အပိုင်း (၂) - သန်း ၅၀ (၂)
ထိုအမျိုးသား၏ဘေးမှ မိန်းကလေးတစ်ယောက်က သူ့လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ သူ(မ)က အသံတိုးတိုးဖြင့် မေးလိုက်၏။
"ဘာဖြစ်လို့လဲ ဖန်းချန်။"
"...ဘာမှမဖြစ်ပါဘူး။"
ကျန်းဖန်းချန်က သူ၏မျက်လုံးများထဲမှ ရှုပ်ထွေးမှုကို ဖိနှိပ်ထားလိုက်သည်။
သူ ကျောင်းကိုပြန်ပြန်လာချင်း ပိုင်ချီနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ပိုင်ချီ၏ဆံပင်များက ရှုပ်ပွနေ၏။ ရေစက်များက သူ၏မျက်နှာလှလှလေးထက် စီးကျနေသည်။ သူ၏လက်ရှိအခြေအနေအရ သူက နုနယ်ကာ သနားစဖွယ်ကောင်းနေခဲ့သည်။
သူ ဖိတ်စာရပြီးလောက်ပြီ။
သူ တကယ်ဝမ်းနည်းနေတာပဲ။
သို့သော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။
ကျန်းဖန်းချန်၏မျက်လုံးများက လှုပ်ရှားသွားခဲ့သည်။ အနာဂတ်မှာ သူ ပိုင်ချီ၏ ဒဏ်ရာရသွားသောနှလုံးသားကို ကုစားပေးရန် နည်းလမ်းရှာရမည်။
ကျန်းဖန်းချန်တစ်ယောက် ထိုသို့စိတ်တင်းထားရင်း မိန်းကလေးနှင့်အတူ ကျောင်းထဲ လျှောက်ဝင်သွားခဲ့သည်။
အခြားတစ်ဖက်တွင် ပိုင်ချီက SUV ကားရှေ့ရပ်ကာ ပြောလိုက်သည်။
"မင်္ဂလာပါ။"
သက်တော်စောင့်က သူ၏နေကာမျက်မှန်ကို ချွတ်လိုက်၏။
"ကောင်းသောနေ့ပါ၊ ဒီဘက်က လူကြီးမင်းပိုင်ချီလား။"
ပိုင်ချီက ခေါင်းညိတ်ပြလိုက်၏။ သူက ပျက်စီးတော့မည့်ထီးကို ကိုင်ထားပြီး သူ့တစ်ကိုယ်လုံး ရေများစိုရွှဲလျက် အားနည်းကာ ကူကယ်ရာမဲ့နေသည့်ပုံပေါ်နေခဲ့သည်။
သက်တော်စောင့်က သူ့တစ်ကိုယ်လုံးစိုရွှဲနေသောရေများကို သတိမထားမိဟန်ဖြင့် ကားတံခါးဖွင့်ကာ ပြောလိုက်၏။
"ကျေးဇူးပြုပြီး ကားပေါ်တက်လိုက်ပါ။"
ပိုင်ချီက ပြောလိုက်သည်။
"ရေတွေစိုရွှဲနေတာ..."
"ကိစ္စမရှိပါဘူး။"
ကောင်းပြီလေ ဒါဆိုလည်း။
သူတို့ကိုယ်တိုင်က စိတ်မရှိဘူးဆိုမှတော့။
ပိုင်ချီတစ်ယောက် ကားပေါ်တက်လိုက်၏။
ကော်ဖီဆိုင်က အဝေးကြီးမဟုတ်ပေ။ တက္ကသိုလ်ကနေ မီတာ ၉၀၀ လောက်သာဝေးပြီး သီးသန့်နေရာတစ်ခုဖြစ်သည််။ ရှင်းရှင်းပြောရလျှင် ၎င်း၏ဈေးနှုန်းများက ခေါင်ခိုက်နေသည့်အတွက် ကျောင်းသားအနည်းငယ်လောက်သာ ဤကော်ဖီဆိုင်သို့ လာထိုင်တတ်ကြ၏။
သက်တော်စောင့်က ပိုင်ချီကို နောက်ဖေးတံခါးကနေ ဆိုင်ထဲလိုက်ပို့ပေးခဲ့သည်။ ခဏအကြာတွင် စားပွဲထိုးတစ်ယောက်ရောက်လာပြီး သူ့ကို သီးသန့်အခန်းထဲခေါ်သွားခဲ့သည်။
သီးသန့်အခန်းထဲမှာ လူနှစ်ယောက်ရှိနေ၏။ ဘယ်ဘက်မှတစ်ယောက်က အနည်းငယ်ပုကာ ဘုတ်ထိုင်းထိုင်းဖြစ်သည်။
ညာဘက်မှလူကတော့...
ပိုင်ချီ မျက်လွှာပင့်ကြည့်လိုက်ပြီးနောက် နေရာမှာတင် မှင်တက်သွားခဲ့လေသည်။
ထိုအမျိုးသားက မီးခိုးရောင်ဆွယ်တာကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထား၏။ သူ၏ခံ့ညားမှုနှင့် အရှိန်အဝါတို့က လျစ်လျူရှုဖို့ အခက်တွေ့ရလောက်အောင်ထိ ထူးခြားနေသည်။
သူက အရပ်ရှည်ပြီး ထိုင်နေတာတောင် သူ၏ခြေတံရှည်များကိုကြည့်၍ သူက အရပ်ရှည်သူဖြစ်ကြောင်း ပြောနိုင်ပေသည်။
သူက ခွက်တစ်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထား၏။ သူ၏ အရိုးအဆစ်ကျသော လက်ချောင်းများက အဖြူရောင်ကြွေခွက်နှင့် လိုက်ဖက်နေပြီး ပန်ချီကားတစ်ချပ်အလား လှပနေသည်။
သူက အလွန်ခံ့ညားပြီး တစ်နည်းနည်းဖြင့် သူ့ကို ရင်းနှီးနေသလိုပင်။
သူက ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး လက်ဆန့်ထုတ်ကာ အပြုံးရေးရေးဖြင့် ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကိုယ်က ရှီချန်းယွင်ပါ။"
သူက အလွန်ဆွဲဆောင်မှုရှိပြီး အကောင်းဆုံးသောဩဇာတိက္ကမနှင့် အထက်တန်းစားအပြုအမူတို့ဖြင့် ကောင်းချီးပေးခံထားရသူ၊ အပင်မြင့်ထက်မှ သဇင်ပန်း၊ ပြုံးလိုက်လျှင် လရောင်ကဲ့သို့ အေးမြသူပင်။ ဤလောကမှာ သူ့လိုလူ နောက်တစ်ယောက်မရှိနိုင်တော့ပေ။
သူ့အရှေ့မှလူက သူ၏ပရိသတ်များ ဖော်ပြထားသည့်အတိုင်းပင်။
တကယ်တော့ မိတ်ဆက်နေစရာတောင်မလိုပေ။ ဤကမ္ဘာပေါ်၌ ရှီချန်းယွင်ကို မသိသောသူရှိမည်လော။
ကျော်ကြားသောသရုပ်ဆောင် ရှီချန်းယွင်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို အကြိမ်ကြိမ် ဆွတ်ခူးခဲ့သော အမျိုးသား။ လေးစားဖွယ်မိသားစုမှ ဆင်းသက်လာပြီး လက်ရှိရေပန်းစားမှုက ကောင်းကင်ထက်မှ နေမင်းကြီးအလားဖြစ်နေသည့် အမျိုးသား။ သူ့ကို မသိသောသူ ရှိဦးမည်လော။
ပိုင်ချီ သူ့ကို စိုက်ကြည့်နေစဉ် တစ်ဖက်လူကလည်း သူ့ကို အကဲခတ်နေခဲ့သည်။
ရှီချန်းယွင် ပိုင်ချီကို တစ်ခါမှမမြင်ဖူးခဲ့ပေ။
ကျန်းဖန်းချန်က လှပသောအရာများကို သဘောကျသဖြင့် သူ့ကောင်လေးကလည်း ရုပ်ရည်ကြည့်ကောင်းလိမ့်မည်ဟု ခန့်မှန်းနိုင်ပေ၏။
သို့သော် ထိုကောင်လေးက မျှော်လင့်ထားသည်ထက် ချစ်စရာကောင်းလိမ့်မည်ဟု ရှီချန်းယွင် ထင်မထားခဲ့ပေ။
ချိစ်ကဲ့သို့ အဝါရောင်အနွေးထည်ဖြင့် လွှမ်းခြုံထားသောကြောင့် သူ့ကိုကြည့်ရသည်မှာ အသာလေးညှစ်လိုက်ရုံဖြင့် ချိုမြိန်သောအနှစ်များ စီးကျလာတော့မည့် ခရင်မ်ပေါင်မုန့်လေးနှင့် တူနေသည်။
ဦးထုပ်ဘေးမှ အမွေးများက မိုးရေစိုထားသဖြင့် ညှိုးနွမ်းသကဲ့သို့ တွဲလောင်းကျနေပြီး သူ၏လှပသောမျက်နှာကိုတောင် သနားစဖွယ်ကောင်းသွားစေခဲ့သည်။
ရှီချန်းယွင်: "လေမှုတ်စက် သွားယူခဲ့ပါ။"
စားပွဲထိုးက သူ၏တောင်းဆိုချက်ကို အသိအမှတ်ပြုကာ ထွက်ခွာသွားခဲ့သည်။
ပိုင်ချီ ဝင်ထိုင်လိုက်သည်။
နေကာမျက်မှန်တပ်ထားသော တောင့်တောင့်တင်းတင်း သက်တော်စောင့်ကြီးက သူ၏ တုတ်ခိုင်သောလက်ချောင်းများဖြင့် လေမှုတ်စက်ကို ယူလိုက်၏။ ပိုင်ချီမှာ စကားပြောဖို့ အခွင့်အရေးမရလိုက်ဘဲ ထိုသက်တော်စောင့်က သူ၏ဆံပင်နှင့် ဦးထုပ်ကို လေပူဖြင့် မှုတ်ပေးတော့သည်။
ပိုင်ချီတစ်ယောက် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
ဘယ်လိုပြောရမလဲ။
ဒီတိုင်း... ထူးဆန်းတယ်။
သူတို့ရဲ့မျိုးရိုးနာမည်ကလည်း မတူဘူး။
ရှီချန်းယွင်က ကျန်းဖန်းချန်ရဲ့အစ်ကို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သူတို့ရဲ့ရုပ်တွေကလည်း လုံးဝ မတူဘူးလေ။
ဆံပင်များ လုံးဝခြောက်သွေ့သွားသောအခါ အခန်းတွင်းမှ အပူချိန်ကြောင့်လည်း သူ့ကို နွေးထွေးသွားစေခဲ့သည်။
"အရင်က ကျန်းအုပ်စုရဲ့အတွင်းရေးမှူး မင်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ဆက်သွယ်လို့ မရခဲ့ဘူး။"
ရှီချန်းယွင်က တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။
ပိုင်ချီတစ်ယောက် သူ၏မှတ်ဉာဏ်များကို အနိုင်နိုင် ပြန်ဖော်လိုက်ရ၏။
"အိုး၊ အဲ့လိုမျိုး ရှိခဲ့ဖူးတယ် ထင်တယ်..."
ရှီချန်းယွင်က မေးလိုက်၏။
"မင်း ဖုန်းမကိုင်ခဲ့ဘူးလား။"
ပိုင်ချီ: "အင်း... ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်အပြစ်လည်း မဟုတ်ဘူးလေ။ သူက မက်ဆေ့ချ်တစ်စောင် ပို့လာတယ်၊ သူက ကျန်းဖန်းချန်အဖေရဲ့အတွင်းရေးမှူးပါတဲ့။ သူ့အဖေက ဝက်သတ်သမားလို့ ကျန်းဖန်းချန် ကျွန်တော့်ကိုပြောဖူးတယ်။ ဝက်သတ်သမားမှာ အတွင်းရေးမှူးရှိတယ်လို့ ကျွန်တော်မှ မသိတာ။ အဲ့ဒါကို နည်းလမ်းသစ်နဲ့ လိမ်ညာနေတာလို့ ထင်လိုက်တာပေါ့။"
ရှီချန်းယွင်: "..."
ရှီချန်းယွင်၏မန်နေဂျာက မအောင့်နိုင်ဘဲ ဝင်ပြောလိုက်၏။
"လျှောက်ပြောနေတာ၊ ဘယ်က ဝက်သတ်သမားဖြစ်ရမှာလဲ။ သူ့အဖေက ကျန်းအုပ်စုရဲ့သူဌေးလေ။"
ရှီချန်းယွင်က သူ့အရှေ့မှလူငယ်လေးကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်သည်။
လေမှုတ်ခံထားရသည့် သူ၏ဆံပင်များက တော်တော်လေး ပွယောင်းယောင်းဖြစ်နေခဲ့သည်။ လှည့်စားခံလိုက်ရတာတောင် သူ၏မျက်နှာထက်မှာ ဝမ်းနည်းသည့်လက္ခဏာမျိုး မရှိခဲ့ပေ။ ထိုအစား အလွန်ချစ်စရာကောင်းပြီး ရိုးသားသည့်ပုံပေါ်နေ၏။
"ဒါဆို ကိုယ်ကရော လိမ်ညာတဲ့သူနဲ့ တူလား။"
ရှီချန်းယွင်၏နှုတ်ခမ်းထောင့်များက အထက်သို့ ကွေးညွတ်သွား၏။ သူက ပြုံးဖို့ ကြိုးစားနေခဲ့ခြင်းဖြစ်နိုင်သည်။ သို့သော် ထိုအပြုံးက သူ၏မျက်လုံးများဆီသို့ မရောက်ခဲ့ပေ။ နက်မှောင်သော သူ၏မျက်လုံးများထဲမှာ အေးစက်မှုတစ်ခု တည်ရှိနေခဲ့သည်။
ပိုင်ချီက ခေါင်းယမ်းပြလိုက်၏။
"လုံးဝ မတူပါဘူး။"
ရှီချန်းယွင်၏မျက်နှာအစိတ်အပိုင်းများကို ကောင်းကင်ဘုံမှ အပ်နှင်းထားခြင်းဖြစ်သည်။ ခွဲစိတ်ပြုပြင်လျှင်တောင် မည်သူကမှ မတုပနိုင်လောက်ပေ။
ရှီချန်းယွင်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။ တစ်ဆက်တည်းဆိုသလို သူ့မန်နေဂျာဆီကနေ ချက်စာအုပ်ကိုယူကာ တစ်ရွက်ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် သူက နံပါတ်များရေးလိုက်ပြီး လက်မှတ်ထိုးလိုက်၏။ ထိုချက်လက်မှတ်ကို ပိုင်ချီရှေ့သို့ ချပေးလိုက်သည်။
"ကိုယ် မင်းကို သန်း ၅၀ ပေးမယ်..."
သန်း ၅၀ ???!
အိုး၊ သိပြီ၊ ကျွန်တော်က သန်း ၅၀ ကိုယူပြီး ခင်ဗျားရဲ့ညီနားကနေ ထွက်သွားပေးရမှာ၊ ဟုတ်တယ်မလား။
ဟေး၊ အဲ့လိုဆို အားနာစရာကြီပေါ့...
ပိုင်ချီတစ်ယောက် နှုတ်ခမ်းများကို စေ့ပိတ်လိုက်သည်။ သူ၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရှီချန်းယွင်က အမြန်ထပ်ဖြည့်ပြောလိုက်၏။
"အချိန်တစ်ခုလောက်ထိ ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် သရုပ်ဆောင််ပေးစေချင်တယ်။"
ဟမ်?
ဘယ်လို???
ယခု ပိုင်ချီတစ်ယောက် စိတ်ဝင်စားသွားခဲ့သည်။
ဤသည်မှာ တိုက်ဆိုင်မှုမဟုတ်လော။
[OP ရေ၊ ပိုကောင်းတဲ့ရည်းစားကိုသာ သွားရှာလိုက်! အဲ့ဒီအမှိုက်ကောင်ကို နင့်ရဲ့မင်္ဂလာပွဲတက်ဖို့ဖိတ်ပြီး ဒေါသထွက်သေသွားအောင် ချေမိုးပြလိုက်။ နင် အဲ့ဒီအမှိုက်ကောင်ထက် အရပ်ပိုရှည်၊ ပိုချမ်းသာ၊ ပိုပြီးရုပ်ချော၊ ပိုပြီးသိမ်မွေ့တဲ့သူဖြစ်ရင် ပိုကောင်းတယ်။ သူက ဇိမ်ခံကားပိုင်ပြီး အနောက်တိုင်းဝတ်စုံတွေ၊ ဈေးကြီးတဲ့နာရီတွေ ဝတ်တဲ့သူဆို ပိုတောင်ကောင်းသေးတယ်။ ဟက်၊ အဲ့လိုအမျိုးသားက နင့်ကို ပွေ့ဖက်ထားတာကိုမြင်ရင် အဲ့ဒီလူယုတ်မာက သေလောက်အောင် ဒေါသထွက်သွားလိမ့်မယ်။]
အား၊ တိုက်ဆိုင်လိုက်တာ။ အဲ့လိုလူက ငါ့ရှေ့တည့်တည့်ကို ရောက်လာတာပဲ။
ပြီးတော့ သူက အဲ့အမှိုက်ကောင်ရဲ့ အစ်ကိုကြီးဖြစ်နေသေးတယ်!
ဒါ ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာမကောင်းဘူးလား။
ဒါ ဇာတ်လမ်းတွဲတွေထဲမှာတောင် မရှိနိုင်တဲ့အရာပဲ။
ရှီချန်းယွင်က သူ၏မျက်နှာအမူအရာကို အကဲခတ်နေခဲ့သည်။
"ကိုယ့်ရဲ့တောင်းဆိုချက်က တော်တော်လေး ရုတ်တရက်ဆန်လွန်းတယ်ဆိုတာကို သိပါတယ်။"
ပါးပါး၊ ဒါက လုံးဝ ရုတ်တရက်မဆန်ဘူး။
ပါးပါး၊ သန်း ၅၀ က အရမ်းကောင်းလွန်းတယ်။
"ဒါပေမဲ့ ဒီကိစ္စကို သေချာစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။"
ရှီချန်းယွင်က ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
"ကျန်းဖန်းချန်ရဲ့စေ့စပ်ပွဲက ပြောင်းလဲတော့မှာမဟုတ်ဘူး။ မင်းနဲ့ သူနဲ့မှာ အနာဂတ်မရှိတော့ဘူး။ အခြားသူတစ်ယောက်ကို ရွေးချယ်လိုက်တာကလည်း မင်းရဲ့အချစ်ရေး ဒဏ်ရာကနေ ရုန်းထွက်ဖို့ ကူညီပေးနိုင်မှာပါ။ မင်း စဉ်းစားလို့ရအောင် ကိုယ် မင်းကို အချိန်တစ်ပတ်ပေးမယ်..."
"တစ်ပတ်အထိ စောင့်စရာမလိုပါဘူး၊ အခုပဲ ဆုံးဖြတ်လိုက်မယ်။"
ပိုင်ချီက တက်ကြွစွာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် လက်ခံတယ်။"
လေမှုတ်ထားသောကြောင့် သူ့ဦးထုပ်ပေါ်မှ အမွေးများက အပေါ်သို့ ထောင်နေခဲ့သည်။ သူ ခေါင်းညိတ်လိုက်သောအခါ ၎င်းတို့ကလည်း အရှေ့နောက်လွှဲယမ်းသွားခဲ့သည်။ သူ၏မျက်လုံးလေးများက အဖိုးတန်ရတနာများကဲ့သို့ တောက်ပနေခဲ့သည်။
"တကယ်တော့ ချစ်စရာကောင်းပြီး ရိုးသားဖြူစင်တဲ့ ကြာပန်းဖြူလေးကနေ ဆွဲဆောင်မှုရှိပြီး တွက်ချက်တတ်တဲ့ ကောက်ကျစ်တဲ့သူအထိ ကြိုက်တဲ့ပုံစံလာခဲ့၊ ကျွန်တော် အားလုံးလုပ်နိုင်ပါတယ်! ကျွန်တော် ကိုယ်ဝန်ရှိချင်ယောင်ဆောင်ရမလား၊ ကိုယ်ဝန်ပျက်ကျရမလား၊ လမ်းခွဲရမလား၊ လမ်းပေါ်မှာ အော်ဟစ်ဆဲဆိုပေးရမလား၊ အကုန်ရတယ်! ချစ်လှစွာသော လူကြီးမင်း၊ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုပုံစံမျိုးလိုချင်လဲ၊ ပြောသာပြောလိုက်။"
ပိုင်ချီက အခိုင်အမာ ပြောလိုက်လေသည်။
ရှီချန်းယွင်၏မန်နေဂျာမှာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ဒါက... ငါတို့မျှော်လင့်ထားတာနဲ့ မတူပါလား... ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ မျက်ရည်ကျတာတွေ မတွေ့ရဘဲ ဘာဖြစ်လို့ သူက အရမ်းစိတ်လှုပ်ရှားနေရတာလဲ။
***
Aurora Novel Translation Team