no

Font
Theme

အပိုင်း (၁၂) - နှစ်ဖက်မိဘများနှင့်တွေ့ဆုံခြင်း (၃)

ပိုင်ချီတစ်ယောက် တစ်နေ့တာလုံးကို ဆန်ပိုးလေးတစ်ကောင်ကဲ့သို့ အေးအေးဆေးဆေး ကုန်လွန်စေခဲ့သည်။

သူက မေဂျာစာအုပ်များကို လော့လာပြီးနောက် အင်တာနက်ပေါ်မှ အတင်းအဖျင်းများကို လျှောက်ကြည့်ခဲ့သည်။

[အား၊ လက်ထပ်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ အခုထိ မဖော်ထုတ်နိုင်သေးဘူးလား။]

[ငါတို့ နာမည်ကြီးတော်တော်များများကို ခန့်မှန်းပြီးပြီ... သူတို့အားလုံးကလည်း ကောလာဟလတွေကို ငြင်းဖို့ ထွက်ရှင်းနေကြပြီ။]

[သူတို့ ထွက်ရှင်းတာကို နင်တို့က ယုံတာလား။]

[ငါ အကြံရပြီ။ အခုခေတ်မှာ Weibo မသုံးတဲ့သူဆိုတာ တော်တော်ရှားတယ်၊ နာမည်ကြီးတစ်ယောက်နဲ့ တိတ်တိတ်လေး လက်ထပ်ထားတဲ့သူဆိုရင် ပိုဆိုးတာပေါ့။ သူ(မ)က အပြင်ကို ထုတ်မပြောနိုင်ပေမဲ့ ဒီကိစ္စကို သေချာပေါက် အောင့်ထားနိုင်မှာမဟုတ်ဘူး။ ဒီတော့ သူ(မ)က အကောင့်တုတစ်ခုဖွင့်ပြီး သူ(မ)လက်ထပ်လိုက်ပြီဆိုတာကို ပို့စ်တင်လောက်မှာပဲ။ ဒီတော့ နင်တို့တွေ သော့ချက်စာလုံးတွေကို တိုက်ရိုက်ရှာကြည့်လိုက်ကြလေ။ အဲ့ဒီနေ့က လက်ထပ်မှတ်ပုံတင်ယူပြီး Weibo ပေါ် ပို့စ်တင်ထားတဲ့သူတွေကို အကုန်ဖော်ထုတ်၊ စာရင်းပြုစုပြီး တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်လိုက်...]

အတင်းအဖျင်းကြိုက်သည်မှာ လူသားသဘာဝဖြစ်၏။ ရှီချန်းယွင်၏ပရိသတ်များက ယခု စိတ်အားထက်သန်စွာဖြင့် အတင်းအဖျင်းများကို လိုက်ကြည့်နေခဲ့ကြသည်။ ၎င်းတို့က သက်ပြင်းတောင် ချလိုက်ကြသေးသည်။

[အမယ်လေး၊ ရှားလော့ဟုမ်းရဲ့ ရာသီ ၁၀ မှာ နင်တို့မပါရင် ငါ ကြည့်တော့မှာ မဟုတ်ဘူး။]

[ညီအစ်မတို့ရေ၊ နင်တို့ရဲ့ဦးနှောက်ကို ငါ့ကို ခဏလောက် ငှားကြပါဦး။]

[ဘယ်သူမှန်းမသိသေးတဲ့ အဲ့ဒီနာမည်ကြီးရဲ့ ပရိသတ်တွေအတွက် ကြိုပြီးတော့ ဖယောင်းတိုင် ထွန်းပေးထားလိုက်ပါဦးမယ်။]

ပိုင်ချီတစ်ယောက် ကောလာဟလများကို ကြည့်ပြီးနောက် ပွဲကြည့်သူအဖြစ် ပါဝင်ခဲ့သည်။

သိပ်မကြာခင် နောက်ထပ်သတင်းအသစ်များ ထွက်ပေါ်လာခဲ့သည်။

"'နတ်ဆိုးဖြစ်လာခြင်း' ရိုက်ကူးရေးအဖွဲ့သားများ၏ အောင်ပွဲခံစားသောက်ပွဲ"

"ရှီချန်းယွင် ရေးထိုးလိုက်သော စံချိန်သစ်တစ်ခု"

ပရိသတ်များက အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

ရှီလောင်ရှီးက အမှန်တကယ်ကို အလုပ်အပေါ် လေးစားမှုရှိပြီး အလွန်တော်ပေ၏။ သူက ထားစရာနေရာမရှိအောင်ကို ဆုများရရှိထားပြီး ရုံတင်ဝင်ငွေစံချိန်များဖြင့် ဖျော်ဖြေရေးလောက၏ တစ်ဝက်နီးပါးကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ပရိသတ်များအနေဖြင့် လုံးဝ စိတ်ပူနေစရာမလိုပေ။

တကယ်ကို အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တစ်ရက်ပဲ။

ပိုင်ချီတစ်ယောက် ပူတင်းနှစ်ဘူး စားလိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။

...

ရှီချန်းယွင်၏အိမ်က အလွန်ကြီးမားပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်ကြီးများ တပ်ဆင်ထားသည်။ ထိုမှန်ပြတင်းများမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ပါက အမြင့်ကနေကြည့်ရသဖြင့် အောက်ဘက်မှ သစ်ပင်များက ထူးထူးဆန်းဆန်းပုံသဏ္ဌာန်များ ဖြစ်နေကြသည်။

ပိုင်ချီမှာ တစ်ယောက်တည်းအိပ်ရသောကြောင့် တစ်နည်းနည်းဖြင့် အနည်းငယ်အေးစက်ပြီး အထီးကျန်နေ၏။

ရှောင်လင်းက အလုပ်လုပ်ရာ၌ အလွန်စနစ်ကျပေသည်။ နောက်တစ်နေ့မနက်စောစောတွင် သူက ပိုင်ချီအတွက် ပေါက်စီနှင့် ပဲနို့ပူပူကို ယူဆောင်လာပေးသဖြင့် ပိုင်ချီ၏စိတ်ကို အနည်းငယ် နွေးထွေးသွားစေခဲ့သည်။

ပိုင်ချီက စောစောထကာ နောက်ဆုံးရအတင်းအဖျင်းများကို ကြည့်ရှုလိုက်သည်။

သူ၏ Weibo အကောင့်ကို ယခုအချိန်ထိ မဖော်ထုတ်နိုင်သေးသော်လည်း လူများက အခြားသော အကောင်းဆုံးဇာတ်လိုက်မင်းသားကို သံသယဝင်နေခဲ့ကြသည်...

[ကျိုးချီယွမ်ဖြစ်နိုင်တယ်မလား။ အရင်တုန်းက သတင်းတွေထဲမှာ သူနဲ့ ဖန်ရှန်းတို့ နှစ်နှစ်ကာကာ ချစ်နေကြပါတယ်လို့ ပြောထားတယ်မဟုတ်လား။]

[+၁၊ ကျိုးချီယွမ်ကလည်း ထွက်ပြီး ငြင်းမထားဘူးပဲ။]

[ဘာကို ငြင်းရမှာလဲ။ ငါတော့ ပြောစရာစကားတောင် မရှိတော့ဘူး။ ကျိုးချီယွမ်က အခု တောထဲမှာ ရိုက်ကူးရေးလုပ်နေတာလေ၊ သူ့မှာ ဖုန်းတောင်မရှိတာ ဘာနဲ့ သွားငြင်းရမှာလဲ။]

ပိုင်ချီက စိတ်ထဲကနေ ထောက်ခံလိုက်သည်။

ဟုတ်တယ်၊ ဟုတ်တယ်။

ငါ့ရဲ့အိုင်ဒေါက လက်ထပ်ရင်တောင် ငါနဲ့ပဲလက်ထပ်မှာ။

အာ... မဟုတ်သေးပါဘူး။

ငါက လက်ထပ်ပြီးသားဖြစ်နေပြီပဲ။

ပိုင်ချီတစ်ယောက် စုတ်သပ်လိုက်မိသည်။

အား၊ အဲ့ဒါက နည်းနည်းဆိုးတာပဲ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ အိပ်မက်မက်တာကိုတော့ ဘယ်သူက လာတားလို့ ရမှာလဲ။

ကျိုးချီယွမ်သည် လွန်ခဲ့သောနှစ်အနည်းငယ်က အရည်အချင်းပြပွဲတစ်ခုမှတစ်ဆင့် ပွဲဦးထွက်ခဲ့သော အမျိုးသားအိုင်ဒေါတစ်ယောက်ဖြစ်ပြီး ထိုအချိန်က အိုင်ဒေါလောက၏ ထိပ်တန်းကြယ်ပွင့်ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်မှစ၍ သူက လမ်းကြောင်းပြောင်းလဲခဲ့ပြီး သူ့ဘဝ၏ ပထမဆုံးသော ရုပ်ရှင်ထူးချွန်ဆုကိုလည်း ရရှိခဲ့လေသည်။ ထို့နောက် သရုပ်ဆောင်လောကထဲသို့ လုံးဝဝင်ရောက်ခဲ့ပြီး သူ၏ဇာတ်ကားသစ်မှာ ကြမ်းတမ်းသော အမျိုးသားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့လိုအပ်ခဲ့သည််။

ရပါတယ်၊ ကြမ်းတမ်းတဲ့အမျိုးသားဆိုရင်လည်း ငါ ကြိုက်တယ်။

ပိုင်ချီက စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ထိုအကောင့်မှထွက်ကာ သူ၏အိုင်ဒေါကို အားပေးသော အကောင့်တုဆီသို့ ပြောင်းလဲလိုက်သည်။

သို့သော် အိုင်ဒေါကိုအားပေးသည့် အကောင့်တုအကြောင်းကို ပြောရမည်ဆိုလျှင် အလွန်အံ့ဩစရာကောင်းပေသည်။

ပိုင်ချီတစ်ယောက် တစ်ခါတည်းနှင့် အကောင့်ခုနစ်ခုကို ဖွင့်ခဲ့သည်။ သို့သော်လည်း ကနဦးအကြောင်းအရင်းက မုသုန်း၏ညီမလေးကို သူ(မ)၏အိုင်ဒေါများအား ကူပြီးမဲပေးရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ပိုင်ချီတစ်ယောက် ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသဖြင့် အိုင်ဒေါများကို သူကိုယ်တိုင် မဲပေးခဲ့သည်။ သူ့မှာရှိသော အကောင့်တု ခုနစ်ခုက အိုင်ဒေါခုနစ်ယောက်အတွက်ပင်။

ယခု ပိုင်ချီပြောင်းလဲလိုက်သော အကောင့်က 'ကျိုးချီယွမ်၊ မားမား မင်းကိုချစ်တယ်' ဆိုသည့် အကောင့်ဖြစ်သည်။

ဟူး... ဒီဘက်ခေတ်မှာ အမျိုးသားမိခင်ဆိုတာ သူတစ်ယောက်တည်းရှိတာမှ မဟုတ်တာ။

ပိုင်ချီက စာအနည်းငယ် ရိုက်ထည့်လိုက်သည်: နင်တို့ သတင်းအမှားတွေ လျှောက်မရေးကြနဲ့၊ ကျိုးချီယွမ်က ငါနဲ့ လက်ထပ်ထားတာ!

ထို့နောက်မှ သူက app ထဲကနေ ပြန်ထွက်လိုက်သည်။

အားလုံးပြီးဆုံးသွားပြီးနောက် အချိန်က မစောတော့ပေ။

ရှောင်လင်းက စူစမ်းစွာဖြင့် မေးလိုက်သည်။

"သခင်လေးပိုင် ဘာလုပ်နေတာလဲ။"

ရှန်းကွမ်းက သူ့ကို လူကြီးမင်းပိုင်ဟု သုံးနှုန်းသော်လည်း ရှောင်လင်းက ပိုင်ချီကို အလွန်ငယ်ရွယ်သည်ဟု ခံစားရသဖြင့် သခင်လေးပိုင်ဟုသာ ခေါ်ဆိုခဲ့သည်။

"Weibo ပေါ် ပို့စ်တင်နေတာ။"

ရှောင်လင်းက မနေနိုင်ဘဲ တိုးတိုးလေးမေးလိုက်သည်။

"ဒါဆို... ကျွန်တော်တို့ အပြန်အလှန် Follow လုပ်ထားကြမလား။"

ထို့ကြောင့် ပိုင်ချီကလည်း သူ၏ပုံမှန်အကောင့်ဖြင့် သူ့ကို Follow လုပ်ပေးလိုက်သည်။

အားလုံးပြီးသွားသောအခါ ပိုင်ချီက သူ၏စာများကို ထပ်လုပ်ခဲ့သည်။

ရှောင်လင်းက သူ့ကို တိတ်တိတ်လေး ချောင်းကြည့်လိုက်ပြီးနောက် သူ့ဘာသာသူ တွေးလိုက်၏။

အင်း၊ သူက စာတော်တဲ့ ထိပ်တန်းကျောင်းသားထင်တယ်။

ရှီချန်းယွင်က ညနေငါးနာရီအထိ အလုပ်ရှုပ်နေခဲ့ပြီးနောက်မှ သူ့ကို လာခေါ်ခဲ့သည်။

ယင်းက ပိုင်ချီအတွက် မေးခွန်းဟောင်းသုံးခုကို ပြန်လည်လေ့ကျင့်ရန် အချိန်ရသွားသဖြင့် ရှီချန်းယွင်အတွက်လည်း အလျင်လိုစရာ မလိုခဲ့ပေ။

ပိုင်ချီက မြေအောက်ကားပါကင်သို့သွားကာ ကားတံခါးကို ခပ်မြန်မြန်ဖွင့်၍ ဝင်ထိုင်လိုက်ပြီး ရှီချန်းယွင်ကို မေးလိုက်သည်။

"ဟို၊ ကျွန်တော် အခုပုံစံနဲ့သွားရင် အဆင်ပြေရဲ့လား၊ အင်္ကျီလဲဖို့ မလိုတော့ဘူးလား။"

ရှီချန်းယွင်က ပြောလိုက်သည်။

"မလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတဲ့ညစာစားပွဲမဟုတ်ဘူးလေ။"

ရှီချန်းယွင်က အခိုက်အတန့်တစ်ခုလောက် ရပ်လိုက်ပြီး ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အခု မမျှော်လင့်တဲ့ကိစ္စလေး ဖြစ်သွားခဲ့တယ်။"

ပိုင်ချီ: "အင်း?"

"ကျန်းဖန်းချန်နဲ့ သူနဲ့စေ့စပ်ထားတဲ့အမျိုးသမီးလည်း ရောက်လာလိမ့်မယ်၊ မင်း စိတ်ရှိလား။ စိတ်ရှိတယ်ဆိုရင် ကိုယ်တို့ ဒီညစာစားပွဲကို ဖျက်လိုက်လို့ရတယ်။"

ပိုင်ချီက ခေါင်းယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော့်အတွက် စိတ်ထဲထားစရာမရှိပါဘူး။"

၎င်းတို့တွေ မျက်နှာချင်းဆိုင်တွေ့ဆုံဖြစ်ခဲ့လျှင် သူ ထိုမိန်းကလေးကို ကျန်းဖန်းချန်က bisexual ဖြစ်ကြောင်း၊ သူ(မ)ကို ကာဗာယူပြီး လက်ထပ်ခြင်းလည်းဖြစ်နိုင်ကြောင်း သတိပေးဖို့တောင် ကြိုးစားလို့ရနိုင်ပေ၏။

ရှီချန်းယွင်က ခေါင်းည်တ်လိုက်ပြီး နောက်ဆုံး၌ စိတ်အေးသွားခဲ့လေသည်။

ဒရိုင်ဘာကလည်း လီဗာကိုနင်းကာ စတင်ထွက်ခွာခဲ့သည်။

ထိုအခိုက်အတန့်၌ အင်တာနက်သုံးစွဲသူများမှာ ပိုင်ချီ၏ Weibo အကောင့်ကို ရှာတွေ့သွားကြလေပြီ။

ပိုင်ချီ၏ Weibo နှင့်ပတ်သက်ပြီး ထူးဆန်းတာမရှိပေ။ သူ၏ပရိုဖိုင်ဓါတ်ပုံက နေမင်းကြီး၏ပုံဖြစ်ပြီး မကြာသေးခင်ကမှ ခပ်စိပ်စိပ်တင်ထားသော ပို့စ်ပေါင်း ၁၀၀ ဝန်းကျင်လောက်သာရှိသည်။

သူ၏ နောက်ဆုံး Weibo ပို့စ်က လက်ထပ်မှတ်ပုံတင်ဓါတ်ပုံဖြစ်သည်။

[ချီးပဲ! နင်တို့ ဒီအကောင့်ကို သတိထားမိကြလား။ သူနဲ့ ရှောင်လင်းက အပြန်အလှန် Follow လုပ်ထားကြတာဟ!]

[ရှောင်လင်းက ဘယ်သူလဲ။]

[OMG! အဲ့ဒါ ရှီလောင်ရှီးရဲ့စတူဒီယိုက လက်ထောက်အသစ်လေ။]

ရှီချန်းယွင်၏ပရိသတ်များကလည်း ၎င်းကို သတိပြုမိသွားသောအခါ ချက်ချင်း ပါဝင်လာခဲ့ကြသည်။

[သူ့ရဲ့ Weibo အကောင့်ကို ကြည့်လိုက်တော့ ရှီလောင်ရှီးနဲ့ ပတ်သက်တာတွေကို ပို့စ်တင်ထားတာပဲ။ သူက ရှီလောင်ရှီးရဲ့ ပရိသတ်ဖြစ်လောက်တယ်။ စတူဒီယိုကလူနဲ့ ပရိသတ်တွေ အပြန်အလှန် Follow လုပ်တာက ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ~ငါလည်း အာသာ့နဲ့ အပြန်အလှန် Follow လုပ်ထားတာပဲ။]

သို့သော် ဖိုရမ်ထဲမှလူများမှာ တူးဆွလေလေ အလွန်အံ့ဩစရာကောင်းသော အချက်ကို ရှာဖွေတွေ့ရှိလေလေပင်။

[ဒီအကောင့်ပိုင်ရှင်က အချက်အလက်ထဲမှာ ဘယ်မြို့၊ ဘယ်ကျောင်းဆိုတာ မရေးထားပေမဲ့ သူ့ရဲ့ Weibo ပို့စ်အားလုံးကို ကြည့်လိုက်ရင် ကျင်းမြို့ရဲ့နေရာတချို့နဲ့ ပတ်သက်တာ ဆယ်ခုလောက်ရှိနေတယ်။ အဲ့ဒီထဲမှာ ခုနစ်ခုက ကျင်းတက္ကသိုလ်နဲ့ ပတ်သက်တဲ့ပို့စ်တွေကို ပြန်မျှဝေထားတာ...]

[ဒီတော့?]

[အဲ့ဒီနေ့က ရှီလောင်ရှီးသွားခဲ့တဲ့ကျောင်းကို နင်တို့ မေ့သွားကြပြီလား။]

[ကျင်းတက္ကသိုလ်... သောက်ကျိုးနည်း!]

ရှီချန်းယွင်၏ပရိသတ်များမှာ ရှာဖွေတွေ့ရှိမှုကြောင့် ကြောင်အမ်းသွားခဲ့ကြသည်။ ကိတ်မုန့်က ၎င်းတို့ရှီကော၏ဦးခေါင်းပေါ်သို့ နောက်တစ်ကြိမ် ထပ်ပြီးကျရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

...

ကျန်းအိမ်တော်က အလွန်ကျော်ကြားသော သူဌေးရပ်ကွက်၌ တည်ရှိသည်။

ကားပေါ်မှဆင်းပြီးနောက် ရှီချန်းယွင်က ပိုင်ချီကို ချက်ချင်း အိမ်ထဲခေါ်မသွားသေးဘဲ တိုးတိုးလေးပြောလိုက်သည်။

"ဟန်စီ၊ အမ်၊ ကျန်းဖန်းချန်နဲ့စေ့စပ်ထားတဲ့သူရဲ့ အဘွားက ကျန်းမာရေးသိပ်မကောင်းလို့ သူတို့က စေ့စပ်ပွဲကို ရက်နည်းနည်းလောက် စောပြီးလုပ်ကြမှာ။ မင်း သူ့ထက်စောပြီး လက်ထပ်လိုက်တာက ပိုကောင်းလိမ့်မယ်လို့ ကိုယ် တွေးမိလိုက်လို့ မနေ့က ကိုယ်တို့ရဲ့လက်ထပ်မှတ်ပုံတင်ကို သွားယူချင်ခဲ့တာ။"

ပိုကောင်းလိမ့်မယ်?

ပိုင်ချီ ၎င်းကို စဉ်းစားကြည့်လိုက်ရာ သူပြောသည့်အတိုင်း အနည်းငယ်ပိုကောင်းသလို ခံစားလိုက်ရသည်။

ထိုစဉ် ဗီလာ၏တံခါးကြီးက ပွင့်သွားပြီး အလယ်ခေတ် ဗြိတိန်မြို့စားကြီးလို ဝတ်ဆင်ထားသော အိမ်တော်ထိန်းတစ်ယောက် ထွက်ပေါ်လာကာ ၎င်းတို့ကို ဦးညွှတ်လျက် နှုတ်ဆက်လာခဲ့သည်။

"အကြီးဆုံးသခင်လေး။"

ထို့နောက် အိမ်တော်ထိန်းက ပိုင်ချီကို စိုက်ကြည့်နေခဲ့သည်။ သူ၏အကြည့်များက လေးစားမှုမရှိဘဲ အနည်းငယ်ရဲတင်းစွာဖြင့် ပိုင်ချီ့ကို အကဲခတ်နေခဲ့သည်။ အလားတူပင် ပိုင်ချီကလည်း သူ့ကို ပြန်စိုက်ကြည့်ပေးလိုက်၏။

ထို့နောက်မှာတော့ သူက ပျင်းရိစွာဖြင့် သမ်းဝေလိုက်ပြီး ရှီချန်းယွင်၏ခန္ဓာကိုယ်ပေါ် မှီတွယ်လျက် အိမ်ထဲ ဝင်သွားခဲ့သည်။

အိမ်တော်ထိန်းက အံကြိတ်လျက် ပိုင်ချီ့အား ဟူလီကျင်း*ကိုကြည့်နေသကဲ့သို့ စိုက်ကြည့်လိုက်၏။ သူက ၎င်းတို့ ဗီလာထဲဝင်သွားသည်ကို လိုက်ကြည့်နေခဲ့သည်။

[T/N: ဟူလီကျင်း - မြေခွေးမိစ္ဆာ။]

၎င်းတို့ အထဲဝင်သွားသောအခါ ဗီလာ၏ဧည့်ခန်းထဲမှ လူတစ်ယောက်၏စကားပြောသံ ထွက်ပေါ်လာခဲ့သည်။

ယင်းက မိန်းကလေးတစ်ယောက်၏အသံဖြစ်ပြီး သူ(မ)က ညည်းတွားနေလေ၏။

"ဒီရက်ပိုင်းအတွင်း ကျန်းဖန်းချန်တစ်ယောက် ဘာတွေအလုပ်ရှုပ်နေမှန်း မသိပါဘူး၊ အမြဲတမ်းကို ရှာလို့မရဘူး။"

ထို့နောက် ရယ်သံနှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ငါ သူ့ကို ပြောလိုက်ပါ့မယ်၊ ခဏနေရင် သူ ရောက်လာတော့မှာပါ။"

စကားအဆုံး၌ သူက အပြင်ဘက်မှခြေသံကို ကြားလိုက်ရပုံပေါ်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ကဲ ပြောရင်းဆိုရင်း ရောက်လာပြီမလား။"

ပိုင်ချီနှင့် ရှီချန်းယွင်တို့က ဧည့်ခန်းထဲ ဝင်လာခဲ့ကြသည်။

ထန်ဝတ်စုံကိုဝတ်ဆင်ထားပြီး တုတ်ကောက်ကိုကိုင်ဆောင်လျက် ဆိုဖာပေါ်ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ရှီချန်းယွင်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်မှအပြုံးများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ယင်းက ဘာမှမဟုတ်သေးပေ။ ရှီချန်းယွင်ဘေးမှ ပါလာသောသူကို သတိထားမိသွားသောအခါ ထိုအမျိုးသား၏ မျက်လုံးများက သူငယ်အိမ်ထဲကနေ ကျွတ်ထွက်လာတော့မတတ် ပိုင်ချီကို ပြူးတူးပြဲတဲ စိုက်ကြည့်လာခဲ့ပြီး အိမ်တော်ထိန်းထက်တောင် ပို၍ဇာချဲ့လွန်းနေခဲ့သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ဘေးမှာ အသက် ၂၄၊ ၂၅ နှစ်ခန့်ရှိသော မိန်းကလေးတစ်ယောက် ထိုင်နေ၏။ သူ(မ)က CHANEL ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး စူးစမ်းလိုစိတ်ဖြင့် တံခါးဘက်သို့ လှမ်းကြည့်လာခဲ့သည်။ သူ(မ) ပိုင်ချီနှင့် ရှီချန်းယွင်ကို မြင်လိုက်ရသောအခါ သူ(မ)၏မျက်ဝန်းထဲ အံ့ဩမှင်တက်မှုများ ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

သူ(မ)က ကျန်းဖန်းချန်နဲ့စေ့စပ်ထားတဲ့ ဟန်စီ ဖြစ်လောက်တယ်။

သူ(မ)က တော်တော်လေး လှတာပဲ။

ပိုင်ချီတစ်ယောက် စိတ်ထဲကနေ တွေးလိုက်၏။

ဟန်စီက ပါးစပ်ဖွင့်ဟလိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသားက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ သူက အမြန်ထရပ်ကာ သူ့ရင်ဘတ်ကို ဖိလိုက်ပြီး အလွန်ဒေါသထွက်နေသည့်အလား တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်လေ၏။

"ဒါ... ဒါက မင်းပြောတဲ့ မင်းရဲ့လက်တွဲဖော်လား၊ သူ... သူက..."

သက်လတ်ပိုင်းအရွယ်အမျိုးသားက စကားကို တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ပြီး အခြားတစ်ခုခုကို သတိရသွားပုံဖြင့် နောက်ထပ်ဆက်ပြောမည့်စကားများကို ပြန်လည်မျိုချလိုက်ရသည်။

ပိုင်ချီတစ်ယောက် ချက်ချင်း နားလည်သွားလေ၏။

ဒါက ကျန်းဖန်းချန်ရဲ့ အဖေပဲ။

ဖေဖေကျန်း၏အတွင်းရေးမှူးက သူ့ကို ဆက်သွယ်ရန်ကြိုးစားဖူးသော်လည်း နောက်ဆုံး၌ မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ယင်းက အနည်းဆုံးတော့ ဖေဖေကျန်းသည် ကျန်းဖန်းချန်မှတစ်ဆင့် သူ့ကို သိထားပြီးသားဖြစ်ကြောင်း အဓိပ္ပါယ်ရပေ၏။

ထို့ကြောင့် သူနှင့် ရှီချန်းယွင်တို့ အတူတူလျှောက်လာသည်ကို မြင်လိုက်ရသောအခါ သူက တော်တော်လေး အံ့ဩသွားခဲ့သည်ပင်။

ပိုင်ချီတစ်ယောက် မျက်တောင်ခတ်လိုက်ပြီး သူ၏မျက်နှာထက် 'အပြစ်ကင်းစင်မှု'၊ 'သန့်ရှင်းစင်ကြယ်မှု' စသည့်စကားလုံးများကို ရေးထိုးထားလိုက်သည်။

ဖေဖေကျန်းမှာ သူ့ပုံစံကို မြင်လိုက်ရသောအခါ သူ၏မျက်နှာအမူအရာက ပိုလို့တောင်တွန့်ချိုးသွားခဲ့ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကာ မေ့လဲကျတော့မတတ် ဖြစ်သွားခဲ့သည်။

"ထွက်... ထွက်သွားစမ်း..."

ဖေဖေကျန်းက အံကြိတ်လျက် ပြောလိုက်သည်။

အခြေအနေများက ထိုကဲ့သို့ဖြစ်နေသော်လည်း ရှီချန်းယွင်က အေးဆေးတည်ငြိမ်နေလေ၏။ သူက သူ့အဖေကို ကြည့်လိုက်ပြီး သူ၏မျက်နှာထက်မှာ အခြားမည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။

သူက အသာအယာ မေးလိုက်သည်။

"ဘာပြောလိုက်တာလဲ၊ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ထပ်ပြောကြည့်ပါဦး။"

ဖေဖေကျန်းမှာ ရုတ်တရက် စကားလုံးများ ပျောက်ရှသွားပြီး တိတ်ဆိတ်သွားခဲ့သည်။

ဟန်စီကလည်း တစ်ခုခုမူမမှန်သည်ကို သတိထားမိသွားသဖြင့် ဖေဖေကျန်းကို ကူညီထိန်းပေးလိုက်ပြီး သူ့ကျောကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"ဦးလေး ဘာဖြစ်လို့လဲ။ ရှီကောက ကောင်လေးတစ်ယောက် ခေါ်လာတာပဲကို၊ ဒါက ဘာဖြစ်လို့လဲ။ အခုခေတ်မှာ လိင်တူလက်ထပ်တာက တရားဝင်နေပြီပဲလေ။"

ဖေဖေကျန်း၏လည်ချောင်းထဲ သွေးများဆန်တက်လာခဲ့သော်လည်း သူ၏ဒေါသများကို ဟန်စီနှင့် မျှဝေလို့မဖြစ်ပေ။

ညီဖြစ်သူက လမ်းမှားရောက်ပြီး ကောင်လေးနဲ့ တွဲခဲ့တယ်။ သူ့ကို ခက်ခက်ခဲခဲနဲ့ လမ်းမှန်ပေါ်ရောက်အောင် မနည်းပြန်ခေါ်ပြီး မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ခိုင်းခဲ့ရတာကို အခုကျ အစ်ကိုဖြစ်သူက ညီဖြစ်သူရဲ့ရည်းစားဟောင်းနဲ့ ရုတ်တရက်ကြီး စေ့စပ်လိုက်တယ်။

တကယ်ကို ရယ်စရာကောင်းတယ်!

ဒါကြီးက သိပ်ကို ရယ်စရာကောင်းလွန်းတယ်!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment