no

Font
Theme

အပိုင်း (၄) - လေ့ကျင့်ခြင်း (၂)

ပိုင်ချီ သူ၏အကြည့်များကို မူလလမ်းကြောင်းဆီ ပြန်လှည့်လိုက်ပြီး ကန်တင်းသို့ ဦးတည်လိုက်သည်။ သူ ထိုသောက်ကျိုးနည်းအစားအစာများကိုကြိုက်သည့် အခန်းဖော်များအတွက် အစားအသောက်များ ဝယ်ပေးရဦးမည်။

များမကြာမီ ကျန်းဖန်းချန်လည်း သူ၏အစ်ကိုဖြစ်သူက တက္ကသိုလ်သို့ ပွဲတစ်ခုအတွက် လာရောက်နေကြောင်း သတင်းရသွားခဲ့သည်။

သို့သော် သူ၏အာရုံက ထိုနေရာမှာ ရှိမနေခဲ့ပေ။

သူက သူ၏ဖုန်းစခရင်ကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ်စိတ်ဓါတ်ကျနေသလို စိတ်လည်းလှုပ်ရှားနေခဲ့သည်။

ထိုနေ့က ပိုင်ချီကိုတွေ့ခဲ့ပြီးနောက် သူ ပိုင်ချီကို တော်တော်လေး စိုးရိမ်နေခဲ့၏။ သို့သော်လည်း သူ ပိုင်ချီ့ကို မဆက်သွယ်ရဲခဲ့ပေ။ ထို့ကြောင့် ဝေ့လည်ကြောင်ပတ်ဖြင့် ပိုင်ချီ၏အခန်းဖော်ဆီသို့ မေးမြန်းလိုက်သည်။

ရလဒ်က အလွန်ကောင်းမွန်ပေ၏။ ပိုင်ချီက တစ်ပတ်လုံးလုံး အခန်းထဲကနေ အပြင်မထွက်ခဲ့ကြောင်း အခန်းဖော်က ပြောပြခဲ့သည်။

သူ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။

ကျန်းဖန်းချန်က ပိုင်ချီ စိတ်မကောင်းဖြစ်နေသည်ကို အမှန်တကယ် မကြည့်ရက်ပေ။

အထူးသဖြင့်... သူကိုယ်တိုင်က ပိုင်ချီကို အပြင်းအထန်း လိုက်ပိုးခဲ့သူ ဖြစ်သောကြောင့်ပင်။ ၎င်းတို့ အတူတူရှိစဉ်က သူသည် ပိုင်ချီ့အတွက် သင်္ချာဘာသာလောက်တောင် အရေးမပါဟု ခံစားခဲ့ရဖူး၏... ယခု ပိုင်ချီက သူ့အတွက် စိတ်မကောင်းဖြစ်နေကြောင်း သိလိုက်ရသဖြင့် အနည်းငယ်ကျေနပ်မိသော်ငြား သူစိတ်မကောင်းဖြစ်နေသည်ကို ကြည့်ရန်လည်း စိတ်မသက်သာဖြစ်နေခဲ့သည်။

ငါ သူ့ကိုတွေ့ဖို့ အခွင့်အရေး ရှာသင့်လား။

ကျန်းဖန်းချန်တစ်ယောက် နေ့လယ် ၃ နာရီအထိ စဉ်းစားနေခဲ့သည်။

နေ့လယ် ၃ နာရီ၌ တက္ကသိုလ်တစ်ခုလုံး လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ကျောင်းဂိတ်တံခါးမှသည် အစည်းအဝေးခန်းမအထိ ဧရိယာတစ်ခုလုံးမှာ လူများ အပြည့်ဖြစ်နေခဲ့သည်။

ပိုင်ချီက သူ၏အဆောင်မှာ ထိုင်နေခဲ့၏။ သို့သော်လည်း အပြင်ဘက်မှ စိတ်လှုပ်ရှားနေသည့်အသံများကို သူ ခပ်သဲ့သဲ့ကြားနေရသည်။

သူ တကယ်ကြီး ရောက်နေတာလား။

ပိုင်ချီက ခေါင်းကို စောင်းငဲ့လိုက်ပြီး ခဏနားစွင့်ကြည့်လိုက်သေးသည်။ ထို့နောက်မှာတော့ သူက နားကြပ်တပ်ကာ သူ၏ဒရာမာများကို ဆက်ကြည့်နေခဲ့တော့သည်။

အခြားတစ်ဖက်တွင် သူ၏အခန်းဖော်များက စိတ်အားထက်သန်စွာဖြင့် အတင်းအဖျင်းများ စပြောနေခဲ့ကြသည်။ တကယ်တမ်းမူ ၎င်းတို့အတွက် အတင်းအဖျင်းပြောခြင်းက ကြုံတောင့်ကြုံခဲအခြေအနေတစ်ခုပင်။

"ကျောင်းက ငါတို့ရဲ့စာမေးပွဲတွေနီးလို့ စိတ်ဖိစီးနေတာတွေကို လျှော့ချပေးဖို့ ရှီလောင်ရှီးကို ဖိတ်လိုက်တာဖြစ်နိုင်တယ်။"

၎င်းတို့က ရယ်မောရင်း ပြောဆိုခဲ့ကြ၏။

"ဖြစ်နိုင်တာပဲ။ ရှီလောင်ရှီးက နိုင်ငံခြားမသွားခင် ဒီမှာ တစ်နှစ်တက်ခဲ့ဖူးတာဆိုတော့ ငါတို့ကျောင်းရဲ့ကျောင်းသားဟောင်းလို့ ပြောလို့ရတာပေါ့။"

"အာ၊ ငါလည်း သူ့လက်မှတ်ကို ရချင်လိုက်တာ၊ ဒါပေမဲ့ မိန်းကလေးတွေနဲ့ ပြိုင်လုရမှာဆိုတော့ နည်းနည်းရှက်စရာကောင်းတယ်။ ရှီချန်းယွင်က 'Bloom' ထဲမှာ အသေမိုက်တာကွာ။"

၎င်းတို့က စကားဆက်ပြောနေရင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြတော့ဘဲ ပွဲထဲသို့ သွားရောက်ပူးပေါင်းခဲ့ကြလေသည်။

ထိုနေ့က ကျောင်းသားအများစု၏ Weibo စာမျက်နှာများ၌ ရှီချန်းယွင်နှင့်ပတ်သက်သည့် အရာများဖြင့် ပြည့်နှက်နေခဲ့သည်။ ဖိုရမ်မှာလည်း သူနှင့်သက်ဆိုင်သည့် ပို့စ်များအားလုံးက ရေပန်းစားသည့်အကြောင်းအရာများ ဖြစ်နေခဲ့၏။

မျက်စိတစ်မှိတ်အတွင်း ညနေ ၆ နာရီ သို့ ရောက်ရှိသွားခဲ့လေပြီ။ ပထမဆုံးအကြိမ်အဖြစ် ကန်တင်း၌ အစားအသောက်များအတွက် အကြိတ်အနယ်တိုးနေရမည့် လူပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည်။

စင်မြင့်ပေါ်ရှိ အပြာရင့်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်က ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ပွဲကို တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခဏနေရင် ဝန်ထမ်းတွေက လက်မှတ်ထိုးထားတဲ့ ပိုစတာကိုရဖို့အတွက် ကျောင်းသား ၁၀ ယောက်ကို ရွေးချယ်ပေးပါလိမ့်မယ်..."

သူက နောက်သို့လှည့်လိုက်ပြီး စင်အနောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားသည့် သူ၏ပုံရိပ်က လူတိုင်း၏မျက်လုံးများထဲမှာ ခံ့ညားထည်ဝါမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေ၏။

ရှီချန်းယွင့်အနောက်သို့ လိုက်သွားသည့်လူများက သိပ်မများလှပေ။ လူတိုင်းက သူလက်မှတ်ထိုးထားသည့် ပိုစတာများ၊ ဓါတ်ပုံများနှင့် အခြားပစ္စည်းများကိုသာ အာရုံရောက်နေခဲ့ကြ၏။

ရှီချန်းယွင်က စင်နောက်ဘက်ရှိ ကာရံထားသည့် ကန့်လန့်ကာများကို လွှတ်လိုက်ပြီး သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။

ချက်ချင်းဆိုသလို ပိုင်ချီ၏ဖုန်းက မြည်လာ၏။

အရင်တစ်ခေါက်က ဖုန်းနံပါတ်ပင်။ ပိုင်ချီက ခဏတုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

"ဟယ်လို?"

ပွဲက ပြီးသွားပြီလား။ မြန်လှချည်လား။

"ကိုယ် မင်းတို့ အဆောင်အောက်ကို ခဏနေရင် ရောက်မယ်။"

ရှီချန်းယွင်က တည်ငြိမ်သည့်အရှိန်ဖြင့် ပြောလိုက်၏။ ထိုစကားပြောဟန်က အထက်တန်းစားအမျိုးသားတစ်ယောက်နှယ် မမြန်လွန်းမနှေးလွန်းဘဲ တည်ငြိမ်လွန်းနေသည်။

"အင်း?"

"ကောင်းပြီ။ ကျွန်တော် အခု ဆင်းလာခဲ့မယ်။"

ပိုင်ချီက ခဏမှင်တက်သွားပြီးနောက် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ထွက်ခွာရန်ပြင်လိုက်၏။

ကျန်းဖန်းချန်တစ်ယောက် တွေဝေနေပြီးနောက် ပိုင်ချီကို ဖုန်းခေါ်လိုက်သည်။ သို့သော် သူ မျှော်လင့်ထားသည့်အရာအစား ကြားလိုက်ရသည်က 'ဝမ်းနည်းပါတယ်၊ လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ လိုင်းမအားသေးပါရှင်..." ဆိုသည့် အသံသာ။

"..."

ကျန်းဖန်းချန် ကြောင်အမ်းသွားလေ၏။

ကိစ္စမရှိပါဘူး။ ငါ အဆောင်ကိုပဲ တိုက်ရိုက်သွားလိုက်တော့မယ်။ သူ့အခန်းဖော်တွေရှေ့မှာတော့ သူ ပြဿနာရှာမှာ မဟုတ်လောက်ပါဘူး။

ကျန်းဖန်းချန် သွားရန်ပြင်နေစဉ် ရှီချန်းယွင်က အခြား ကုတ်အင်္ကျီတစ်ထည်ကို လဲနေခဲ့သည်။ သူက နေကာမျက်မှန်တစ်လက်ကို တပ်ဆင်လိုက်ပြီး သူ၏လက်ထောက်နှင့်အတူ ပိုင်ချီ၏အဆောင်သို့ ဦးတည်လိုက်၏။

သူ၏လက်ထောက်က မနေနိုင်ဘဲ မေးလိုက်သည်။

"ရှီလောင်ရှီး၊ ဆံပင်တု မတပ်တော့ဘူးလား။ ဒီအတိုင်းဆို... လွယ်လွယ်မှတ်မိသွားကြမယ်လို့ ကျွန်တော် ခံစားရတယ်။"

"အဆင်ပြေပါတယ်။"

ရှီချန်းယွင်က ပြန်ဖြေလိုက်၏။

ဆံပင်တုတပ်ထားပါက သူ့ကိုမှတ်မိရန် ပို၍ခက်ခဲသွားပေလိမ့်မည်။

လက်ထောက်မှာ ရွေးချယ်စရာမရှိဘဲ တိတ်တိတ်သာနေခဲ့ရသည်။

အမှန်တော့ သူ သေချာနားမလည်သေးပေ။ ရှီကောက အဘယ်ကြောင့် ဤပွဲအသေးစားလေးအတွက် ရည်ရွယ်ချက်ရှိရှိ လာရောက်ခဲ့ရသနည်း။ ဤပွဲအတွက် စည်းကမ်းထိန်းသိမ်းမှုများနှင့် ပွဲစဉ်အစီအစဉ်များကို သေချာစီစဉ်ခဲ့ရပြီး ပိုက်ဆံတစ်ပြားမျှတောင် မရခဲ့ပေ။ ဝင်ငွေထက် သုံးလိုက်ရသည့်ငွေက ပိုများနေခဲ့သည်။

လက်ထောက်မှာ စဉ်းစားနေရင်း ရှီချန်းယွင်က ဖုန်းကို ထပ်ထုတ်လိုက်သည်အား မြင်တွေ့လိုက်ရသည်။

သူက တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေခဲ့၏။

ထိုအမျိုးသား၏မျက်နှာထက်မှာ အပြုံးရေးရေးလေး ရှိနေပြီး သက်တောင့်သက်သာပုံစံမျိုး ဖြစ်နေခဲ့သည်။

သူက... အချစ်စကားတွေ ပြောနေတာလား။

လက်ထောက်မှာ ကိုယ့်အတွေးနှင့်ကိုယ် တုန်လှုပ်သွားခဲ့သည်။

"မင်းရဲ့အဆောင်ဘေးက သစ်တောလေးရဲ့ဘေးမှာ ခုံတန်းလျားတစ်ခု ရှိတယ်။ ကိုယ် အဲ့ဒီမှာ စောင့်နေမယ်။ အဆင်ပြေရဲ့လား။"

"မြန်လိုက်တာ၊ မင်း ရောက်တော့မယ်ပေါ့။ နောက်ဆို အဲ့လောက်စောစောမလာခဲ့နဲ့။ ကိုယ်ကပဲ မင်းကို စောင့်နေပေးမယ်။"

လက်ထောက်မှာ ၎င်းတို့၏စကားဝိုင်းကို ကြားလိုက်ရသောအခါ မျက်နှာကြီးတစ်ခုလုံး ဖျန်းခနဲ ပူနွေးသွားခဲ့လေသည်။

ဒါက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရမင်းသားရဲ့ ဆွဲဆောင်မှုလား။

သူ့နှုတ်ဖျားမှထွက်လာသည့် ရိုးရှင်းသောစကားလုံး အနည်းငယ်ကတောင် လေးနက်ပြီး ရှုပ်ထွေးသောစိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသလိုပင်။

ထိုစဉ် ပိုင်ချီက ဖုန်းကိုသိမ်းလိုက်ပြီး သစ်တောလေးဆီသို့ လမ်းလျှောက်ဝင်လာခဲ့သည်။

ယင်းက အနည်းငယ်ထူးဆန်းနေ၏။

သူ ကျန်းဖန်းချန်နှင့် တွဲခဲ့တုန်းကတောင် ဤနေရာသို့ တစ်ခါမှမရောက်ဖူးခဲ့ပေ။

ပိုင်ချီက လမ်းအနည်းငယ်လျှောက်လိုက်၏။ ခဏအကြာတွင် သူ ရှီချန်းယွင်ကို မြင်တွေ့လိုက်ရသည်။

ရှီချန်းယွင်က နေကာမျက်မှန်ကို လက်တစ်ဖက်ဖြင့် ချွတ်လိုက်၏။ သူက မီးခိုးရောင်သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မတ်မတ်ရပ်နေခဲ့သည်။ သူ၏အရှိန်အဝါက ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ ထူးခြားနေခဲ့၏။

"ရေနွေးအိတ်ပေး။"

ရှီချန်းယွင်က ပြောလိုက်သည်။

လက်ထောက်က တွန့်ဆုတ်စွာဖြင့် ရေနွေးအိတ်ကိုကမ်းပေးလိုက်ပြီး ပိုင်ချီကို စိုက်ကြည့်နေခဲ့၏။

ချောမောလှပသည့်ကောင်လေးက လူကြီးမင်းရှီဆီသို့ ပြေးလာခဲ့သည်။

ရုတ်တရက်ဆိုသလို လက်ထောက်တစ်ယောက် အလင်းပွင့်သွားခဲ့လေသည်။

သူတို့တွေ ဘာဖြစ်လို့ ဒီပွဲကို ရည်ရွယ်ချက်ရှိရှိ လာခဲ့ကြတာလဲ။

ပွဲပြီးတော့ ဘာဖြစ်လို့ ဒီသစ်တောလေးထဲကိုလာပြီး လူတစ်ယောက်နဲ့ တွေ့ရတာလဲ။

သေချာတယ်၊ ဒါ အဲ့ဒီကောင်လေးနဲ့ ရှီလောင်ရှီးတို့ကြားမှာ ထူးခြားတဲ့ဆက်ဆံရေး ရှိနေလို့ပဲ။

လက်ထောက်က ပိုင်ချီကိုကြည့်နေစဉ် ပိုင်ချီကလည်း သူ့ကို သတိပြုမိသွားခဲ့သည်။

ရှီချန်းယွင်က သူ့ကို ဘာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိ လာတွေ့ရတာလဲ။ သူက အပြင်လူတစ်ယောက်ကိုပါ ခေါ်လာခဲ့သေးတယ်။ အာ... ဒါဆို သရုပ်ဆောင်တာက အခု စပြီပေါ့။

ဟုတ်ပြီ၊ ငါ နားလည်ပြီ!

ပိုင်ချီ၏မျက်နှာပေါ်မှ အပြုံးက ယခင်ကထက် ပို၍တောက်ပသွားခဲ့သည်။ သူ၏ ချစ်စရာကောင်းသည့် အပြုံးက ပျားရည်ကဲ့သို့ချိုမြိန်နေပြီး မျက်လုံးများနှင့် မျက်ခုံးများကလည်း တောက်ပနေခဲ့သည်။

သူက ခပ်သွက်သွက်ပြေးသွားပြီး ရှီချန်းယွင်၏ရင်ခွင်ထဲ တန်းတန်းမတ်မတ် တိုးဝင်လိုက်လေ၏။ ထိုမျှသာမက သူ၏ခြေထောက်များဖြင့်ပါ ရှီချန်းယွင်၏ခါးကို ချိတ်လိုက်တော့သည်။

"..."

ရှီချန်းယွင်တစ်ယောက် မှင်တက်သွား၏။

ရေနွေးအိတ်ပေါ်မှ သူ၏လက်ချောင်းများက ရုတ်တရက် တင်းကျပ်သွားခဲ့သည်။ ရေနွေးအိတ်မျက်နှာပြင်ကနေ အသံသေးသေးလေးတောင် ထွက်လာခဲ့၏။

ရှီချန်းယွင် ထိုကောင်လေးဆီမှ လိမ္မော်နံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်မိသည်။

ဒါက သူ့ရဲ့ရေချိုးဆပ်ပြာနံ့ ဖြစ်ရမယ်။

ပိုင်ချီက သူ၏လက်များကို မြှောက်လိုက်ပြီး ရှီချန်းယွင်၏လည်ပင်းကို မြတ်မြတ်နိုးနိုး ဖက်တွယ်လိုက်၏။ ထို့နောက် ပိုင်ချီတစ်ယောက် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သူ၏ပခုံးပေါ် မှီလိုက်လေသည်။

ရှီချန်းယွင်၏အသက်ရှူသံများက တစ်စက္ကန့်လောက် ရပ်တန့်သွားခဲ့သည်။

... ဤကောင်လေးက အလွန်ပါးနပ်ပြီး တက်ကြွလွန်းသည်ဟု သူ ယူဆလိုက်ရမည်လော။

သူက အကြည့်ကိုနှိမ့်ချလိုက်ရာ ကောင်လေး၏ နှင်းကဲ့သို့ ဖြူဖွေးနေသော လည်ပင်းဆီသို့ ကျရောက်သွားခဲ့သည်။

သူက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဖြစ်ပြီး ပုံမှန်အမျိုးသားတစ်ယောက်လည်း ဖြစ်သည်။ သူ အခြားတစ်ယောက်ယောက်နှင့် ယခုလို အနီးကပ်ထိတွေ့မှုမျိုးကို တစ်ခါမှမရှိခဲ့ဖူးပေ... ထို့အပြင် ပိုင်ချီက အားစိုက်ထုတ်စရာမလိုဘဲ ဤမျှအထိ သရုပ်ဆောင်နိုင်လိမ့်မည်ဟု သူ တစ်ခါမှမတွေးခဲ့ဖူးပေ။

ရှီချန်းယွင်က သူ၏လက်ကိုမြှောက်လိုက်ပြီး ပိုင်ချီ၏ခါးကို ထိန်းကိုင်ပေးလိုက်၏။ သူ၏အကြည့်များက အနည်းငယ်ရွေ့လျားသွားခဲ့သည်။ ထို့နောက် ရေနွေးအိတ်ကို ပိုင်ချီ၏ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"နွေးသွားအောင်လို့။"

လက်ထောက်မှာတော့... မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သူ့ခမျာ စကားမပြောနိုင်လောက်အောင်ထိ တုန်လှုပ်သွားခဲ့လေ၏။

အခြားတစ်ဖက်တွင် မုသုန်းနှင့် အခြားသူများက ရင်ပြင်ရှိလုအုပ်ကြီးကို မနှစ်သက်သဖြင့် အဆောက်သို့ ပြန်ရောက်နေကြလေပြီ။ ထိုစဉ် အသံအချို့ကို ကြားလိုက်ရသဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။

"ဟင်? ဘာဖြစ်တာလဲ။"

ကျန်းဖန်းချန်က တတိယထပ်သို့တက်လာခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။

"ငါ... ပိုင်ချီကို လာရှာတာ။"

"သူ အောက်ထပ်ဆင်းသွားတယ်။"

မုသုန်းက ပြတင်းပေါက်ဆီသို့ လမ်းလျှောက်သွားရင်း ပြောလိုက်၏။ သူက အောက်ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ကူကြည့်ပေးမယ်။ သူ အဝေးကြီး မရောက်လောက်သေးဘူး ထင်တာပဲ..."

တစ်ချက်ကြည့်လိုက်သည်နှင့် သစ်တောလေးထဲမှ ရပ်နေသည့် ရင်းနှီးသောပုံရိပ်တစ်ခုကို သူ သတိပြုမိသွားပြီး တုန်လှုပ်သွားခဲ့လေသည်။

"ဟာ၊ ငိုး!"

အဲ့ဒီလူက ဘာဖြစ်လို့ ပိုင်ချီနဲ့ အဲ့လောက်တူနေရတာလဲ။

ချီး၊ ပိုင်ချီကို ဖက်ထားတဲ့လူကရော ဘယ်သူလဲ။

ကြည့်ရတာ တော်တော်လေး ရင်းနှီးနေသလိုပဲ... ပြီးတော့၊ ပြီးတော့ စင်ပေါ်မှာရှိနေခဲ့တဲ့ ရှီချန်းယွင်နဲ့လည်း တစ်ထေရာတည်းတူနေတယ်... ချီး၊ ငါတော့ ရူးနေပြီ၊ ငါ့မျက်စိတွေ မှုန်နေပြီပဲ!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment