no

Font
Theme

အပိုင်း (၅) - အမျိုးသားတစ်ယောက်

"မင်း သူ့ကို မြင်လိုက်လား။"

ကျန်းချန်းဖန်က မေးလိုက်သည်။ သူ စိတ်မရှည်တော့ပေ။

သူ ပိုင်ချီနှင့် အမှန်တကယ်တွေ့ချင်နေပြီး ရက်ပေါင်းများစွာလည်း သည်းခံခဲ့ပြီးဖြစ်သည်။

မုသုန်းတစ်ယောက် အနည်းငယ် ငူငူငိူင်ငိုင်ဖြစ်သွားခဲ့ပြီး ပြန်ဖြေလိုက်၏။

"မြင်တာတော့... မြင်လိုက်ပါတယ်။ ဒါပေမဲ့ မဟုတ်လောက်ဘူး။ ကျွန်တော် အမြင်မှားတာပဲနေမှာ။"

ကျန်းဖန်းချန်က အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြတင်းပေါက်နားသို့ အတူတိုးဝှေ့ကြည့်လိုက်သည်။ မုသုန်း၏လေယူလေသိမ်းအရ တစ်ခုခုလွဲမှားနေကြောင်း သူ သေချာပေါက်ပြောနိုင်သည်။

"မင်း ဘာကို မြင်လိုက်တာလဲ။"

မုသုန်းက များများစားစားမစဉ်းစားမိဘဲ စကားကျွံသွားခဲ့သည်။

"ပိုင်ချီက ယောက်ျားတစ်ယောက်နဲ့ ချိန်းတွေ့နေတာထင်တယ်။"

ထိုစကားများ ထွက်ကျလာပြီးနောက်မှ သူ စကားမှားသွားကြောင်း သတိရသွားခဲ့၏။ ယခုခေတ်မှာ လိင်တူချစ်ကြိုက်ခြင်းက ပုံမှန်မဟုတ်သေးပေ။ ထိုသို့ပြောလိုက်ခြင်းက ပိုင်ချီ၏ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်သွားစေနိုင်သည်။

မုသုန်းက ပါးစပ်ပြန်ဖွင့်လိုက်ပြီး 'ကျွန်တော် အမြင်မှားတာ' ဟု ပြန်ပြင်ပြောရန် ပြင်လိုက်သည်။

သို့သော် သူ ဘာမှမပြောနိုင်ခင် ကျန်းဖန်းချန်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက မုသုန်း၏ပခုံးကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်လေ၏။

"မင်း ဘာပြောလိုက်တာလဲ။ အဓိပ္ပါယ်မရှိတာတွေ!"

အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး!

မုသုန်းတစ်ယောက် ကျန်းဖန်းချန်၏ ရုတ်တရက်ထွက်ပေါ်လာသော ဒေါသကြောင့် အံ့အားသင့်သွားခဲ့သည်။

"ကျန်းဖန်းချန်၊ ခင်ဗျားက ဘာဖြစ်လို့ အဲ့လောက်ထိ ဒေါသထွက်နေရတာလဲ။"

ကျန်းဖန်းချန် သူ၏နှလုံးသားထဲမှ ဒေါသကို အမြန်ဖိနှိပ်လိုက်သည်။ သူ သူ၏အသိစိတ်များကို အစွမ်းကုန်ပြန်ယူလိုက်ပြီး တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းလိုက်၏။

"မသေချာဘဲ စကားကို လျှောက်မပြောရဘူး၊ မုသုန်း။"

မုသုန်းတစ်ယောက် ကျန်းဖန်းချန်၏တုံ့ပြန်မှုက အဘယ်ကြောင့် ထိုမျှပြင်းထန်နေရသလဲကို စဉ်းစားလို့မရခဲ့ပေ။

ကျန်းဖန်းချန်က ပိုင်ချီနှင့်သာရင်းနှီးပြီး ၎င်းတို့အခန်းနှင့်မူ သာမန်ဆက်ဆံရေးသာ ရှိပေ၏။ သူ့အပေါ် ယခုလိုဒေါသထွက်ပြနေသည်အား မုသုန်း သည်းမခံနိုင်ပေ။

မုသုန်းက မျက်ခုံးများကိုတွန့်ချိုးလျက် ပြောလိုက်သည်။

"ကျွန်တော်က ပျင်းလို့ လျှောက်ပြောနေတာ မဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်ပါလား။ ထားပါ၊ အဲ့ဒီလူက ပိုင်ချီနဲ့တူနေရင်တောင် ကိစ္စမရှိဘူး။ ဒီနေ့ အဆောင်တံခါးက ထွက်သွားပြီးရင် ခင်ဗျား လျှောက်ပြောဖို့ မစဉ်းစားနဲ့။ ကျွန်တော်တို့ချီချီရဲ့သိက္ခာကို မထိခိုက်ပါစေနဲ့။"

ကျန်းဖန်းချန်က 'ကျွန်တော်တို့ချီချီ' ဟု ကြားလိုက်ရသောအခါ သည်းမခံနိုင်တော့ပေ။

သူက ပြတင်းပေါက်ဘောင်ပေါ် လက်နှစ်ဖက်ထောက်ကာ ခေါင်းကိုဆန့်ထုတ်၍ အပြင်သို့လှမ်းကြည့်လိုက်၏။

သူ ပိုင်ချီကို မတွေ့ရသည်မှာ တော်တော်ကြာနေလေပြီ။ ခဏလောက် လိုက်ရှာကြည့်ပြီးနောက် သစ်တောလေးထဲမှ ကောင်လေးကို သူ တွေ့လိုက်ရသည်။

အလှမ်းဝေးနေသောကြောင့် သူ ထိုကောင်လေး၏ကျောပြင်ကိုသာ မြင်လိုက်ရသည်။

နို့နှစ်ရောင်အနွေးထည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်ပုံရိပ်လေးက ခံ့ညားထည်ဝါသော အမျိုးသားတစ်ယောက်၏ခါးကို ခါးတစ်ခွထားသည်...

သေချာမမြင်ရသော်လည်း ထိုခဏ၌ ကျန်းဖန်းချန်၏ဦးနှောက်မှာ ထုံထိုင်းသွားခဲ့ပြီး သွေးတွင်းသကြားဓါတ်တောင် လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး... သောက်ကျိုးနည်း လုံးဝမဖြစ်နိုင်ဘူး...

ကျန်းဖန်းချန်၏ဦးနှောက်ထဲ ထိုစကားလုံးများကသာ ထပ်တလဲလဲ လှည့်ပတ်နေခဲ့သည်။

ကျန်းဖန်းချန်က ဖုန်းထုတ်ယူလိုက်၏။

မုသုန်းက သူ့ကိုကြည့်လိုက်ရာ ထိုလူက တုန်ယင်နေသလို ခံစားလိုက်ရသည်။

မုသုန်း၏နှလုံးသားထဲမှ ထူးဆန်းသောခံစားချက်က ပို၍ပြင်းထန်လာ၏။

ကျန်းဖန်းချန်က ပိုင်ချီ၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်အား မြင်လိုက်ရသောအခါ မုသုန်းက သူ၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ။ ရူးနေတာလား။ တကယ်လို့ အဲ့ဒါက ပိုင်ချီဖြစ်နေရင်တောင် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ သူများကို သွားမနှောင့်ယှက်နဲ့။"

ကျန်းဖန်းချန်တစ်ယောက် စိတ်ကို ထိန်းချုပ်လို့မရတော့ပေ။ သူ၏မျက်နှာက စိမ်းဖန့်ကာ ဖြူဖျော့လာခဲ့၏။

"မင်း နားမလည်ပါဘူး၊ မင်း နားမလည်ပါဘူး..."

ဖုန်းထဲမှ တတူတူအသံကို ကြားနေရပြီး ထိုအသံက ယခုအခိုက်အတန့်မှာ အလွန်ရှည်လျားနေသလို ခံစားနေရသည်။

၁ စက္ကန့်၊ ၂ စက္ကန့်၊ စက္ကန့် ၄၀...

မည်သူမှ ဖုန်းမကိုင်ခဲ့ပေ။

ကျန်းဖန်းချန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

သစ်တောလေးထဲမှ လူက ဖုန်းကိုင်သည့်အမူအရာမျိုး မရှိခဲ့ပေ။

ဖြစ်နိုင်သည်မှာ... ထိုကောင်လေးက ပိုင်ချီမဟုတ်နိုင်ပေ။

"ဖုန်းလာနေတယ်။"

သစ်တောလေးထဲမှာ ရှီချန်းယွင်၏လက်ထောက်က အသံတိုးတိုးဖြင့် သတိပေးလိုက်၏။

သို့သော်လည်း သူ သတိပေးပြီးခါမှ သူ့ကိုယ်သူ ငတုံးတစ်ယောက်လို ခံစားလိုက်ရသည်။ ဖုန်းခေါ်ဆိုမှုကို မကိုင်လိုက်မိလျှင်တောင် ပြန်ခေါ်လို့ရသည်မဟုတ်လော။ သူ အဘယ့်ကြောင့် လေထုကိုဖျက်ဆီးသည့် တတိယဘီးလုပ်နေရသနည်း။

ပိုင်ချီတစ်ယောက် ရှီချန်းယွင်၏ရင်ခွင်ထဲကနေ ဆင်းလိုက်၏။

"ကျွန်တော် ပြန်တော့မယ်နော်။"

ရှီချန်းယွင်က ထိုဖုန်းခေါ်ဆိုမှုအကြောင်းကို မမေးခဲ့ပေ။ ထိုအစား သူက မေးလိုက်၏။

"ညစာ စားပြီးပြီလား။"

ပိုင်ချီက ခေါင်းယမ်းပြလိုက်သည်။

"မစားရသေးဘူး။"

ရှီချန်းယွင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ၊ ဒါဆို အတူတူစားရအောင်။"

အမှန်တကယ်တော့ ပိုင်ချီက မရင်းနှီးသောလူတစ်ယောက်နှင့် အတူထိုင်၍ ထမင်းစားရသည်ကို ကျင့်သားမရပေ။

ရှီချန်းယွင်နှင့် ဖက်လဲတကင်းပြုမူခြင်းက စက္ကန့်ပိုင်းမျှသာဖြစ်သော်လည်း ထမင်းစားခြင်းက နာရီဝက်၊ တစ်နာရီလောက် ကြာမည်ဖြစ်၏။ လူတိုင်း အစားအသောက်ကို သက်တောင့်သက်သာ စားသောက်သင့်ပေသည်။

သို့သော်လည်း... ဤသည်မှာ ပရော်ဖက်ရှင်နယ်သဘောတရားပင်။

"ကောင်းပြီလေ။"

ပိုင်ချီက နာခံမှုရှိစွာဖြင့် ပြန်ဖြေလိုက်သည်။

လက်ထောက်ခမျာ လုံးဝ မူးဝေသွားခဲ့လေပြီ။

ဤမျှအလုပ်ရှုပ်နေသည့်ကြားမှ ပွဲကို ရောက်အောင်လာပြီး သူနှင့်လာတွေ့သည်မှာ မလုံလောက်သေးဘဲ ယခု ညစာကိုတောင် ခိုးကြောင်ခိုးဝှက် အတူတူ စားကြဦးပေမည်။

ဤဆက်ဆံရေးက သေချာသလောက်ရှိနေလေပြီ။

ရှီချန်းယွင်နှင့် ပိုင်ချီက သစ်တောလေးထဲကနေ အတူတူထွက်ခွာလာခဲ့ကြပြီး ကျောင်း၏ မြေအောက်ကားပါကင်နေရာသို့ တိုက်ရိုက်သွားခဲ့ကြသဖြင့် လူအများ၏အမြင်ကို ရှောင်ရှားနိုင်ခဲ့ကြသည်။

ကျန်းဖန်းချန်တစ်ယောက် ၎င်းတို့၏ ထွက်ခွာသွားသောပုံရိပ်ကို ငေးကြည့်ခဲ့၏။ ထို့နောက်မှာမှ သူ၏အသိစိတ်ကို အနည်းငယ် ပြန်စုစည်းလိုက်ပြီး အတင်းအကျပ်ပြုံးလိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ ဒီရက်ပိုင်း ခေါင်းနည်းနည်းမူးနေလို့။ ပိုင်ချီ ပြန်ရောက်ရင် ငါ့ကို ပြန်ပြောပေးပါဦး။"

မုသုန်းက မဖြေချင်ဖြေချင်ဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။"

ကျန်းဖန်းချန် ထွက်သွားပြီးနောက် မုသုန်းတစ်ယောက် မအောင့်နိုင်ဘဲ အခြားအခန်းဖော်များနှင့် အတင်းပြောတော့သည်။

"သူ ချီချီကို သဘောကျနေတာများလား။"

"သောက်ကျိုးနည်း၊ ဒါတော့ မရဘူးလေ။ သူက စေ့စပ်တော့မှာ မဟုတ်ဘူးလား။ ငါတို့ချီချီကို ကြံစည်ရဲရင် ငါတို့ သူ့ကောင်မလေးဆီ သွားပြောမယ်။ အဲ့ဒီကောင်က သူ(မ)ကို ကာဗာယူပြီးလက်ထပ်တာပါလို့ သူ(မ)ကို သွားပြောပစ်မယ်။"

အခန်းဖော်များမှာ အချင်းချင်း တိုင်ပင်လိုက်ကြပြီးမှ စိတ်အေးသွားခဲ့ကြသည်။

သို့သော်...

"ခုနက တကယ်ပဲ ချီချီလား။"

၎င်းတို့ဘက်မှာ အဖြေမထွက်သေးသော်လည်း ကျန်းဖန်းချန်တစ်ယောက် သစ်တောလေးနားကနေ ဖြတ်သွားစဉ် စိတ်မအေးနိုင်ခဲ့ပေ။ သူ ပိုင်ချီကို မှားကြည့်မိနိုင်သော်လည်း မုသုန်းတို့ကတော့ မှားနိုင်စရာအကြောင်းမရှိပေ။ ပိုင်ချီ ယနေ့ အပြင်ထွက်စဉ်က မည်သည့်အင်္ကျီဝတ်သွားခဲ့ကြောင်း ၎င်းတို့က သေချာပေါက် မှတ်မိနေကြပေမည်။

ကျန်းဖန်းချန်တစ်ယောက် စိတ်ထဲမှဖိနှိပ်ထားသော ဒေါသများကို ဖော်ထုတ်သည့်အနေဖြင့် သူ၏ဆံပင်များကို ဆွဲဖွလိုက်သည်။

ထို့နောက် သူက ဖုန်းထုတ်ယူကာ ပိုင်ချီဆီ ဖုန်းဆက်ခေါ်လေတော့၏။

တစ်ကြိမ်ပြီး တစ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း တစ်ကြိမ်မှ ဖုန်းမကိုင်ခဲ့ချေ။

သူ၏ဖုန်းအား ၁၉% သာ ကျန်တော့သည့်အချိန်အထိ သူက ဆက်တိုက်ဖုန်းခေါ်နေခဲ့သည်။

လက်ရှိအချိန်မှာ ကျန်းဖန်းချန်တစ်ယောက် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့လေပြီ။

သူ ဖုန်းမကိုင်ဘူး...

သစ်တောလေးထဲက ခံ့ညားတဲ့ယောက်ျား...

ကျန်းဖန်းချန်က ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားရင်း ခြေလှမ်းကျဲကြီးများဖြင့် လမ်းလျှောက်နေစဉ် သူ၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

သူက အလျင်စလို ဖုန်းကိုင်လိုက်လေ၏။

"ဟယ်လို!"

သူ၏အသံထဲမှာ အလျင်လိုမှုနှင့် အံ့ဩမှုတို့ ရောယှက်နေခဲ့သည်။

သို့သော် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်မှာ မိန်းကလေးအသံ ဖြစ်နေခဲ့သည်။

"ဟယ်လို၊ နင် ဘယ်မှာလဲ။ ငါ အခု နင့်ရဲ့အဆောင်မှာ ရောက်နေတယ်။"

ကျန်းဖန်းချန်တစ်ယောက် ဆို့နင့်သွားခဲ့သည်။

"...ငါ အခု အပြင်မှာ၊ ခဏနေရင် ပြန်လာခဲ့မယ်။"

အခြားတစ်ဖက်မှလူက သူ၏လေသံမှတစ်ဆင့် တစ်ခုခုမှားနေကြောင်း သတိပြုမိသွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

"နင် ငါ့ကွယ်ရာမှာ ဘာတွေသွားလုပ်နေတာလဲ။"

ကျန်းဖန်းချန်က ပြန်ဖြေလိုက်၏။

"မလုပ်ပါဘူး။"

ဟန်စီက ကျန်းဖန်းချန်၏ဇနီးလောင်းဖြစ်ပြီး သူ(မ)ကို သူ့အဖေကိုယ်တိုင်က ရွေးချယ်ပေးခဲ့ခြင်းဖြစ်၏။

"ဒါဆိုလည်း ပြီးတာပဲ။ တခြားဟာတွေကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ဖိတ်စာတွေအကုန်လုံး ဝေပြီးသွားပြီ။ နင် ငါ့ကို မျက်နှာပျက်အောင်တော့ မလုပ်နဲ့။ နင့်မှာ အရင်က ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ ငါ သိပါတယ်... ဘာပဲဖြစ်ဖြစ် နင် ပိုပြီးပါးနပ်ပါစေ။ တကယ်လို့ ငါ မျက်နှာပျက်ရင် ငါ့အဖေလည်း မျက်နှာပျက်ရမှာ၊ အဲ့ဒီအခါကျရင် ငါ့အဖေက နင့်အဖေဆီသွားပြီး စကားပြောလိမ့်မယ်။"

ဖုန်း၏အခြားတစ်ဖက်မှ မိန်းကလေးက အေးအေးလူလူ သတိပေးလိုက်ပြီး ဖုန်းကို ပြတ်ပြတ်သားသား ချသွားခဲ့လေသည်။

ကျန်းဖန်းချန်က လည်ချောင်းထဲမှာတစ်ဆို့နေသော ဒေါသကို ထွေးထုတ်လို့လည်း မရ၊ မျိုချလို့လည်း မရ ဖြစ်နေခဲ့သည်။

အစပိုင်းတွင် ပိုင်ချီက ခုနစ်ရက်လုံးလုံး အပြင်မထွက်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူ အနည်းငယ် ကျေနပ်နေခဲ့၏။ သို့သော်လည်း ယခု ဤနေ့က သောက်ကျိုးနည်းကိုဆိုးဝါးသော နေ့တစ်နေ့ဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူက ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး အဆောင်သို့ အမြန်ပြန်လာခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို သူ၏ဖုန်းကလည်း အားကုန်သွားခဲ့သည်။

အခြားတစ်ဖက်တွင် ပိုင်ချီနှင့် ရှီချန်းယွင်က စားသောက်ဆိုင်၌ နေရာယူပြီးခါစဖြစ်၏။

သူ့အတွက် စဉ်းစားပေးသည့်အနေဖြင့် ရှီချန်းယွင်က ကျောင်းနှင့်သိပ်မဝေးသည့် စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။

ဤစားသောက်ဆိုင်၏မီနူးကို လက်ရေးဖြင့် ရေးသားထား၏။ ရှီချန်းယွင်က စားပွဲထိုးဆီကနေ မီနူးကိုယူလိုက်ပြီး ပိုင်ချီ့အရှေ့သို့ တွန်းပို့ပေးလိုက်သည်။

"မင်း စားချင်တာကိုမှာလိုက်။"

ပိုင်ချီကလည်း အားနာမနေဘဲ ဟင်းပွဲများကို အလျင်အမြန် မှာယူလိုက်သည်။

ဘေးမှာထိုင်နေသော လက်ထောက်က စိတ်ပူနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှီလောင်ရှီးက တချို့ဟင်းများကို စားတတ်ပြီး တချို့ကို မစားတတ်ပေ။ ထိုအကြောင်းကို အခြားသူများက ကောင်းကောင်းမသိကြချေ။

လက်ထောက်က မီနူးကို အမြန်ယူလိုက်ပြီး ပြောလိုက်လေ၏။

"ကျွန်တော် စားပွဲထိုးကို သွားပေးလိုက်ပါ့မယ်။"

ထို့နောက် သူ မီနူးကို ငုံ့ကြည့်လိုက်ရာ... ရှီလောင်ရှီးမစားသည့် ဟင်းပွဲတစ်ခုမှ ပါမလာခဲ့ပေ။

လက်ထောက်က အနည်းငယ်စိတ်အေးသွားခဲ့ပြီး ခေါင်းထဲမှာ ထိုကောင်လေးနှင့် ရှီလောင်ရှီး၏ဆက်ဆံရေးက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဟု မခန့်မှန်းဘဲ မနေနိုင်ခဲ့ပေ...

စားပွဲထိုးက မီနူးကိုယူ၍ ထွက်ခွာသွားခဲ့သည်။

ဟင်းပွဲများ စောင့်ဆိုင်းနေစဉ် ရှီချန်းယွင်က သူ၏လက်ထောက်အား အိတ်ယူခိုင်းလိုက်ပြီး ထိုအိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ယူလိုက်သည်။

သူက ဖိုင်တွဲကို ပိုင်ချီထံကမ်းပေးကာ ပြောလိုက်သည်။

"အရင်က ရှန်းကွမ်း မင်းဆီပို့ပေးမယ်လို့ ပြောထားတဲ့ဟာလေ။ ဒါပေမဲ့ ဒီနေ့ ကိုယ် လာမှာပဲဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ပေးလိုက်တော့မယ်လို့ ယူလာခဲ့လိုက်တာ။"

ပိုင်ချီက ဖိုင်ကို လက်ခံယူလိုက်ပြီး အကြမ်းဖျင်းကြည့်လိုက်၏။

အပေါ်ဆုံးတွင် စာလုံးခပ်ကြီးကြီးဖြင့် 'သတိပြုရန်အချက်များ' ဟု ရိုက်နှိပ်ထား၏။ သူ အောက်သို့ ဆက်ကြည့်လိုက်ရာ—

အိုး!

တောက်ပနေတဲ့ ဘဏ်ကတ်တစ်ကတ်!

သူ့တစ်ကိုယ်လုံး ပိုက်ဆံရဲ့တောက်ပမှုတွေနဲ့ ပြည့်နှက်နေတာပဲ!

ပိုင်ချီက ဖိုင်တွဲကို ပိတ်လိုက်ပြီး ရှီချန်းယွင်ကိုကြည့်ကာ မျက်တောင်တဖျပ်ဖျပ်ခတ်ပြလိုက်၏။ ယင်းက သူ ထိုအရာကို မြင်လိုက်ကြောင်းနှင့် လက်ခံရရှိကြောင်းကို ဖော်ပြလိုက်ခြင်းပင်။

လက်ထောက်မှာ ဘေးကနေကြည့်နေရင်း အေးစက်စွာ သက်ပြင်းချလိုက်လေသည်။

ငါက တစ်ကိုယ်တည်းသမားပါကွာ၊ အား၊ သနားစရာကောင်းတဲ့ ငါလေး။

ရှီချန်းယွင်နှင့် အတူတူထမင်းစားရခြင်းက ပိုင်ချီထင်ထားသလောက် စိတ်မသက်မသာမဖြစ်ခဲ့ပေ။

နှစ်ယောက်စလုံး၏ ထမင်းစားပွဲကျင့်ဝတ်မှာ အလွန်ကောင်းမွန်ပြီး စကားအများကြီး မပြောခဲ့ကြသော်လည်း လေထု အေးစက်မသွားအောင် အခါအားလျော်စွာ စကားအနည်းငယ် ပြောဆိုခဲ့ကြသည်။ ထိုသို့မဟုတ်လျှင် လက်ထောက်က ၎င်းတို့နှစ်ယောက်ကို ရန်ဖြစ်နေကြသည်ဟု ထင်သွားလိမ့်မည်ပင်။

နာရီဝက်ကြာပြီးနောက် ပိုင်ချီက လက်ဖက်ရည်သောက်ကာ ခံတွင်းရှင်းလိုက်၏။ ထို့နောက် အားလုံး အတူတကွထရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

ရှီချန်းယွင်က ပြောလိုက်သည်။

"ကိုယ် မင်းကို လိုက်ပို့ပေးမယ်။"

အာ။

လူကြီးမင်းရှီက ဇာတ်ကောင်ထဲကို မြန်မြန်ဝင်သွားတာပဲ။

သူ ဒီအတိုင်းအတာအထိ ကြင်နာယုယပေးနေတာလား။

ပိုင်ချီတစ်ယောက် ရှီချန်းယွင် အတိတ်တုန်းက သရုပ်ဆောင်ဖူးသည့် ဇာတ်ကောင်များစွာရှိကြောင်း သိထား၏။ သူ့အတွက် ကြင်နာတတ်သည့်ချစ်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် မခက်ခဲပေ။

ပိုင်ချီက ပူးပေါင်းသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှီချန်းယွင်ကို လိုက်ပို့ခွင့်ပြုလိုက်သည်။

ယခုတစ်ခေါက်မှာလည်း မြေအောက်ကားပါကင်ကနေ သွားခဲ့ကြသဖြင့် မည်သူမှ သတိမထားမိခဲ့ကြပေ။

ပိုင်ချီတစ်ယောက် အဆောင်သို့ ပြန်ရောက်သွားခဲ့သည်။ သူ အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ မုသုန်းတို့မှာ လန့်ဖျပ်ကာ ထခုန်မိလိုက်ကြ၏။

"ချီချီ! သောက်ကျိုးနည်း၊ နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီ..."

"မင်း ဘာသွားလုပ်နေတာလဲ။"

"တစ်ယောက်ယောက်နဲ့ သွားတွေ့နေတာလား။"

ထိုစကားမှာ နောက်ပြောင်ခြင်းဖြစ်သလို အကဲစမ်းသည့် မေးခွန်းလည်းဖြစ်သည်။

ပိုင်ချီတစ်ယောက် စဉ်းစားလိုက်၏။ မည်သို့ပင်ဆိုစေ အချိန်တစ်ခုရောက်လျှင် ၎င်းတို့၏ဆက်ဆံရေးကို အများသိအောင် တရားဝင်ထုတ်ပြန်လိမ့်မည်။ ရှီချန်းယွင်၏မန်နေဂျာ ရှန်းကွမ်းက သူ့ကို Weibo ပေါ် ထိုအရာများကိုတင်ရန် တောင်းဆိုခဲ့ခြင်းမှာ အရိပ်အမြွက်ပြရန်အတွက်ပင်။

ထို့ကြောင့် ယခု အနည်းငယ်ထုတ်ပြောလိုက်ခြင်းက ပိုလို့တောင် သဘာဝကျပေလိမ့်မည်။

ထို့ကြောင့် ပိုင်ချီက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်။"

သူ၏အခန်းဖော်များမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့ကြသည်။

ပိုင်ချီက သံသယဖြင့် မေးလိုက်၏။

"မင်းတို့ မြင်လိုက်လို့လား။"

မုသုန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ဟုတ်... ဟုတ်တယ်... မင်း တကယ်ကြီး... တကယ်ကြီး ကောင်လေးရသွားတာလား။"

ပိုင်ချီ: "အင်း။"

မုသုန်း၏မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံး၌ ပိုင်ချီ၏ကျောကို ဖြန်းခနဲ ရိုက်ချလိုက်လေသည်။

"ချီး! ဘယ်သူအရင် ရည်းစားရရ၊ အဲ့ကောင်က ခွေးပဲ။ မင်း ငါတို့ကို မုန့်ကျွေးရမယ်..."

အခြားအခန်းဖော်များကလည်း ခဏမှင်တက်သွားခဲ့ပြီးနောက် ပိုင်ချီအား ၎င်းတို့ကိုမုန့်လိုက်ကျွေးရန် ဝိုင်းပြောကြတော့သည်။

ပိုင်ချီက သူ၏အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ပွတ်သပ်လိုက်သည်။

"ပြဿနာမရှိပါဘူး။ ပိုင်သာ့ယဲ့*က မနက်ဖြန် မင်းတို့ကို ကျန်းပင်ကော်ကျစ်* ဝယ်ကျွေးမယ်။ ငါ့မှာ အပေါဆုံးက ပိုက်ဆံပဲ! ငါသုံးချင်သလောက် သုံးလို့ရတယ်! မင်းတို့ကို နှစ်ခုစီတောင် ဝယ်ကျွေးနိုင်တယ်၊ တစ်ခုကိုစား၊ နောက်တစ်ခုကို လွှင့်ပစ်လိုက်လို့တောင်ရတယ်။"

[T/N: သာ့ယဲ့က အဖွဲ့ထဲမှာ ခေါင်းဆောင်/သူဌေးကိုပြောတာပါ။]

မုသုန်းမှာ ပါးစပ်တောင် ပြန်မစေ့နိုင်အောင် ပျော်ရွှင်သွားခဲ့သည်။

"ဟေး၊ တကယ်ပြောတာ၊ ငါ ဒီနေ့ အဝေးကနေ လှမ်းကြည့်လိုက်တာ... အဲ့ဒီအမျိုးသားက ရှီချန်းယွင်နဲ့ သောက်ကျိုးနည်းကို တူတာ! ငါ့မျက်လုံးတွေ တစ်ခုခုဖြစ်နေတာထင်တယ်၊ ဟုတ်တယ်မလား။ ငါ အရမ်းဂုဏ်ယူခဲ့ရတဲ့ ငါ့ရဲ့အမြင်အာရုံလေးက... ဒီခွေးကောင် ဝမ်သာ့ယွီနဲ့ ညလုံးပေါက် ဂိမ်းတွေဆော့ပါများလို့ ပျက်စီးသွားတာပဲ ဖြစ်ရမယ်..."

ပိုင်ချီတစ်ယောက် အသာအယာ မျက်တောင်ခတ်လိုက်လေသည်။

အခန်းထဲမှာ ပျော်ရွှင်ဖွယ်လေထုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

မုသုန်းတစ်ယောက် စိတ်ထဲကနေ တွေးလိုက်၏—ကျန်းဖန်းချန်အကြောင်းကို ဘယ်သူက ဂရုစိုက်နေမှာလဲ။

ထိုအချိန်တွင် ရှီချန်းယွင်၏ supertopic ၌ ပို့စ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

[ဒီနေ့ ပွဲပြီးပြီးချင်း ရှီကော ကျောင်းထဲမှာ လမ်းလျှောက်နေတာကို ငါ မြင်လိုက်ရတယ်။ ဘေးမှာပါလာတာက လက်ထောက် အာသာ့ဖြစ်မယ်ထင်တယ် [ပုံ]။ တစ်ယောက်ယောက် ငါ့အတွက် အတည်ပြုပေးပါဦး။]

[အဲ့ဒါ အာသာ့ပဲ။]

[အာ၊ တော်သေးတာပေါ့။ ရှီလောင်ရှီး ဒီလိုမျိုး အေးအေးဆေးဆေး လမ်းလျှောက်နေတာကို ငါတို့ ကြုံတောင့်ကြုံခဲ မြင်ရတာပဲ၊ ဟုတ်တယ်မလား။ ငါ သတင်းကြားတာတော့ ပွဲက ၆ နာရီလောက်မှာ ပြီးသွားတာတဲ့။ ဒါဆို ရှီလောင်ရှီးက တော်တော်ကြာကြာ နေသွားတာပဲ။]

[ညီအစ်မရေ၊ နင် ရိုက်ထားတဲ့ဓါတ်ပုံက အရမ်းလှတာပဲ ဝူးဝူးဝူး (စခရင်ကို လျှာနှင့်လျက်နေ)။ မှောင်မည်းနေတဲ့ သစ်တောလေးဘေးမှာ ခံ့ညားထည်ဝါတဲ့ ရှီလောင်ရှီး လမ်းလျှောက်နေတယ်၊ လရောင်က သူ့ပခုံးပေါ် အလင်းဖြာနေပြီး သူက အမှောင်နဲ့အလင်းကြားမှာ ရောက်နေတယ်။ ရှုထောင့်အနေအထားကတော့ လုံးဝ အမိုက်စားပဲ၊ အရမ်းလှတယ်...]

[အပေါ်ထပ်က ညီအစ်မရေ၊ နင်ပြောသွားတာ ထိမိဂွိပဲ!]

အသေးစိတ်ထောက်ပြထားသော ထိုမှတ်ချက်ကြောင့် အားလုံးကလည်း ဓါတ်ပုံကို သေချာကြည့်လိုက်ကြသည်။

ထိုကဲ့သို့ ကြည့်လိုက်ကြတော့မှ ပြဿနာပေါ်လာတော့သည်။

[အရိပ်က ဘာဖြစ်လို့ သုံးခုဖြစ်နေတာလဲ။]

[ဟာ သောက်ကျိုနည်း၊ သောက်ကျိုးနည်း။ ငါ့ရှီကောရဲ့ဘေးမှာ နောက်ထပ်လူတစ်ယောက် ပါလာသလိုပဲ!]

[သူတို့ခန္ဓာကိုယ်အမူအရာကို သေချာကြည့်၊ ရှီလောင်ရှီးရဲ့ခေါင်းက အဲ့ဒီဘက်ကိုစောင်းနေတာ၊ ဘေးကတစ်ယောက် စကားပြောတာကို နားထောင်နေသလိုပဲ။]

Supertopic တွင် ရှားလော့ဟုမ်းများ ထွက်ပေါ်လာချိန်၌ လူတစ်ယောက်က ပို၍ရှင်းလင်းသော ဓါတ်ပုံတစ်ပုံကို ပို့စ်တင်လိုက်သည်။

[ဒါ ရှီလောင်ရှီးဖြစ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ ဝူးဝူးဝူး။ အရမ်းဝေးနေလို့ ငါ ဘေးတစောင်းပုံပဲ ရိုက်လိုက်ရတယ် [ပုံ]]

ဓါတ်ပုံထဲတွင် မီးခိုးရောင်ကုတ်အင်္ကျီ ဝတ်ထားသည့် အမျိုးသားက လူတစ်ယောက်အတွက် ကားတံခါးဖွင့်ပေးနေပြီး အခြားလက်တစ်ဖက်ဖြင့် ခေါင်းမတိုက်မိစေရန် ကားတံခါးအပေါ်ဘက်တွင် ကာပေးထားသည်။ ထိုအမျိုးသား၏ဂရုစိုက်မှုက အလွန်သိသာလွန်းနေ၏။

အခြားတစ်ယောက်ကလည်း ကိုယ်ကိုအနည်းငယ်ကိုင်း၍ ခေါင်းငုံ့ကာ ကားအပြင်သို့ ထွက်ခွာနေခဲ့သည်။

သူ၏မျက်နှာကို သေချာမမြင်ရသော်လည်း သူ၏အဝတ်အစားကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။

သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားပြီး သူ၏ဘေးတစောင်းမျက်နှာထားက လှပနုနယ်နေခဲ့သည်။

ဝေဝါးနေသည့်တိုင် သူက အလွန်ခံ့ညားသော လူငယ်တစ်ယောက်ဖြစ်ကြောင်း ၎င်းတို့တွေ မြင်တွေ့နိုင်ပေ၏။

[ငါတော့ တုံးအသွားပြီ၊ အဲ့ဒါက ဘယ်သူလဲ။]

ရုတ်တရက်ဆိုသလို မယုံကြည်နိုင်စရာခန့်မှန်းချက်တစ်ခုက အတင်းအဖျင်းဖိုရမ်ထဲ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

[ရှီလောင်ရှီးက ဒီနေရာကို တစ်ယောက်ယောက်နဲ့တွေ့ဖို့များ လာတာလား။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment