no

Font
Theme

အပိုင်း (၁၆) - ကျွန်တော့်မှာပိုက်ဆံရှိတယ် (၂)

ရှီချန်းယွင်က အနည်းငယ် ပြုံးလိုက်သည့်ပုံပင်။

သို့သော် ထိုအပြုံးက ဖျပ်ခနဲ ကွယ်ပျောက်သွားခဲ့သည်။

ရှီချန်းယွင်က ပိုင်ချီ၏မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းအနေနဲ့ နည်းလမ်းမျိုးစုံသုံးပြီးမှ ကိုယ်နဲ့မင်္ဂလာဆောင်ခဲ့ရတာပါဆိုပြီး အပြင်လူတွေကို သရုပ်ဆောင်ပြစရာမလိုပါဘူး။ မင်းမှာ အပြစ်မရှိဘဲ အပြစ်တင်ခံစရာမလိုဘူး။"

ပိုင်ချီ: "ဟမ်?"

ရှီချန်းယွင်က အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။

"ကိုယ် အရင်က မင်းကို သေချာမပြောပြခဲ့မိဘူး။ ထားပါ၊ တကယ်တော့ ကိုယ်က ကိုယ့်အမေ ယုံကြည်အပ်နှံမှုဖောင်ဒေးရှင်းမှာ ချန်ထားခဲ့တဲ့အမွေတချို့ကို ဆက်ခံဖို့အတွက် တရားဝင်အိမ်ထောင်ဖက်တစ်ယောက် လိုအပ်ခဲ့တာ။"

ရှီချန်းယွင်က ခြေလှမ်းနှစ်လှမ်းလောက် အနောက်ဆုတ်ကာ မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

သူက ပျင်းရိလေးတွဲသောပုံစံဖြင့် ဆိုဖာကိုမှီထားပြီး နေ့ခင်းဘက်မှ ယဉ်ကျေးသိမ်မွေ့သော သူ၏ပုံရိပ်ကို ခွာချလိုက်သည်။ သူက ဇာတ်ကောင်ပေါင်းများစွာကို သရုပ်ဆောင်ခဲ့ဖူးပြီး ယခုလက်ရှိအချိန်၌ သူ၏ တကယ်စစ်မှန်သော စိတ်ခံစားချက်များကို ပြသလာခဲ့၏။

အတိတ်တုန်းက စိတ်ခံစားချက်များစွာကို ဖော်ပြခဲ့ဖူးသော သူ၏မျက်လုံးများက အေးစက်နက်မှောင်ပြီး နက်ရှိုင်းသော ရေကန်ကြီးတစ်ခုအတွင်းသို့ ရုတ်တရက် ကျရောက်သွားသလိုပင်။

"အစတုန်းကတော့ ကိုယ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ရွေးချယ်ခဲ့မလို့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာ မင်္ဂလာဆောင်ဖို့ အစီအစဉ်မရှိခဲ့တော့ အိမ်ထောင်ဖက်ဆိုတာကလည်း တကယ်တော့ သိပ်မရေးကြီးခဲ့ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်ရတဲ့အခါကျ ကိုယ်တို့ထင်ထားသလောက် မလွယ်ကူခဲ့ဘူး... တကယ်လို့ အမျိုးသမီးတစ်ယောက်နဲ့ ဟန်ဆောင်လက်ထပ်မယ်ဆိုရင် တစ်ဖက်လူအတွက် ထိခိုက်နစ်နာမှု များလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ် အဲ့ဒီလိင်ကို အရင်ဆုံး ပယ်ဖျက်လိုက်တယ်။ ဒုတိယအနေနဲ့ ကိုယ့်ရဲ့အလုပ်ကြောင့် ကိုယ့်ရဲ့ပရိသတ်အများစုက ကိုယ့်အိမ်ထောင်ဖက်အပေါ် မုန်းတီးကြလိမ့်မယ်။ ဒါက ငွေပမာဏ တစ်ခုပေးရုံနဲ့ ရိုးရိုးရှင်းရှင်း ပြေလည်သွားနိုင်တဲ့ကိစ္စမဟုတ်ဘူး..."

