no

Font
Theme

အပိုင်း (၁၉) - ရေထဲက ဘဲတစ်ကောင်လို (၁)

ထုတ်လုပ်ရေးအဖွဲ့က ပိုင်ချီကို သူတည်းခိုရမည့်နေရာသို့ ဝန်ထမ်းများ လိုက်မပို့ခင် သူနှင့်အတူ ရိုက်ကူးရေးအစီအစဉ်ကို နောက်တစ်ကြိမ် ထပ်ပြီးစစ်ဆေးခဲ့သည်။

"ကျွန်တော်တို့ မနက်ဖြန် စောစောထကြရမယ်။ အားလုံးပဲ ကြိုးစားခဲ့ကြပါတယ်၊ ကောင်းကောင်း အနားယူကြပါ။"

ဒါရိုက်တာက ပြုံးရွှင်သောမျက်နှာဖြင့် ပြောလိုက်သည်။

ယနေ့ ဧည့်သည်များကြား သီးသန့်မိတ်ဆက်ရုံမျှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မမျှော်လင့်ထားသောအခြေအနေများ မဖြစ်ပွားစေရန် ဧည့်သည်များထဲ နာမည်ကြီးတစ်ယောက်ယောက် ပါဝင်လာသည့်အခါမျိုး၌ ပေးလေ့ရှိသော 'အထူးအခွင့်အရေး' ပင်။

ထို့ကြောင့် ၎င်းတို့တွေ မနက်ဖြန်မှာ 'ပထမဆုံးတွေ့ဆုံခြင်း' ကို ရိုက်ကူးရန် နောက်ထပ် ရိုက်ကူးရေးတစ်ခု ရှိလိမ့်ဦးမည်။

ထိုအရာကို လူတိုင်း သိကြသဖြင့် ကြာကြာမနေတော့ဘဲ အနားယူရန် ကိုယ့်အခန်းကိုယ် အသီးသီး ပြန်သွားခဲ့ကြသည်။ ၎င်းတို့က နောက်တစ်နေ့၌ ခေါင်းမကြည်၍ အခြေအနေမကောင်းဘဲ စကားမှားသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။

ခြံထဲမှ ထွက်လာပြီးနောက် ဝန်ထမ်းတစ််ယောက်က ကင်မရာကို ပခုံးပေါ်ထမ်းကာ ပိုင်ချီ့အနောက်ကနေ လိုက်လာခဲ့၏။

ပိုင်ချီသည် စောစောက ကားပေါ်မှာ ခဏလာက် မှေးခနဲအိပ်ပျော်သွားခဲ့သဖြင့် ယခု တော်တော်လေး လန်းဆန်းနေခဲ့သည်။ သူက သူ၏ရင်ဘတ်ပေါ်ရှိ မိုက်ကိုကိုင်ရင်း ပြောလိုက်သည်။

"ဒီလောက်အေးလိမ့်မယ်လို့ ထင်မထားမိဘူး။ တကယ်လို့ ကျွန်တော် ဂွမ်းအနွေးထည် လုံလုံလောက်လောက် ပါမလာရင် ဘယ်လိုလုပ်မလဲ။ အစီအစဉ်အဖွဲ့မှာ ဝတ်စုံအပိုတွေ ရှိလား။"

"ဒီလမ်းက နည်းနည်းချော်တယ်နော်။"

"ဟိုဘက်တစ်ပြင်လုံးမှာ နှင်းတွေဖုံးနေတာဆိုတော့ ကျွန်တော်တို့ နှင်းလူသားလုပ်လို့ရမလား။"

...

ပိုင်ချီက အာသာ့နှင့် ပေါ့ပေါ့ပါပါး စကားစမြည်ပြောဆိုနေခဲ့သည်။

ဝန်ထမ်းမှာ စိတ်သက်သာရာ ရသွားခဲ့၏။ ရှီချန်းယွင်၏ လက်တွဲဖော်ဖြစ်သူ ဤလူငယ်လေးက ဖျော်ဖြေရေးလောက၏ အပြင်လူဖြစ်သော်လည်း ကင်မရာရှေ့မှာ အဆင်ပြေပြေ စကားပြောနိုင်သဖြင့် ၎င်းတို့၏ကြိုးစားအားထုတ်မှုများက အချည်းနှီးမဖြစ်ခဲ့ချေ။

မနက်ဖြန် ရိုက်ကူးရေးကလည်း အဆင်ပြေမှာပဲ... ဟုတ်တယ််မလား။

အိမ်နေရာချထားမှုအနေဖြင့် ဆုရမင်းသား၊ မင်းသမီးကြီးများကို ဗီလာအိမ်ကြီးတစ်လုံး၌ တည်းခိုရန် စီစဉ်ပေးထားသည်။ ယန်ယိရူနှင့် သူ(မ)၏လက်တွဲဖော်ကို အလယ်ခေတ်စတိုင် အဆောက်အအုံ၌ တည်းခိုရန် စီစဉ်ပေးထား၏။ အဆောက်အအုံက နှင်းပွင့်များကြွေကျနေသည့်ကြားမှာ တည်ရှိနေပြီး အလွန်ရိုမန့်တစ်ဆန်နေခဲ့သည်။ ထို့နောက် ချိုးစစ်ချွမ်းနှင့် သူ၏အဖော်ဖြစ်သူကို Nordic စတိုင်* နှစ်ထပ်အိမ်လေးမှာ တည်းခိုရန် စီစဉ်ပေးခဲ့သည်။

[T/N: အခုနောက်ပိုင်း ခေတ်စားလာတဲ့ သဘာဝဆန်ဆန်၊ minimalism ဖြစ်တဲ့ ပုံစံလေးတွေပါ။]

ပိုင်ချီတစ်ယောက် တော်တော်လေး လမ်းလျှောက်ခဲ့ပြီးနောက် နောက်ဆုံး၌ လှပဆိတ်ငြိမ်သော ခြံဝင်းလေးတစ်ခု၏အပြင်ဘက်၌ ရပ်လိုက်သည်။

ယင်းက သူနှင့် ရှီချန်းယွင်တို့ ယာယီတည်းခိုရမည့် နေရာပင်။

ခြံစည်းရိုးကို ဝါးဖြင့် ပြုလုပ်ထားသည်။ ပိုင်ချီက ၎င်းကို တွန်းဖွင့်ကာ ခြံထဲဝင်ခဲ့လိုက်သည်။

ခြံထဲရှိ ပန်းခင်းများက ဗလာကျင်းနေသည်။

ဝန်ထမ်းက အားနာသလို ပြုံးပြရင်း ပြောပြလာ၏။

"ကျွန်တော်တို့ တရုတ်နှင်းဆီတွေ စိုက်မလို့ပါပဲ၊ ဒါပေမဲ့ အပူချိန်က အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်အောက် ရောက်သွားလို့ ပန်းတွေအကုန် အေးပြီးသေသွားခဲ့တာပါ။"

"မှန်လုံအိမ် ဆောက်လိုက်ရင်ရော?"

ပိုင်ချီက ပြောလိုက်သည်။

ဝန်ထမ်းက ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ရင်း တွေးလိုက်လေ၏။

ဒါဆို ရှုခင်းပျက်သွားရုံတင်မကဘဲ ရိုမန့်တစ်လည်း ဆန်တော့မှာမဟုတ်ဘူးလေဗျာ။

ပိုင်ချီက ထိုစကားကို ပေါ့ပေါ့ပါပါးသာ ပြောခဲ့ခြင်းဖြစ်ပြီး ဆက်မပြောတော့ပေ။

ပိုင်ချီတစ်ယောက် အိမ်ထဲဝင်ပြီးနောက် အိတ်များကို သိမ်းဆည်းကာ ညလယ်စာအဖြစ် မုန့်အနည်းငယ် စားခဲ့သည်။

သူ နာရီကို မော့ကြည့်လိုက်သောအခါ မနက် ၃ နာရီတောင် ထိုးနေလေပြီ။

ပိုင်ချီတစ်ယောက် အစီအစဉ်ဝန်ထမ်းများ သင်ပေးထားသည့်အတိုင်း ကင်မရာကို ဖုံးလိုက်၏။ ထို့နောက် ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။

သို့သော် သူ မျက်လုံးများမှိတ်လိုက်ပြီး ၂ စက္ကန့်တောင်မကြာသေးခင် သူ့ဖုန်းက မြည်လာခဲ့၏။

သူ ဖုန်းကိုင်လိုက်သောအခါ စခရင်ပေါ်မှာ 'လူကြီးမင်းရှီ' ဆိုသည့် စာလုံးလေးလုံးက တောက်ပစွာ ပေါ်လာခဲ့သည်။

ပိုင်ချီတစ်ယောက် မသဲမကွဲ ရေရွတ်လိုက်၏။

ဒီလောက် ညဉ့်နက်နေပြီကို သူ အလုပ်လုပ်နေတုန်းပဲလား။

ထို့နောက် ဖုန်းကိုင်ကာ ထူးလိုက်သည်။

"ဟယ်လို?"

"အာသာ့က မင်း ရောက်ပြီးသွားပြီလို့ ကိုယ့်ကိုပြောတယ်။"

မျှော်လင့်ထားသည့်အတိုင်း ရှီချန်းယွင်ဖြစ်နေသည်။

"ဟုတ်တယ်။"

"ပင်ပန်းသွားပြီ။"

ရှီချန်းယွင်က ယဉ်ယဉ်ကျေးကျေးပြောလိုက်ပြီး ခဏရပ်တန့်သွား၏။ ထို့နောက်မှ ဆက်ပြောလိုက်သည်။

"ကိုယ် မင်းကိုပြောဖို့ မေ့သွားတာတစ်ခုရှိတယ်။"

"ဘာများလဲ။"

ဤမျှညဉ့်နက်တော့မှ ရှီချန်းယွင် ဖုန်းဆက်ရသည့်အကြောင်းအရင်းက ထို 'ကိစ္စ' ကြောင့် ဖြစ်လိမ့်မည်ဟု ပိုင်ချီ ခန့်မှန်းလိုက်သည်။

"ဒါက ဇနီးမောင်နှံတွေရဲ့ reality show ဆိုတော့ ကိုယ်တို့ ရိုက်ကူးရေးလုပ်တဲ့အခါ..."

သူက ခဏတိတ်ဆိတ်သွားပြီးမှ ဆက်ပြောလိုက်၏။

"ကိုယ်တို့ အခန်းတစ်ခန်းတည်းမှာ အတူတူအိပ်ဖို့လိုလိမ့်မယ်။ တောင်းပန်ပါတယ်၊ ကိုယ် အဲ့ဒါကို ကြိုမတွေးမိလိုက်ဘူး။"

"အာ! အဲ့လိုလား! ရပါတယ်၊ တကယ်..."

ပိုင်ချီတစ်ယောက် စောင်ထဲမှာ တွန့်လိမ်ရင်း သူ့ကိုယ်သူ ပို၍တင်းကျပ်နေအောင် ရစ်ပတ်လိုက်သည်။ အပူပေးစက်က အလုပ်လုပ်နေပုံရပြီး အပူချိန်က ဖြည်းဖြည်းချင်း တက်နေပေ၏။

"ကျွန်တော်က အိပ်ရင် အရမ်းငြိမ်တယ်!"

ပိုင်ချီ၏အသံက တိုးညင်းနေပြီး စောင်ကြောင့် ဗလုံးဗထွေးဖြစ်နေ၏။

ရှီချန်းယွင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

ပြဿနာက သူ အိပ်သည့်အခါ ငြိမ်သလား၊ မငြိမ်သလား ဆိုသည့်အချက်မဟုတ်ပေ။

သို့သော် ပိုင်ချီက အလွယ်တကူ သဘောတူလိုက်ပြီဖြစ်ရာ သူ့အနေဖြင့် ဘာမှဆက်မပြောတာ ပိုကောင်းပေလိမ့်မည်။

"အင်း။ ကောင်းကောင်း အနားယူလိုက်ဦး။ အရမ်းနောက်မကျစေနဲ့။"

ရှီချန်းယွင်က ပြောလိုက်သည်။

သို့သော် ပိုင်ချီက ဖုန်းမချခဲ့ပေ။ ထိုအစား သူက စောင်ထဲပိုတိုးဝင်ကာ သူ့အသံကို ကင်မရာကနေ ဖမ်းမယူနိုင်စေရန် ကာကွယ်လိုက်၏။

"ခင်ဗျားရော အိပ်ရင် ငြိမ်ရဲ့လား။"

ပိုင်ချီ၏အသံက ဖုန်းထဲမှတစ်ဆင့် စီးဆင်းလာခဲ့ပြီး ရှီချန်းယွင်၏နားထဲ စိမ့်ဝင်သွားခဲ့သည်။ ပိုင်ချီက သူ့ဘေးမှာရှိနေပြီး သူ့နားနားကပ်ကာ တိုးတိုးလေးစကားပြောနေသကဲ့သို့ ရှီချန်းယွင် ရုတ်တရက် ခံစားလိုက်ရ၏။

"... တော်တော်လေးငြိမ်တယ်လို့ ထင်တာပဲ။"

ရှီချန်းယွင်က ပြန်ဖြေလိုက်လေသည်။

ထိုအခါ ပိုင်ချီက တီးတိုးမေးလာ၏။

"အာ၊ ဒါဆို စိတ်ပူစရာ မလိုတော့ဘူးပေါ့... အခုတော့ ဒီလောက်ပါပဲ၊ တကယ်တော့ ကျွန်တော် စောင်အောက်ထဲပုန်းပြီး စကားပြောနေတာ။ ဟိုက်ရား၊ ကျွန်တော့်ကျောဘက်မှာ လေအေးတွေ ဝင်နေပြီ။ အား၊ ချမ်းလိုက်တာ။"

သူ ခဏလောက် ညည်းတွားလိုက်ပြီးနောက် ဖုန်းချသွားခဲ့လေသည်။

စောင်အောက်မှာ ပုန်းနေတယ်?

ရှီချန်းယွင်က ဖုန်းကို နားဘေးမှာ ကပ်ထားဆဲပင်။ ရုတ်ခြည်းတိတ်ဆိတ်သွားမှုက သူ့အတွက် ဆန်းကြယ်သလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် ပိုင်ချီတစ်ယောက် စောင်အောက်မှာ ဘောလုံးလေးလို ကွေးကွေးလေးဖြစ်နေမည့်ပုံရိပ်က သူ့စိတ်ထဲ မရည်ရွယ်ဘဲ ပေါ်လာခဲ့၏...

"ရှီကော၊ သွားကြရအောင်လေ။"

ရှန်းကွမ်းက တံခါးကိုတွန်းဖွင့်ကာ ဝင်သွားခဲ့သည်။

ရှီချန်းယွင်က ခေါင်းညိတ်ပြလိုက်ပြီး မှောင်မိုက်သောညလယ်မှာ ကားပေါ်တက်လိုက်လေသည်။

ပိုင်ချီ မနက် ၁၁ နာရီအထိ အိပ်ပျော်သွားခဲ့ပြီး အစီအစဉ်ဝန်ထမ်းများက လာနှိုးတော့မှ နိုးလာခဲ့သည်။

"အစီအစဉ်အဖွဲ့က ဧည့်သည်တွေကို ဘာအစားအစာမှ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ အိမ်တိုင်းမှာ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းအချို့ ရှိပါတယ်။ ဘာဟင်းချက်မလဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပါ။"

ဒါရိုက်တာက ယနေ့တာဝန်ကို မိတ်ဆက်ပေးလိုက်သည်။

အပြင်မှာ နှင်းများ ကျနေ၏။ ပိုင်ချီက အပြာရောင် လေဖောင်းအင်္ကျီကို ဝတ်ဆင်ထားပြီး လည်ပင်းမှာလည်း အရောင်တူမာဖလာကို ပတ်ထားသည်။ သူက မီးခိုးပြာရောင်ထီးကို ဆောင်းကာ ထွက်ခွာသွားခဲ့သည်။

"ကျွန်တော် ခဏပတ်ကြည့်ပြီး အခြားသူတွေဆီမှာ ဘာပါဝင်ပစ္စည်းတွေရှိလဲ သွားမေးလိုက်ဦးမယ်။ ပြီးတော့ ဘယ်သူ ဟင်းချက်တတ်လဲဆိုတာလည်း မေးရမယ်..."

ပိုင်ချီက အရပ် ၁.၇၈ မီတာရှိပြီး ခြေတံများက တော်တော်လေးရှည်လျား၏။

ကင်မရာမန်းမှာ ပိုင်ချီ ပထမဆုံး ခြေလှမ်းလှမ်းကာ ထွက်သွားပြီးနောက် သူ့နောက်သို့ အမီလိုက်ဖို့ ခက်ခဲသွားခဲ့လေသည်။

သူ ပထမဆုံး ရပ်နားသည့်နေရာက ကျိုးယန်ဖုန်း၏အိမ်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုအခိုက်အတန့်၌ ၎င်းတို့၏အိမ်က ပိုင်ချီ ရောက်နေသည့်နေရာနှင့် အနီးဆုံးဖြစ်သောကြောင့်ပင်။

"ဒေါက်၊ ဒေါက်။"

မည်သည့်တုံ့ပြန်သံမှ ပြန်မကြားရပေ။

ထိုအခါ ဒါရိုက်တာတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။

"သူတို့ ယန်ယိရူရဲ့အိမ်ကို သွားကြတယ် ထင်တယ်။"

ပိုင်ချီက ခေါင်းညိတ်လိုက်၏။

"အာ၊ ဒါဆို ကျွန်တော် ချိုးစစ်ချွမ်းဆီပဲ သွားတော့မယ်!"

ချိုးစစ်ချွမ်း၏နေရာက ဒုတိယအနီးဆုံးဖြစ်သည်။

နှစ်ထပ်အဆောက်အအုံ၏ တံခါးဝသို့ ရောက်သောအခါ သူက တံခါးဘဲလ်ကို နှိပ်လိုက်၏။

များမကြာမီ တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးခဲ့သည်။

"လာလည်တာလား။"

အထဲမှ လူက မေးလာ၏။

ပိုင်ချီတစ်ယောက် အသံလာရာဘက်သို့ ကြည့်လိုက်ရာ ယင်းက ချိုးစစ်ချွမ်းမဟုတ်ကြောင်း သတိပြုမိလိုက်သည်။ ထိုအစား ရဲရင့်ပြီး တရားမျှတပုံရသော အမျိုးသားတစ်ယောက်က သူ့ကို နှုတ်ဆက်ရန် ထွက်လာခဲ့၏။ သူ၏ ရုပ်ရည်သွင်ပြင်က တရုတ်အမျိုးသားများ၏ ရိုးရာအလှတရားနှင့် အတော်လေး ကိုက်ညီလွန်းသည်။

ထိုလူက ရှေးခေတ်ဇာတ်လမ်းတွဲများမှ သူ၏ရုပ်ရည်ချောမောမှုကြောင့် လူသိများသော ရွှီယီပင်။

ရွှီယီက ပိုင်ချီကို မြင်လိုက်ရသောအခါ စက္ကန့်ပိုင်းလောက် ကြောင်အမ်းသွားခဲ့သည်။

"မင်္ဂလာပါ၊ မင်းက...?"

သူက ခဏတန့်သွားပြီး ပိုင်ချီပြန်ဖြေလာသည်ကို မစောင့်ဘဲ အမြန်ပြုံးလိုက်ရင်း ပြောလိုက်သည်။

"မင်းက အစီအစဉ်ဝန်ထမ်းနဲ့ မတူဘူးဆိုတော့ မင်းလည်း ဧည့်သည်တစ်ယောက်ပဲလား။"

"ဟုတ်ပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ပိုင်ချီပါ။"

ပိုင်ချီက မုန့်မျိုးစုံ ပြည့်နှက်နေသော ခြင်းတောင်းလေးကို ကမ်းပေးလိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"ဒါက ခင်ဗျားတို့အတွက် ပထမဆုံးတွေ့ဆုံခြင်း လက်ဆောင်ပါ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment