အပိုင်း (၁၁) - နှစ်ဖက်မိဘများနှင့်တွေ့ဆုံခြင်း (၂)
ကျန်းဖန်းချန်၏မျက်လုံးများက အလွန်မည်းနက်နေ၏။ တစ်စုံတစ်ယောက်က ထိုမျက်လုံးများထဲ စိုက်ကြည့်လိုက်လျှင် အမှောင်ထုဖြင့် ဝါးမျိုခံလိုက်ရသလိုမျိုး ခံစားရစေနိုင်သည်။
မနက်ခင်းလေပြည်က ၎င်းတို့၏မျက်နှာများကို ဖြတ်တိုက်သွား၏။ မူလကတည်းက အေးစက်နေသော ရာသီဥတုဖြစ်သော်လည်း ယခု ကျန်းဖန်းချန်ဆီကနေ စိုက်ကြည့်ခံနေရသဖြင့် ပိုင်ချီ ပိုလို့တောင်အေးစက်သွားသလို ခံစားလိုက်ရသည်။
ဟူး...
ငါ အတွက်မှားသွားတာပဲ။
ဒီလူယုတ်မာကောင်က ကြက်ထက်တောင် အစောကြီး ထလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။
"ချီချီ၊ ကိုယ် မနေ့ကတည်းက ဒီမှာ မင်းကို စောင့်နေတာ။"
ကျန်းဖန်းချန်က အံကြိတ်ကာ ပြောလိုက်၏။
ပိုင်ချီတစ်ယောက် တစ်စက္ကန့်လောက်စဉ်းစားလိုက်ပြီး သူ အဆောင်ထဲ ပြန်လှည့်ပြေးလျှင် မီမှာမဟုတ်တော့ကြောင်း တွေးလိုက်သည်။
ကျန်းဖန်းချန်က ပထမနှစ်နှင့် ဒုတိယနှစ်၌ ဘက်စကတ်ဘောအသင်းဝင်ဖြစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က မုသုန်းတို့လို ထွားထွားကျိုင်းကျိုင်းမဟုတ်သော်လည်း ပိုင်ချီကို ချုပ်နှောင်ဖို့ကတော့ မခက်ခဲပေ။
ပိုင်ချီက မျက်မှောင်ကြုတ်လျက် သူ၏ပခုံးများကို အနည်းငယ်ကျုံ့ကာ တိုးတိုးလေးပြောလိုက်၏။
"ဖယ်ပေး။"
"ဖယ်ပေးပြီးတော့ မင်းကို ဘယ်သွားခိုင်းရမှာလဲ။ အမ်? မင်း အဲ့ဒီယောက်ျားဆီ သွားမလို့လား။"
ပိုင်ချီတစ်ယောက် ကျန်းဖန်းချန်က အဘယ့်ကြောင့် ဤမျှရဲတင်းစွာဖြင့် သူ့ကို လာရှုပ်နေကြောင်း အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
အရူးတစ်ယောက်၏တွေးခေါ်ပုံများက သာမန်လူများနှင့် ကွဲပြားလေ့ရှိပုံပင်။
သူ့အနေဖြင့် အရူးတစ်ယောက်ကို ပုံမှန်အတိုင်းပြုမူဖို့ တောင်းဆိုလို့မရနိုင်ပေ။
ပိုင်ချီက လေအေးများကို နှာခေါင်းထဲသို့ အပြည့်အဝဝင်ရောက်စေရန် လေကို အပြင်းအထန်ရှူသွင်းလိုက်ပြီးနောက် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
ကျန်းဖန်းချန်တစ်ယောက် ချက်ချင်း စိုးရိမ်တကြီးဖြစ်သွားလေ၏။
"မင်း ဘာဖြစ်တာလဲ။ အအေးမိထားတာလား။"
ပိုင်ချီ ခေါင်းပြန်မော့လိုက်ပြီး သူ၏နှာသီးဖျားလေးက အေးလွန်းသဖြင့် နီရဲတွတ်နေခဲ့သည်။ သူ၏မျက်လုံးတစ်ဝိုက်ကတောင် ချောင်းဆိုးလိုက်သဖြင့် နီရဲသွားလေ၏။
"ကျွန်တော် အိမ်ပြန်ဖို့လိုတယ်။"
ကျန်းဖန်းချန်၏နှလုံးသားက ရုတ်တရက်တင်းကျပ်သွားပြီး မေးလိုက်သည်။
"တစ်ခုခုဖြစ်လို့လား။"
ပိုင်ချီက နှုတ်ခမ်းကိုစေ့ထားပြီး ဘာမှမပြောခဲ့ပေ။
ကျန်းဖန်းချန်၏ဦးနှောက်က အနည်းငယ် သတိပြန်ဝင်လာခဲ့သည်။
ပိုင်ချီ ကျောင်းတွင်းအဆောင်၌ နေထိုင်ခြင်းက စာလေ့လာရန်နှင့် နောက်ပိုင်း စာမေးပွဲများအတွက် ပြင်ဆင်ရာ၌ အဆင်ပြေစေရန်ဖြစ်သည်။ အကယ်၍ သူ ရုတ်တရက်ကြီး အိမ်ပြန်ရမည်ဆိုလျှင်... ယင်းက တစ်ခုခုဖြစ်နေသည်ဟု ဆိုလိုခြင်းပင်။
ကျန်းဖန်းချန်က အံကြိတ်ကာ ရွေးချယ်စရာမရှိတော့ဘဲ လမ်းဖယ်ပေးလိုက်ရတော့သည်။
အကယ်၍ သူ ပိုင်ချီ့ကို တားဆီးလိုက်ခြင်းကြောင့် အရေးကြီးကိစ္စတစ်ခုခု နှောင့်နှေးသွားပါက ပိုင်ချီသည် တစ်သက်လုံး သူ့ကို ခွင့်လွှတ်တော့မည်မဟုတ်ပေ။
သူ ပိုင်ချီကို မစွန့်လွှတ်နိုင်ပေ။
ပိုင်ချီက ခရီးဆောင်အိတ်ကိုဆွဲကာ ကျန်းဖန်းချန်အရှေ့ကနေ ဖြတ်သွားခဲ့လေသည်။
ခပ်လှမ်းလှမ်းသို့ ရောက်သွားတော့မှ ပိုင်ချီတစ်ယောက် မျက်နှာရှုံ့လိုက်သည်။
ရဲတိုင်ရင် အဆင်ပြေလောက်မလား။
ထားလိုက်ပါတော့။
ယောကျ်ား၊ မိန်းမကြားက ပြဿနာကိုတောင် တခြားသူတွေက ဖြေရှင်းမပေးနိုင်တာ ယောကျ်ားချင်း ပြဿနာဆို ပိုတောင်ဆိုးဦးမယ်။
ပိုင်ချီက တက္ကစီငှားစီးလိုက်သည်။
ကျန်းဖန်းချန်ကလည်း သူ့အနောက်ကနေ နောက်ထပ်တက္ကစီတစ်စီးငှား၍ ပြောလိုက်သည်။
"အရှေ့ကကားနောက်ကို လိုက်ပေးပါ။"
ပိုင်ချီက အိမ်အရင်ပြန်ကာ ပစ္စည်းတချို့ကို သိမ်းဆည်းလိုက်ပြီးနောက် အိမ်မှာသာ ထိုင်စောင့်နေခဲ့သည်။
စောင့်ဆိုင်းနေစဉ်အတွင်း သူက စာအုပ်ကိုထုတ်ယူကာ စာလေ့လာဖို့ မမေ့ခဲ့ပေ။
ဤရက်ပိုင်းအတွင်း ကျန်းဖန်းချန်က ပိုင်ချီ့စိတ်ထဲမှပုံရိပ်ကို လုံးဝဖျက်ဆီးပစ်လိုက်ပုံပင်။
ကျန်းဖန်းချန်၏ စေ့စပ်ပွဲကိစ္စက သူ စာလေ့လာခြင်းကိုတောင် မနှောင့်ယှက်နိုင်တော့ပေ။
ပိုင်ချီတစ်ယောက် ၁၁ နာရီအထိ စောင့်ဆိုင်းခဲ့၏။ အချိန်ကျသောအခါ သူက ရှန်းကွမ်းဆီဖုန်းဆက်၍ သူ၏လိပ်စာပြောင်းသွားကြောင်း သတိပေးလိုက်သည်။
"အာ၊ ဟုတ်ပြီ။ ခဏနေရင် မင်းကိုလာကြိုမဲ့လက်ထောက်က ရှောင်လင်းတဲ့။ ငါ သူ့ကို မင်းရဲ့ဖုန်းနံပါတ် ပေးထားပြီးပြီ၊ သူ အဲ့ကိုရောက်ရင် ဖုန်းဆက်လိမ့်မယ်။"
ရှန်းကွမ်းက အလွန်အလုပ်ရှုပ်နေပုံရကာ သူ့ကိုပြန်ဖြေပြီးနောက် အလျင်အမြန်ဖုန်းချသွားခဲ့သည်။
ပိုင်ချီကလည်း စိတ်မရှိပေ။
၎င်းတို့က ဖျော်ဖြေရေးလောကထဲမှဖြစ်ရာ၊ ခြေမနား လက်မနား အလုပ်ရှုပ်နေမည်မှာ သေချာပေသည်။
ရှန်းကွမ်းနှင့်ဖုန်းပြောပြီး နာရီဝက်အကြာမှာ ရှောင်လင်း၏ဖုန်း ဝင်လာခဲ့သည်။
ရှောင်လင်းက ရှီချန်းယွင်၏စတူဒီယိုကို ရောက်လာသည်မှာ မကြာသေးပေ။ အခြားလူများအားလုံး အလုပ်ရှုပ်နေသောကြောင့် ၎င်းတို့မှာ တခြားရွေးချယ်စရာမရှိဘဲ သူ့ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
ရှောင်လင်းတစ်ယောက် ပေးထားသောလိပ်စာအတိုင်း အထဲသို့လျှောက်လှမ်းသွားရင်း သူ့ဘာသာသူ ရေရွတ်နေခဲ့၏။
"ဒီနေရာက တကယ်ကို ခေါင်တာပဲ။"
ရှောင်လင်းတစ်ယောက် လှေကားအနည်းငယ် တက်ပြီးနောက် အနည်းငယ် မောဟိုက်လာခဲ့သည်။
ဒီနေ့ လာခေါ်ရတဲ့သူက ဘယ်လိုလူမျိုးပါလိမ့်။
ဒုက္ခပဲ။
ရှီလောင်ရှီးက ဒီလိုနေရာမျိုးမှာ နေတဲ့လူကိုတောင် သိတာလား။
ရှောင်လင်းက လက်မြှောက်၍ တံခါးခေါက်လိုက်ရာ တံခါးက ချက်ချင်းပွင့်လာခဲ့သည်။
"ရှောင်လင်းလား။"
"အာ။"
ရှောင်လင်းတစ်ယောက် တစ်ချက်အော်လိုက်ပြီးနောက် တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို သွားကြစို့၊ ငါ ထုပ်ပိုးပြီးသွားပြီ။"
ပိုင်ချီက ခရီးဆောင်အိတ်ကို ဆွဲထုတ်လာရာ ရှောင်လင်းက အမြန်ရှေ့တက်၍ ကူသယ်ပေးလိုက်သည်။
ပိုင်ချီက အရှိန်အပြည့်ဖြင့် လှုပ်ရှားခဲ့သည်။ သူက အောက်ထပ်သို့ဆင်းကာ ကားပေါ်တက်၍ ချင်ချင်းထွက်ခွာသွားခဲ့ရာ ကျန်းဖန်းချန် သတိဝင်လာချိန်၌ လူတောင် မရှိတော့ပေ။
အဲ့ဒီကားက... နည်းနည်... ရင်းနှီးနေသလိုပဲ။
ကျန်းဖန်းချန်က မျက်မှောင်ကြုတ်လိုက်၏။
ဘယ်မှာ မြင်ဖူးတာပါလိမ့်၊ ဘယ်မှာလဲ...
ရှီချန်းယွင်ရဲ့ ကားဂိုဒေါင်ထဲမှာပဲ!
ထိုနာမည်ကို တွေးလိုက်မိသည်နှင့် ကျန်းဖန်းချန်၏နှလုံးသားထဲ ဒုတ်ခနဲဖြစ်သွားပြီး အလိုလို ကြောက်ရွံ့လာခဲ့သည်။
ထိုကြောက်ရွံ့မှုကို သူ ဖျောက်ဖျက်နေစဉ်အတွင်း သူ၏ဖုန်းက မြည်လာခဲ့၏။ ဟန်စီက သူ့ကို ရှာနေခြင်းပင်။
ကျန်းဖန်းချန်မှာ ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားခဲ့ရသည်။
ရှောင်လင်းက မောင်းသူနေရာ၌ ဝင်ထိုင်လိုက်ပြီးနောက် ရှန်းကွမ်းကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ထိုအခါမှ ရှန်းကွမ်းက သူ သွားရမည့်နေရာကို ပြောပြခဲ့သည်။
ပိုင်ချီလည်း ဝင်နားထောင်လိုက်သည်။
လိပ်စာက ယိဥယျာဉ်မြို့တော်ဖြစ်သည်။
ယိဥယျာဉ်မြို့တော်က ကျင်းမြို့၌ အလွန်ကျော်ကြား၏။ နာမည်ကြီး မင်းသားမင်းသမီးများနှင့် အိုင်ဒေါများသာမက သူဌေးကြီးများကပါ ထိုနေရာ၌ အိမ်ခြံမြေများဝယ်ယူထားကြသည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း အကျော်ကြားဆုံး အိမ်ခြံမြေနေရာတစ်ခုဖြစ်လာခဲ့ပြီး အိမ်တစ်လုံးလျှင် သန်းရာချီ တန်ကြေးရှိပေသည်။
ရှောင်လင်းနှင့် ရှန်းကွမ်းတို့ ဖုန်းပြောပြီးနောက် သိပ်မကြာခင် ပိုင်ချီ ရှီချန်းယွင်ဆီကနေ ဖုန်းလက်ခံရရှိခဲ့သည်။
ပိုင်ချီတစ်ယောက် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။
ရှန်းကွမ်းနဲ့ပဲ ဆက်သွယ်လိုက်ရင် ရပြီမဟုတ်ဘူးလား။
သို့သော်လည်း သူက ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို။"
ဖုန်းတစ်ဖက်မှ ရှီချန်းယွင်၏အသံ ထွက်ပေါ်လာခဲ့ပြီး သူက အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရ၏။
"မင်းကို လာကြိုပြီလား။"
"အင်း၊ ကျွန်တော်တို့ အခု လမ်းမှာရောက်နေပြီ။"
"ကိုယ် သော့ကတ်ကို အိမ်ခြံမြေစီမံခန့်ခွဲရေးရုံးမှာ ထားခဲ့တယ်၊ ကိုယ် မင်းရောက်လာမဲ့အကြောင်းကို ကြိုပြောထားပြီးပြီ။ မင်း ရောက်တဲ့အခါ ဝန်ထမ်းတွေက မင်းရဲ့အထောက်အထားကို မယုံရင်..."
ပိုင်ချီက သူ့စကားကို ဆက်ပြောလိုက်လေ၏။
"ကျွန်တော် လက်ထပ်စာချုပ်ကို ထုတ်ပြလိုက်ရမလား။"
ရှီချန်းယွင်က သဘောကျသွားလေ၏။
"အင်း၊ ရတာပေါ့။"
ပိုင်ချီက ပြောလိုက်သည်။
"ဘိုင့်ဘိုင်။"
ရှီချန်းယွင်က 'ဘိုင့်ဘိုင်' ဟု ပြန်ပြောမည်အပြု ပိုင်ချီက ကမန်းကတန်းပြောလိုက်သည်။
"အာ၊ ခဏလေး၊ ကျွန်တော် အခုလောလောဆယ် ကျောင်းကို မပြန်သေးဘူး။"
သူက ရှောင်လင်း ကြားသင့်၊ မကြားသင့် မသေချာသဖြင့် အသံကိုလျှော့လိုက်ပြီး ချစ်သူချင်း တီးတိုးပြောနေသကဲ့သို့ တိုးတိုးလေး မေးလိုက်သည်။
"အဲ့ဒါ အဆင်ပြေရဲ့လား။"
သူ၏အသံက တိုးလွန်းသဖြင့် ဖုန်းထဲမှ ထွက်ပေါ်လာသောအခါ ချစ်စရာကောင်းသလို ဟန်ဆောင်နေသည့်အလား အနည်းငယ်ဆူပုတ်ပုတ်လေး ဖြစ်နေခဲ့သည်။
ပိုင်ချီက ပိတ်ရက်အတွင်းမှာသာ နေရန် စီစဉ်ထားခြင်းမဟုတ်ဘဲ ရက်အနည်းငယ်လောက် ပိုပြီးနေထိုင်ချင်နေ၏။
ရှီချန်းယွင်က သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ရှီချန်းယွင်၏နားရွက်များက ယားယံသွားပြီး မသိစိတ်အရ ဖုန်းကို အခြားတစ်ဖက်သို့ ပြောင်းကိုင်လိုက်သည်။
"ဒါပေါ့၊ အဆင်ပြေပါတယ်။"
ပိုင်ချီက အခြေအနေကို ဖန်တီးယူရသည်အား ကျွမ်းကျင်ပေသည်။
ရှီချန်းယွင်၏နားထဲ ပိုင်ချီခေါ်ခဲ့သော 'ကျွန်တော့်လောင်ကုန်း' ဆိုသည့်အသံက ပဲ့တင်ထပ်နေဆဲပင်။
ရှီချန်းယွင်က မသိစိတ်အရ ထိုင်ပုံထိုင်နည်းကို ပြောင်းလဲလိုက်၏။
"လိုအပ်တာရှိရင် ရှောင်လင်းကို ချက်ချင်းပြောပြီး၊ ဒီနေ့ပဲ အကုန်ဝယ်ခိုင်းလိုက်နော်။ ကိုယ် ညဘက် ပြန်လာဖြစ်ချင်မှ ပြန်လာဖြစ်မယ်။"
ပိုင်ချီက ပြန်ဖြေလိုက်၏။
"အွန်း အွန်း။ ဒါဆို ဒါပဲနော်၊ ဘိုင့်ဘိုင်..."
ယခုတစ်ခေါက်မှာတော့ ရှီချန်းယွင်က ခေါ်လိုက်သည်။
"ခဏ။"
ရှီချန်းယွင်က မျက်လွှာချလိုက်ပြီး သူ၏မျက်ဝန်းထဲမှ နက်ရှိုင်းသောအရောင်များကို ဖုံးကွယ်လိုက်သည်။ သူက လက်ချောင်းထိပ်များကို ပွတ်သပ်ရင်း တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။
"ကျန်းဖန်းချန် ဒီနေ့ မင်းကို ထပ်လာရှာတာလား။"
ပိုင်ချီတစ်ယောက် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ရှီချန်းယွင်က ဒီလောက်တောင် အကင်းပါးတာလား။
ပိုင်ချီက ဖြေလိုက်သည်။
"အင်း။"
ဖုန်း၏အခြားတစ်ဖက်မှ ရုတ်တရက် တစ်မိနစ်၊ နှစ်မိနစ်လောက် တိတ်ဆိတ်သွားခဲ့သည်။ ရှီချန်းယွင်က ဖုန်းကိုချမသွားဘဲ အခြားသူတစ်ယောက်နှင့် စကားလှည့်ပြောနေပုံပင်။
ရိုးရှင်းသော စကားအနည်းငယ်ပြောပြီးနောက် ရှီချန်းယွင်က ဖုန်းထဲကနေ ပိုင်ချီကို ပြောလိုက်သည်။
"ဒီလိုလုပ်၊ မနက်ဖြန် ကိုယ်တို့ အတူတူထမင်းသွားစားကြမယ်။"
ပိုင်ချီက ပြန်ဖြေလိုက်၏။
"ဟုတ်ပြီလေ။"
သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"ဘယ်သွားစားမှာလဲ။"
ရှီချန်းယွင်က ပြောလိုက်သည်။
"ကိုယ်တို့က လက်ထပ်လိုက်ပြီဆိုတော့ နှစ်ဖက်မိဘတွေကိုတော့ တွေ့ရမှာပေါ့။"
ပိုင်ချီတစ်ယောက် ထိတ်လန့်သွားလေသည်။
ကျွန်တော့်မိဘတွေကို သွားတွေ့မလို့လား။ အင်း၊ အဲ့လိုဆို ခင်ဗျားတော့ ခြေထောက်ကျိုးသွားတော့မှာပဲ။
"ကျန်းဖန်းချန်က သူ့အဖေကို ဝက်သတ်သမားပါဆိုပြီး မင်းကို လိမ်ပြောခဲ့တာ..."
ရှီချန်းယွင်က ထိုနေရာသို့ရောက်သောအခါ ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"သူ မင်းကို ကျန်းအိမ်တော်ဆီ ခေါ်မသွားဖူးလောက်ဘူး။"
ထ်ုအခိုက်အတန့်မှာမှ ပိုင်ချီ သဘောပေါက်သွားတော့သည်။
ဩော်...
ရှီချန်းယွင်က သူ့ကို ကျန်းအိမ်တော်ဆီ ထမင်းသွားစားရန် ခေါ်ဆောင်သွားချင်နေခြင်းဖြစ်၏။
ပိုင်ချီက ချိုသာစွာဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါဗျ။"
သူက အလွန်တရာ ပရော်ဖက်ရှင်နယ်ဆန်သဖြင့် မနက်ဖြန် ဖေဖေကျန်းက ဒေါသထွက်ပြီး ကုလားထိုင်ဖြင့် ပစ်ပေါက်ရိုက်နှက်ပါက သူ ရှီချန်းယွင်၏အရှေ့ကနေ သေချာပေါက် ကာကွယ်ပေးလိုက်မည်။
နောက်ဆုံး၌ နှစ်ဦးသား ဖုန်းချလိုက်ကြလေသည်။
ရှောင်လင်းမှာ ချိုမြိန်လွန်းသဖြင့် သူ့တစ်ကိုယ်လုံးတောင် ယားယံနေခဲ့ရှာသည်။
ကားက ယိဥယျာဉ်မြို့တော်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ပိုင်ချီက သော့ကတ်ကို အလွယ်တကူရရှိခဲ့ပြီး အိမ်ခြံမြေ ဝန်ထမ်းများကလည်း သူ၏အချက်အလက်များကို ဂရုတစိုက် မှတ်တမ်းတင်ခဲ့ကြသည်။
အိမ်ပိုင်ရှင်၏နာမည်အနောက်တွင် သူ့နံမည်ကိုပါ ထပ်ဖြည့်လိုက်သည်အား ပိုင်ချီ စိုက်ကြည့်နေခဲ့သည်။
ပိုင်ချီက အသာအယာ စုတ်သပ်လိုက်မိ၏။
အာ... ဒါက လတ်လျားလတ်လျားနေတဲ့သူတစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုးလား။
ရှီချန်းယွင်က အမှန်ကို စေ့စေ့စပ်စပ် စဉ်းစားပေးတတ်သူဖြစ်ကြောင်း သူ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သူ့မှာ ပရိသတ်တွေ အများကြီးရှိတာ မဆန်းတော့ပါဘူး။
သူ့ကို ဘယ်သူက မကြိုက်ဘဲနေနိုင်မှာလဲ။
ရှီချန်းယွင် ဝယ်ယူထားသည်မှာ ယိဥယျာဉ်မြို့တော်၏ ထိပ်ဆုံးဗီလာဖြစ်သည်။
ဆိုလိုသည်မှာ တိုက်တစ်လုံး၏ အမြင့်ဆုံးသုံးထပ်နှင့် ခေါင်မိုးထပ်ဥယျာဉ်အပါအဝင် အားလုံးကို ပေါင်းစည်းထားသော ဗီလာဖြစ်သည်။
ရှောင်လင်းက သူ့ကို အပေါ်ထပ်သို့ ပို့ဆောင်ပေးပြီး ခရီးဆောင်အိတ်များကို ကူသယ်ပေးခဲ့သည်။ ထို့နောက် သူက မနားတော့ဘဲ ပစ္စည်းများဝယ်ယူပေးရန် ထွက်ခွာသွားခဲ့လေသည်။
***
Aurora Novel Translation Team