ပိုင်ချီတစ်ယောက် ပါးစပ်လေးပွင့်ဟသွားခဲ့သည်။

အာ၊ နေပါဦး၊ သန်း ၅၀ အပေါ် ခင်ဗျားမှာ ဘာအထင်အမြင်လွဲမှားမှုတွေ ရှိနေတာလဲ။

အဲ့ဒီငွေပမာဏက နာကျင်မှုအားလုံးကို ကုစားပေးနိုင်ပါတယ်!

ရှီချန်းယွင်၏အကြည့်များက မသိမသာဖြင့် ပိုင်ချီကို လွှမ်းမိုးထားခဲ့၏။

ပိုင်ချီက ထိုနေရာ၌ နာခံမှုရှိစွာထိုင်နေပြီး စကားပြောချင်သော်လည်း ပါးစပ်လေးကိုပြန်ပိတ်ကာ ရှီချန်းယွင် ဆက်ပြောမည်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။

ရှီချန်းယွင်၏မျက်လုံးများထဲ လက်ခနဲဖြစ်သွား၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"အဲ့ဒီအချိန်မှာပဲ မင်းက ကိုယ့်ရဲ့မြင်ကွင်းထဲကို ရောက်လာခဲ့တယ်။ ကိုယ် မင်းကို ပိုက်ဆံတချို့ ပေးပြီးတော့ မင်းကို ကျန်းဖန်းချန်ဆိုတဲ့ နွံထဲကနေ ဆွဲထုတ်ပေးခဲ့တယ်။ ကိုယ့်အထင်တော့ ဒီသဘောတူညီချက်က တရားမျှတတယ်လို့ ပြောလို့ရပါတယ်။"

ပိုင်ချီက စိတ်ထဲကနေ တွေးလိုက်၏။

အား၊ ကံကောင်းလိုက်တဲ့ငါလေး၊ ထီလက်မှတ်တောင် ဝယ်စရာမလိုဘဲ ထီပေါက်သွားတာပဲ!

ကျွန်တော့်ကို သဘောကျပြီး သန်း ၅၀ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သကြားဖေဖေရေ!

"သူတို့ ဖုန်းထဲမှာပြောခဲ့တာ မမှားဘူး၊ မင်း ကိုယ့်ကြောင့် တိုက်ခိုက်ခံရနိုင်တယ်၊ အင်တာနက်ပေါ်မှာ ဆဲဆိုခံရနိုင်တယ်။ မင်းရဲ့သီးသန့်မက်ဆေ့ချ်အဝင်ထဲမှာ မင်းရဲ့ဓါတ်ပုံတွေကို မကောင်းတဲ့ပုံစံတွေပြင်ပြီး ပို့လာတာမျိုးတွေလည်း ခံရနိုင်တယ်... တချို့လူတွေက မြောင်းထဲက လောက်တွေလိုပဲ မင်းနောက်ကို မလွတ်တမ်း လိုက်နေကြလိမ့်မယ်၊ တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်လုံး၊ နေ့တိုင်း မင်းကို တိုက်ခိုက်နေကြမှာ။"

"မင်း ကြောက်လား။"

ရှီချန်းယွင်က တိုးတိုးလေး မေးလိုက်သည်။

အမှန်တကယ်တော့ အရင်က သူ ပိုင်ချီကို သေချာမပြောပြခဲ့ခြင်းမဟုတ်။

ထိုအချိန်တုန်းက သူ့တွင် ပိုင်ချီကို ဤစကားများပြောရန် လုံးဝ အစီအစဉ်မရှိခဲ့ခြင်းသာ။

အမှန်တော့ ယခု နောင်တရလျှင်လည်း အချိန်မီသေး၏။ မည်သို့ပင်ဆိုစေ ထိုဓါတ်ပုံများကို မထုတ်ပြန်ရသေးပေ။

၎င်းတို့က အမှန်တကယ် 'တရားဝင်' မဖြစ်သေးချေ။

ပိုင်ချီက 'အာ' ဟု ခပ်တိုးတိုးအသံပြုလိုက်ပြီး သူ၏ ဦးနှောက်ထဲ အတွေးတစ်ခုက လျှပ်စီးကြောင်းကဲ့သို့ ဖြတ်ပြေးသွားခဲ့၏: စောစောက ရှီချန်းယွင် ငါ့အနောက်ကနေ ဘယ်လောက်တောင် နီးနီးကပ်ကပ်ရပ်နေခဲ့တာလဲ၊ သူက ဖုန်းထဲက အသံတွေကိုတောင် အကုန်ကြားလိုက်ရတယ်?!

ပိုင်ချီက ရှီချန်းယွင်ကို မော့ကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။

"အင်း... လူကြီးမင်းရှီကရော ဒီလိုမျိုးတွေ ကြုံတွေ့ခဲ့ဖူးလား။"

မဟုတ်လျှင် လုပ်ငန်းစဉ်ကို အဘယ့်ကြောင့် အသေးစိတ် သိနေရသနည်း။

ရှီချန်းယွင်တစ်ယောက် ရပ်တန့်သွားခဲ့သည်။

အဓိကအချက်က အဲ့ဒါလား။

ပိုင်ချီက သူ့ကို လေးလေးနက်နက် မေးလိုက်၏။

"လူကြီးမင်းရှီက အနုပညာလောကထဲ ဝင်ရောက်ပြီးနောက်ပိုင်း ခင်ဗျားရဲ့ခရီးလမ်းက ဒုံးပျံလိုမျိုးအရှိန် မြင့်တက်လာခဲ့တာလေ။ အဲ့လိုမျိုးအရာက ခင်ဗျားအပေါ် သက်ရောက်မှုရှိခဲ့လား။"

ရှီချန်းယွင်၏ ကျောက်ခဲကဲ့သို့ အေးစက်မာကျောနေသော နှလုံးသားက မမျှော်လင့်စွာဖြင့် ပျော့ပျောင်းသွားခဲ့၏။

သူက ဆိုဖာလက်ရန်းကို ပွတ်သပ်ရင်း ပြောလိုက််သည်။

"ဒါပေါ့၊ ဒါက အင်တာနက်ရဲ့သဘောသဘာဝပဲ။ လောက်ကောင်တွေက အမြဲတမ် အုံလိုက်ကျင်းလိုက် ရှိနေတတ်ကြတာ။ မင်းဆီက ကောင်းတဲ့အနံ့ပဲထွက်ထွက်၊ မကောင်းတဲ့အနံ့ပဲထွက်ထွက် ဘာအကြောင်းပြချက်မှမရှိလည်း အဲ့လိုလူတွေကို အမြဲ ဆွဲဆောင်မိနေမှာပဲ။"

ပိုင်ချီက ထပ်မေးလိုက်သည်။

"ဒါဆို လူကြီးမင်းရှီ အဲ့လိုဟာတွေကို မြင်တဲ့အခါ ဒေါသထွက်လား။"

"မထွက်ပါဘူး။"

ထို့နောက် ရှီချန်းယွင်က အေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ကိုယ့်မှာ ပိုက်ဆံရှိတယ်လေ။"

ပိုင်ချီက ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။

"ဟားဟား! ကျွန်တော့်မှာလည်း ပိုက်ဆံရှိတယ်!"

ထိုသို့ပြောရင်း သူ ရှီချန်းယွင်ပေးထားသော ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။

...သန်း ၅၀ တည်း ရှိတာကို။

ရှီချန်းယွင်တစ််ယောက် သူ့နှုတ်ဖျားသို့ ရောက်ရှိနေပြီဖြစ်သော စကားများကို ပြန်မျိုသိပ်လိုက်လေသည်။

သူ၏ပိုက်ဆံရှိခြင်းနှင့် ပိုင်ချီ၏ပိုက်ဆံရှိခြင်းက စံချိန်စံညွှန်းမတူပေ။

သို့သော်လည်း ပိုင်ချီ၏ပျော်ရွှင်မှုက စစ်မှန်နေခဲ့သည်။

စစ်မှန်လွန်း၍... အနည်းငယ် ချစ်စရာတောင်ကောင်းနေသေး၏။

...

နောက်ပိုင်းတွင် ရှီချန်းယွင်တစ်ယောက် ပိုင်ချီကို ကြောက်ရွံ့ခြင်း ရှိ၊ မရှိ ထပ်မမေးတော့ပေ။

ထိုနေ့ညက ပိုင်ချီ ရေချိုးလိုက်ပြီး စောင်ထဲသို့ တိုးဝင်သွားခဲ့သည်။ ဤအိပ်ခန်းကြီးက အလွန်ကျယ်ဝန်းသည်... အပူပေးစက်ဖွင့်ထားသော်လည်း အေးစက်နေဆဲဟု ခံစားနေရ၏! ယင်းမှာ အလှဆင်ထားသည့်ပုံစံက အလွန်အေးစက်နေ၍လားတော့ မသိပေ။

ပိုင်ချီတစ်ယောက် မျက်လုံးများကိုမှိတ်လိုက်ပြီး တောင်တောင်အီအီတွေးရင်း အိပ်ပျော်သွားခဲ့လေသည်။

နောက်တစ်နေ့တွင် ပါပါရာဇီစတူဒီယိုမှ ဖုန်းထပ်ဆက်လာ၏။ ယခုတစ််ခေါက်၌ ဖုန်းကိုင်သူက ရှီချန်းယွင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက 'တင်လိုက်' ဆိုသည့် စကားနှစ်လုံးတည်းကိုသာ ပြောပြီး ဖုန်းချပစ်လိုက်သည်။

ယင်းမှာ ဖုန်း၏အခြားတစ်ဖက်ရှိ ပါပါရာဇီကို သွေးအန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

ပိုင်ချီ နိုးလာသောအခါ ရှီချန်းယွင်၏အိမ်ထဲမှာ လူသားများ အနည်းငယ်ရောက်နေခဲ့သည်။ ၎င်းတို့က လက်ထောက်များဖြစ်မည့်ပုံပင်။ ၎င်းတို့က အဝတ်အစားအိတ်ကြီးများစွာကို သယ်ဆောင်လာကြပြီး အထူးလျှော့ဈေးကနေ ပြန်လာသကဲ့သို့ ဗီရိုထဲသို့ အဝတ်အစားများကို ထည့်နေကြ၏။

သို့သော် သေချာကြည့်လိုက်ပါက...

ဝါး၊ ဘယ်ဘက်က Armani၊ ညာဘက်က VERSACE ပဲ။

ပိုင်ချီခမျာ နိုင်ငံတကာအမှတ်တံဆိပ်ကြီးများမှန်း မမှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်၌ ရှီချန်းယွင်က ဖုန်းပြောနေ၏။ ပိုင်ချီ၏ခြေသံကို ကြားလိုက်ရသောအခါ သူက ချက်ချင်းလှည့်ကြည့်လာပြီး ပြောလိုက်သည်။

"သက်တောင့်သက်သာရှိတဲ့ တစ်စုံရွေးပြီး လဲဝတ်လိုက်။ ပြီးရင် ကိုယ်တို့ သွားကြမယ်။"

ပိုင်ချီ: "ဟမ်? ကျွန်တော်တို့ ဘယ်သွားမှာလဲ။"

ရှီချန်းယွင်က ပြန်ဖြေလိုက်၏။

"စာချုပ်သွားချုပ်မလို့။"

ပိုင်ချီက ရှောင်လင်းဆီမှ ဖက်ထုပ်တစ်ခုကို ယူလိုက်ပြီး ပါးစပ်ထဲသို့ တစ်ကိုက်တည်း ဝါးစားပစ်လိုက်သည်။ သူက ပါးစပ်ထဲမှအစားကို မျိုချပြီးမှ မေးလိုက်သည်။

"စာချုပ်သွားချုပ်မလို့?"

ရှီချန်းယွင်က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ ရသစုံရှိုးတစ်ခု။"

သူက ခဏရပ်တန့်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"အဲ့ဒါက အနုပညာကြေးရမှာ။"

ပိုင်ချီက ထိုကဲ့သို့အရာမျိုးကို သဘောကျပေလိမ့်မည်။

ပိုင်ချီ၏မျက်လုံးများက ချက်ချင်း လက်ခနဲဖြစ်သွားပြီး ရှီချန်းယွင်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သာ်။

"ကျွန်တော်ရော ရမှာလား။"

"အင်း။"

ဟီးဟီး၊ ဒါဆို သိပ်ကိုကောင်းတာပေါ့!

ပိုင်ချီက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အဝတ်အစားလဲရန် ချက်ချင်း ထွက်သွားခဲ့တော့သည်။

မနက် ၁၀ နာရီ၌ ရှီချန်းယွင်က ပိုင်ချီ့ကို သူ၏စတူဒီယိုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာသို့ ရောက်တော့မှသာ ရှီချန်းယွင်ပြောခဲ့သည့် အနုပညာကြေးဆိုသည်မှာ မည်မျှများပြားကြောင်း ပိုင်ချီ သိလိုက်ရတော့သည်။

အစီအစဉ်တစ်ခုလုံး ရိုက်ကူးရေးအတွက် ပိုင်ချီ့လို သာမန်လူတစ်ယောက်၏ စာချုပ်ပေါ်၌ ရေးသားထားသော အနုပညာကြေးက ၁၃ သန်း ဖြစ်ပေသည်။ သို့သော် ယင်းက အခွန်မဆောင်ရသေးသည့် ပမာဏဖြစ်၏။

ထုတ်လုပ်ရေးအဖွဲ့မှာ ရှီချန်းယွင်ကို ၎င်းတို့ရှိုးအတွက် အမှန်တကယ်ဖိတ်ခေါ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့ရသည်။

ပိုင်ချီတစ်ယောက် ဝမ်သာလွန်းပြီး ထိုနေရာ၌ ပီကေတစ်ခုကို ဝါးလိုက်ရာ သူ၏ပါးစပ်တစ်ခုလုံး ချိုမြိန်သောအနံ့လေးများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဒါက အရမ်းကောင်းတာပဲ၊ ကျွန်တော် ခင်ဗျားနဲ့ တစ်သက်လုံး လက်ထပ်ထားချင်လိုက်တာ!"

ရှန်းကွမ်းခမျာ ထိုစကားကို ကြားလိုက်ရသောအခါ ဖင်ထိုင်လျက် လဲကျတော့မလို ဖြစ်သွားခဲ့သည်။

အခြားလူများက ဟန်ဆောင်လက်ထပ်ထားသည့်ကိစ္စကို မသိကြသဖြင့် ထိုစကားကို ကြားလိုက်ရသောအခါ ရှီလောင်ရှီး၏ 'ဇနီးလေး' က သိပ်ကိုချိုမြိန်သည်ဟု ခံစားလိုက်ကြရပြီး သက်ပြင်းများချလိုက်ကြသည်။

ရှီချန်းယွင်က လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို မင်း ဒါကို စိတ်ဝင်စားလား။"

ပိုင်ချီ: "သေချာတာပေါ့! ဒါနဲ့ ဘယ်တော့စမှာလဲဟင်။"

"သန်ဘက်ခါ အစီအစဉ်အဖွဲ့ထဲ ဝင်ရမယ်။"

"ဒီလောက်တောင် မြန်တာလား။"

"အင်း၊ မင်း အဆင်မပြေရင်..."

"ကိစ္စမရှိပါဘူး၊ ကျွန်တော် လုပ်နိုင်ပါတယ်!"

ပိုင်ချီက ထုတ်လုပ်ရေးအဖွဲ့ဆီမှ စာချုပ်ကို သူ၏ရင်ခွင်ထဲ ပွေ့ပိုက်ထားလိုက်လေသည်။

အင်း... ဒီရှိုးနာမည်က ဘာတဲ့။

'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' တဲ့။ ပြီးပြည့်စုံတယ်ပေါ့?

သူက နှုတ်ခမ်းသပ်လိုက်သည်။

လုံးဝအိုကေတယ်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment