no

Font
Theme

အပိုင်း (၃) - လေ့ကျင့်ခြင်း (၁)

ကော်ဖီဆိုင််၏သီးသန့်ခန်းထဲမှာ နှစ်ဦးနှစ်ဖက် ပျော်ရွှင်စွာဖြင့် သဘောတူညီမှုရရှိသွားခဲ့ကြသည်။

"ရှီကောက အရမ်းအလုပ်များနေတာ။ မင်းကို ကျောင်းအထိ ငါပဲ လိုက်ပို့ပေးမယ်။"

ဝဝပုပု မန်နေဂျာ ရှန်းကွမ်းက ပြောလိုက်၏။

ပိုင်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေဖြင့် ထိုအစီအစဉ်ကို ဘာမှငြင်းစရာမရှိပေ။

ရှန်းကွမ်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက တွေးလိုက်၏: ဒီကောင်လေးက ပြဿနာရှာတတ်တဲ့ကောင်လေး မဟုတ်ဘူးပဲ။ တော်သေးတယ်၊ သူတို့ရွေးခဲ့တဲ့လူက မှားမသွားဘူးပဲ။၊

ရှန်းကွမ်းက ထီးသွားယူရန် အနောက်လှည့်ထွက်သွားခဲ့သည်။ ပိုင်ချီတစ်ယောက် ထိုနေရာ၌ စက္ကန့်အနည်းငယ်လောက် မတ်တတ်ရပ်နေရင်း ခဏစဉ်းစားလိုက်ပြီးမှ ရှီချန်းယွင်ကို မော့ကြည့်ကာ မေးလိုက်သည်။

"ဟိုလေ၊ လူကြီးမင်းရှီ၊ ဖြစ်နိုင်မယ်ဆိုရင်... ကျွန်တော့်ကို ချက်လက်မှတ်အစား ဘဏ်ကတ်ပဲ ပေးလို့ရမလား။"

ချက်လက်မှတ်ဖြင့် ပိုက်ဆံထုတ်ရသည်မှာ အလွန်ရှုပ်ထွေးလွန်းသည်။ ယင်းက စိစစ်အတည်ပြုချက်ပေါင်းများစွာကို ဖြတ်သန်းရပေမည်။

ရှီချန်းယွင်က စိတ်သဘောထားကောင်းရှိသည့်ပုံစံဖြင့် အပြုံးရေးရေးလေး ပြသလိုက်ပြီး ပြောလိုက်၏။

"ပြဿနာမရှိပါဘူး။"

ရှန်းကွမ်းက ထီးတစ်လက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ထိုစဉ် ပိုင်ချီ၏မေးခွန်းကို သူ ကြားလိုက်ရ၏။

"ဟိုလေ၊ ဟန်ဆောင်လက်တွဲဖော် ငှားတာက စာချုပ်ချုပ်ဖို့ မလိုဘူးဆိုပေမဲ့... ကျွန်တော်တို့ သက်သေအဖြစ် တစ်ခုခုလုပ်ဖို့ တကယ်မလိုဘူးလားဟင်။"

ရှန်းကွမ်းတစ်ယောက် စိတ်ဝင်စားသွားခဲ့သည်။

"ဘာကို ကြောက်နေတာလဲ။ မင်းက လောဘကြီးမိမှာကို ကြောက်လို့လား။"

သူက ရှီချန်းယွင်ကို တစ်ချက်အမြန် လှမ်းကြည့်လိုက်၏။ ရှန်းကွမ်း သူ၏မျက်လုံးများထဲမှ လေးစားကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ပိုင်ချီဘက်သို့ ပြန်လှည့်ကာ ပြုံးလျက် ပြောလိုက်၏။

"မင်း စမ်းကြည့်လို့ရတာပဲ။"

ပိုင်ချီက အလွန်နာခံမှုရှိသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရှန်းကွမ်းက ပြုံးလိုက်ပြီး ပိုင်ချီ၏ပခုံးကိုပုတ်ရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ့ကိုမထိရသေးခင် ကိုယ်ပိုင်အသိစိတ်အရ လက်ပြန်ရုပ်လိုက်၏။

"ဟမ်?"

ပိုင်ချီက ရေရွတ်လိုက်သည်။

ရှန်းကွမ်းက အခန်းတံခါးကို တွန်းဖွင့်လိုက်၏။ ထို့နောက် ပိုင်ချီနှင့်အတူ အရင်ဆုံး အပြင်ထွက်လာခဲ့သည်။ နှစ်ဦးသား လှေကားကနေဆင်းနေရင်း သူက စကားစပြောလိုက်သည်။

"ကဲ၊ တောင်းဆိုချက်ကို သဘောတူလိုက်ပြီဆိုတော့... အခု မင်းက ကျန်းဖန်းချန်ရဲ့ ချစ်သူမဟုတ်တော့ဘူး။ အခု မင်းက ရှီကောရဲ့၊ အမ်း... စေ့စပ်ထားတဲ့သူဖြစ်သွားပြီ။ အဲ့ဒါကြောင့် တခြားသူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ကို ပိုပြီးသတိထားရမယ်။"

ယင်းက ဟန်ဆောင်ထားခြင်းဖြစ်သော်လည်း စာချုပ်သက်တမ်းအတွင်း ပိုင်ချီက ရှီချန်းယွင်၏သက်ဆိုင်သူဖြစ်သည်။ ထို့အပြင် ရှီကောက ပိုင်ဆိုင်လိုစိတ် အလွန်ပြင်းထန်သူပင်။ အခြားသူများက ထိုအကြောင်းကို မသိကြခြင်းသာ။

ပိုင်ချီက အလွန်ပရိုကျစွာ မေးလိုက်၏။

"ဒါဆို ကျွန်တော် သတိထားရမဲ့ အချက်တွေကို အသေးစိတ်ပြင်ပေးဖို့ ရှန်းကောကို ဒုက္ခပေးလို့ရမလား။"

ပိုင်ချီက သူ့ကို 'ရှန်းကော' ဟု ခေါ်လိုက်သည်အား ကြားလိုက်ရသောအခါ ရှန်းကွမ်းတစ်ယောက် ပြုံးဖြီးသွားခဲ့သည်။

"အာ၊ အဲ့ဒါက ငါတို့ အစကတည်းက ပြင်ဆင်ပေးရမဲ့ဟာပါ။ နောက်နှစ်ရက်အတွင်း လူလွှတ်ပြီး မင်းဆီ ပို့ပေးခိုင်းလိုက်မယ်။"

ဒီကလေးက အရမ်းယဉ်ကျေးပြီး ထက်မြက်တာပဲ! ငါတို့အလုပ်လုပ်ရတာ ပိုပြီးလွယ်ကူသွားတော့မယ်!

ရှန်းကွမ်းက သူ့ကို SUV ကားအမည်းဆီသို့ လိုက်ပို့ပေးခဲ့သည်။

ကားပေါ်သို့ ရောက်သွားသည့်တိုင်အောင် ရှန်းကွမ်း၏သတိပေးစကားများက မရပ်တန့်ခဲ့ပေ။

"ဒီအကြောင်းကို တခြားသူတွေ မသိစေနဲ့။ မင်းရဲ့စိတ်ခံစားချက် အပြောင်းအလဲတွေကိုလည်း မပြသင့်ဘူး၊ အရင်အတိုင်း လုပ်မြဲတိုင်းပဲလုပ်။ အင်း၊ ဒါပေမဲ့ မင်းက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက် မဟုတ်တော့လည်း တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ပေါ့။"

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဤနှစ်တွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုခဲ့သည်။

ယင်းက ပြဿနာမရှိနိုင်ပေ...

ပိုင်ချီက ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်ပြီး ရှန်းကွမ်းကို ကြည့်လိုက်သည်။

"အာ၊ ဒါဆို ကျွန်တော်တို့က လက်ထပ်မှတ်ပုံတင်ပါ သွားယူရမှာလား။ လူကြီးမင်းရှီက တစ်ယောက်ယောက်ဆီကနေ လျှို့ဝှက်ချက်ပေါက်ကြားသွားစေမှာကို မစိုးရိမ်ဘူးလား။"

"မင်းတို့ လက်ထပ်မှတ်ပုံတင်ရမှာကတော့ အသေအချာပဲ။ ဒါပေမဲ့လည်း ပြန်ပြီးကွာရှင်းရမှာဆိုတော့ မင်းရဲ့အနာဂတ်မှာ ကွာရှင်းဖူးတယ်လို့ အမှတ်အသားကျန်ခဲ့မှာ။ မင်း နောက်ပိုင်း ပြန်လက်ထပ်ရင်လည်း အဲ့ဒါက ဒုတိယအကြိမ် လက်ထပ်တာ ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ရှီကောက မင်းအတွက် အရမ်းများတဲ့ပမာဏကို ပြင်ပေးထားတာ။"

ပိုင်ချီက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်လေသည်။

သူများပိုက်ဆံကို ယူထားပြီးမှ ဒီလောက်ကတော့ တာဝန်ယူရမှာပဲပေါ့။

ယခု ရှန်းကွမ်းတစ်ယောက် စိတ်အေးသွားခဲ့သည်။ ထို့နောက် သူက မေးလိုက်၏။

"မင်း Weibo သုံးလား။"

"သုံးပါတယ်။"

"ငါတို့ အတိတ်ကိုတော့ ပြန်ပြင်လို့ မရဘူး၊ ဒါပေမဲ့ ဒီနေ့ကစပြီး မင်း Weibo ပေါ်မှာ အရိပ်အမြွက်ပြတဲ့ ပို့စ်တွေကို ရေးတင်လို့ရတယ်။ မင်း အချစ်ရေးတစ်ခုထဲ ရောက်သွားပြီးတဲ့နောက် ရလာတဲ့ဘဝအကြောင်းတွေကို ပို့စ်တင်လိုက်။ မင်း ရှီကောနဲ့ သူ့စတူဒီယိုရဲ့ Weibo က ပို့စ်တွေကို ပြန်မျှဝေလို့ ရသလို၊ ပရိသတ်တွေလုပ်ထားတဲ့ ဗီဒီယိုအတိုလေးတွေကိုလည်း မျှဝေလို့ရတယ်... မဟုတ်ရင် ရုတ်တရက်ကြီး လက်ထပ်လိုက်တာက အရမ်းသိသာလွန်းနေလိမ့်မယ်။"

ပိုင်ချီက တောင်းဆိုချက်တိုင်းကို သဘောတူလိုက်၏။

ရှန်းကွမ်း စကားပြောလို့ပြီးသွားသောအခါ ကားက ကျောင်းဂိတ်ဝရှေ့ ဆိုက်ရောက်နေသည်မှာ မိနစ်အနည်းငယ်တောင် ရှိသွားခဲ့လေပြီ။

"ကဲပါ၊ ငါ အများကြီး မပြောတော့ဘူး။ ရှီကောက အရမ်းအလုပ်များတယ်၊ မင်းကို ငါ့ဖုန်းနံပါတ်လည်း ပေးထားပြီးပြီဆိုတော့ မေးစရာရှိရင် ငါ့ကို ဆက်သွယ်လိုက်။ အသေးအမွှားကိစ္စဆိုရင်တော့ ရှီကောရဲ့လက်ထောက်က မင်းကို ကူညီပေးလိမ့်မယ်။"

ရှန်းကွမ်းက ပိုင်ချီကို နှုတ်ဆက်ရင်း ပြောလိုက်သည်။

မည်သို့ပင်ကြည့်ပါစေ လူငယ်တစ်ယောက်အနေဖြင့် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေချိန်၌ ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် လက်ထပ်လိုက်ခြင်းမှာ ကောင်းသောအကြံမဟုတ်ပေ။

သို့သော်လည်း သူ ရှီကော၏ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ချေ။

နောက်ဆုံး၌... အရာအားလုံး အဆင်ပြေသွားပါစေဟုသာ သူ မျှော်လင့်ရတော့ပေမည်။

အခြားတစ်ဖက်တွင် ပိုင်ချီတစ်ယောက် သူ့အဆောင်သို့ ပြန်ရောက်သွားခဲ့သည်။ သူက ရေချိုးပြီး အမွေးပွ ညဝတ်အင်္ကျီကို လဲဝတ်လိုက်၏။

ထိုအင်္ကျီက သူ့မားမားဆီကဖြစ်သည်။

အင်္ကျီ၏အပေါ်ဘက်မှာ ယုန်နားရွက်နှစ်ဖက် ပါရှိသည်။

"ချီချီ၊ မင်း ဘယ်သွားနေတာလဲ။"

သူ့အခန်းဖော်က မေးလာ၏။

"ငါ့ကိုယ်ငါ ရောင်းစားလာတာ။"

"မင်းကိုယ်မင်း ဘယ်လောက်နဲ့ ရောင်းစားခဲ့တာလဲ။ ၃ ကျပ် လား၊ ၅ ကျပ် လား။ ငါ့ဆီ ရောင်းမယ်ဆိုရင်ရော? ချီကောကော၊ ငါနဲ့ စကားပြော လေ့ကျင့်ရအောင်လေ~"

အခန်းဖော်က အော်ပြောလိုက်သည်။

ပိုင်ချီက သူ၏လက်ပ်တော့ပ်ကို ထုတ်ယူလိုက်၏။

"မင်း ဂိမ်းဆော့မလို့လား။ ဆော့ပါ၊ ဆော့ပါ။ ငါတို့ ဒီစီးပွားရေးအကြောင်းကို မနက်ဖြန်မှ ဆွေးနွေးတာပေါ့။"

လက်ပ်တော့ပ်ကို မြင်သွားသောအခါ အခန်းဖော်က သူ့ကို ဆက်မနှောင့်ယှက်တော့ပေ။

သို့သော် ပိုင်ချီက လက်ပ်တော့ပ်ကို ဖွင့်လိုက်ပြီးနောက် ဂိမ်းဝဘ်ဆိုက်သို့ မဝင်ခဲ့ချေ။ ထိုအစား Bilibili သို့သွား၍ 「ရှီချန်းယွင်」 ဟု ရှာဖွေလိုက်သည်။ ထိုအခါ ဗီဒီယိုပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

စခရင်ပေါ်တက်လာသည့် မှတ်ချက်များကို ဖွင့်ကြည့်ရင်း ပရိတ်သတ်များအသုံးပြုကြသည့် အသုံးအနှုန်းများကို သူ စတင်လေ့လာတော့သည်။

ထိုမျှသာ မကသေးပေ။ သူက Wikipedia ကိုပါ ဖွင့်လိုက်ပြီး ရှီချန်းယွင် ပွဲဦးထွက်လာသည့်အချိန်မှစ၍ လုပ်ဆောင်ခဲ့သော ပရောဂျက်များအားလုံးကို ရှာဖွေလိုက်၏။ ထို့နောက် ကြော်ငြာများနှင့် MV များအပါအဝင် အရာအားလုံးကို စာရင်းပြုစုလိုက်သည်။

သူက 'ရှီချန်းယွင်' နှင့်ပတ်သက်သော အချက်အလက်များအားလုံးကို သူ့ဦးနှောက်ထဲရောက်အောင် ကျက်မှတ်ရန်အတွက် ပြက္ခဒိန်ပေါ်ရှိ ရက်စွဲတချို့ကို ဝိုင်းလိုက်ပြီး အချိန်ဇယားတစ်ခု ရေးဆွဲလိုက်သည်။

ပိုင်ချီတစ်ယောက် ကောင်းကင်ကြီး မှောင်မည်းသွားသည်အထိ ခုနစ်ရက်ဆက်တိုက် ရှီချန်းယွင်၏ပရောဂျက်များထဲ နစ်မြုပ်နေခဲ့လေ၏။

သူ အရင်က ရှီချန်းယွင် ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်များနှင့် ဒရာမာများကို ကြည့်ဖူးသည်။ သို့သော် သူက ပရိသတ်တစ်ယောက် မဟုတ်ခဲ့သဖြင့် တစ်ခါတစ်ရံမှသာ ကြည့်ရှုခဲ့ခြင်းဖြစ်၏။ ယခုမှာတော့ သိသိသာသာ ကွဲပြားသွားခဲ့လေပြီ...

စနေနေ့တွင် ပိုင်ချီတစ်ယောက် ကျောင်းဝင်းထဲမှ ထွက်လာသောအခါ အသီးဆိုင်မှ ဖရဲသီးကတောင် ရှီချန်းယွင်၏မျက်နှာနှင့် တူနေတော့သည်။

"အာ၊ ပိုက်ဆံရှာရတာ မလွယ်ပါလား... ဂေ့..."

ပိုင်ချီက နို့လက်ဖက်ရည်သောက်ရင်း လေချဉ်တက်လိုက်သည်။

နောက်ထပ်ခုနစ်ရက်လုံး ရှီချန်းယွင်က အလွန်အလုပ်ရှုပ်နေခဲ့သဖြင့် ပိုင်ချီ၏တည်ရှိမှုကိုတောင် မေ့လျော့နေသကဲ့သို့ ဖြစ်နေခဲ့သည်။ ရှန်းကွမ်းကလည်း သူ့ဆီ ဆက်သွယ်မလာခဲ့ပေ။

ထိုအစား ပိုင်ချီကသာ Weibo ပေါ်ရှိ ရှီချန်းယွင်၏ 'supertopic' စာမျက်နှာကို ကြည့်ရင်း ရှီချန်းယွင်၏ လတ်တလောလှုပ်ရှားမှုများကို အခါအားလျော်စွာ သတိထားစောင့်ကြည့်နေခဲ့သည်။

ပိုင်ချီက အရှေ့သို့ ခြေလှမ်းနှစ်လှမ်းတက်လိုက်၏။ အနီးအနားရှိ ကြက်ကြော်ဆိုင်က သူ့မျက်စိထဲ ဝင်လာခဲ့သည်။

ထိုစဉ် ဂျူနီယာနှစ်ယောက်က သူ့ဘေးကနေ ဖြတ်သန်းသွားခဲ့ကြသည်။ ထိုမိန်းကလေးနှစ်ယောက်စလုံး အကြောင်းအရာတစ်ခုကို အပြင်းအထန်း ဆွေးနွေးနေကြ၏။

"ဟာ၊ အဲ့ဒါ တကယ်လား။ အားးး ငါ မခံစားနိုင်တော့ဘူး၊ သူက တကယ်ကြီး လာတာလား။"

"ပရိသတ်အဖွဲ့ထဲမှာ ပြောနေကြတာပဲ။ မြန်မြန်လုပ်၊ ငါ ရေချိုး၊ ခေါင်းလျှော်ပြီး မိတ်ကပ်ပါ ပြင်ရဦးမယ်။"

"တက္ကသိုလ်ဘက်ကတော့ ဘာသတင်းမှ မရှိသေးပါဘူး။"

"ဒါကို လျှို့ဝှက်ထားကြမှာပေါ့။ ငါတို့ ပြောနေတာက ရှီလောင်ရှီးအကြောင်းလေ..."

ပိုင်ချီတစ်ယောက် ခဏနားထောင်လိုက်ပြီးနောက် အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။

ရှီချန်းယွင်က ငါတို့တက္ကသိုလ်ကို လာနေတာလား။

ဘာအတွက်ကြောင့်လဲ။ ပွဲတစ်ခုခုအတွက်လား။

ပိုင်ချီတစ်ယောက် စဉ်းစားခန်းဝင်နေစဉ် ကြက်ကြော်ဆိုင်က ပိတ်တော့မည်ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။ သူ ရှီချန်းယွင်အကြောင်းကို ဂရုမစိုက်နိုင်တော့ဘဲ အပြေးအလွှား သွားလိုက်၏။

"ခဏလေးပါ ကျယ်ကျဲ၊ ကြက်ကြော်၊ ကျွန်တော် ကြက်ကြော် ဝယ်ချင်လို့ပါ..."

ပိုင်ချီက ကြက်ကြော်စားရင်း အလွန်ပျော်ရွှင်နေခဲ့သည်။ ကျန်းဖန်းချန်က သူ့ကို 'ဦးထုပ်စိမ်းဆောင်းပေးခဲ့သည်' ဆိုသောအချက်ကိုတောင် ထိုမျှမရွံရှာတော့ပေ။

သူက ကြွပ်ရွနေသောကြက်အရေခွံကို ဝါးရင်း သူ၏ဖုန်းကို ဆွဲထုတ်လိုက်၏။ ထို့နောက် ရှီချန်းယွင်၏ Weibo 'supertopic' စာမျက်နှာကို ဖွင့်လိုက်သည်။

ယခု လှုပ်ရှားမှုအချို့ ရှိနေခဲ့ပြီဖြစ်၏။

[ရှီကောက လူမှုရေးလုပ်အားပေးပွဲတွေလုပ်ဖို့ အပြင်ထွက်လာတာလား။]

[ဟုတ်မယ်ထင်တယ်။ ထိပ်တန်းတက္ကသိုလ်များအသင်းက 'လူငယ်သစ်' ဆိုတဲ့ လူမှုရေးပွဲတစ်ခုကို စီစဉ်ခဲ့တာ။ ရှီကောက အဲ့ဒီစကားပြောပွဲကိုတက်ရောက်ဖို့ ရောက်နေတာ ဖြစ်နိုင်တယ်။]

ပိုင်ချီတစ်ယောက် မျက်တောင်ခတ်လိုက်၏။ သူက လက်သုတ်လိုက်ပြီး နို့လက်ဖက်ရည်ထဲမှ နောက်ဆုံးပုလဲစေ့ကို စုပ်ယူကာ ကျောင်းဝင်းဆီသို့ ပြန်လှည့်လာခဲ့သည်။

ကျောင်းဝင်းအတွင်းရှိ လေထုက ချက်ချင်းဆိုသလို ကွဲပြားခြားနားသွားခဲ့သည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကဲ့သို့ မီးအိမ်များကို နေရာအနှံ့ ဆွဲချိတ်ထားသည်။

သူ ဆက်ပြီးလမ်းလျှောက်လာစဉ် ရင်ပြင်တစ်ခုကို ဖြတ်သန်းသွားခဲ့၏။ လူတစ်ယောက်အရွယ် ကတ်ထူပြားကြီး၏ဘေးမှာ လူအုပ်ကြီးက စုဝေးနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ပိုင်ချီက အရပ်မပုချေ။ သူ လှမ်းကြည့်လိုက်သောအခါ ကတ်ထူပြား၏ခေါင်းပိုင်းကို မြင်တွေ့လိုက်ရ၏—ယင်းက ရှီချန်းယွင်ပင်။

ထိုကတ်ထူပြားမှာ ပရိတ်သတ်များ၏ပွတ်သပ်မှုကြောင့် 'ထိပ်ပြောင်' ဖြစ်ပေတော့မည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment