no

Font
Theme

အပိုင်း (၁၃) - နှစ်ဖက်မိဘများနှင့်တွေ့ဆုံခြင်း (၄)

ဖေဖေကျန်းက ရုတ်တရက် သတိဝင်လာခဲ့ပြီး အိမ်တော်ထိန်းကို အမြန်ခေါ်လိုက်သည်။

"အခုချက်ချင်း ဒုတိယသခင်လေးဆီ ဖုန်းဆက်ပြီး..."

သူ့ကို ပြန်မလာနဲ့လို့ ပြောလိုက်။

မဖြစ်သေးဘူး၊ အဲ့လိုပြောလိုက်ရင် အရမ်းသိသာသွားလိမ့်မယ်။ ဟန်စီလည်း သံသယဖြစ်သွားလိမ့်မယ်။

ဒါဆို သူ ဘယ်လိုပြောရမလဲ။

ဖေဖေကျန်းတစ်ယောက် ဤကဲ့သို့သောအခက်အခဲမျိုးနှင့် မကြုံတွေ့ရသည်မှာ ကြာနေလေပြီ။

သူက လက်ထဲမှတုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပြီး အားစိုက်လွန်းသဖြင့် အနှီတုတ်ကောက်က မြေကြီးထဲကိုတောင် စိုက်ဝင်သွားတော့မလိုပင်။

ရှီချန်းယွင်က ပိုင်ချီ၏လက်ကိုဆွဲကာ အခြားဆိုဖာတစ်ခုဆီ တိုက်ရိုက်လျှောက်သွားလိုက်သည်။

"ထိုင်လိုက်ဦး။"

ပိုင်ချီက ပြန်ဖြေလိုက်၏။

"အင်း။"

ဟူလီကျင်းအဖြစ် သရုပ်ဆောင်ရမှာလား၊ ဒီလောက်ကတော့ အေးဆေးပါ။

ဖေဖေကျန်း၏ ထူးဆန်းသောအပြုအမူကြောင့် ဧည့်ခန်းထဲမှ လေထုက အေးစက်သွားခဲ့ပြီး မည်သူကမှ စကားမပြောကြတော့ပေ။

ပိုင်ချီက သူ၏လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ဒါဆို ငါ့အလှည့် ရောက်ပြီပေါ့။

ပိုင်ချီက ရှီချန်းယွင်ကို လှည့်ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်လေ၏။

"ကျွန်တော် စပျစ်သီး စားချင်တယ်။"

အိမ်အကူက အကင်းပါးပေ၏။ သူ(မ)က ချက်ချင်းဆိုသလို စပျစ်သီးများကို ဆေးကြော၍ ယူဆောင်လာခဲ့သည်။

ပိုင်ချီက ပြောလိုက်သည်။

"ကျွန်တော်က အခွံမစားဘူး။"

ရှီချန်းယွင်က အသာအယာပြုံးလိုက်ပြီး ထိုအပြုံးက သူ၏မျက်လုံးများထဲထိ ရောက်ရှိသွားခဲ့သည်။ သူက ပိုင်ချီကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ပြန်ဖြေပေးလိုက်၏။

"ကောင်းပါပြီ။"

ရှီချန်းယွင်က ပိုင်ချီအတွက် စပျစ်သီးအနည်းငယ်ကို အခွံခွာပေးလိုက်သည်။

ထို့နောက် ပိုင်ချီက သရက်သီး ထပ်စားချင်ပြန်၏။

ထို့ကြောင့် ရှီချန်းယွင်က သူ့အတွက် သရက်သီးလှီးပေးလိုက်သည်။ သူ၏လက်ချောင်းများက လှပလွန်းသဖြင့် သူ ဓါးကိုင်ထားသည်မှာ အနုပညာလက်ရာတစ်ခုလို ဖြစ်နေ၏။ ဟန်စီ၏မျက်လုံးများတောင် မသိစိတ်အရ ဆွဲဆောင်ခံလိုက်ရသည်။

ဖေဖေကျန်းမှာ ကြည့်ရင်းကြည့်ရင်း နှလုံးရောဂါထဖောက်တော့မလို ခံစားခဲ့ရသည်။

သူ ဤမျှရဲတင်းသော မိစ္ဆာမျိုးကို မမြင်ဖူးခဲ့ပေ!

ရှီချန်းယွင်က မကြောက်ဘူးလား။

ပိုင်ချီတစ်ယောက် သစ်သီးများကို လျှောက်စားနေခဲ့သည်။ သူက အများဆုံးမှ နှစ်လုတ်လောက်သာစားပြီး သူ၏ချေးများမှုကို အစွမ်းကုန် ဖော်ထုတ်ပြသလိုက်သည်။

ထို့နောက်မှာတော့ သူက TV ထပ်ကြည့်ချင်နေပြန်သည်။

ဖေဖေကျန်းမှာ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။ ငါ့ကို ဒေါသထွက်အောင်လုပ်ဖို့ ဒီလိုကောင်မျိုးကို တမင်ခေါ်လာတာလား။"

ဒီလိုကောင်မျိုးက ရုပ်ရည်တစ်ခုပဲ သုံးစားလို့ရတာ!

ဖေဖေကျန်းမှာ အံကြိတ်ကာ ဟန်ကိုယ့်ဖို့လည်း မတတ်န်ုင်တော့ပေ။

"သူ့လိုလူမျိုးက ဘာကောင်းလို့လဲ။ သူက မင်းရဲ့ပိုက်ဆံ၊ မင်းရဲ့အဆင့်အတန်း၊ မင်းရဲ့ရာထူးတွေကိုပဲ မက်မောနေတာ..."

လာပြီ!

ဒီပြဇာတ်ကို ငါ ဆက်ကလို့ရပြီ!

ပိုင်ချီက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ဖေဖေကျန်းက မျက်နှာပျက်ကာ မေးလိုက်၏။

"မင်း ဘာလုပ်တာလဲ။"

ဒီကောင်လေးက ရှီချန်းယွင်အားကိုးနဲ့ ငါ့ကို ရိုက်မလို့တော့ မဟုတ်ပါဘူးနော်။

ဖေဖေကျန်းလည်း အတပ်မပြောနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှီချန်းယွင်သည် ဟိုးအရင်တည်းက သူ့ကို ဖခင်တစ်ယောက်အဖြစ် မသတ်မှတ်တော့သည့်အတွက်ကြောင့်ပင်။ ဤဟူလီကျင်းကလည်း ရှီချန်းယွင်၏လွှမ်းမိုးမှုအောက်မှာ သူ့ကို ဂရုစိုက်မည်မဟုတ်ပေ။

ဖေဖေကျန်းက ဒေါသတကြီးဖြင့် အော်လိုက်၏။

"ရှီချန်းယွင်! မင်း သတိထားစမ်း..."

သူ သူ၏သားကြီးကို 'မင်း သေချာကြည့်လိုက်စမ်း၊ မင်းကိုယ်မင်း သေချာကြည့်စမ်း။ မင်းက ယဉ်ကျေးသိမ်မွေ့တဲ့အရေကို ခြုံထားတဲ့ သွေးအေးတဲ့မိစ္ဆာတစ်ကောင်ပဲ။ ဘယ်သောက်ကျိုးနည်းကောင်က မင်းကို တကယ်ကြိုက်မှာလဲ၊ ဒီလိုကောင်လေးမျိုးနဲ့ ငါတို့ကို ဒေါသထွက်အောင် လုပ်လို့ရမယ် ထင်နေတာလား' ဟုတောင် ပြောချင်နေခဲ့သည်။

သို့သော် ဖေဖေကျန်း၏စကားမဆုံးသေးခင် ပိုင်ချီက ရှီချန်းယွင်၏ပေါင်ပေါ်သို့ ခွထိုင်လိုက်လေ၏။ သူ ထိုင်ချလိုက်ချိန်မှာ သူ၏တင်ပါးက အနည်းငယ်ချောကာ ရှီချန်းယွင်ပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။

ရှီချန်းယွင်၏မျက်ဆံများက မည်းနက်သွားပြီး လက်မြှောက်၍ ပိုင်ချီ၏ခါးကို ထိန်းပေးကာ ပိုင်ချီ့ကို ကောင်းကောင်းထိုင်လို့ရအောင် ကူညီပေးခဲ့သည်။

ပိုင်ချီက ချက်ချင်းဆိုသလို လက်ဆန့်ထုတ်၍ ရှီချန်းယွင်၏လည်တိုင်ကို သိုင်းဖက်လိုက်ပြီး ရှီချန်းယွင်၏ပခုံးပေါ်သို့ ချွဲချွဲနွဲ့နွဲ့ မှီလိုက်လေ၏။ ထို့နောက် သူက တီးတိုးပြောလိုက်သည်။

"သူနဲ့ပတ်သက်တဲ့ အရာအားလုံးက ကောင်းတယ်၊ သူ ဘာပဲလုပ်လုပ် ကျွန်တော် သဘောကျတယ်။ ဦးလေးကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ သူ့လိုလူမျိုးက နည်းနည်းပဲရှိတာကို...

အိုး၊ ဒါမှမဟုတ် သူက ကျွန်တော့်အရှေ့မှာပဲ အကုန်ထုတ်ပြလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲ။ ဦးလေး တစ်ခါမှ မမြင်ဖူးဘူးလား။ ဦးလေးက သူ့အဖေ မဟုတ်ဘူးလား။"

ဒါကြီးက အရမ်းကို မူပိုလွန်းလိုက်တာ။

ငါ့ကိုယ်ငါ လက်မထောင်တယ်!

ပိုင်ချီတစ်ယောက် စိတ်ထဲကနေ သူ့ကိုယ်သူအတွက် လက်ခုပ်တီးလိုက်သည်။

ဖေဖေကျန်းက သူ့ရင်ဘတ်သူ ဖိကိုင်လိုက်သည်။

"ဟား..."

ဟန်စီ: "..."

သူ(မ) ပိုင်ချီကို နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဒီအိမ်ကို ပထမဦးဆုံးအကြိမ် ညစာလာစားတဲ့ ဒီ 'ချွေးမ' က သူ(မ)ရဲ့ ပထမဆုံးအကြိမ်တုန်းကထက်တောင် ပိုပြီး ရဲတင်းနေသေးတယ်။

ရှီချန်းယွင်မှာ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

သူ့ဘဝမှာ ချီးကျူးမှုများစွာကို ကြားဖူးခဲ့သည်။

သူ့မှာ ပရိသတ်များစွာရှိပြီး ၎င်းတို့တော်တော်များများက သူ့ကို မည်သို့မြှောက်ပင့်ရမလဲ သိကြသည်။ သို့သော် ပိုင်ချီ၏နှုတ်မှ ထွက်ပေါ်လာသောအခါ ယင်းက ပို၍အဓိပ္ပါယ်ရှိသလို ခံစားလိုက်ရသည်။

သူ ကျန်းဖန်းချန်ဆိုသည့် အမှိုက်ကောင်၏ဘေးကနေ ရတနာတစ်ပါးကို အမှန်တကယ် တူးဖော်ရရှိလိုက်သလိုပင်။

ဖေဖေကျန်းက ရှီချန်းယွင်၏ရယ်သံကို ကြားလိုက်ရသောအခါ ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။

ထိုစဉ် မီးဖိုချောင်တံခါး ပွင့်သွားခဲ့ပြီး လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။ သူ(မ)က သဘာဝမကျသောအသံဖြင့် ပြောလိုက်သည်။

"အစားအသောက်တွေ၊ အစားအသောက်တွေ အဆင်သင့်ဖြစ်ပြီ... ချန်းယွင်ပြန်လာမယ်ဆိုတာ သိလို့ တမင်သက်သက်ကို ကိုယ်တိုင်ချက်ပြုတ်ထားတာလေ။"

ထိုအခါမှ ဖေဖေကျန်းက ဒေါသကို ထိန်းချုပ်လိုက်ပြီး ထပ်မံမပေါက်ကွဲတော့ပေ။

ရှီချန်းယွင်က အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော့်ကိုခေါ်တဲ့အခေါ်အဝေါ်က မှားနေသလိုပဲ။"

ထိုအမျိုးသမီးက နေရာမှာတင်ရပ်နေရင်း မျက်နှာကြီးနီရဲလာပြီး သူ့ကို ပြောင်းလဲခေါ်ဆိုလိုက်သည်။

"အင်း၊ အကြီးဆုံးသခင်လေး ပြန်လာမယ်ဆိုတာ သိလို့..."

ဖေဖေကျန်းက စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။

"ကဲပါ၊ ကဲပါ၊ မပြောနဲ့တော့။ ဟန်စီရှေ့မှာ အရှက်မကွဲစေနဲ့။ သွားမယ်၊ ထမင်းစားခန်းထဲ သွားကြစို့။"

ပိုင်ချီတစ်ယောက် ၎င်းတို့ကြားမှ ဆက်ဆံရေးများကို တစ်နည်းနည်းဖြင့် ဖော်ထုတ်နိုင်ခဲ့သည်။

ဤအမျိုးသမီးက ရှီချန်းယွင်၏ဘဝမှာ မိထွေးကဏ္ဍကနေ ပါဝင်ကပြနေသူဖြစ်နိုင်၏။

ပိုင်ချီတစ်ယောက် အတွေးများနေစဉ်အတွင်း ရုတ်တရက် မြှောက်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှီချန်းယွင်က သူ့ကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်လေသည်။

အာ၊ ဒီလက်မောင်းအားကတော့!

ရှီချန်းယွင်က သူ၏ခါးမှ တွန့်ကြေသွားသောအဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ သူ့ကို အောက်ပြန်ချပေးလိုက်၏။

ပိုင်ချီမှာ သူ့ကို တိုက်ရိုက်ကြီးနမ်းရန် ရှက်ရွံ့နေသေးသဖြင့် ရှီချန်းယွင်၏ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်ပြီး သူ၏ရင်ဘတ်နှင့် နှစ်ချက်လောက် ပွတ်သပ်လိုက်သည်။

ယင်းမှာ ကြောင်ပေါက်လေး ချွဲနေသကဲ့သို့ပင်။

ပိုင်ချီက နှုတ်ကနေ 'မွ၊ မွ' ဟု အသံပြုလိုက်ပြီးမှ ခေါင်းပြန်မော့လိုက်သည်။

ဖေဖေကျန်း: "..."

ဒါကို ထပ်မကြည့်နိုင်တော့ဘူး။

ငါ မကြာခင် မျက်စိကန်းတော့မယ်! ဒေါသထွက်လွန်းလို့ သေတော့မယ်!

ရှီချန်းယွင်တစ်ယောက် သူ၏လက်ချောင်းများကို အချင်းချင်း ပွတ်သပ်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာခဲ့သည်။

ပိုင်ချီရဲ့ခေါင်းလေးက ကိုင်လို့သိပ်ကောင်းမှာပဲ...

လူတိုင်း အပြင်ပန်းတည်ငြိမ်မှုကို ထိန်းသိမ်းလျက် ထမင်းစားခန်းထဲ သွားလိုက်ကြသည်။

အမျိုးသမီးက သူ့ကို 'ချန်းယွင်' ဟု ထပ်မခေါ်ရဲတော့ဘဲ ထမင်းစားနေစဉ်တစ်လျှောက်လုံး 'အကြီးဆုံးသခင်လေး' ဟုသာ ခေါ်တော့သည်။ သူ(မ)က အိမ်အကူတစ်ယောက်ကဲ့သို့ ပြုမူကာ ထရပ်လိုက်ပြီး ရှီချန်းယွင်အတွက် ဝိုင်ငှဲ့ပေးလိုက်၏။ သူ(မ)က ပိုင်ချီ့ဘေးသို့ ရောက်သောအခါ သူ့အတွက်ပါ ဝိုင်ငှဲ့ပေးရန် ပြင်လိုက်သည်။

"သူ့အတွက် ဘာလို့ ငှဲ့ပေးနေတာလဲ!"

"သူက ဝိုင်မသောက်ဘူး၊ နွားနို့ပဲ။"

ဖေဖေကျန်းနှင့် ရှီချန်းယွင်တို့က တစ််ချိန်တည်းနီးပါး ပြောလိုက်ကြသည်။

အမျိုးသမီးက ထိုနေရာ၌ တောင့်တောင့်ကြီးရပ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် အိမ်တော်ထိန်းရောက်လာပြီး သတင်းပေးလာခဲ့၏။

"ဒုတိယသခင်လေး ပြန်ရောက်ပါပြီ။"

အမျိုးသမီး၏မျက်နှာက ဝင်းပသွားလေ၏။

"ဟန်စီ၊ မြန်မြန်သွားလေ။"

ဟန်စီက မချိပြုံး ပြုံးလိုက်ပြီး ထရပ်ကာ ပျင်းရိစွာဖြင့် ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။ သူ(မ)က သူ့ကို အမှန်တကယ်သွားကြိုရန် အစီအစဉ်မရှိပေ။

ကျန်းဖန်းချန်၏ခြေလှမ်းများက မြန်ဆန်သဖြင့် ခဏချင်းအတွင်း ထမင်းစားခန်းဆီသို့ ရောက်လာ၏။ သူ၏အသံက တံခါးဝကနေ ထွက်ပေါ်လာခဲ့သည်။

"သာ့ကော*က ကောင်မလေးကို အိမ်ခေါ်လာတယ်လို့ ကြားတယ်။"

[T/N: သာ့ကော - အစ်ကိုကြီး။]

သူက ထိုသို့ပြောပြီးသည်နှင့် ထမင်းစားခန်းထဲ ဝင်လာခဲ့လေသည်။

ကျန်းဖန်းချန်တစ်ယောက် ထိုနေရာ၌ ငြိမ်သက်သွားခဲ့သည်။

ဖေဖေကျန်းက ကိုယ့်နဖူးကိုယ် လက်ဖြင့်ဖိလိုက်၏။

ဒီနေ့ ဒီလိုဖြစ်မယ်ဆိုတာသာသိရင် ဟန်စီကို ခေါ်ခဲ့မှာ မဟုတ်ဘူး... ကျန်းဖန်းချန် စိတ်အေးအေးထားနိုင်ဖို့ မျှော်လင့်ရတော့မှာပဲ...

ဖေဖေကျန်း၏အတွေးများ တစ်ဝက်တောင်မရောက်သေးခင် ကျန်းဖန်းချန်၏မျက်နှာက သရဲတစ်ကောင်လို မည်းမှောင်သွားခဲ့လေသည်။

သူက ခြေလှမ်းကျဲများဖြင့် အရှေ့သို့လျှောက်လာပြီး ထမင်းစားပွဲပေါ်မှ ပစ္စည်းအားလုံးကို တိုက်ရိုက်လှန်မှောက်ပစ်လိုက်သည်။

"ဒါ ဘာလုပ်နေကြတာလဲ!"

ကျန်းဖန်းချန်က အလွန်ဒေါသထွက်နေခဲ့သည်။

ဟန်စီကလည်း သူ့ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေမိ၏။ ကျန်းဖန်းချန်၏ ဤသို့သောပုံစံမျိုးကို သူ(မ) တစ်ခါမှ မမြင်ဖူးပုံပင်။

အမျိုးသမီးကြီးက ကြောင်အမ်းသွားခဲ့သည်။ ထို့နောက် မျက်လုံးများထဲမှ မျက်ရည်စက်ကြီးနှစ်စက် စီးကျလာခဲ့သည်။

သူ(မ)က လက်ကိုဆန့်ထုတ်ကာ ကျန်းဖန်းချန်၏လက်ကို ဆုပ်ကိုင်ရန် အစွမ်းကုန်ကြိုးစားရင်း ပြောလိုက်လေသည်။

"ချန်ချန်၊ ဘာဖြစ်တာလဲ။ အဲ့လို မလုပ်ပါနဲ့၊ မင်းရဲ့သာ့ကောက လူတစ်ယောက်ခေါ်လာတာကို မင်းက ဝမ်းသာရမှာပေါ့..."

သူ(မ)က ကျန်းဖန်းချန်အား အခြေအနေကို သတိထားမိစေရန် သွယ်ဝိုက်ပြောဆိုနေခဲ့သော်လည်း ထိုစကားက မီးလောင်ရာလေပင့် ဖြစ်သွားခဲ့လေသည်။

ကျန်းဖန်းချန်က သူနှင့်လက်လှမ်းမီရာ ပစ္စည်းတစ်ခုကို ဆွဲယူ၍ ရိုက်ခွဲပစ်လိုက်သည်။

ပိုင်ချီက လေကို အသာအယာရှူသွင်းလိုက်သည်။

...ကျန်းဖန်းချန်က ဒီလောက်ထိရူးနေမှန်း သူ ဘာဖြစ်လို့ အရင်က မသိခဲ့ရတာလဲ။ သူက သူ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်သလိုပဲ။

ဖေဖေကျန်းက အံကြိတ်ကာ ပြောလိုက်သည်။

"မင်း ကျေနပ်ပြီလား၊ တခြားသူတွေရှေ့မှာ ကိုယ့်အရှက်ကိုယ် မခွဲစမ်းနဲ့!"

ဤစကားမှာ ရှီချန်းယွင်အတွက်ရော၊ ကျန်းဖန်းချန်အတွက်ပါ ရည်ညွှန်းခြင်းဖြစ်သည်။

ရှီချန်းယွင်က လက်ကောက်ဝတ်မှနာရီကြိုးကို လှည့်လိုက်သည်။

"ကြည့်လိုက်ဦး၊ ခင်ဗျားရဲ့ဒုတိယသားကလည်း အရူးတစ်ယောက်ပဲ မဟုတ်ဘူးလား။ ကျွန်တော် ဟိုးအရင်ကတည်းက ပြောခဲ့ပြီးသား။ ဒါတွေက ခင်ဗျားဆီကရတဲ့ နိမ့်ကျတဲ့ မျိုးရိုးဗီဇတွေပဲ။"

ရှီချန်းယွင်က တည်ငြိမ်ကြော့ရှင်းသော လေသံဖြင့် ပြောလိုက်သော်လည်း တစ်နည်းနည်းဖြင့် အေးစက်သည့်အရိပ်အမြွက်ကို သယ်ဆောင်ထားခဲ့သည်။ သူ၏စကားလုံးတိုင်းက အရိုးထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားလေ၏။

"မပြောပါနဲ့တော့၊ မပြောပါနဲ့တော့။"

အမျိုးသမီးကြီးက ငိုယိုကာ တောင်းပန်လိုက်သည်။

ထို့နောက် ရှီချန်းယွင်က ကျန်းဖန်းချန်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ အဲ့လောက်ထိ အားတွေရှိနေရင် စားပွဲကိုပါ တစ်ခါတည်းလှန်လိုက်လေ။ ဒါပေမဲ့ ဒီနေ့ ငါပြန်လာတာက မင်း စားပွဲမှောက်တာကို ကြည့်ဖို့မဟုတ်ဘူး။"

သူက ခဏရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"လူစုံပြီဆိုတော့ ခင်ဗျားတို့အားလုံးကို မိတ်ဆက်ပေးမယ်။"

ရှီချန်းယွင်က ပိုင်ချီကိုညွှန်ပြလျက် ပြောလိုက်၏။

"ဒါက ကျွန်တော်လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်။"

ကျန်းဖန်းချန်၏ပခုံးများက ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး အမဲလိုက်သူကိုတွေ့လိုက်ရသော သားကောင်ကဲ့သို့ ဗီဇအရ တုံ့ပြန်နေခဲ့သည်။

သူက ခေါင်းမော့ကာ ရှီချန်းယွင်ကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲ ထိတ်လန့်တုန်လှုပ်နေသောအမူအရာ ထွက်ပေါ်လာခဲ့သည်။

ပိုင်ချီတစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

ဒီနေ့ ဒီညစာစားပွဲက တကယ်ကို အရေးမကြီးဘူးပဲ။

ရှီချန်းယွင် သူ့ကိုခေါ်လာသည်မှာ ကျန်းဖန်းချန်ကို သူ့ဆီ ထပ်မလာရဲအောင် လုံးဝ တားဆီးလိုက်ခြင်းဖြစ်ပေသည်။

ဤသည်မှာ ပိုင်ဆိုင်ကြောင်း ကြေညာနေခြင်းပင်။

ယင်းက ကျူးကျော်လို့မရ၊ ထိပါးလို့မရသည့် ခြင်္သေ့အုပ်ထဲမှ တစ်ကောင်တည်းသော ခြင်္သေ့ဘုရင်၏ ပိုင်နက်ကြေညာမှုမျိုးဖြစ်ပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment