no

Font
Theme

အပိုင်း (၇) - လက်ထပ်မှတ်ပုံတင်ရုံး (၂)

ကျန်းဖန်းချန်က စေ့စပ်လိုက်ပြီဖြစ်ရာ ၎င်းတို့နှစ်ယောက် လမ်းခွဲလိုက်ပြီဟု ပိုင်ချီက သတ်မှတ်လိုက်သည်။ သူက တစ်ဖက်မိန်းကလေးအတွက် ပြဿနာမဖြစ်စေချင်ပေ။

၎င်းတို့တွဲခဲ့သည့် နှစ်နှစ်အတွင်း သူနှင့် ကျန်းဖန်းချန်က လက်ပွန်းတတီး မရှိခဲ့ပေ။ ထိုအတွက်ကြောင့် ပိုင်ချီမှာ အန်ချင်စိတ် သိပ်မဖြစ်မိခြင်းပင်။

သို့သော်လည်း ကျန်းဖန်းချန်သာ သူ့ကို ထပ်လာရှာမည်ဆိုပါက သူ အမှန်တကယ်ကို အန်ချင်လာပေလိမ့်မည်။

မုသုန်းကလည်း ဒေါသထွက်နေခဲ့သည်။ သူက ကျန်းဖန်းချန်ကို ပိုင်ချီ့အချစ်ကိုမရ၍ ကောင်မလေးတစ်ယောက် ထားရင်း ပိုင်ချီကိုပါ လာရောက်အနိုင်ကျင့်နေသည့် အရူးတစ်ယောက်ဟု သတ်မှတ်လိုက်သည်။

လက်ရှိအချိန်မှာ သူ၏ဒေါသများက တရိပ်ရိပ်တက်နေ၏။

"ခင်ဗျား နောက်တစ်ခါထပ်လာရဲရင် ခင်ဗျားအမေကတောင် မမှတ်မိနိုင်တော့တဲ့အထိ ရိုက်ပစ်မယ်။"

လေထုက တင်းမာနေဆဲပင်။

ကျန်းဖန်းချန်၏ပါးစပ်နှင့် နှာခေါင်းများမှ သွေးများ စီးကျနေခဲ့သော်လည်း သူက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။

"ဟား၊ စမ်းကြည့်လိုက်လေ။ မင်းတို့အိမ်က လျော်ကြေးပေးဖို့ တတ်နိုင်မှာလား။"

ထိုအချိန်၌ ပိုင်ချီ၏ဖုန်းက မြည်လာခဲ့သည်။

ပိုင်ချီတစ်ယောက် ကျန်းဖန်းချန်ကို ကန်လိုက်ရာ ကျန်းဖန်းချန်၏နှလုံးတစ်ခုလုံး ထွက်ကျလာတော့မတတ် ဖြစ်သွားခဲ့၏။

ထို့နောက်မှ သူက ဖုန်းကိုထုတ်ယူကာ ကိုင်လိုက်သည်။

"ဟယ်လို။"

ဖုန်း၏အခြားတစ်ဖက်မှ ရှီချန်းယွင်၏အသံ ထွက်ပေါ်လာခဲ့သည်။

"မင်း အခု အားလား။"

"အင်း။"

ပိုင်ချီက ကျန်းဖန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။

"အားပါတယ်၊ ဘာဖြစ်လို့လဲ။"

ကျန်းဖန်းချန်က ပိုင်ချီ ဖုန်းပြောနေသည့်လေသံကို ကြားလိုက်ရသည်နှင့် တစ်ခုခုထူးဆန်းနေကြောင်း သိလိုက်သည်။

သူ မည်သို့ဖော်ပြရမည်နည်း၊ သဘာဝအတိုင်း ချိုမြိန်နေသည့်... ခံစားချက်မျိုး ပါဝင်နေ၏။

ရုတ်တရက်ဆိုသလို ကျန်းဖန်းချန်၏ဦးနှောက်ထဲရှိ သွေးများအားလုံး ဆူပွက်လာခဲ့သည်။

"ပိုင်ချီ! ပိုင်ချီ၊ မင်း သောက်ကျိုးနည်း ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ။"

မုသုန်းက ကျန်းဖန်းချန်၏ပါးစပ်ကို ပိတ်ထားလိုက်သည်။

"ရည်းစားနဲ့ပေါ့၊ ဘယ်သူရှိရဦးမှာလဲ။ သောက်ရူးကောင်၊ ခင်ဗျား ငြိမ်ငြိမ်လေးနားထောင်နေစမ်းပါ။ ခင်ဗျားကို ဒေါသထွက်ပြီး သေသွားအောင်လုပ်ပြမယ်။"

ကျန်းဖန်းချန်က ဒေါသတကြီး ရုန်းကန်လိုက်၏။ သူ၏နဖူးနှင့် လည်ပင်းတို့မှာ အကြောများ ထောင်လာခဲ့သော်လည်း လူသုံးယောက်၏အားကို သူ မရုန်းနိုင်ခဲ့ပေ။

"ကျန်းဖန်းချန်က မင်းကို လာရှာတာလား။"

ရှီချန်းယွင်၏အသံ ထွက်ပေါ်လာခဲ့သည်။

"အင်း။"

ရှီချန်းယွင်က ရယ်လိုက်ပုံရပြီး ထို့နောက်မှ ပြောလာခဲ့သည်။

"ဒီအရူးကတော့။"

ပိုင်ချီက မျက်တောင်ခတ်လိုက်၏။

ရှီချန်းယွင်တစ်ယောက် သူ့ဆီကနေ ကန့်ကွက်သံမကြားရသောအခါ သူ၏မျက်နှာထက်မှ အပြုံးက ပို၍ထင်ရှားလာခဲ့သည်။

သူ ထင်ထားသည့်အတိုင်း ဤကောင်လေးက အမှန်တကယ်ကို ပါးနပ်သူဖြစ်သည်။

သူက ကျန်းဖန်းချန်လိုလူမျိုး၏ ချည်နှောင်မှုကို အလွယ်တကူ လက်ခံမည်မဟုတ်သလို ကျရှုံးသွားသော အချစ်ရေးထဲ နစ်မြုပ်နေမည့်သူလည်း မဟုတ်ပေ။

လက်ရှိ၌ ရှီချန်းယွင်က ပွဲတစ်ခုမှာရောက်နေ၏။ သူက ကိုယ်တိုင်းနှင့်ချုပ်ထားသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုနေရာမှာထိုင်နေသည့် သူ၏ကိုယ်နေဟန်ထားက ခံ့ညာထည်ဝါမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစဉ် စတိုင်လစ်က ဓါတ်ပုံရိုက်ကူးရေးအဖွဲ့နှင့်အတူ သူ့ဆီ လျှောက်လာခဲ့သည်။

၎င်းတို့က ပွဲအတွက် ဓါတ်ပုံရိုက်ကူးရလေ့ရှိပြီး ပုံမှန်အားဖြင့် ထိုဓါတ်ပုံများကို ပရော်ဖက်ရှင်နယ် ဓါတ်ပုံရိုက်ကူးရေးအဖွဲ့မှ ရိုက်ကူးပေးခြင်းဖြစ်သည်။

ရှန်းကွမ်းက စကားစလိုက်သည်။

"ရှီကော၊ ဒါက..."

"ခဏလေး။"

ရှီချန်းယွင်က တစ်ဖက်လှည့်ကာ ပြောလိုက်သည်။

ရုတ်တရက်ဆိုသလို ဓါတ်ပုံရိုက်ကူးရေးအဖွဲ့က အနည်းငယ် သိချင်သွားခဲ့ကြသည်။

ရှီလောင်ရှီးက ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ။

ရှီချန်းယွင်က မျက်လွှာချထားပြီး သူ၏လက်ချောင်းများက မသိစိတ်အရ ထိုင်ခုံလက်ရန်းကို တောက်နေခဲ့သည်။ ထို့နောက် သူက ရုတ်တရက်ပြောလိုက်သည်။

"မင်း ညနေ ၃ နာရီလောက်ကျ ကျောင်းပြင်ကို ထွက်လာလို့ရလား။ ကိုယ် ရှန်းကွမ်းကိုလွှတ်ပြီး လာကြိုခိုင်းလိုက်မယ်။"

ကျောင်းပြင်ထွက်လို့ရလားတဲ့။

ဟမ်?

ဖုန်းတစ်ဖက်ကတစ်ယောက်က တက္ကသိုလ်တက်နေတုန်းပဲပေါ့...

ဝန်ထမ်းများမှာ တောင့်တင်းနေကြစဉ် ရုတ်တရက် အလင်းပွင့်သွားခဲ့ကြသည်။

တက္ကသိုလ်?

အိုမို၊ အိုမို! ဒါ မနေ့ကပြန့်သွားတဲ့ ဓါတ်ပုံထဲက ကောင်လေးများလား။ ဟုတ်တာပေါ့၊ ရှီလောင်ရှီးက မနေ့တုန်းကမှ တက္ကသိုလ်တစ်ခုကို ပွဲတက်သွားခဲ့တာလေ!

ပိုင်ချီက အလွန်လျင်မြန်စွာ သဘောတူလိုက်သည်။

"ကိစ္စမရှိပါဘူး။"

ထို့နောက် သူက မေးကြည့်လိုက်သည်။

"ကျွန်တော်တို့ တစ်ခုခုလုပ်စရာရှိလို့လား။"

၃ နာရီဆိုသည်မှာ နေ့လယ်စာစားရန် နောက်ကျနေပြီဖြစ်သလို ညစာစားရန်လည်း စောလွန်းနေသေးသည်။

"လက်ထပ်မှတ်ပုံတင်ရုံးကိုသွားမလို့။"

ဝန်ထမ်းများ: !!!

ရှန်းကွမ်း: ???

သူတို့ နှစ်လနေတော့မှလို့ သဘောတူထားတာ မဟုတ်ဘူးလား။

ပိုင်ချီက ခဏမျှသာ ရပ်တန့်သွားပြီး အမြန်သဘောတူလိုက်သည်။

"ကောင်းပါပြီ။ ဟို၊ ဒါပေမဲ့လေ ကျွန်တော့်မှာ အတွေ့အကြုံမရှိဘူး။ သတိထားရမဲ့ အချက်တွေ ရှိသေးလား။ အဝတ်အစားရော လဲရမှာလား။ ဆံပင်ပုံစံရော သတ်မှတ်ချက်ရှိလား။"

သူ၏ အလိုက်သင့်နေတတ်မှုက ရှီချန်းယွင် စိတ်ကူးထားတာထက်တောင် ကျော်လွန်နေခဲ့သည်။

ပိုင်ချီတစ်ယောက် ဖုန်း၏အခြားတစ်ဖက်မှ ရှီချန်းယွင်၏ ရယ်သံကို ကြားလိုက်ရပြန်သည်။

"အင်း၊ ကိုယ်တို့အတွက် ပထမဆုံးအကြိမ်ဆိုတော့ နှစ်ယောက်လုံးမှာ အတွေ့အကြုံမရှိဘူး။"

ရှီချန်းယွင်က အသံကို အနည်းငယ်လျှော့လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကိုယ် ရှန်းကွမ်းကို သတိပြုရမဲ့အချက်တွေ မင်းဆီပို့ခိုင်းလိုက်မယ်။"

အမှန်တကယ်တော့ ထိုအရာများကို အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေနိုင်ပေသည်။

ပိုင်ချီ: "ကောင်းပါပြီ။"

သူက ခဏရပ်တန့်လိုက်ပြီးနောက် ပြောလိုက်၏။

"ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။"

ရှီချန်းယွင်က အလွန်အလုပ်ရှုပ်နေမည်ဖြစ်ရာ သူနှင့် စကားအပိုပြောနေရန် အချိန်ရှိမည်မဟုတ်ပေ။

ရှီချန်းယွင်က မျက်ခုံးတစ်ဖက်ကို အသာအယာပင့်လိုက်၏။

"...အင်း။"

ပိုင်ချီနှင့် ဆက်သွယ်သည့်အကြိမ်တိုင်းမှာ ထိုကောင်လေး၌ သူ၏စိတ်ကူးများထက် အမြဲတမ်း ကျော်လွန်နေခဲ့သည်။

ရှီချန်းယွင်က ဖုန်းကို သိမ်းလိုက်ပြီး ရှန်းကွမ်းကို ကြည့်လိုက်သည်။

"ကြားလိုက်တယ်မလား။"

ရှန်းကွမ်းက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို သူ့ဆီ စာပို့လိုက်တော့။"

"အာ။"

ရှန်းကွမ်းတစ်ယောက် မှင်တက်နေခဲ့သည်။

ဝန်ထမ်းများကလည်း မထူးမခြားနားပေ။ ၎င်းတို့အားလုံးက အံ့ဩထိတ်လန့်နေကြ၏။

ငိုး၊ ငါတို့ ကြားလိုက်ရတာ စကြာဝဠာကို တုန်လှုပ်သွားစေန်ိုင်တဲ့ သတင်းထူးကြီးပဲ။

ရှီလောင်ရှီးက လက်ထပ်မှတ်ပုံတင်ရုံးကို သွားမလို့တဲ့!

သူက လက်ထပ်တော့မှာပဲ!

ချီး! သူ့မှာ ရည်းစားရှိတာ ဘယ်သူမှတောင် မသိဘူးလေ!!!

အခြားအနုအညာရှင်များသာဆို ထိုကဲ့သို့သောအခြေအနေများကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားကြမည်မဟုတ်လော။

ရှီလောင်ရှီးကတော့ မဟုတ်ပေ။

သို့သော် စဉ်းစားကြည့်လိုက်လျှင် ရှီလောင်ရှီးက ဆုပေါင်းများစွာ ရရှိထားသည်။ သူ့မှာ အနုပညာအရည်အသွေး အပြည့်အဝရှိပေ၏။ သူက ရုပ်ကလေးဗန်းပြပြီး မိန်းကလေးပရိသတ်များ၏ မဲပေးမှုကို အားကိုးနေသူများနှင့် လုံးဝမတူညီပေ။

ရှီချန်းယွင်က ထရပ်လိုက်ပြီး ဝန်ထမ်းများကို ခေါင်းညိတ်ပြကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"ပင်ပန်းသွားပါပြီ၊ အခု စကြရအောင်။"

ပိုင်ချီ၏အဆောင်၌ အခန်းဖော်များမှာ နားထောင်လေလေ၊ ပို၍ထူးဆန်းလေလေဟု ခံစားလိုက်ရသည်။

မုသုန်းက မနေနိုင်ဘဲ မေးလိုက်၏။

"ချီချီ၊ မင်း ဘယ်သွားမလို့လဲ။"

ပိုင်ချီ: "လက်ထပ်မှတ်ပုံတင်ရုံးကို။"

"ငါ အရင်သွားတော့မယ်၊ မင်းတို့ သူ့ကို လွှတ်ပေးလိုက်တော့။ သူ ဒဏ်ရာရသွားလို့ ဆေးရုံတက်ရရင် ငါ့တာဝန်ထားလိုက်။ တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် ငါတစ်ယောက်တည်း ရိုက်တာလို့ ပြောလိုက်။"

ပိုင်ချီက ထိုသို့ပြောပြီးသည်နှင့် သော့ကိုယူကာ ထွက်ခွာသွားခဲ့သည်။ အံ့အားသင့်နေသည့် အခန်းဖော်တစ်သိုက်နှင့် ဒေါသထွက်လွန်းလို့ မျက်လုံးများ ကျွတ်ကျမတတ်ဖြစ်နေသည့် ကျန်းဖန်းချန်တို့သာ ကျန်ရစ်ခဲ့လေသည်။

မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး!!!

လက်ထပ်မှတ်ပုံတင်ရန်အတွက် အိမ်ထောင်စုဇယား လိုအပ်သဖြင့် ပိုင်ချီတစ်ယောက် အိမ်သို့ အရင်ပြန်ရပေမည်။

သူက ကျောင်းမှထွက်လာပြီး တက္ကစီတစ်စီးကို တားလိုက်သည်။

ထိုအခိုက်အတန့်၌ ကျန်းဖန်းချန်မှာ မုသုန်းတို့နှင့် စာရင်းရှင်းဖို့တောင် စိတ်မဝင်စားတော့ဘဲ အဆောင်ကနေ အမြန် ထွက်လာခဲ့သည်။ သူ၏ခေါင်းထဲမှာ တဝီဝီမြည်နေပြီး သူ၏လက်များက တုန်ယင်နေ၏။

သူက ပိုင်ချီနောက်သို့လိုက်ကာ ကျောင်းဝင်းထဲကနေ အမြန်ပြေးထွက်လာခဲ့သည်။

သူ ပိုင်ချီကို ပြန်လိုက်ခေါ်ရပေမည်။

ပိုင်ချီ အိမ်ပြန်ရောက်သောအခါ အိမ်မှာ မည်သူမှရှိမနေပေ။

သူ၏မိဘများက ဤအချိန်ဆို အလုပ်လုပ်နေကြပေမည်။

သို့သော် အိမ်၌ အိမ်ထောင်စုဇယားသာမက ဘဏ်စာအုပ်နှင့် အိမ်စာချုပ်များပါ မည်သည့်နေရာမှာရှိကြောင်း သူ သေချာသိသည်။

ထို့ကြောင့် သူက သူ၏သော့များကို ကျွမ်းကျင်စွာထုတ်ယူလိုက်ပြီး ဗီရိုဆီတန်းသွားကာ ဖွင့်လိုက်သည်။ သူက အံဆွဲကိုသော့ဖွင့်ကာ ထိုထဲမှ အိမ်ထောင်စုဇယားကို ထုတ်ယူလိုက်လေ၏။

သူက အခိုက်အတန့်တစ်ခုလောက် တွေဝေသွားပြီး ထိုနေရာမှာ ရပ်နေခဲ့၏။ ထို့နောက် သူက ဘဏ်စာအုပ်ကိုပါ သူနှင့်အတူယူသွားလိုက်သည်။ သူ့မှာ အခွင့်အရေးရခဲ့လျှင် ရှီချန်းယွင်ပေးခဲ့သော ပိုက်ဆံအချို့ကို သူ့အမေ၏ဘဏ်စာအုပ်ထဲ လွှဲပေးရန်ပြင်လိုက်၏။

ပိုင်ချီတစ်ယောက် ယူစရာရှိတာကိုယူပြီးနောက် သူ၏အတွင်းဝတ်ကို အဖြူရောင်တီရှပ်နှင့် လဲဝတ်လိုက်သည်။ ထို့နောက် အောက်ထပ်သို့ဆင်းသွားပြီး လမ်းထောင့်ရှိ ခေါက်ဆွဲဆိုင်မှာ ဆန်ခေါက်ဆွဲတစ်ပွဲ ဝင်စားလိုက်သည်။

၃ နာရီ၌ ရှန်းကွမ်းက သူ့ကို အချိန်ကိုက် လာကြိုခဲ့၏။

"ရှီကောက ညဘက်မှာ ပွဲတက်စရာရှိသေးတယ်..."

ရှန်းကွမ်းက သက်ပြင်းချလိုက်သည်။ ယနေ့အချိန်ဇယားက တော်တော်လေး ပြည့်ကျပ်နေပြီဖြစ်သော်လည်း ရှီချန်းယွင်က လက်ထပ်မှတ်ပုံတင်မည့်ကဏ္ဍကို အတင်းအကျပ် ထည့်သွင်းခဲ့သည်။

ရှန်းကွမ်းက ဆက်ပြောနေစဉ် ပိုင်ချီက သူ့စကားကို ပေါ့ပေါ့ပါးပါး တုံ့ပြန်ရင်း ကျန်းဖန်းချန်ကို blacklist ထဲ ထည့်လိုက်လေသည်။

ထိုအချိန်၌ ရှီချန်းယွင်ပရိသတ်များ၏ အားထုတ်မှုကြောင့် အတော်လေးတိတ်ဆိတ်နေခဲ့သော ဖိုရမ်ထဲမှာ နောက်ထပ်ပို့စ်တစ်ခုကြောင့် ရုတ်တရက် ပေါက်ကွဲသွားပြန်သည်။

[ဒီနှစ်ရဲ့အကြီးမားဆုံး အထူးသတင်း!!! အရမ်းတော်ပြီး ပရိသတ်တွေအများကြီးရှိတဲ့ နာမည်ကြီးမင်းသားတစ်ယောက်က ဒီနေ့ အပြင်လူတစ်ယောက်နဲ့ လက်ထပ်တော့မယ်တဲ့!]

ရှီချန်းယွင်၏ပရိသတ်များက ထိုပို့စ်ကိုဖတ်ပြီးနောက် တည်ငြိမ်စွာ ပြုံးလိုက်ကြသည်။

အင်း။ ဒီသတင်းကြီးထွက်လာမှတော့ ရှီကော တက္ကသိုလ်မှာ ဘယ်သူ့ကိုသွားတွေ့လဲဆိုတာ ငြင်းခုံနေစရာမလိုတော့ဘူး။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment