စဉ်မှတ်တမ်း' ကို ပြုလုပ်ပြီးနောက် ထို app ကို ပိတ်လိုက်သည်။ အားလုံးပြီးတော့မှ သူက ကျန်းဖန်းချန်ကို အနည်းငယ်အာရုံစိုက်လိုက််၏။
"ပြောလေ၊ ဘာပြောချင်တာလဲ။"
ပိုင်ချီက စကားစလိုက်သည်။
ပိုင်ချီက အမြဲတမ်း သိမ်မွေ့စွာပြုံးနေတတ်ပြီး လူများကို ချိုမြိန်သည့်ခံစားချက်များ ပေးစွမ်းနိုင်သည်။
ထိုအတွက်ကြောင့် ကျန်းဖန်းချန် ကိစ္စများ၏အကျိုးဆက်ကို ဤမျှဆိုးဝါးသွားမည်ဟု ဘယ်တုန်းကမှ မတွေးတောခဲ့ဖူးခြင်းဖြစ်သည်။
ဤအခိုက်အတန့်အထိပင်။
ပိုင်ချီ၏မျက်နှာထက်မှာ အပြုံးများမရှိတော့ပေ။ အမူအရာမဲ့နေသောမျက်နှာလေးကြောင့် ကျန်းဖန်းချန်တစ်ယောက် သူ၏ရင်ဘတ်ထဲကနေ တစ်ခုခုဆွဲထုတ်ခံရသလို ခံစားလိုက်ရ၏။ ယင်းက သူ့ကို စိတ်ဓါတ်ကျသွားစေခဲ့သည်။
"မင်း ကိုယ့်ကို ဒေါသထွက်နေတာလား။"
ကျန်းဖန်းချန်က တိုးတိုးလေးမေးလိုက်၏။
အစပိုင်းတွင် ပိုင်ချီတစ်ယောက် ရှီချန်းယွင်၏ပိုက်ဆံများကို ယူကာ ပျော်ရွှင်စွာထွက်ခွာလာခဲ့သဖြင့် ဒေါသ မထွက်ခဲ့ပေ။ သို့သော် ယခု ကျန်းဖန်းချန်၏မေးခွန်းတစ်ခုတည်းကြောင့် သူ ထပ်ပြီး စိတ်မသက်မသာဖြစ်သွားခဲ့သည်။
ဒါကို ဘာလ်ို့ခေါ်လဲ။
ကမ္ဘာပေါ်မှာ အမှိုက်ကောင်တွေအားလုံးက တစ်ပုံစံတည်းပဲလား။
သူက ဖောက်ပြန်ခဲ့တယ်၊ လှေနှံနှစ်ဖက်နင်းခဲ့တယ်၊ မလုပ်သင့်တာကို လုပ်ခဲ့တယ်။ အဲ့ဒါတောင် ရောက်ရောက်လာချင်း ပထမဆုံးပြောတဲ့စကားက အမှားကို ဝန်ခံတာမဟုတ်ဘဲ ဒေါသထွက်နေတာလားတဲ့။
သောက်ကျိုးနည်း၊ ငါက ဒေါသမထွက်လို့ ဘယ်လိုခံစားနေရမှာလဲ။
ထိုကဲ့သို့လူများက ၎င်းတို့၏ချစ်သူသည် ဒေါသထွက်နေပါသည်ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သနားစရာပုံစံ ဖမ်းကာ ခွင့်လွှတ်ပေးရန် တောင်းပန်ကြတော့မည် မဟုတ်လော။
ပိုင်ချီ၏မျက်နှာထက်မှာ အပြုံးရေးရေးလေးပေါ်လာပြီး ခေါင်းကိုစောင်းငဲ့ကာ ကျန်းဖန်းချန်ကို စိုက်ကြည့်ရင်း မေးခွန်းကို သူ့ဆီပြန်ပို့လိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လဲ။"
ကျန်းဖန်းချန်တစ်ယောက် နင်သွားလေ၏။
သူ ဘယ်လိုထင်လဲ။
သူကတော့ သေချာပေါက် ပိုင်ချီ ဒေါသထွက်နေသည်ဟုသာ ထင်ပေသည်။ ဒေါသထွက်နေရုံသာမက သူ့ကို ရှင်းပြခွင့်နှင့် ခွင့်လွှတ်ပေးဖို့ တောင်းပန်ခွင့်တောင် မပေးတော့ပေ။
ထိုအခိုက်အတန့်၌ အခန်းထဲမှ အခြားသူများကလည်း အခြေအနေမဟန်ကြောင်း သတိပြုမိသွားကြ၏။
မုသုန်းက မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဟေ့၊ ကျန်းဖန်းချန်၊ စီနီယာကျန်း၊ ချီချီက ဒေါသထွက်နေတယ်၊ ဟုတ်လား။ ချီချီက ခင်ဗျားကို ဘာဖြစ်လို့ ဒေါသထွက်ရမှာလဲ။ ကျွန်တော် သဘောပေါက်ပြီ၊ ခင်ဗျားက ကျွန်တော်တို့ချီချီကို တစ်ဖက်သတ်ကြိုက်နေတာပဲ၊ ဟုတ်တယ်မလား။ ဒါပေမဲ့ ခင်ဗျား စေ့စပ်လိုက်တာက သူနဲ့ ဘာဆိုင်လို့လဲ။"
ထိုစကားကြောင့် ကျန်းဖန်းချန်၏အမူအရာမှာ မည်းမှောင်သွာခဲ့သည်။
သူက ဘယ်လိုလုပ်ပြီး မဆိုင်ရမှာလဲ။ ငါက သူ့ကောင်လေးကွ!
ကျန်းဖန်းချန်တစ်ယောက် အကျယ်ကြီး ထုတ်ပြောပစ်ချင်နေခဲ့သည်။
သို့သော်လည်း သူ မပြောနိုင်ခဲ့ပေ။
သူ ပြောခဲ့လျှင်တောင် ကိုယ့်ကိုယ်ကိုယ် အမှိုက်ကောင်ဟု တံဆိပ်တပ်ခံရအောင်သာ လုပ်မိသွားပေလိမ့်မည်။
အခြားအခန်းဖော်များကလည်း သည်းမခံနိုင်ကြတော့ပေ။
"ဟုတ်တယ်! ခင်ဗျားဘာသာ တစ်ဖက်သတ်ကြိုက်တာ ခင်ဗျားကိစ္စ။ ခင်ဗျားက စေ့တောင်စေ့စပ်ပြီးပြီကို ဘာဖြစ်လို့ ချီချီနား တဝဲလည်လည်လုပ်နေရသေးတာလဲ။ ခင်ဗျားနဲ့ စေ့စပ်ထားတဲ့သူသာ ဒီကိစ္စကို ကြားသွားရင် သူ(မ) ဘယ်လိုထင်သွားမလဲ။ သူ(မ)က ကျွန်တော်တို့ချီချီကို ပြဿနာလာရှာတော့မှာ မဟုတ်ဘူးလား။"
"အတိအကျပဲ။ ပြီးတော့ ချီချီမှာ ကောင်လေးရှိနေပြီ။"
ယင်းက သူ့ကို ဒေါသထွက်သွားစေခဲ့သည်။
ကောင်လေးရှိနေပြီ?
အဲ့ကောင်လေးက သူမဟုတ်ဘူးလား။
နေပါဦး၊ မနေ့တုန်းက အဲ့ဒီလူက...
ကျန်းဖန်းချန်၏ဦးနှောက်က ဥက္ကာခဲများနှင့် တိုက်မိသွားသကဲ့သို့ ပေါက်ကွဲလုနီးနီးဖြစ်လာခဲ့သည်။
သူက ပိုင်ချီ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ဆွဲခေါ်လိုက်၏။
"ထွက်ခဲ့၊ ကိုယ်တို့ သီးသန့်ပြောရအောင်။ ကိုယ့်မှာလည်း မင်းကို မေးစရာရှိတယ်။ မနေ့က မင်း ဘယ်သူနဲ့ ချိန်းတွေ့ခဲ့တာလဲ။ အဲ့ဒီယောက်ျားက ဘယ်သူလဲ။"
ပိုင်ချီတစ်ယောက် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ကျန်းဖန်းချန်၏ ဖိတ်စာလာပို့သည့်အပြုအမူကို ငတုံး၊ ယခု သူ့အဆောင်တံခါးဝထိ လာတွေ့ခြင်းကို လူယုတ်မာဟု သတ်မှတ်နိုင်၏။ သို့သော် ယခုလိုစကားများ ပြောထွက်ခြင်းကိုတော့ တကယ့်အရူးတစ်ယောက်ဟု ခေါ်ရတော့ပေမည်။
ပိုင်ချီတစ်ယောက် ရုန်းကန်လိုက်သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။ ယင်းက ကျန်းဖန်းချန်ကို ရန်စလိုက်သလိုဖြစ်သွားပြီး ပိုလို့တောင် ဒေါသထွက်လာစေခဲ့သည်။
မုသုန်းတို့အဖွဲ့ကလည်း ဒေါသထွက်လာကြတော့၏။
"ငိုးပဲ၊ ကျန်းဖန်းချန်၊ ခင်ဗျား ဘာလုပ်တာလဲ။ ပိုင်ချီကို လွှတ်စမ်း။"
"ခင်ဗျား ရူးနေတာလား။ ဘာစကားမို့လို့ ဒီမှာ မပြောနိုင်ရတာလဲ။"
ကျန်းဖန်းချန်၏ဦးနှောက်ထဲ အသိစိတ်အနည်းငယ် ပြန်ဝင်လာခဲ့သော်လည်း သဝန်တိုစိတ်ကတော့ တောက်လောင်နေဆဲပင်။
ပိုင်ချီက တကယ် ယောက်ျားတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။
ပြီးတော့ အဲ့ဒီတစ်ယောက်ကို မုသုန်းတို့နဲ့တောင် မိတ်ဆက်ပေးထားတာလား။
ကျန်းဖန်းချန်တစ်ယောက် ပိုင်ချီကို ရင်ခွင်ထဲသို့ဆွဲသွင်း၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သူက အခြားသူများ မကြားနိုင်သောအသံဖြင့် ပိုင်ချီ၏နားနားကပ်ကာ အံကြိတ်လျက် ပြောလိုက်သည်။
"ကိုယ် အဲ့ဒါကို မယုံဘူး၊ မင်းကိုယ်တိုင် ပြောပြရမယ်၊ ပိုင်ချီ။ မင်း နောက်ထပ်ကောင်လေးထားလိုက်ပြီဆိုတာကို ကိုယ် မယုံဘူး... မင်းက ယောက်ျားတွေကိုတောင် သဘောကျခဲ့တာ မဟုတ်ဘူး။ ကိုယ်ကသာ မင်းကို ဂေးသွားအောင် ပြောင်းလဲပေးခဲ့တာ။ ပိုင်ချီ၊ မင်းက ကိုယ့်ကိုပဲ သဘောကျလို့ ရတာ၊ မင်းက..."
သူ့စကားမဆုံးခင် မုသုန်းဆိုသည့် ရှန်တုံးအမျိုးသားကြီးက သူ၏အင်္ကျီကော်လံကို ကိုင်ဆွဲလိုက်ပြီး အားဖြင့်ဆွဲထုတ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
[T/N: ရှန်တုံးက တရုတ်ပြည်အရှေ့ပိုင်းက ခရိုင်တစ်ခုပါ။ အဲ့ဒီကလူတွေက အပြင်ပန်းမှာ ကြမ်းကြမ်းတမ်းတမ်းရှိပြီး အတွင်းစိတ်နူးညံ့ကြပါတယ်။ ပြီးတော့ သစ္စာရှိပြီး တဲ့တိုးဆန်တဲ့သဘောထား ရှိကြပါတယ်။]
အခြားအခန်းဖော်များကလည်း ပြေးဝင်လာခဲ့ကြသည်။
"ကျန်းဖန်းချန်၊ ငိုးမသား!"
ပိုင်ချီနှင့်အတူနေသည့် အခန်းဖော်သုံးယောက်စလုံးက မြောက်ပိုင်းသားများဖြစ်ကြသည်။ သုံးယောက်စလုံး အရပ်ရှည်ကြပြီး ၎င်းတို့ထဲမှာ မုသုန်းက အသန်မာဆုံးပင်။
၎င်းတို့၏ပြောစကားများအရ ငယ်ငယ်တုန်းက နေ့တိုင်း လွတ်လပ်စွာပြေးလွှားဆော့ကစားခဲ့ကြပြီး ရန်ဖြစ်ခဲ့ဖူးသည်ဟူ၍။ ထို့ကြောင့် ၎င်းတို့ကို ထိုနယ်ပယ်၌ ကျွမ်းကျင်သူများဟု ခေါ်ဆိုနိုင်ပေသည်။
ကျန်းဖန်းချန်မှာ လုံးဝ သတိလက်လွတ်ဖြစ်နေခဲ့သည့်အပြင် ရန်လည်းမဖြစ်ဖူးပေ။ ဤသို့ဖြင့် သူက ကြမ်းပြင်ပေါ် ဖိသိပ်ခံခဲ့ရပြီး အချိန်တိုအတွင်း ပြန်လည်ခုခံနိုင်စွမ်း လျော့ကျသွားခဲ့သည်။
"ပိုင်ချီ..."
သူက အသံကုန်အော်နေခဲ့သည်။
ပိုင်ချီက သူ အရိုက်ခံနေရတာကို ဒီတိုင်းကြည့်နေမှာမဟုတ်လောက်ပါဘူး။
ကျန်းဖန်းချန်၏ဦးနှောက်ထဲ ထိုအတွေး ဖြတ်ပြေးသွားချိန်မှာပင် ပိုင်ချီ၏အသံကို ကြားလိုက်ရသည်။
"မင်းတို့ကောင်တွေက ငတုံးတွေလား။ မင်းတို့ အဆောင်တံခါးပိတ်ပြီးမှ ရိုက်ကြလေ။ ငါတို့ကို အဆောင်မှူး တွေ့မသွားစေနဲ့။"
ကျန်းဖန်းချန်: "..."
ပိုင်ချီက လှည့်ထွက်သွားပြီး သူ၏ရင်ဘတ်ပေါ်သို့ ခြေထောက်တစ်ဖက်ဖြင့် တက်နင်းလိုက်သည်။
ထို့နောက် အားဖြင့် နှစ်ချက်လောက် ဆောင့်နင်းချလိုက်သည်။
ပိုင်ချီ: "နောက်ဆို ကျွန်တော့်ဆီ လာမရှာပါနဲ့၊ အဲ့လိုလုပ်ဖို့ မလိုအပ်ဘူး။"
***
Aurora Novel Translation Team