အပိုင်း (၁၀) - နှစ်ဖက်မိဘများနှင့်တွေ့ဆုံခြင်း (၁)
အခြားသူများက အံ့အားသင့်နေရာမှ မနည်းစိတ်ထိန်းကာ တုန်ယင်နေသောအသံများဖြင့် မေးမြန်းလိုက်ကြသည်။
"ရှီလောင်ရှီးက လက်ထပ်လိုက်ပြီလား။"
ရှီချန်းယွင်က ပြန်ဖြေလိုက်သည်။
"အင်း။"
"ရှီကော ဘယ်တုန်းက လက်ထပ်လိုက်တာလဲ။"
အချို့လူများက ကြောင်အမ်းနေကြဆဲပင်။
"ဒီနေ့ပဲ။"
ဥက္ကဌလျန်က လုပြောလိုက်လေ၏။
"သူ ဒီကိုမလာခင်တုန်းက ကောင်လေးကိုသွားခေါ်ပြီး လက်ထပ်မှတ်ပုံတင်ရုံးမှာ လက်ထပ်မှတ်ပုံတင် သွားယူခဲ့တာ။"
ရှီချန်းယွင်က သဘောတူလိုက်သည်။
"အင်း။"
ဤသို့ဖြင့် လူတိုင်းက ပန်းကန်ခွက်ယောက်များအား တိုက်မိတာကိုတောင် ဂရုမစိုက်နိုင်ကြတော့ဘဲ ရုတ်ခြည်းထရပ်လိုက်ကြပြီး ၎င်းတို့၏ခွက်များကိုမြှောက်ကာ ၎င်းတို့ကို ဂုဏ်ပြုလိုက်သည်။
"ဂုဏ်ယူပါတယ်၊ လက်ထပ်ပွဲအတွက် ဂုဏ်ယူပါတယ်။"
ပိုင်ချီက နှုတ်ခမ်းလေးစေ့ကာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ထို့နောက် သူက သူ့ဘေးမှ နွားနို့ခွက်ကိုမြှောက်ကာ ၎င်းတို့နှင့် ခွက်ချင်းတိုက်လိုက်ပြီး ခေါင်းမော့လျက် တစ်ကျိုက်တည်းသောက်ချလိုက်သည်။
ပိုင်ချီမှာ မူလကတည်းက ရုပ်ရည်နုပျိုသူဖြစ်ရာ ယခုအချိန်၌ ပိုလို့တောင် ငယ်ရွယ်သည့်ပုံပေါ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ခန်းမထဲရှိလူတိုင်း ရှီချန်းယွင်အား မိမိ၏သဘာဝကို မဖုံးကွယ်နိုင်တော့ဘဲ ပျော့ပျောင်းနုနယ်သော သိုးငယ်လေးတစ်ကောင်ကို လှည့်ဖြားခေါ်ဆောင်လာသည့် မိစ္ဆာဘုရင်ကြီးအဖြစ် ခံစားလိုက်ကြရသည်။
သောက်ကျိုးနည်း၊ ဟားဟားဟား။
လူတိုင်းက ယနေ့ည ရှီချန်းယွင်၏ မင်္ဂလာဦးညဖြစ်ကြောင်း သိကြသဖြင့် ၎င်းတို့နှစ်ယောက်ကို ကြာကြာဆွဲမထားရဲကြပေ။ ၎င်းတို့မှာ ရွေးချယ်စရာမရှိဘဲ... အရက်သောက်ခြင်း၊ ဖဲကြိုးဗြောက်အိုးများဖောက်ခြင်းနှင့် ၎င်းတို့ကိုအဖော်ပြုရန် အိုင်ဒေါအနည်းငယ်ကို ခေါ်ယူခြင်း စသည့်လှုပ်ရှားမှုအားလုံးကို ဆိုင်းငံ့ထားလိုက်ကြရသည်။
ည ၁၀ နာရီခွဲ၌ ရှီချန်းယွင်က ပိုင်ချီကိုခေါ်၍ ညစာစားပွဲကနေ ထွက်ခွာသွားခဲ့သည်။
ဟိုတယ်အပြင်သို့ရောက်သည်နှင့် နှစ်ဦးသား လက်တွဲဖြုတ်လိုက်ကြ၏။
"မင်း မနက်ဖြန်အားလား။"
ရှီချန်းယွင်က မေးလိုက်သည်။
"အမ်? အားပါတယ်။ ကျွန်တော်တို့ မနက်ဖြန်လည်း အတူတူထမင်းစားရမှာလား။"
ပိုင်ချီက ပြန်မေးလိုက်သည်။
"အဲ့လိုလုပ်ဖို့ မလိုပါဘူး။"
ရှီချန်းယွင်က ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"မင်း အဝတ်အစားနည်းနည်းလောက် ထုပ်ပိုးပြီး ကိုယ့်အိမ်ကို ရွှေ့ထားလိုက်။ အခုလောလောဆယ်တော့ လာနေစရာ မလိုသေးပါဘူး၊ ဒါပေမဲ့ ပိတ်ရက်တွေမှာတော့ ခဏလာနေပေး။ အဲ့လိုဆို အဆင်ပြေရဲ့လား။"
ပိုင်ချီက လေကို အသာရှူသွင်းကာ ပြန်ရှူထုတ်လိုက်ရာ ယင်းက အငွေ့ဖြူဖြူလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ပြန်ပြောလိုက်၏။
"အဆင်ပြေပါတယ်။"
ယခု သူ ပြန်စဉ်းစားကြည့်လိုက်သောအခါ သူ၏လူနေမှုဘဝထဲသို့ သူစိမ်းတစ်ယောက် ရုတ်တရက် တိုးဝင်လာခဲ့ပြီဖြစ်ရာ အနည်းငယ်တော့ ကသိကအောက် ဖြစ်စရာကောင်းပေသည်။
"ကောင်းပြီ၊ မနက်ဖြန် ကိုယ့်လက်ထောက်ကို မင်းကိုလာခေါ်ခိုင်းလိုက်မယ်။ ကိုယ် နည်းနည်းအလုပ်ရှုပ်နေလို့ ကိုယ်တို့ တွေ့ဖြစ်မှာမဟုတ်လောက်ဘူး။"
ရင်ကျက်သောအမျိုးသားတစ်ယောက်နှင့် ဆက်ဆံရသည်မှာ အလွန်စိတ်ချမ်းသာရပေသည်။ ထို့အပြင် သူ့အတွက် အရာအားလုံးကို ထောင့်စေ့အောင် စီစဉ်ပေးထားသဖြင့် သူ အလုပ်ရှုပ်သက်သာပေ၏။
"ကောင်းပါပြီ။"
ပိုင်ချီက ကြက်ပေါက်လေး ဆန်ကောက်နေသကဲ့သို့ ခေါင်းကို ဆက်တိုက်ညိတ်ကာ ပြန်ဖြေလိုက်သည်။
"ရပါတယ်။ ကိစ္စမရှိပါဘူး။"
ရှန်းကွမ်းတစ်ယောက် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။
တကယ်တော့ သူ ပိုင်ချီ၏တုံ့ပြန်ပုံကို ဝမ်းသာနေသင့်သည်။ ပိုင်ချီက အလွန်အလိုက်သိကာ သူ့ကို ဟန်ဆောင်ခိုင်းလျှင်လည်း ပရော်ဖက်ရှင်နယ်ဆန်ပြီး ဤအတုအယောင်ဆက်ဆံရေးကို အခွင့်ကောင်းယူ၍ ရှီကောအား တွယ်ကပ်မနေပေ။
သို့သော်လည်း ယခု ပိုင်ချီ၏ ရှီချန်းယွင်အပေါ် တွယ်ကပ်ခြင်းမရှိသလို ဘာမှတွန့်ဆုတ်မနေဘဲ လွတ်လပ်ပေါ့ပါးလွန်းသော မျက်နှာထားကို ကြည့်ကာ သူ မတွေးဘဲ မနေနိုင်တော့ပေ...
ဒီပိုင်ချီက လျှောက်သွားပြီး လူတကာကို အပြုံးနဲ့ဆွဲဆောင်ရင်း ရှီကောရဲ့ခေါင်းပေါ် ဦးထုပ်စိမ်းဆောင်းပေးလိုက်ရင် ဘယ်နှယ့်လုပ်ကြမလဲ။
"သွားကြစို့၊ မင်းကို ကျောင်းပြန်လိုက်ပို့ပေးမယ်။"
ရှီချန်းယွင်က ပြောလိုက်သည်။
ပိုင်ချီက ခေါင်းငုံ့ကာ ခါးပတ်ပတ်လိုက်၏။ ထို့နောက် ထိုင်ခုံအနောက်ကို တစ်ကိုယ်လုံးမှီကာ မှေးပြီးလိုက်လာခဲ့ရာ မသိလိုက်ခင်မှာပင် အိပ်ပျော်သွားခဲ့သည်။
သူက ဤမျှနောက်ကျသည်အထိ မနေဖူးခဲ့ပေ။
လွန်ခဲ့သောရက်ပိုင်းက ရှီချန်းယွင်၏ ရုပ်ရှင်ဇာတ်ကားများကို အမီလိုက်ကြည့်ခဲ့တုန်းကသာ ဤမျှနောက်ကျဖူးခဲ့သည်။
ကားက ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေ၏။ မြို့၏ရောင်စုံမီးရောင်များက ကားပြတင်းပေါ်သို့ ကျရောက်ကာ ကားထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ပိုင်ချီ၏ပါးပြင်ကို အသာအယာ နမ်းရှုပ်နေသကဲ့သို့ပင်။
ရှီချန်းယွင်က ခေါင်းစောင်းကာ ပိုင်ချီ့ကို စောင်းငဲ့ကြည့်လိုက်သည်။
သူ အိပ်ပျော်သွားတာလား။
ဝါး၊ သူ့ကိုကြည့်ရတာ ကြင်နာတဲ့နှလုံးသားပိုင်ရှင်နဲ့ တူပေမဲ့ သတိကတော့ လုံးဝမရှိတာပဲ။
ရှီချန်းယွင်တစ်ယောက် လက်ဆန့်ကာ ပိုင်ချီ၏ပါးပြင်ကို အသာအယာ တို့ထိကြည့်လိုက်၏၊ ယင်းက ချောမွေ့နူးညံ့နေခဲ့သည်။
သူက လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။
အင်း၊ သူ ပြုံးလိုက်ရင် တော်တော်လေးကြည့်ကောင်းတယ်။
...
ပိုင်ချီတစ်ယောက် သက်တောင့်သက်သာ မှေးလိုက်ရသည်။
ရှီချန်းယွင်ရဲ့ကားက တကယ်ကိုကောင်းပြီး အိပ်ငိုက်ဖို့ အရမ်းကောင်းချက်ပဲ! ငါ အရမ်းကြိုက်သွားပြီ!
၎င်းတို့ ရောက်သောအခါ ပိုင်ချီက ကားတံခါးကိုတွန်းဖွင့်၍ ဆင်းလိုက်သည်။
ကားထဲမှာ နွေးထွေးနေသော်လည်း ကားအပြင်မှာ အလွန်အေးစက်နေသဖြင့် ပိုင်ချီတစ်ယောက် လည်ပင်းကိုကျုံ့လိုက်မိသည်။ ထို့နောက် သူက ရှီချန်းယွင်ကို လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
အဆောင်ပြန်သည့်လမ်းမှာ ပိုင်ချီတစ်ယောက် သူ့အမေဆီကနေ ဖုန်းဝင်လာခဲ့သည်။
သူ(မ)၏မျိုးရိုးနာမည်က 'စု' ဖြစ်၏။
ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ဖက်မှ မစ္စစုက သူ့ကို မေးလာခဲ့သည်။
"ချီချီ၊ သား ဒီနေ့ အိမ်ပြန်လာခဲ့တာလား။"
ပိုင်ချီက ပြန်ဖြေလိုက်သည်။
"ဟုတ်၊ ကျွန်တော် ပစ္စည်းတချို့ လာယူတာပါ။"
မစ္စစုက သူ(မ)၏သားအတွက် အလွန်စိုးရိမ်ပူပန်စွာဖြင့် တတွတ်တွတ် ဆက်ပြောခဲ့သည်။
"ရာသီဥတု အေးလာလို့လား။ ဒီရက်ပိုင်း တော်တော်လေးကို အေးနေတာနော်။ မားမား ဒီနေ့ အလုပ်ဆင်းတော့ မင်းပါးပါးအတွက် ဂွမ်းအနွေးထည် နှစ်ထည်တောင် သွားပို့ပေးသေးတယ်။"
ပိုင်ချီက ပြန်ဖြေလိုက်သည်။
"ကျွန်တော် အများကြီး ဝတ်ထားပါတယ်၊ ဂွမ်းအနွေးထည်ရော၊ လေဖောင်းအနွေးထည်ရော ဝတ်ထားတာမို့ ဝက်ဝံနဲ့တောင် တူနေပြီ!"
ပိုင်ချီတစ်ယောက် ပြန်ဖြေရင်း သူ့စိတ်ထဲ အနည်းငယ် မလုံမလဲဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ သူက ယနေ့ သူ့တစ်သက်တာအတွင်း လက်ခံနိုင်စရာမရှိဆုံး ကိစ္စကြီးတစ်ခုကို ပြုလုပ်ခဲ့ပြီး သူ့မိသားစု၏အိမ်ထောင်စုဇယားကို ခိုးယူကာ လူတစ်ယောက်နှင့် တရားရုံး၌ လက်ထပ်မှတ်ပုံတင် သွားလုပ်ခဲ့လေသည်။
ကံကောင်းသည်မှာ သူ ကျန်းဖန်းချန်နှင့် စတွဲတုန်းကတည်းက ယောက်ျားလေးများကို သဘောကျကြောင်း အိမ်ကို တရားဝင် အသိပေးခဲ့ပြီးဖြစ်သည်။
မဟုတ်လျှင် လက်ထပ်ထားသည့်သူက အမျိုးသားတစ်ယောက်ဖြစ်ကြောင်း သိသွားပါက သူ ခြေထောက်များ ရိုက်ချိုးခံရလောက်သည်။
မစ္စစု၏ဖုန်းလိုင်းဘက်မှ ဂျိိုးဂျိုးဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာခဲ့သည်။ သူ(မ)က အိတ်များကို အသာချကာ အိုးထဲသို့ ဆန်ထည့်နေပုံရ၏။
သူ(မ)က အိုးထဲရေထည့်၊ မီးပလပ်ထိုးပြီးနောက် အိမ်ထဲသို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီး ရုတ်တရက် အံ့အားသင့်သောအသံဖြင့် မေးလာခဲ့သည်။
"ချီချီ၊ မင်း ဘဏ်စာအုပ် ယူသွားတာလား။"
ပိုင်ချီက ပြောလိုက်သည်။
"ဟုတ်၊ ကျွန်တော် ငွေစုစာအုပ်ထဲ ပိုက်ဆံနည်းနည်း သွားထည့်တာပါ။"
မစ္စစုက ပြုံးလျက် ဂရုဏာသက်စွာဖြင့် ပြောလိုက်သည်။
"ဟေး၊ စားစရိတ်ကို ချွေတာစရာမလိုပါဘူး၊ ပြီးတော့ အပြင်မှာလည်း အချိန်ပိုင်းအလုပ်တွေ လျှောက်မလုပ်နဲ့နော်! မင်း မကြာခင် မဟာတန်းဝင်ခွင့် ဖြေရဦးမှာမလား၊ အခုလောလောဆယ် စာကိုပဲ အာရုံစိုက်ထားပါ။"
"ကဲပါ၊ ဒါပဲနော်၊ မားမား ဟင်းသီးဟင်းရွက်တွေ သွားဆေးလိုက်ဦးမယ်။"
ပိုင်ချီက နှုတ်ဆက်စကားပြောကာ ဖုန်းချလိုက်သည်။
သူ့အမေအရင်း၏ဂရုစိုက်မှုကို ခံယူပြီးနောက် ပိုင်ချီတစ်ယောက် သူ့အဆောင်ခန်းထဲ ဝင်လိုက်သည်နှင့် ထိုနေရာ၌ အမျိုးသားမိခင်သုံးယောက်က သူ့ကို စောင့်ဆိုင်းနေခဲ့ကြသည်။
"မင်း ငါတို့ကို အမှန်တိုင်းပြောစမ်း၊ မင်း မင်းရဲ့ကောင်လေးနဲ့ လက်ထပ်လိုက်ပြီမလား။"
၎င်းတို့က ခပ်တည်တည် မျက်နှာထားမျာားဖြင့် မေးလိုက်ကြသည်။
ပိုင်ချီက ဖြေလိုက်၏။
"ဟုတ်တယ်။"
ပိုင်ချီ၏ ရိုးသား၊ ပွင့်လင်းလွန်းသောအဖြေကြောင့် မုသုန်းတို့အဖွဲ့မှာ ဘာပြောရမှန်းတောင် မသိတော့ပေ။
မုသုန်းက တိုးတိုးလေး ရေရွတ်၏။
"ဒါကြီးက သောက်ကျိုးနည်းကြီးကို မြန်နေတယ်ဟ..."
"ဒါဆို ငါတို့ဌာနရဲ့ အချောဆုံးကောင်လေးကတော့ သူများရဲ့တွင်းထဲ ရောက်သွားပြီပေါ့။"
ပိုင်ချီ: "..."
"အာ၊ မဟုတ်သေးပါဘူး၊ သူများလက်ထဲ ရောက်သွားပြီပေါ့လို့ ပြောချင်တာ။ ဖက် ဖက်... ငါ့ပါးစပ်ကလည်း။"
ပိုင်ချီက အနွေးထည်နှင့် ဘောင်းဘီများကို တစ်ခါတည်းချွတ်လိုက်သည်။
သူ ညဝတ်အင်္ကျီ လဲပြီးသည်အထိ မစောင့်ကြဘဲ အနှီငတုံးတစ်သိုက်က မျက်လုံးများကို လက်ဖြင့်ကာလျက် မေးလာခဲ့ကြသည်။
"...ငါတို့ မင်းရဲ့ခန္ဓာကိုယ်ကို ကြည့်မိရင် မင်းရဲ့လူက ငါတို့ကို လာရိုက်မှာလား။"
ပိုင်ချီက လေးလေးနက်နက် စဉ်းစားပြီး ပြောလိုက်သည်။
"မရိုက်ပါဘူး၊ သူက အရမ်းသိမ်မွေ့တယ်၊ လူတွေကို ရိုက်မှာမဟုတ်လောက်ဘူး။"
ဤသို့ပြောလိုက်သည်နှင့် မုသုန်းက စုတ်တစ်ချက်သပ်ကာ သက်ပြင်းချလိုက်သည်။
"ဒါဆို သူက ကျန်းဖန်းချန်ဆိုတဲ့ ငတုံးကောင်ထက်တော့ အများကြီး သာတာပေါ့။ ငါ သူ့အကြောင်းပြောရင်းနဲ့တောင် ဒေါသထွက်တယ်။"
"ထားလိုက်တော့။ အဲ့ကိစ္စကို မပြောတော့ဘူး။"
မုသုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည််။
"သူက ရူးနေသလိုပဲ။ ငါ တခြားဟာကို မစိုးရိမ်ဘူး၊ သူ မင်းကို လာရှုပ်နေမှာပဲ စိုးရိမ်တာ။ ငါတို့တွေ အဆောင်မှာမရှိတဲ့ တစ်ရက်ရက်ကျရင်၊ သေးသေးသွယ်သွယ် မင်းရဲ့ပုံစံနဲ့ဆို၊ ဟူး... ဟေး၊ အခု ငါတို့က တတိယနှစ်ရောက်နေပြီပဲ။ ငါတို့ အပြင်မှာ ထွက်နေလို့ ရနေပြီဆိုတော့ မင်း မင်းရဲ့ကောင်လေးနဲ့ပဲ အတူတူ သွားနေလိုက်ပါလား။"
အခြားသူများကလည်း ထောက်ခံခဲ့ကြသည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ ချီချီက မဟာတန်းစာမေးပွဲအတွက် စာကြည့်ရဦးမှာ။ အဲ့ဒီကောင်ကို အချိန်ပေးပြီး အပိုတွေပြောနေဖို့ အချိန်မရှိဘူး။"
ပိုင်ချီတစ်ယောက် ညဝတ်အင်္ကျီလဲလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲ အမြန်ပြေးဝင်၍ မျက်နှာသစ်၊ သွားတိုက်၊ ခြေထောက်ဆေးပြီးနောက် သက်တောင့်သက်သာရှိသော သူ၏အိပ်ရာထဲ တစ်ဟုန်ထိုး ပြေးဝင်လိုက်လေသည်။
သူက တစ်ဖက်သို့ လှည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ငါ စဉ်းစားကြည့်လိုက်ဦးမယ်။"
သူက ရှီချန်းယွင်၏ပိုက်ဆံကို ယူထားပြီးဖြစ်၏။ သူ့ကို ဒုက္ခမပေးမိစေရန်နှင့် မိမိကိုယ်ကိုယ်လည်း သူ၏ တကယ့်လက်တွဲဖော်အဖြစ် မသတ်မှတ်ခြင်းက အကောင်းဆုံးပင်။
ပိုင်ချီက ပျင်းရိစွာ သမ်းဝေလိုက်ပြီး တစ်ဖက်သို့ပြန်လှည့်ကာ မျက်လုံးများ မှိတ်လိုက်သည်။ များမကြာမီ သူ အိပ်ပျော်သွားခဲ့လေသည်။
အိပ်မက်ထဲမှာ သူက ကြက်သားကြော်သုံးတုံးကို စားနေရသည်ဟု မက်နေခဲ့ပြီး ယင်းက အလွန်အရသာရှိနေခဲ့သည်!
နောက်တစ်နေ့ မနက်ခြောက်နာရီမှာ ပိုင်ချီ နိုးလာခဲ့သည်။
သူက အိပ်ရာထကာ သူ၏ပစ္စည်းများကိုသိမ်းဆည်း၍ ခရီးဆောင်အိတ်ထဲ ထည့်လိုက်၏။ သူက တွေးလိုက်သည်။
အဲ့ဒီလူယုတ်မာကောင် ငါ့ကို လာစောင့်နေရင်တောင် ဒီလောက်အစောကြီးတော့ ရောက်မလာလောက်ပါဘူး... အခုက ကြက်တောင် မတွန်သေးဘူး။
"ငါ သွားပြီနော်။"
ပိုင်ချီက အခန်းဖော်များကို နှုတ်ဆက်လိုက်သည်။
အခန်းဖော်များမှာ သစ်လုံးကြီးများအတိုင်း အိပ်မောကျကာ အိပ်မက်ကမ္ဘာထဲရောက်နေကြပြီး ဟောက်သံများတောင် ထွက်ပေါ်နေခဲ့သည်။
ပိုင်ချီက ပြုံးလိုက်ပြီး သူ့အခန်းဖော်များကို နောက်တစ််ခေါက် ထပ်ကြည့်ပြီးမှ ခရီးဆောင်အိတ်ကိုဆွဲ၍ ထွက်ခွာသွားခဲ့သည်။
တတိယနှစ်မှစ၍ ကျောင်းသားများက အလုပ်သင်ဆင်းကြရသည်။ ထို့ကြောင့် ကျောင်းဝင်းအတွင်း၌ ခရီးဆောင်အိတ်ဆွဲကာ ထွက်ခွာသွားကြသော ကျောင်းသားများကို တွေ့ရသည်မှာ အထူးအဆန်းကိစ္စမဟုတ်ပေ။
ပိုင်ချီ၏ခရီးဆောင်အိတ်ဘီးများက ကြမ်းပြင်ပေါ် လှိမ့်နေရင်း အသံသဲ့သဲ့ထွက်နေခဲ့သည်။
အဆောင်အဆောက်အအုံကနေ ထွက်လာပြီးနောက် သူ ကွေ့တောင်မကွေ့ရသေးခင် အရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ချီချီ။"
ထိုအရိပ်က အော်ခေါ်လာခဲ့၏။
ထိုသူမှာ ကျန်းဖန်းချန်ပင်။ သူက အနက်ရောင် လေဖောင်းအနွေးထည်ကို ဝတ်ဆင်ထားပြီး ဆံပင်များက ဆီးနှင်းများကြောင့် စိုစွတ်နေခဲ့သည်။
သူ့ကိုကြည့်ရသည်မှာ အနည်းငယ် စုတ်တီးစုတ်ပြတ်ဖြစ်နေလေ၏။
သူ၏မျက်နှာပေါ်မှ ဒဏ်ရာများက အရှင်းမပျောက်သေးဘဲ သူ၏ရင်ဘတ်ထဲမှာလည်း အနည်းငယ်နာကျင်နေဆဲပင်။
သို့သော် ထိုအရာများက သူ့အတွက် အရေးမကြီးတော့ပေ။
သူ မနေ့က ပိုင်ချီ့ကို လိုက်မမီခဲ့သည့်အပြင် ပိုင်ချီက သူ့ကို ဘလော့ခ်သွားခဲ့သည်။
"ကိုယ် မင်းကိုစောင့်နေတာ ကြာပြီ။"
***
Aurora Novel Translation Team