no

Font
Theme

အပိုင်း (၁) - သန်း ၅၀ (၁)

《နှစ်နှစ်တွဲခဲ့တဲ့ ချစ်သူက ရုတ်တရက်ကြီး တခြားအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်သွားရင် ဘယ်လိုလုပ်သင့်လဲ။》

1L: သူ့ကို ငရဲပို့လိုက်!

2L: ဝမ်းနည်းစရာကောင်းတာက တကယ့်လက်တွေ့မှာ အမှိုက်တွေက တခြားသူတွေထက် အသက်ရှည်ပြီး ကောင်းကောင်းမွန်မွန် နေသွားရတာပဲ၊ ဟူး။

3L: သူတို့မင်္ဂလာပွဲမှာ နင်တို့နှစ်ယောက် X လုပ်ထားတဲ့ ဗီဒီယိုတွေကို သတို့သမီးမြင်သွားအောင် ပြလိုက်။

4L: သောက်ကျိုးနည်း၊ အပေါ်ထပ်ကညီအစ်မရေ၊ သိပ်ကိုရက်စက်တာပဲ! အဲ့လိုလုပ်ဖို့မလိုပါဘူး။ နင် အဲ့လိုသွားလုပ်ရင် နင့်ရဲ့လူမှုဘဝကတော့ သွားပြီပဲ...

19L: အဲ့ဒီအမှိုက်ကောင်ရဲ့လုပ်ရပ်တွေကို သူငယ်ချင်းအသိုင်းအဝိုင်းထဲ ဖြန့်ပစ်လိုက်။ အနည်းဆုံးတော့ နင့်ဘေးကလူတွေ သူ ဘယ်လိုအမှိုက်ကောင်လဲဆိုတာ သိသွားတာပေါ့!

20L: နင့်ရဲ့သူငယ်ချင်းအသိုင်းအဝိုင်းက နင် ဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ ကြည့်ဖို့အတွက်ပဲ လက်ဖက်ရည်သောက်ရင်း ဖရဲသီးစားနေကြမှာ။ နောက်ပိုင်းကျ ဘယ်သူကမှ ဒီကိစ္စကို မှတ်မိကြတော့မှာမဟုတ်ဘူး။

ပိုင်ချီတစ််ယောက် ဤနေရာအထိဖတ်ပြီးနောက် စိတ်ထဲကနေ ထောက်ခံလိုက်သည်။

223L: OP ရေ၊ ပိုကောင်းတဲ့ရည်းစားကိုသာ သွားရှာလိုက်! အဲ့ဒီအမှိုက်ကောင်ကို နင့်ရဲ့မင်္ဂလာပွဲတက်ဖို့ဖိတ်ပြီး ဒေါသထွက်သေသွားအောင် ချေမိုးပြလိုက်။

224L: နင် အဲ့ဒီအမှိုက်ကောင်ထက် အရပ်ပိုရှည်၊ ပိုချမ်းသာ၊ ပိုပြီးရုပ်ချော၊ ပိုပြီးသိမ်မွေ့တဲ့သူဖြစ်ရင် ပိုကောင်းတယ်။ သူက ဇိမ်ခံကားပိုင်ပြီး အနောက်တိုင်းဝတ်စုံတွေ၊ ဈေးကြီးတဲ့နာရီတွေ ဝတ်တဲ့သူဆို ပိုတောင်ကောင်းသေးတယ်။ ဟက်၊ အဲ့လိုအမျိုးသားက နင့်ကို ပွေ့ဖက်ထားတာကိုမြင်ရင် အဲ့ဒီလူယုတ်မာက သေလောက်အောင် ဒေါသထွက်သွားလိမ့်မယ်။

225L: အပေါ်ထပ်က ညီအစ်မတို့ရေ၊ နင်တို့အားလုံး ရေးထားတာ တော်လိုက်ကြတာ။ ကလောင်ပိုင်ရှင် ညီအစ်မတို့ ကျေးဇူးပြုပြီး ဆက်ရေးပေးကြပါဦး။

ခဏချင်းအတွင်း ပို့စ်က ရေပန်းစားသွားခဲ့သည်။ လူများက ၂၂၃ ထပ်နှင့် ၂၂၄ ထပ်မှ ဖော်ပြထားသော အခြေအနေများကို စတင်ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့သော အခြေအနေများက ရုပ်ရှင်များထဲ၌သာ ရှိပေလိမ့်မည်။

လက်တွေ့မှာ... လက်တွေ့မှာတော့ စိတ်ကူးယဉ်ပြီးတော့သာ ဤဒေါသကို ဖြေဖျောက်နိုင်ပေသည်။

779L: ဒါ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ နင့်ရဲ့ရည်းစားအသစ်အဖြစ် ဟန်ဆောင်ခိုင်းဖို့ ရည်းစားတစ်ယောက်လောက် ငှားလိုက်ပါလား။ အဲ့လိုဆို ဖြေရှင်းပြီးသားဖြစ်မသွားဘူးလား။"

780L: သောက်ကျိုးနည်း၊ ငါ့မှာ ငှားဖို့ ပိုက်ဆံမရှိဘူး...

ပိုင်ချီတစ်ယောက် နှုတ်ခမ်းသပ်ရင်း စာလုံးနှစ်လုံးကို ရိုက်လိုက်သည်။

"ဟုတ်တယ်။"

ငါ့မှာ ပိုက်ဆံရှိရင် အဲ့ဒါနဲ့ တခြားတစ်ခုခုပဲ လုပ်လိုက်တော့မှာပေါ့။ ဘာဖြစ်လို့ ဟန်ဆောင်ရည်းစားငှားဖို့ သုံးရမှာလဲ။ အဲ့ဒီအမှိုက်ကောင်အတွက် ပိုက်ဆံနဲ့ အင်အားကို ဘာလို့ ဖြုန်းတီးနေရမှာလဲ။

ပိုင်ချီ ပို့စ်ကိုပိတ်လိုက်၏။ ထို့နောက် အသံသဲ့သဲ့များကို ကြားလိုက်ရသည်။

"အပြင်မှာ မိုးရွာနေတာလား။"

"နင် ထီးယူလာခဲ့လား။ အာ၊ ငါ ထီးမယူလာခဲ့မိဘူး..."

ပိုင်ချီလည်း ထီးယူမလာခဲ့ပေ။ သူက သူ၏ဖုန်းကိုသိမ်းလိုက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်၏။

ဤနေရာက ကျင်းတက္ကသိုလ်၏ အရှေ့ဘက်ခြမ်းမှာရှိသော စာကြည့်တိုက်ဖြစ်သည်။ နောက်ဆုံးစာမေးပွဲ နီးကပ်လာပြီဖြစ်ရာ စာကြည့်တိုက်၌ စာကျက်နေကြသည့် ကျောင်းသားများစွာ ရှိနေ၏။

ပိုင်ချီကလည်း ဤနေရာမှာထိုင်ပြီး သင်္ချာဘာသာရပ်ကို သေချာကြည့်နေသင့်သည်ပင်။

သို့သော် လွန်ခဲ့သောနှစ်နာရီခန့်က သူ၏အခန်းဖော်ဆီကနေ မက်ဆေ့ချ်တစ်စောင် ရရှိခဲ့၏။

[ချီချီ၊ မင်း ဘယ်ချိန်ပြန်လာမှာလဲ။ ကျန်းဖန်းချန်က ငါတို့ကို ဖိတ်စာလာပို့နေတယ်။]

[ဘာဖိတ်စာလဲ။]

[ကျန်းဖန်းချန်က စေ့စပ်တော့မှာတဲ့။]

[...ဘယ်သူနဲ့လဲ။]

[အိုး၊ တွဲဖက်တက္ကသိုလ်က စီနီယာတစ်ယောက်နဲ့ထင်တယ်။]

ပိုင်ချီတစ်ယောက် သူ၏ဖုန်းကို စိုက်ကြည့်နေခဲ့သည်။ သူ့ရင်ထဲ ဆို့နင့်သလို ခံစားနေရ၏။

သူ့ထက်တစ်နှစ်ကြီးသော စီနီယာကျန်းဖန်းချန်က သူ တက္ကသိုလ်စစတက်ချင်း ပထမနှစ်မှာ သူ့ကို အပြင်းအထန် လိုက်ပိုးခဲ့သည်။ ထိုနှစ်က လိင်တူလက်ထပ်ခြင်းမှာ တရားမဝင်သေးပေ။ ထို့ကြောင့် နှစ်ဦးသား တွဲပြီးနောက်မှာတောင် ၎င်းတို့၏ဆက်ဆံရေးကို အခြားသူများအား မပြောပြခဲ့ပေ။

ဤသို့ဖြင့် တွဲလာတာ နှစ်နှစ်ကြာခဲ့ပြီဖြစ်၏။ ထိုလူက သူ့နောက်ကွယ်မှာ ကောင်မလေးတစ်ယောက်နှင့် တွဲနေခဲ့ပြီး စေ့စပ်ပွဲတောင် စီစဉ်ပြီးသွားပြီဖြစ်သော်လည်း သူကတော့ ဘာမှ မသိခဲ့ပေ။ ကောင်းလိုက်လေခြင်း!

ယခု သူ့ဦးနှောက်ထဲ စာတစ်လုံးမှ မဝင်တော့ပေ။

ထို့ကြောင့် ဦးတည်ချက်မဲ့စွာ အင်တာနက်သုံးနေရင်း အထက်ဖော်ပြပါပို့စ်ကို တွေ့မိသွားခဲ့သည်။ ထို့နောက် သူ ထိုပို့စ်ကို နာရီဝက်လောက် စိတ်ဝင်တစားဖတ်နေခဲ့မိ၏။

ယခု ပိုင်ချီတစ်ယောက် ခေါင်းပြန်မော့ကာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ မိုးစက်အနည်းငယ်မှသည် တဖွဲဖွဲရွာသွန်းနေသော မိုးဖွဲများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သူက မိုးမကြီးလာခင် သူ၏ပစ္စည်းများကို အမြန်ထုပ်ပိုးလိုက်ပြီး စာကြည့်တိုက်ကနေပြန်ရန် ပြင်ဆင်လိုက်သည်။

၁၈ မိနစ်ကြာပြီးနောက် အခန်းနံပါတ် ၃၀၃ ၏တံခါးက ပွင့်သွားခဲ့သည်။

"ချီချီပြန်လာပြီ!"

စားပွဲမှာထိုင်နေသူက စားပွဲပေါ်ရှိ ဖိတ်စာကို ညွှန်ပြရင်း တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။

တံခါးနားမှာ ၁၈၊ ၁၉ အရွယ် လူငယ်တစ်ယောက်က မတ်တတ်ရပ်နေသည်။ သူက ၁.၇၈ မီတာ အရပ်ရှိပြီး သွယ်လျကျစ်လျစ်သော ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည်။ သူက ချိစ်ကဲ့သို့ အဝါရောင်အနွေးထည်ကို ဂျင်းဖျော့ဖျော့ဖြင့် တွဲဝတ်ထား၏။ ထိုအစပ်အဟပ်က သူ့ကို ပိုလို့တောင် နုပျိုသွားစေခဲ့သည်။

မုသုန်း၏ဦးနှောက်က တစ်စက္ကန့်လောက် ရပ်တန့်သွား၏။ ထို့နောက် သူက သူ၏အကြည့်များကို အပေါ်သို့ရွှေ့လိုက်သည်။

ပိုင်ချီမှာ အလွန်ဆွဲဆောင်မှုရှိသော မျက်နှာလေးရှိသည်။ သူ့မှာ နက်ရှိုင်းသော မျက်ဝန်းတစ်စုံနှင့် ရှည်လျားကော့ညွှတ်နေသော မျက်တောင်များလည်းရှိသည်။ သူ၏မျက်နှာအစိတ်အပိုင်းများက ပြောမပြတတ်အောင်ကို အချိုးကျပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ချစ်စရာကောင်းကာ လန်းဆန်တက်ကြွ၍ တောက်ပနေသောခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူ၏အရှေ့ဆံပင်များက စိုရွှဲနေပြီး နဖူးပေါ် ကပ်ငြိနေ၏။ သူ၏မျက်လုံးများကလည်း အနည်းငယ် စိုစွတ်နေသလိုပင်။ သူက နှင်းမုန်တိုင်းမိလာသော ခွေးပေါက်လေးနှင့်တောင် တူနေခဲ့သည်။

သနားစရာလေးပါလား၊ ငါ့ရဲ့ ဖခင်မေတ္တာပြည့်ဝနေတဲ့ နှလုံးသားက ဒါကို မကြည့်ရက်ဘူး!

မုသုန်းတစ်ယောက် တွေးလိုက်လေ၏။

"ချီချီ၊ မင်း မိုးမိလာတာပဲ! လာလာ၊ မြန်မြန်သုတ်လိုက်ဦး။"

မုသုန်းက တဘက်တစ်ထည်လှမ်းယူကာ ပိုင်ချီကို လှမ်းပေးလာခဲ့သည်။

ပိုင်ချီက တဘက်ကို ယူလိုက်သော်လည်း အသုံးမပြုခဲ့ပေ။ ထိုအစား သူက သူ၏လွယ်အိတ်ကို ဘေးသို့ပစ်ချလိုက်ပြီး ရေနွေးနွေးလေးတစ်ခွက် သောက်လိုက်၏။

"ဖိတ်စာက ဒီမှာ။ ဟေး၊ ကျန်းဖန်းချန်က တကယ်မိုက်တာနော်။ သူက ဘွဲ့တောင်မရသေးဘူး၊ စေ့စပ်တော့မယ်တဲ့!"

"သူ အလုပ်တွေအရမ်းရှုပ်လွန်းလို့ သူ့ဦးနှောက်က အလုပ်မလုပ်တော့တာ ဖြစ်မယ်။ ကျန်းချန်းဖန်က ငါတို့အခန်းကို ဖိတ်စာတစ်စောင်ပဲ လာပို့တယ်။ မင်းတို့နှစ်ယောက်က အဲ့လောက်ရင်းနှီးတာကို အနည်းဆုံးတော့ ငါတို့ချီကောအတွက် သီးသန့်ဖိတ်စာတစ်စောင် ပြင်ပေးသင့်တာပေါ့! ဖိတ်စာပေါ် အသည်းပုံလေးတွေ ဘာလေးတွေ ရိုက်ပြီးတော့လေ..."

မုသုန်းက ဖိတ်စာကို ပိုင်ချီနှင့်ပိုနီးအောင် တိုးပေးလိုက်သည်။

သိပ်မကြာခင် ကျန်အခန်းဖော်များလည်း ပြန်ရောက်လာခဲ့၏။

ပိုင်ချီတစ်ယောက် ဆံပင်သုတ်ရင်း ၎င်းတို့၏အတင်းအဖျင်းများကို နားထောင်နေခဲ့သည်။

"ကျန်းဖန်းချန်ရဲ့ကောင်မလေးက ချမ်းသာတဲ့မိသားစုကထင်တယ်။ သူ(မ) အရင်က နိုင်ငံခြားမှာ exchange ကျောင်းသူအဖြစ်တောင် သွားတက်ဖူးတယ်တဲ့။"

"အခု ဖိုရမ်မှာလည်း ပေါက်ကွဲနေပြီမလား။"

"အင်း။"

"ဂျူနီယာတချို့ဆို CP မှားအားပေးမိလို့ဆိုပြီး ငိုနေကြတယ်။ ဒါ ဘယ်လိုပေါက်ကရတွေလဲ။ ကျန်းဖန်းချန်နဲ့ ငါတို့ချီချီနဲ့က ဘာမှမှမဆိုင်တာ။ သူတို့ရဲ့ဆက်ဆံရေးကို ညီအစ်ကိုသံယောဇဉ်လို့ခေါ်တာလေ၊ ဟဲဟဲ!"

ပိုင်ချီမှာ နားထောင်ရင်း ခေါင်းကိုက်လာခဲ့သည်။

ထိုအခိုက်အတန့်၌ သူ့ဖုန်းက မြည်လာသဖြင့် မုသုန်းက အိတ်ထဲကနေအမြန်နှိုက်ယူကာ သူ့ကို ကမ်းပေးလာခဲ့သည်။

ပိုင်ချီတစ်ယောက် လှမ်းယူလိုက်ပြီး ငုံ့ကြည့်လိုက်၏။

ယင်းက နံပါတ်စိမ်းတစ်ခုပင်။

သူ အစားအသောက်မှာမထားသလို လတ်တလော သူ့ဆီပို့လာမည့် ပါဆယ်များလည်းမရှိပေ။

ထို့ကြောင့် ပိုင်ချီက မျက်တောင်တစ်ချက်မခတ်ဘဲ ဖုန်းချပစ်လိုက်လေ၏။

သို့သာ်လည်း ဖုန်းခေါ်ဆိုသူက ဇွဲနပဲကောင်းပေသည်။ လေးကြိမ်မြောက်အထိ ဖုန်းခေါ်ဆိုပြီးနောက်မှာတော့ တစ်ဖက်လူက မက်ဆေ့ချ်ပို့လာခဲ့သည်။

[ဟယ်လို၊ ကိုယ်က ကျန်းဖန်းချန်ရဲ့အစ်ကိုပါ။ ကိုယ့်မှာ မင်းနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရမဲ့ ပြဿနာလေးတချို့ရှိနေလို့။]

သူတို့ဘက်က နောက်ဆက်တွဲပြဿနာတွေကို ရှင်းကြတော့မလို့လား။

ပြီးတော့ အဲ့ဒီ 'ပြဿနာ' က သူဖြစ်နေတာလား။

ပိုင်ချီတစ်ယောက် ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

များမကြာမီ ဖုန်းစခရင်က နောက်တစ်ကြိမ်လင်းလာ၏။ ထိုနံပါတ်စိမ်းမှ နောက်ထပ်ဖုန်းခေါ်ဆိုမှုပင်။

ယခုတစ်ခေါက်၌ ပိုင်ချီ ဖုန်းမချခဲ့ပေ။

"ဟယ်လို။"

"ဟိုင်း၊ မင်းက ပိုင်ချီမဟုတ်လား။ ကိုယ် မင်းတို့တက္ကသိုလ်နားက ကော်ဖီဆိုင်ကို စောင့်နေတယ်။ ကျေးဇူးပြုပြီး မင်းတို့ကျောင်းဂိတ်ကို လာခဲ့လိုက်ပါ။ ကားနံပါတ် 3V7J ဆိုတဲ့ SUV ကားအမည်းကို တွေ့လိမ့်မယ်။ အဲ့ဒီကားက မင်းကို ကော်ဖီဆိုင် ခေါ်လာပေးပါလိမ့်မယ်။"

တစ်ဖက်လူက ယဉ်ကျေးသောလေသံဖြင့် ပြောလာခဲ့သည်။

ထိုလူက ခဏရပ်တန့်သွားပြီးမှ ဆွဲဆောင်မှုရှိသေသာအသံဖြင့် ထပ်ပြောလာခဲ့သည်။

"ကိုယ် မင်းကို စောင့်နေမယ်။"

ဒီအသံက... ရင်းနှီးနေသလိုပဲ။

ပိုင်ချီ မျက်လွှာချထားပြီး သူ၏မျက်တောင်များက အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။

"အင်း၊ ကျွန်တော် သိပြီ။"

ပိုင်ချီက ဖုန်းချကာ ထီးယူ၍ အောက်ထပ်သို့ ဦးတည်လိုက်သည်။

"ဟာ၊ ချီချီ၊ မင်း ဘယ်သွားမလို့လဲ။"

သူ၏အခန်းဖော်များက လှမ်းမေးလိုက်ကြသည်။

"ဒီနေ့ အရမ်းအေးတယ်! မိုးနှင်းတွေ ကျနေတာနော်!"

"ငါ့ရဲ့အနွေးအိတ်လေး ယူသွားလိုက်ပါလား။"

ပိုင်ချီက ခေါင်းယမ်းပြကာ အမြန်ထွက်လာခဲ့လိုက်သည်။

အရာအားလုံးက ဖုန်းထဲမှာပြောထားသည့်အတိုင်းပင်။

သူ ကျောင်းဂိတ်ပေါက်ဆီ ရောက်သွားသောအခါ SUV အမည်းတစ်စီးကို တွေ့လိုက်ရ၏။

ကားဘေးမှာ အမျိုးသားတစ်ယောက်ရပ်နေပြီး သူ၏အသွင်အပြင်အရ သက်တော်စောင့်တစ်ယောက်ဖြစ်မည့်ပုံပင်။ သူက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်တစ်လက်ကို တပ်ဆင်ထားကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

အာ။

သူ ကျန်းဖန်းချန်၏မိသားစုနောက်ခံအကြောင်း များများစားစား မသိခဲ့ပေ။

ဝါး၊ သူတို့က ** အဲ့ဒါတွေနဲ့ပါ ပတ်သက်နေတာလား။

ငါ သူတို့အကြောင်း ရဲစခန်းကို အကြောင်းကြားလိုက်ရင် ဆုငွေတွေရမှာလား။

ဒါဆို ကျန်းဖမ်းချန်ဆိုတဲ့ကောင်လည်း သူနဲ့ထိုက်တန်တဲ့အရာကို ချက်ချင်း ခံစားရတော့မှာပဲမလား။

ပိုင်ချီ၏ဦးနှောက်ထဲ အတွေးရထားကြီး ဖြတ်သန်းသွားစဉ် လေပြင်းတစ်ချက် အဝှေ့မှာ သူ၏ထီးက လန်သွားခဲ့သည်။

"..."

ပိုင်ချီတစ်ယောက် မိုးရေများ စိုသွားပြန်၏။

ထိုစဉ် မလှမ်းမကမ်းမှ ကုတ်အင်္ကျီဝတ်ထားသော်လည်း အနည်းငယ်ပုံပန်းမကျသော အမျိုးသားတစ်ယောက်က ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

"ပိုင်ချီ?"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment