no

Font
Theme

အပိုင်း (၁၈) - အထူးဧည့်သည် (၂)

"သခင်လေးပိုင်၊ အဆင်ပြေရဲ့လား။"

ရှောင်လင်းက မျက်နှာချင်းဆိုင်မှာထိုင်ရင်း ခပ်တိုးတိုး မေးလိုက်၏။

သူကလည်း ပိုင်ချီနှင့် ရှီချန်းယွင်တို့ ထိုသို့သောဆက်ဆံရေးမျိုးရှိကြောင်း မကြာသေးခင်ကမှ သိခဲ့ရသည်။

ရှောင်လင်းက စတူဒီယိုကိုရောက်ခါစ လူသစ်ဖြစ်ပြီး အကြောင်းအရာ တော်တော်များများကို မသိသေးဘဲ သတင်းအတွက် စိုးရိမ်နေခဲ့သည်။

"သူတို့တွေ ဘယ်လိုတောင် စုံစမ်းလို့ရသွားတာလဲ။ ဝန်မခံဘဲ ဒီတိုင်းထားလိုက်ရင် ခဏဆို ပြီးသွားမှာပါ။ နောက်ပိုင်းကျ ဘယ်သူမှ သခင်လေးကို သိကြတော့မှာမဟုတ်ဘူး။"

"အာ၊ ခဏနေရင် ဘာစားချင်လဲ၊ ကျွန်တော် သွားဝယ်ပေးမယ်လေ။ ဒီနေ့ ရှီကောက ပွဲတစ်ခုတက်ရဦးမှာမို့ အလုပ်ရှုပ်နေတာ။"

ရှောင်လင်းက ပြောနေရင်း ပိုင်ချီကို ဂရုဏာသက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှီချန်းယွင်လိုလူမျိုးနှင့် ရေတိုဒိတ်ခွင့်ရခြင်းမှာ အမှန်တကယ်ကို ကောင်းမွန်ပေသည်။ သို့သော် သူ့လိုလူမျိုးနှင့် ရေရှည်ပေါင်းသင်းရန်အတွက်မူ ဤနယ်ပယ်အတွင်း သူ့အောင်မြင်မှုအောက်ရှိ အမှောင်ထုနှင့်တင် လူကို ဖိနှိပ်သတ်ဖြတ်နိုင်သည်။

လူသိရှင်ကြားမပြသရဘဲ ရှီချန်းယွင်၏ပွဲအမျိုးမျိုးကိုလည်း အောင့်အည်းသည်းခံနေရသည်မှာ... မည်မျှခက်ခဲလိုက်မည်နည်း။

ရုပ်ရှင်မင်းသားတိုင်း၏နောက်ကွယ်မှ အမျိုးသမီးဖြစ်လာသူများမှာ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြရသူများချည်းပင်: မည်သူမှ ရှောင်လွှဲလို့မရခဲ့ပေ။

ပိုင်ချီက ရှောင်လင်းကို ပြုံးပြလိုက်ပြီး ပြောလိုက်၏။

"ကောင်းပြီ၊ ဒါဆို ခဏနေကျရင် ရေခဲမုန့်စားမယ်။"

သူက ထိုသို့ပြောရင်းဖြင့် သူ၏ပီကေကို ရှောင်လင်းအား မျှဝေပေးလိုက်သည်။

ရှောင်လင်းတစ်ယောက် ထိုကဲ့သို့သောအရာကို နောက်ဆုံးစားခဲ့သည်မှာ ငယ်ငယ်တုန်းကသာဖြစ်၏။ သူက အခွံခွာ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အာ၊ တကယ်ကိုချိုတာပဲ။

ထိုနေ့ မွန်းလွဲပိုင်းတွင် 'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' အစီအစဉ်၏ အခြားဧည့်သည်တော်များက ရိုက်ကူးရေးနေရာသို့ အသီးသီး ရောက်ရှိလာခဲ့ကြသည်။

ရှီချန်းယွင်က ပွဲတက်များကြောင့် အလုပ်များနေသဖြင့် အာသာ့အား ရှောင်လင်းနှင့်အတူ ပိုင်ချီကိုအဖော်ပြု၍ ရိုက်ကွင်းသို့ အရင်သွားနှင့်ရန် စေလွှတ်လိုက်လေသည်။

လေယာဉ်ပေါ်မတက်ခင် ပိုင်ချီတစ်ယောက် စုမေရှန်း စိတ်မပူစေရန် စာတစ်စောင်ပို့လိုက်သေးသည်။

ထိုအခိုက်အတန့်၌ စုမေရှန်းမှာ သူ(မ)၏လုပ်ဖော်ကိုင်ဖက် လီကျဲပြောသော အနှီနာမည်ကြီးမင်းသားက မည်မျှရေပန်းစားကြောင်း သိပြီးခါစဖြစ်၏... အင်တာနက်တစ်ခုလုံးမှာ ထိုရုပ်ရှင်မင်းသားနှင့် သူ(မ)၏သားဖြစ်သူ လက်ထပ်သည့်ကိစ္စကိုသာ ဆွေးနွေးနေခဲ့ကြသည်။

သူ(မ)က အနုပညာလောကအကြောင်း မသိသော်လည်း ထိုကဲ့သို့သတင်းမျိုးနောက် ပါပါရာဇီများ လိုက်နေမည်ကိုတော့ သိထားသည်။

စုမေရှန်းက သူ(မ)၏နဖူးကို ပွတ်သပ်လိုက်ပြီး သားဖြစ်သူကို ဒုက္ခမပေးမိစေရန် ဖုန်းကို ချထားလိုက်တော့သည်။

သူ(မ)အနေဖြင့် နောက်မှ သေချာမေးမြန်းလို့ရပေသည်။

...

ပိုင်ချီ လေယာဉ်ပေါ်မှဆင်းချိန်၌ မနက် ၁ နာရီခွဲ ရှိနေလေပြီ။

ရိုက်ကူးရေးအဖွဲ့မှ လူများက လေဆိပ်၌ သစ္စာရှိရှိ စောင့်ဆိုင်းနေကြဆဲပင်။

"လူကြီးမင်းပိုင်... လား။"

ဝန်ထမ်းတစ်ယောက်က ရှေ့တက်လာပြီး မယုံကြည်နိုင်စွာဖြင့် ခရီးဦးကြိုပြုလိုက်သည်။

ပိုင်ချီ: "ဟုတ်ပါတယ်၊ မင်္ဂလာပါ။"

သူက ခေါင်းအစ၊ ခြေအဆုံး မက်စ်၊ ခေါင်းစွပ်နှင့် မာဖလာများဖြင့် လုံလုံခြုံခြုံ ထုပ်ပိုးထားခဲ့သည်။ ယင်းမှာ ထိုဒေသ၏ အေးစက်သောရာသီဥတုကို ကာကွယ်ရန်အတွက်ပင်။

ဝန်ထမ်းက သူ့မျက်နှာကို သေချာမမြင်ရသော်လည်း အကူ လက်ထောက်အာသာ့ကိုတော့ ချက်ချင်းမှတ်မိလိုက်၏။

ထို့ကြောင့် ဝန်ထမ်းက သူ့အား ၎င်းတို့စောင့်နေသည့် ပိုင်ချီဖြစ်ကြောင်း သေချာသွားခဲ့သည်။

စာချုပ်ချုပ်ထားသော်လည်း လူက ရောက်မလာသေးသဖြင့် ရုပ်ရှင်ဧကရာဇ်ရှီချန်းယွင်က ရောက်လာပါမည်ဟု အာမ'မခံနိုင်ပေ... သို့သော် ကံကောင်းထောက်မစွာဖြင့် ယနေ့တာဝန်ကိုတော့ ကျေပွန်သွားခဲ့လေပြီ!

"ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ၊ ကျွန်တော်တို့ရဲ့ကားက အပြင်မှာ ရှိပါတယ်။"

ဝန်ထမ်းက ပြောရင်း ရှောင်လင်းနှင့်အတူ ပိုင်ချီ၏အဝတ်အစားများပေါ် မိုက်ခရိုဖုန်းနှင့် GoPro ကို တပ်ဆင်ပေးလိုက်သည်။

၎င်းတို့က ပိုင်ချီ ကားပေါ်ရောက်သည်နှင့် ရိုက်ကူးရေးကို စတင်လိုက်ကြ၏။

"စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်တို့တွေ နောက်ပိုင်းမှာ တည်းဖြတ်လို့ ရပါတယ်!"

ဝန်ထမ်းက အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။

"အရင်ဆုံး ကင်မရာကို ကြည့်ကြည့်ပါဦး... အဆင်ပြေရဲ့လား။"

ပိုင်ချီက OK ဟု လက်သင်္ကေတ ပြလိုက်၏။

ဝါး၊ ဒါက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ပထမဆုံးအကြိမ်တွေတိုင်းက ဆန်းသစ်နေတာပဲ။

ဝန်ထမ်းက အာဒါနှင့်အတူ ရိုက်ကူးရေးမှာ သတိထားရမည့် အချက်များကို သေချာရှင်းပြပေးလိုက်၏။

"ပြီးတော့ အစီအစဉ်အဖွဲ့ရဲ့အချိန်ဇယားအတိုင်း ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်။ ကျန်တာထက် ပေါ့ပေါ့ပါးပါးပဲ သရုပ်ဆောင်သွားပါ။"

ပိုင်ချီက ခေါင်းညိတ်လိုက်သည်။

ဝန်ထမ်းက ၎င်းတို့ကို လာကြိုပြီးနောက် 'ပြီးပြည့်စုံတဲ့ဇနီးမောင်နှံ' ၏ တရားဝင် Weibo ရှိုး၏ ကြော်ငြာပိုစတာများကို စတင်ထုတ်ပြန်လိုက်တော့သည်။

စုစုပေါင်း အတွဲလေးတွဲပါ၏။

သုံးတွဲကို ပိုစတာ၏ထောက့်များ၌ အစီအစဉ်တကျ ထည့်သွင်းထားပြီး အလယ်မှာတော့ ကွက်လပ်ကြီး ချန်ထားကာ စာသားလေးလုံး ရေးသားထားသည်။

အထူးဧည့်သည်။

[စိတ်ပျက်စရာကောင်းလိုက်တာ။ နင်တို့ရုပ်သံလိုင်းရဲ့ ရသစုံရှိုးတွေက ပိုပိုပြီး ပျင်းစရာကောင်းလာတယ်။ အခုလည်း အထူးဧည့်သည်ဆိုပြီး ကြော်ငြာနေပြန်ပြီ။ အဲ့ဒါက ဘယ်လောက်ထိ 'အထူး' ဖြစ်နိုင်မှာမို့လို့လဲ၊ ရှီချန်းယွင်ကို ဖိတ်ခေါ်နိုင်တာာမို့လို့လား။]

ရိုက်ကူးရေးတည်နေရာ၌ ကင်မရာများကို ခဏပိတ်ထား၏။

ဧည့်သည်တစ်ယောက်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"သူတို့ ရှီချန်းယွင်ကို တကယ်ဖိတ်လိုက်နိုင်တာလား။"

ဧည့်သည်များက မယုံကြည်ကြောင်း ထင်ရှားနေသည်။

ဇနီးမောင်နှံအဖြစ် ၎င်းတို့၏ပုံရိပ်ကို ကြော်ငြာချင်သူများ၊ CP ဖန်တီးချင်သူများ သို့မဟုတ် နာမည်ပြန်ကြီးချင်သူများမှလွဲ၍ မည်သူက ဤကဲ့သို့သော ရုပ်သံအစီအစဉ်သို့ လာချင်လိမ့်မည်နည်း။

ရှီချန်းယွင်၏အဆင့်အတန်းနှင့်ဆို ဤကဲ့သို့သော အစီအစဉ်မျိုးသာမက၊ အခြားမည်သည့်အစီအစဉ်ကမှ သု့ကို ဖိတ်ကြားနိုင်မည်မဟုတ်။ ၎င်းတို့က သူ၏ခြေအိတ်ကိုတောင် မမီနိုင်ပေ။

အခြားသူများမှာမူ အသံမထွက်ကြပေ။

၎င်းတို့သည် နေ့လယ်ကတည်းက တွေ့ဆုံခဲ့ကြပြီး ရိုက်ကူးရေးများလည်း အနည်းငယ် ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

၎င်းတို့ မအိပ်သေးဘဲ ထိုင်နေကြခြင်းမှာ ရှီချန်းယွင် တကယ် ရောက်လာ၊ မရောက်လာကို ကိုယ်တိုင်မြင်တွေ့ချင်ကြသောကြောင့်ပင်။

ဒါရိုက်တာများအဖွဲ့ကလည်း မအိပ်ရဲဘဲ ခည့်ခန်းမ၏တံခါးဝဆီသို့ မကြာခဏ လှမ်းလှမ်းကြည့်နေကြသည်။

မည်မျှကြာအောင် စောင့်လိုက်ရမှန်း မသိသော်လည်း နောက်ဆုံး၌ တစ်ယောက်ယောက်က အော်ပြောလာခဲ့သည်၊

"သူတို့ လာပြီ! ကား ရောက်လာပြီ!"

ပိုင်ချီက ကားပေါ်မှာ အိပ်ပျော်သွားခဲ့သည်။

အဓိကကတော့ သူသည် ဤမျှညဉ့်နက်သည်အထိ မနေဖူးသောကြောင့် တငြိမ့်ငြိမ့်သွားနေသောကားပေါ်မှာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။

လူကြိုသောဝန်ထမ်းက ဒါရိုက်တာအဖွဲ့ဆီ ဖုန်းဆက်၍ မေးမြန်းလိုက်၏။

"ကျွန်တော်တို့ အိမ်ဘက်ကို အရင်သွားရမလား၊ ဒါမှမဟုတ် ရိုက်ကူးရေးအဖွဲ့ဆီ အရင်လာရမလား။"

"ဒီဘက်ကို လာခဲ့လိုက်။"

ဒါရိုက်တာက ပြတ်ပြတ်သားသား ပြောလိုက်၏။

ဤသို့ဖြင့် လူတိုင်း ထိုကားကြီး အရှေ့မီးများလင်းထိန်စွာဖြင့် ခြံဝင်းထဲ ဖြည်းဖြည်းချင်းမောင်းဝင်လာသည်ကို စောင့်ကြည့်နေခဲ့ကြလေသည်။

ကားတံခါးပွင့်သွားသည်နှင့် အာသာ့နှင့် ရှောင်လင်းတို့က အရင်ဆင်းကာ ခရီးဆောင်အိတ်များကို သယ်ပေးခဲ့ကြ၏။

ဧည့်သည်တော်အချို့က စူးစမ်းလိုစိတ်ဖြင့် အပြင်ဘက်သို့ လည်ဆန့်ကြည့်လိုက်ကြ၏။

"သူ တကယ် ရောက်လာတာလား။"

အထပ်ထပ်ဝတ်ထားသော အနွေးထည်များကြောင့် ဝက်ဝံလေးနှင့်တူနေသော ပိုင်ချီက ခန်းမထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။

"အခု မရိုက်သေးဘူးမလား။"

ပိုင်ချီက မေးလိုက်သည်။

"မရိုက်သေးပါဘူး၊ ခဏနေမှ ဆက်ရိုက်မှာပါ။"

"အင်း။"

သူ့စကားအဆုံးမှာ တစ်ခန်းလုံးရှိလူများက တညီတညွတ်တည်း ထရပ်လိုက်ကြသည်။

ပိုင်ချီ: ?

ပိုင်ချီက မျက်တောင်ခတ်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ဟို... ရှီချန်းယွင်က အခု အလုပ်ရှုပ်နေသေးလို့။"

ဧည့်သည်တော်များက ချက်ချင်း သဘောပေါက်သွားခဲ့ကြ၏။

ဒါ ရှီချန်းယွင်ရဲ့သတင်းတွေထဲက အဓိကဇာတ်လိုက်ပဲ!

"ကြိုဆိုပါတယ်! ရှီလောင်ရှီးက မနက်ဖြန်မနက်လေယာဉ်နဲ့ လာမှာမလား။"

ဒါရိုက်တာအဖွဲ့ကလည်း ရှီချန်းယွင်၏အိမ်ထောင်ဖက်ကို မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ကောင်းမွန်သောဆက်ဆံရေး ရှိ၊ မရှိကို မသိကြသောကြောင့် လောလောဆယ်တွင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိုက်သည်။ ၎င်းနှင့်ပတ်သက်ပြီး ဘာမှမှားလို့မဖြစ်ပေ။

အခန်းထဲမှာ အပူပေးစက်ဖွင့်ထား၏။ ထို့ကြောင့် ပိုင်ချီက ခေါင်းစွပ်နှင့် မာဖလာများကို ချွတ်ကာ အထဲကို ဆက်လျှောက်လာခဲ့သည်။

လူတိုင်း၏စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

တကယ်ကို ယောက်ျားတစ်ယောက်ပဲ!

ပိုင်ချီ မက်စ်ချွတ်လိုက်သောအခါ...

သောက်ကျိုးနည်း၊ ဓါတ်ပုံတွေထဲကထက်ကို ပိုချောပိုလှတဲ့ ယောက်ျားတစ်ယောက်ဟ!

အချိန်တစ်ခုကြာပြီးနောက်မှ အားလုံး ၎င်းတို့၏မျက်နှာများထက်ရှိ အံ့အားသင့်မှုများကို ဖုံးကွယ်လိုက်ကြတော့သည်။

ရှီချန်းယွင်က တကယ်ကြီး လက်ထပ်လိုက်တာပဲ! ပြီးတော့ တကယ်လည်း သူ့လက်တွဲဖော်ကိုခေါ်ပြီး အစီအစဉ်လာရိုက်တယ်!

"ကြည့်ရတာ... ရှီချန်းယွင်က သူ့အပေါ် သိပ်မကောင်းဘူးထင်တယ်၊ မဟုတ်ရင် သူ့ကို တစ်ယောက်တည်း အရင် လွှတ်လိုက်ပါ့မလား..."

ဧည့်သည်တစ်ယောက်ဖြစ်သည့် ကျိုးယန်ဖုန်းက ခပ်တိုးတိုး ပြောလိုက်၏။

သူ၏ဇနီးက အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ ဖုချွမ်းယင်ဖြစ်သည်။

ဖုချွမ်းယင်က ပိုင်ချီ့ကို နှုတ်ဆက်လိုက်လေ၏။

"ဒီမှာလာထိုင်ပါ။ ဒီမှာ သစ်အယ်သီးလှော်တွေ ရှိတယ်၊ စားဦးမလား။"

ပိုင်ချီတစ်ယောက် အသာအယာနှုတ်ခမ်းသပ်လိုက်ပြီး သရုပ်ဆောင်များစုဝေးနေသည်ကို ကြည့်ရသည်က စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိ၏။

၎င်းတို့အားလုံးက မျက်စိပသာဒရှိပေသည်။

သူက ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့။"

ထို့နောက် ၎င်းတို့ဘက်သို့သွားကာ ထိုင်လိုက်သည်။

ထိုအချိန်တွင် အစီအစဉ်အဖွဲ့မှ ဝန်ထမ်းတစ်ယောက်က သူ့ကို ဧည့်သည်တော်များနှင့် မိတ်ဆက်ပေးခဲ့သည်။

မင်းသားကျိုးယန်ဖုန်းနှင့် မင်းသမီးဖုချွမ်းယင်တို့အပြင် စီးပွားရေးလုပ်ငန်းရှင်နှင့် မင်းသမီးစုံတွဲတစ်တွဲလည်း ရှိသေးသည်။

စီးပွားရေးလုပ်ငန်းရှင်က ဝူကျွင်းဖြစ်ပြီး မင်းသမီးက ယန်ယိရူဖြစ်သည်။

ဝူကျွင်းက အိပ်ပျော်နေပြီဖြစ်ရာ ထိုနေရာမှာ ယန်ယိရူတစ်ယောက်သာ ကျန်နေခဲ့၏။

ပိုင်ချီက လက်ဦးမှုယူကာ ယန်ယိရူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ကျဲရဲ့ဇာတ်လမ်းတွဲတွေကို ကြည့်ဖူးပါတယ်၊ ကျဲသရုပ်ဆောင်ထားတဲ့ လင်ရှန်းကျွင်းဇာတ်ကောင်က တကယ်ကို မှတ်ကျောက်တင်စရာပါပဲ။"

ယန်ယိရူက ယခုနှစ်ဆို အသက် ၃၅ နှစ်ရှိပြီဖြစ်သော်လည်း အသားအရေထိန်းသိမ်းမှု ကောင်းသဖြင့် လှပနေဆဲပင်။ ပိုင်ချီ၏စကားကို ကြားလိုက်ရသောအခါ သူ(မ) မှင်တက်သွားခဲ့သည်။

လင်ရှန်းကျွင်းက ယန်ယိရူ ပွဲဦးထွက်ချိန်က ပထမဦးဆုံး သရုပ်ဆောင်ခဲ့သော စတုတ္ထမြောက် ဗီလိန်ဇာတ်ကောင်ဖြစ်သည်။

ထိုအချိန်က သူ(မ)မှာ အိပ်မက်များ၊ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ဤဇာတ်ကောင်လေးအတွက် သူ(မ) စိတ်ခံစားချက်များရော၊ သရုပ်ဆောင်စွမ်းရည်များပါ အိတ်သွန်ဖာမှောက် ကြိုးစားအားထုတ်ခဲ့၏။ သို့သော် ထိုဇာတ်လမ်းတွဲက ထွက်တာကြာပြီဖြစ်သဖြင့် ပရိသတ်များက ထိုဇာတ်ကောင်ကို မေ့လျော့နေကြလေပြီ။

ယန်ယိရူက ပြုံးလိုက်၏။

"အဲ့ဒီဇာတ်ကောင်ကို သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်။"

သူ(မ)၏အပြုံးက ပို၍စစ်မှန်လာခဲ့လေသည်။

ပိုင်ချီက လူတိုင်း၏ ပရိသတ်တစ်ယောက်ဖြစ်ပုံရသည်။ သူက ကျိုးယန်ဖုန်းနှင့် ဖုချွမ်းယင်တို့ သရုပ်ဆောင်ခဲ့သော ဇာတ်ကောင်များကိုလည်း ပြောနိုင်ခဲ့၏။

ဖုချွမ်းယင်က ပြုံးလျက် ပြောလိုက်၏။

"ပိုင်ချီနော်၊ ဟုတ်တယ်မလား။ စိတ်မလှုပ်ရှားပါနဲ့၊ ဒီမှာ ရှီလောင်ရှီးနဲ့ မင်းတို့အပြင် တခြားအမျိုးသားစုံတွဲတစ်တွဲလည်း ရှိသေးတယ်။"

ထိုသို့ပြောရင်းဖြင့် ဖုချွမ်းယင်က အခြားတစ်ဖက်မှ ဆိုဖာပေါ် မှီထိုင်နေသော အမျိုးသားကို လှမ်းကြည့်လိုက်သည်။

ထိုအမျိုးသားက ကာကီရောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး စောစောက ထိုင်နေသည့်အနေအထားကနေ ခပ်မတ်မတ်ပြင််ထိုင်၍ ပိုင်ချီကို ခေါင်းဆတ်ပြလာခဲ့သည်။

ပိုင်ချီ သူ့ကို သိသည်။

ထိုအမျိုးသား၏ရုပ်ရည်က အလွန်မျက်စိပသာဒရှိပြီး စင်မြင့်ထက်မှာဆို အလွန်စွဲမက်ဖွယ်ကောင်းပေသည်။

သူက ကျိုးချီယွမ်နှင့် ပြိုင်ပွဲတစ်ခုတည်းမှာ ထွက်ပေါ်လာခဲ့သည့် အိုင်ဒေါသင်တန်းသား ချိုးစစ်ချွမ်းပင်။ သူက ပွဲဦးထွက်လုနီးပါးထိ ဖြစ်ခဲ့သော်လည်း ထိုရာသီ၏ထုတ်လုပ်ရေးအဖွဲ့အတွင်းမှ မကောင်းသောပရိယာယ်များကြောင့် ထိပ်တန်းအဖွဲ့ဝင်စာရင်းထဲကနေ ထုတ်ပယ်ခံခဲ့ရသည်။ ထိပ်တန်းအဖွဲ့ဝင်စာရင်းထဲ ပါတော့မှ အဖွဲ့သစ်ထဲ ပါဝင်ရမည်ပင်။

ပိုင်ချီက နူးညံ့စွာပြောလိုက်သည်။

"ခဏနေရင် လက်မှတ်လေး ထိုးပေးလို့ရမလား။"

ချိုးစစ်ချွမ်းမှာ တစ်စက္ကန့်လောက် အေးခဲသွားခဲ့သည်။

"ငါ့ကို မေးတာလား။"

ပိုင်ချီက ခေါင်းညိတ်ပြလိုက်၏။

မုသုန်း၏ညီမလေးသည် အရင်က သူ့ကို အလွန်ကြိုက်ခဲ့၏!

ချိုးစစ်ချွမ်း၏ ဖြူဖျော့သောမျက်နှာထက်မှာ အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့ပြီး ရုတ်တရက်ဆိုသလို စောစောကထက် ပို၍တက်ကြွသွားသလိုပင်။

သူက ပြန်ဖြေလိုက်၏။

"ရတာပေါ့။"

အာသာ့၏ခေါင်းထဲတွင် တဝီဝီအသံများ မြည်ဟည်းသွားခဲ့သည်။

ကနဦးတုန်းက သူသည် ပိုင်ချီတစ်ယောက် ကင်မရာများရှေ့၊ သူစိမ်းများရှေ့မှာ နေသားမကျဘဲ အဆင်မပြေမည်ကို စိုးရိမ်နေခဲ့သော်လည်း ပိုင်ချီကတော့ ရေကြိုက်သည့် ဘဲလို အလွန်အဆင်ပြေနေခဲ့သည်!

ရုတ်တရက်ဆိုသလို သူ ဤအစီအစဉ်ကိုလာရခြင်းက ကောင်းသည့်အကြံမဟုတ်ဟု ခံစားလိုက်ရ၏! အခြားစုံတွဲများက အဖြောင့်ကောင်များဖြစ်သော်လည်း ဤဂေးစုံတွဲနှင့်ဆို...

ဖျော်ဖြေရေးလောကက မည်မျှရှုပ်ထွေးပွေလီကြောင်း အားလုံးသိကြ၏။

ရှီကောတစ်ယောက် သစ္စာဖောက်ခံရမှာကို မကြောက်ဘူးလား မသိ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment