အပိုင်း (၁၄) - လက်ထပ်လက်စွပ်
"နှမြောစရာပဲ၊ ဟင်းတွေ အကုန်မှောက်ကုန်ပြီ။"
ရှီချန်းယွင်က ညည်းတွားလိုက်သည်။ သို့သော် သူ၏အသံထဲမှာ နောင်တနည်းနည်းလေးမှ မပါခဲ့ပေ။
ကျန်းဖန်းချန်ဘေးမှ အမျိုးသမီးကြီးက ကမန်းကတန်းပြောလိုက်၏။
"ကျွန်မ တစ်ယောက်ယောက်ကို စားသောက်ဆိုင်ကနေ..."
"ဆိုတော့ ဒီနေ့ စားဖို့မလိုတော့ဘူး။"
ရှီချန်းယွင်က ထိုအမျိုးသမီးကြီး၏စကားကို မညှာမတာဖြတ်ပြောလိုက်သည်။
ယခုလက်ရှိမှာ ဖေဖေကျန်းက အခြေအနေများ ပို၍ရုပ်မဆိုးသွားခင် ရှီချန်းယွင်အား တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားစေချင်နေခဲ့သည်။
"ဒါဆိုလည်း ကောင်းပြီ..."
ဖေဖေကျန်းက ခက်ခက်ခဲခဲပြုံးပြရင်း ပြောလိုက်သည်။
"မင်း အလုပ်ရှုပ်နေမှန်း ငါသိတယ်၊ မင်း အိမ်ကို တစ်ခေါက်တစ်ခေါက် ပြန်လာဖို့ဆိုတာ မလွယ်ဘူး။ မင်းအနေနဲ့ ဘယ်လိုလူမျိုးကို ယုံကြည်သင့်တယ်၊ ဘယ်လိုလူမျိုးကို မယုံကြည်သင့်ဘူးဆိုတာ သေချာစဉ်းစားစေချင်ရုံပဲ..."
ဖေဖေကျန်းက စကားကို လိုတိုရှင်းသာ ပြောလိုက်သည်။
"သွားတော့။"
ရှီချန်းယွင်က ထရပ်လိုက်သည်။
ထုံးစံအတိုင်း အကြောက်အရွံ့မရှိသည့် ပိုင်ချီကလည်း ထရပ်ကာ သူ့ဘေးကနေ အနီးကပ်လိုက်သွားခဲ့သည်။ နှစ်ဦးသား ဘေးချင်းယှဉ်လျက် ဗီလာထဲကနေ ထွက်လာခဲ့ကြသည်။
ပိုင်ချီတစ်ယောက် စူးစမ်းလိုစိတ်များ ပြင်းပြနေသော်လည်း ရှီချန်းယွင်အား သူ့မိသားစုနှင့်ပတ်သက်သည့် မည်သည့်အကြောင်းအရာကိုမှ မမေးမြန်းခဲ့ပေ။
ကျန်းဖန်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးမှ ရုတ်တရက် လှည့်ထွက်ကာ ၎င်းတို့အနောက်ကနေ လိုက်လာခဲ့လိုက်သည်။
"သူ... သူက သူ့အစ်ကိုကို လိုက်ပို့တာပါ။"
ဖေဖေကျန်းက စိတ်ဓာတ်ကျနေသောပသံဖြင့် ပြောလိုက်သည်။
"ဟုတ်။"
ဟန်စီက သာမန်အတိုင်း တုံ့ပြန်လိုက်၏။
သူ(မ)ကလည်း အခြေအနေ၏မူမမှန်မှုကို မသိချင်ယောင် ဆောင်ထားလိုက်သည်။
ကျန်းမိသားစု အပြစ်ရှိမှုကို ခံစားရလေလေ၊ ပိုကောင်းလေလေပင်။ ဤနည်းအားဖြင့် နောင်မှာ ၎င်းတို့တွေ သူ(မ)ကို ထိန်းချုပ်ရဲလိမ့်မည်မဟုတ်။
ဗီလာအပြင်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ပြီးနောက် ရှီချန်းယွင် အနောက်မှလိုက်လာသော ခြေသံကို ကြားလိုက်ရသဖြင့် တုန့်ခနဲ ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
ကျန်းဖန်းချန်၏မျက်လုံးများထဲမှာ သွေးကြောများ ယှက်သန်းနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။ ယင်းမှာ သူ အမှန်တကယ်မထိန်းချုပ်နိုင်သော သဘာဝအရ တုံ့ပြန်မှုပင်။
သူက တစ်ကိုယ်လုံး ချွေးများထွက်နေပြီး ပိုင်ချီကို စိုက်ကြည့်ကာ လည်ချောင်းထဲမှအသံကို ညှစ်ထုတ်၍ မေယလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် ရတယ်၊ ဘာဖြစ်လို့... ဘာဖြစ်လို့ သူ ဖြစ်နေရတာလဲ။"
အမှန်တကယ်တော့ ကျန်းဖန်းချန် ကိုယ်တိုင်လည်း မည်သူမဆို မဖြစ်နိုင်ကြောင်း သိထား၏။ သူက ရှီချန်းယွင် ဖြစ်နေသောကြောင့်သာ ထိတ်လန့်နေခြင်းဖြစ်သည်။
"မင်း သိရဲ့လား၊ ကိုယ် သူ့ကြောင့် မတော်တဆ သေခါနီးထိဖြစ်ခဲ့တာ။"
ကျန်းဖန်းချန်က အက်ရှနေသောအသံဖြင့် အော်ဟစ်လိုက်၏။
ပိုင်ချီ: "..."
အာ၊ ဒါက...
ပိုင်ချီက သာမန်အတိုင်း ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
"ခင်ဗျား ပြောလိုက်တာပဲလေ၊ မတော်တဆဆို။"
ရှီချန်းယွင်မှာ ထိုကိစ္စကို ပိုင်ချီအား ထိန်ချန်ထားရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူက ပုံပြင်ပြောပြနေသူကဲ့သို့ ပြုမူကာ သူ၏အပြုအမူက ကဗျာရွတ်ပြနေသလို ကြော့ရှင်းနေခဲ့သည်။
"အင်း၊ အမေဖြစ်သူက အလိုလိုက်ပြီး ပြုစုပျိုးထောင်ထားတဲ့၊ ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့ညီက အမှန်တော့ ကလေးချင်းအလဲခံရတဲ့ နာနီက မွေးထားတဲ့ တရားမဝင်ကလေးမှန်း သိလိုက်ရတဲ့အခါ ဘယ်သူမဆို တစ်စက္ကန့်လောက်တော့ သတ်ချင်တဲ့စိတ်ပေါ်လာတာ သဘာဝပါပဲ။"
ရှီချန်းယွင်၏အသံက သိမ်မွေ့ကာ လူကြီးလူကောင်းဆန်မှုကို ထိန်းသိမ်းထားခဲ့သည်။
ကျန်းဖန်းချန်တစ်ယောက် ထိုစကားကို ကြားလိုက်ရသောအခါ လည်ပင်းညှစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ၏မျက်နှာက ဖြူဖျော့သွားပြီး ဘာမှမပြောနိုင်တော့ဘဲ မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေခဲ့သည်။
ဟ၊ သောက်ကျိုးနည်း။
ပိုင်ချီတစ်ယောက် တွေးလိုက်မိသည်။
ထို့ကြောင့် စောစောက ထိုအမျိုးသမီးကြီး 'ချန်းယွင်' ဟု ခေါ်ရာမှ 'အကြီးဆုံးသခင်လေး' ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဒါဆိုရင် ရှီချန်းယွင်ရဲ့ အမေအရင်းကရော?
သူ(မ) ကွယ်လွန်သွားပြီလား။
ဖေဖေကျန်း၊ ထိုအမျိုးသမီးကြီးနှင့် ကျန်းဖန်းချန်တို့၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် အမှန်တရား ပေါ်ပေါက်ခဲ့ချိန်က ရှီချန်းယွင်၏တုံ့ပြန်မှုများ မည်မျှထိတ်လန့်စရာကောင်းခဲ့မလဲကို ပိုင်ချီ ခန့်မှန်းကြည့်နိုင်သည်။
ထိုအခိုက် ဒရိုင်ဘာက ကားပေါ်ကနေဆင်းလာပြီး ၎င်းတို့အတွက် ကားတံခါးဖွင့်ပေးခဲ့၏။
ရှီချန်းယွင်က ပိုင်ချီ၏ပခုံးကို အသာအယာ ပုတ်လိုက်ပြီး ပြောလိုက်သည််။
"ကားပေါ်တက်ရအောင်။"
ပိုင်ချီက နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။
ကျန်းဖန်းချန်၏မျက်လုံးများက နီရဲနေခဲ့သော်လည်း ရှီချန်းယွင်က သူ့အရှေ့တည့်တည့်မှာ ကျော်ဖြတ်လို့မရနိုင်သော ဆူးခြုံတံတိုင်းကြီးတစ်ခုနှယ် မားမားမတ်မတ်ရှိနေခဲ့သည်။
သူ ၎င်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။
ကျန်းဖန်းချန်တစ်ယောက် အတွေးများ ယောက်ယက်ခတ်ကုန်၏။
ချီချီက ရှီချန်းယွင်ကို ဘာလို့ မကြောက်တာလဲ။
ချီချီက ရှီချန်းယွင်ကို မုန်းသင့်တာမဟုတ်ဘူးလား!
ချီချီက တောက်ပနေတဲ့ အလင်းတန်းလေ။ သူက ဘယ်လိုလုပ်ပြီး အဲ့လိုအမှောင်ထုထဲနဲ့ ဆက်ဆံနိုင်ရတာလဲ။
ကျန်းဖန်းချန် စဉ်းစားနေစဉ်မှာပင် ရှီချန်းယွင်၏ကားက အဝေးသို့ မောင်းထွက်သွားခဲ့ပြီဖြစ်သည်။
ကားပေါ်တွင် ရှီချန်းယွင်က ပိုင်ချီကို စိုက်ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
"တခြားတစ်နေရာရာမှာ ထမင်းသွားစားကြမလား။"
"ကောင်းတာပေါ့!"
ပိုင်ချီက ပြန်ဖြေလိုက်၏။ သူ သရုပ်ဆောင်နေခဲ့ရသောကြောင့် အမှန်တကယ်ကို ဗိုက်ဆာနေလေပြီ။
ရှီချန်းယွင်က သူ့ဆီကနေ အကြည့်လွှဲလိုက်ပြီး ခေါင်းညိတ်ကာ နူးညံ့စွာဖြေလိုက်သည်။
"အင်း။"
၎င်းတို့က သီးသန့်စားသောက်ဆိုင်တစ်ခုဆီသို့ သွားရောက်ခဲ့ကြသည်။
စားသောက်ပြီးနောက် ရှီချန်းယွင်၏လက်ထောက် အာသာ့က ၎င်းတို့ကို လာကြိုပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီနေရာက ရှီကော ခဏခဏ လာစားလေ့ရှိတဲ့နေရာလေ။"
ထို့ကြောင့်...
အာသာ့တစ်ယောက် အရှေ့သို့လှမ်းလိုက်သည်နှင့် အခြေအနေမဟန်မှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဤနေရာမှာ သတင်းထောက်များစွာက စခန်းချပြီး စောင့်ဆိုင်းနေတတ်သည်။
အာသာ့က လှည့်ကြည့်ရင်း ပြောလိုက်သည်။
"ရှီကော၊ ဓါတ်ပုံတွေ..."
"ကိစ္စမရှိဘူး။"
ထို့ကြောင့် အာသာ့လည်း ဆက်မပြောတော့ပေ။
သူ၏စိတ်ထဲမှာတော့ ရှီချန်းယွင်ကိုယ်တိုင်က သတင်းထောက်များ ၎င်းတို့ကိုဓါတ်ပုံရိုက်ယူရန် မျှော်လင့်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရှီချန်းယွင်က ပိုင်ချီနှင့်အတူ ကားပေါ်တက်လိုက်ပြီး အိမ်သို့မောင်းရန် မညွှန်ကြားခဲ့ပေ။ ထိုအစား သူက ဒရိုင်ဘာကို ကုန်တိုက်တစ်ခုဆီသို့ ဦးတည်စေလိုက်သည်။
၎င်းတို့ ရောက်သွားသောအခါ ပိုင်ချီက ရှီချန်းယွင်နောက်မှလိုက်၍ ဓါတ်လှေကားထဲဝင်သွားခဲ့ပြီး ဒုတိယထပ်မှာ ရပ်လိုက်သည်။
ကုန်တိုက်၏ ဒုတိယထပ်က လက်ဝတ်ရတနာများကို သီးသန့်ပြုလုပ်ပေးသော နေရာဖြစ်သည်။
ဓါတ်လှေကားထဲမှထွက်သည်နှင့် ဝန်ထမ်းတစ်ယောက်က ကြိုဆိုနှုတ်ဆက်လာခဲ့သည်။
"လူကြီးမင်းရှီ၊ ဒီဘက်ကို ကြွပါ။ အချိန်တိုအတွင်းလုပ်ရတော့ ကတိုက်ကရိုက်ဖြစ်သွားခဲ့ပေမဲ့ အဆင်သင့်ဖြစ်ပါပြီ။"
ပိုင်ချီ: ?
ပိုင်ချီက မေးးလိုက်သည်။
"၁၀ ကာရက်ရှိတဲ့ စိန်လက်စွပ်လား။"
ရှီချန်းယွင်တစ်ယောက် တန့်သွားခဲ့သည်။
အိုး၊ ဒါဆို ပိုင်ချီက စိန်လက်စွပ်ကြီးကြီးတွေကို သဘောကျတာလား။
"ဟင့်အင်း၊ မဟုတ်ဘူး။"
ရှီချန်းယွင်က ပြန်ဖြေလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
"ဒါပေမဲ့ မင်း မကြိုက်ရင် ကိုယ်တို့ တစ်ခုခုနဲ့ လဲလို့ရတယ်။"
ထိုစဉ် ဝန်ထမ်းတစ်ယောက်က ဗန်းတစ်ခုကိုသယ်ဆောင်၍ ၎င်းတို့ဆီ ရောက်ရှိလာ၏။ ဗန်းပေါ်မှာ အပြာရောင် လက်စွပ်ဘူးနှစ်ဘူး ရှိနေခဲ့သည်။
ဝန်ထမ်းက လက်စွပ်ဘူးများကို ဖွင့်ကာ ပိုင်ချီ့အရှေမှာ ချပေးလိုက်၏။
ထိုအခါ ဆန်းပြားသောအလှဆင်မှုများ မပါဝင်သည့် ရိုးရိုးရှင်းရှင်း လက်စွပ်နှစ်ကွင်းကို တွေ့လိုက်ရသည်။
ပါးပြင်များ အနည်းငယ်နီရဲနေသော ဝန်ထမ်းက လက်စွပ်တစ်ကွင်းကို ကိုင်မြှောက်လိုက်ပြီး အားကျသည့်လေသံဖြင့် နူးညံ့စွာပြောလာခဲ့သည်။
"လူကြီးမင်းပိုင်၊ လက်စွပ်တွေရဲ့အတွင်းဘက်မှာ လူကြီးမင်းနဲ့ လူကြီးမင်းရှီတို့ရဲ့နာမည်တွေကို ထွင်းထားပါတယ်။"
"ကိုယ်တို့ တခြားဟာနဲ့ လဲချင်ရင်လည်း ရတယ်။"
ရှီချန်းယွင်က ဝင်ပြောလိုက်သည်။ ထို့နောက် သူက ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
"ဒီမှာ ၁၈ ကာရက်ရှိတဲ့ စိန်လက်စွပ်တွေလည်း ရှိတယ်။"
အိုး၊ မဟုတ်တာ၊ မလိုတော့ပါဘူး!
ပိုင်ချီက အလျင်အမြန် ခေါင်းယမ်းပြလိုက်သည်။
တကယ်တော့ သူက ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်းမျှသာ။
ထို့ကြောင့် ရှီချန်းယွင်ကလည်း ဆက်မပြောတော့ဘဲ ဝန်ထမ်းအား ပစ္စည်းများကို ထုပ်ပိုးစေလိုက်၏။
ဝန်ထမ်းက ၎င်းတို့ကို ကားပါကင်အထိ လိုက်ပို့ပေးခဲ့သည်။
ရှီချန်းယွင်က ကားတံခါးဖွင့်ပေးလိုက်ပြီး ပိုင်ချီ့ကို အရင် တက်စေခဲ့သည်။ ထို့နောက် အာသာ့တို့ကို ပြောလိုက်၏၊
"ခဏစောင့်ဦး။"
အာသာ့နှင့် ဒရိုင်ဘာတို့မှာ ရှီချန်းယွင်က ကားပေါ်၌ ပိုင်ချီ့ကိုနမ်းတော့မှာလားဟု ထင်မှတ်ကာ မျက်နှာများ နီရဲသွားခဲ့ကြသည်။
သို့သော် ရှီချန်းယွင်က ကားထဲဝင်ထိုင်လိုက်ပြီး လိုရင်းကိုသာ ပြောလိုက်လေ၏။
"ဓါတ်ပုံရိုက်ပြီး Weibo ပေါ် တင်လိုက်ဦး။ ဘယ်လိုရိုက်ရမလဲဆိုတာ သိလား။"
"ဟမ်?"
ပိုင်ချီက မျက်တောင်ခတ်ရင်း ပြန်မေးလိုက်၏။
"ဘယ်လိုရိုက်ရမှာလဲ။"
ဓါတ်ပုံရိုက်တဲ့ကိစ္စမှာတောင် ဘယ်လိုဘယ်လိုဆိုပြီး ရှိသေးတာလား။
ရှီချန်းယွင်က ပြောလိုက်သည်။
"ကိုယ့်ရဲ့နာမည်အတိုကောက်ကို ပါအောင် ရိုက်လိုက်။"
ပိုင်ချီ သဘောပေါက်သွား၏။
ရုပ်ရှင်ဧကရာဇ်ဆိုသည့်အတိုင်း အမှန်တကယ်ကို ကျွမ်းကျင်ပေသည််။
ပိုင်ချီက ဖုန်းကို ထုတ်ယူလိုက်ပြီး ရှီချန်းယွင်၏ခြေထောက်ဘေးမှ အိတ်ကို နှိုက်ရန် ပြင်လိုက်သည်။
လက်စွပ်များက ထိုအိတ်ထဲမှာ ရှိနေ၏။
ရှီချန်းယွင်က ပိုင်ချီ၏လက်ကောက်ဝတ်ကို အသာဖိထားလိုက်၏။ သူက သူ့ကို မလှုပ်ရှားစေချင်ခဲ့ပေ။
၎င်းတို့က ကုန်တိုက်မှ ထွက်လာခါစဖြစ်သဖြင့် ပိုင်ချီ၏လက်ကောက်ဝတ်မှာ ပူနွေးနေခဲ့သည်။
ရှီချန်းယွင်က ပိုင်ချီ၏လက်ကောက်ဝတ်ကို သူ၏လက်ချောင်းဖြင့် ပွတ်သပ်လိုက်ပြီး အခြားလက်ဖြင့် လက်စွပ်ဘူးကို အလွယ်တကူကောက်ယူလိုက်၏။
သူက လက်စွပ်ဘူးများကို ဖွင့်ကာ သူ၏လက်ဖဝါးပေါ်တင်လျက် ပြောလိုက်သည်။
"ရပြီ၊ ရိုက်လိုက်တော့။"
ပိုင်ချီက ဖုန်းကို မြှောက်လိုက်၏။
ကင်မရာဘောင်ထဲမှာ ရှီချန်းယွင်၏လက်ချောင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ကင်မရာက လက်စွပ်နှစ်ကွင်းဆီ ဖြည်းဖြည်းချင်း ဆုံချက်ဖမ်းလိုက်သည်။
ချလပ်။
ပိုင်ချီတစ်ယောက် ဓါတ်ပုံရိုက်ပြီးသည်နှင့် အင်တာနက်ပေါ်သို့ ချက်ချင်းတင်လိုက်လေသည်။
အင်တာနက်ပေါ်မှာ ရှီချန်းယွင်၏ပရိသတ်များနှင့် အတင်းအဖျင်းအကောင့်များ အငြင်းပွားနေကြဆဲပင်။
ပရိသတ်များက လက်မခံချင်ကြသော်လည်း အင်တာနက်သုံးစွဲသူများကတော့ ထို Weibo အကောင့်ပိုင်ရှင်က ဓါတ်ပုံထဲမှ လူငယ်ဖြစ်ကြောင်းနှင့် ရှီချန်းယွင်နှင့် လက်ထပ်ခဲ့သူဖြစ်ကြောင်း အခိုင်အမာ ယူဆနေကြသည်။
၎င်းတို့တွေ အငြင်းပွားနေစဉ်မှာပင်...
[အဲ့ဒီအကောင့်က ပို့စ်အသစ်တင်လိုက်ပြီ။]
[သောက်ကျိုးနည်း! ငါတော့ အလင်းရဲ့အလျင်နဲ့ ပြေးပြီ!]
[ဝါး၊ အဲ့ဒီတစ်ယောက်က တော်တော်လေးကို ဂရုမစိုက််တတ်တာပဲ။ လူတွေက သူ့အကြောင်း တူးဆွနေကြတယ်ဆိုတာရော သိရဲ့လား။ ရှီချန်းယွင်ရဲ့ပရိသတ်တွေက အရူးတွေလိုမျိုး သူ့ကို ဝိုင်းရိုက်ကြတော့မှာကို သူက Weibo ပို့စ်တောင် တင်လိုက်သေးတယ်?]
အင်တာနက်သုံးစွဲသူများနှင့် ပရိသတ်များက တစ်ယောက်ပြီးတစ်ယောက် ပို့စ်အသစ်ကို သွားကြည့်ခဲ့ကြပြီး နောက်ဆုံး၌ အားလုံး မှင်တက်ကုန်ကြသည်။
[လက်ထပ်လက်စွပ်တွေလား။]
[ကိုယ့်လူတို့၊ လက်စွပ်အတွင်းဘက်က စာလုံးကို ကြည့်လိုက်ကြဦး။ ဓါတ်ပုံထဲမှာ တစ်ဝက်ပဲပေါ်ပေမဲ့ '&xcy' ဆိုတာကြီးက ထင်းနေတာပဲ။ &xcy!! ဘုရားရေ! အဲ့ဒါ ရှီချန်းယွင်ရဲ့နာမည်အစစာလုံးတွေ မဟုတ်ဘူးလား။]
[ဒီဖရဲသီးက... ငါ တကယ်ကို ဆွံ့အသွားပြီ...]
[ဓါတ်ပုံထဲကလက်က အရမ်းလှတာပဲ။ အဲ့ဒီလူရဲ့ လက်မအတွင်းပိုင်းကို ကြည့်လိုက်၊ အဲ့မှာ မှဲ့လေးတစ်လုံး ရှိနေတယ်။ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် အဲ့ဒီလက်စွပ်ကို ကိုင်ထားတဲ့ လက်ကလည်း ရှီချန်းယွင်ရဲ့လက်နဲ့ အတူတူပဲ...]
[ဟေး၊ ဓါတ်ပုံက ပြင်ထားတာလည်း ဖြစ််နိုင်တာပဲ၊ ဟုတ်ပြီလား!]
[နင်တို့တွေ ဒါကို ယုံနေကြတာလား။ ဟမ့်၊ ဒါက ပရိသတ်တစ်ယောက်ရဲ့ထင်ယောင်ထင်မှားတွေကနေ အရင်းခံလာတဲ့ နောက်ပြောင်မှုတစ်ခုပဲ။ သူက သူ့အိုင်ဒေါနာမည်နဲ့ လက်စွပ်မှာထားရုံပဲ၊ အဲ့ထက်မပိုဘူး။ သွားကြစို့၊ ဒီမှာ ဘာမှကြည့်စရာလည်းမရှိဘဲနဲ့...]
ရုံးခန်းထဲမှာထိုင်နေသော ရှန်းကွမ်းတစ်ယောက် ရှီချန်းယွင်၏ပရိသတ်များ ကောလာဟလများကို တည်တည်ငြိမ်ငြိမ်၊ စည်းစနစ်ကျကျ ငြင်းဆိုနေသည်အား စောင့်ကြည့်နေခဲ့၏။ သူက ၎င်းတို့၏တုံ့ပြန်မှုများကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။
အဖိုးတန်လေးတွေ!
တခြားဘယ်သူ့မှာများ ဒီလိုပရိသတ်တွေ ရှိလို့လဲ။
၎င်းတို့က အနည်းငယ်ခေါင်းမာပြီး အရှက်မဲ့သော်လည်း မည်သူ့မှာ ထိုကဲ့သို့ပရိသတ်မျိုး မရှိဖူးဘဲနေမည်နည်း။
ထိုစဉ် လက်ထောက်တစ်ယောက်က ရုံးခန်းတံခါးခေါက်ကာ အထဲဝင်လာခဲ့သည်။
"ရှန်းကော၊ ဒါက ကျွန်တော်တို့ အခုမှရလာတဲ့ စာရွက်စာတမ်းတွေပါ။ သူတို့ပြောတာတော့ ရှီကောအတွက်ပါတဲ့။"
"ဘာလဲ။ ပရောဂျက်အသစ်အတွက်လား။"
ရှန်းကွမ်းက ထိုသို့ပြောရင်း စာရွက်စာတမ်းကို ဖွင့်ကြည့်လိုက်သည်။
"ကျွန်တော်တို့၊ 'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' ရဲ့ ထုတ်လုပ်သူတွေအနေနဲ့ ကျွန်တော်တို့ရှိုးရဲ့ပထမရာသီမှာ ပါဝင်ပေးဖို့ လူကြီးမင်းရှီကို ဖိတ်ကြားအပ်ပါတယ်..."
ရှန်းကွမ်း: "သောက်ကျိုးနည်း!"
***
Aurora Novel Translation Team