အပိုင်း (၈) - ငါ ဒီအဖြေကို သိတယ်! (၁)
လက်ထပ်မှတ်ပုံတင်ရုံး၏တံခါးက ပွင့်သွားပြီး စုံတွဲတစ်တွဲ ဝင်လာခဲ့သည်။
"ကျွန်တော်တို့ ဒုက္ခပေးပါဦးမယ်၊ ကျေးဇူးတင်ပါတယ်။"
အသစ်ဝင်လာသော လူသစ်တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဒီအသံကို နည်းနည်း ရင်းနှီးနေသလိုပဲ။
ဝန်ထမ်းက မော့ကြည့်ကာ အသံလားရာဆီသို့ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
သူ(မ) ကြောင်အမ်းသွားခဲ့သည်။
ရှီ... ရှီ... ရှီချန်းယွင်?!
သူ... သူက လက်ထပ်မှတ်ပုံတင်ဖို့ ရောက်လာတာလား!
ရှီချန်းယွင်နှင့် ပိုင်ချီက ဘေးချင်းယှဉ်ကာ လျှောက်လာကြသည်။
"စိတ်လှုပ်ရှားနေလား။"
သူက တိုးလျသောအသံဖြင့် မေးလိုက်သည်။
သူ့အတွက် စိတ်မလှုပ်ရှားဘူးဟုပြောလျှင် လိမ်ရာကျသွားလိမ့်မည်။
ပိုင်ချီက အခိုက်အတန့်တစ်ခုလောက် မှင်တက်သွားခဲ့သည်။
ပိုင်ချီ ရှီချန်းယွင်၏တောင်းဆိုချက်ကို လက်ခံကာ သူ့ဆီကနေ ဘဏ်ကတ်ကို လက်ခံရရှိခဲ့သည်အထိ အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသလိုပင်။
"ကျွန်တော် ပီကေစားချင်တယ်။"
ပိုင်ချီက တိုးလျစွာ ပြောလိုက်သည်။
"ပီကေလား။"
ရှီချန်းယွင်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
ရှန်းကွမ်းက ၎င်းတို့နောက်ကနေ အနီးကပ်လိုက်လာခဲ့ပြီး တံခါးအပြင်ဘက်မှာ ရပ်နေခဲ့သည်။ ရှီချန်းယွင်က တံခါးကိုဖွင့်ထားလိုက်ပြီး ရှန်းကွမ်းကို စကားအနည်းငယ်ပြောလိုက်၏။ ထို့နောက်မှာတော့ ရှန်းကွမ်းတစ်ယောက် ရှုပ်ထွေးနေသောမျက်နှာထားဖြင့် လှည့်ထွက်သွားတော့သည်။
မိနစ်ဝက်လောက်ကြာပြီးနောက် ရှန်းကွမ်းက ပီကေတစ်ဘူးကိုင်လျက် ပြန်ရောက်လာခဲ့သည်။
ရှီချန်းယွင်က ဘူးထဲ လက်နှိုက်လိုက်ပြီး ပီကေတစ်ခုယူကာ ပိုင်ချီကို ပေးလိုက်သည်။
လမ်းတစ်ဝက်အရောက်မှာ သူက ရပ်တန့်လိုက်၏။ ထိုအစား သူက လက်ပြန်ရုပ်လိုက်ပြီး ပီကေအပေါ်မှအခွံကို တစ်ခါတည်းခွာလိုက်သည်။ ထို့နောက်မှ ပိုင်ချီကို ကိုယ်တိုင်ခွံ့ကျွေးလိုက်သည်။
"ပါးစပ်ဟ။"
ရှီချန်းယွင်က နွေးနွေးထွေးထွေးပြောလိုက်သည်။
ဝန်ထမ်းမှာ ၎င်းကို မြင်လိုက်ရသောအခါ တွေးလိုက်၏။
ဘုရားရေ!
ပိုင်ချီကလည်း တွန့်ဆုတ်မနေခဲ့ပေ။ သူက မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်လိုက်ရာ လူတိုင်းက ၎င်းတို့ကိုကြည့်နေကြောင်း သတိပြုမိလိုက်သည်။ သူက မျက်နှာမပူ၊ စိတ်မလှုပ်ရှားဘဲ ခေါင်းငုံ့ကာ ရှီချန်းယွင်၏လက်ထဲမှ ပီကေကို လှမ်းကိုက်ယူလိုက်လေ၏။ သူ့လှုပ်ရှားမှုများက မြန်ဆန်သောကြောင့် သူ၏အရှေ့သွားလေးများက ရှီချန်းယွင်၏လက်ချောင်းထိပ်များကို မတော်တဆ ကိုက်မိသွားခဲ့သည်။
ရှီချန်းယွင်က လက်ချောင်းများကို ကွေးလိုက်ပြီး သူ့လက်ထဲမှ ပီကေခွံကို လုံးချေလိုက်သည်။
"ချိုလား။"
ရှီချန်းယွင်က မေးလိုက်သည်။
"ချိုတယ််။"
ပိုင်ချီက ခေါင်းညိတ်လိုက်၏။
ချိုတယ်။
ချိုလွန်းလို့ ငါတို့ အရည်ပျော်ကျတော့မလိုပဲ!
ဝန်ထမ်း၊ ရှမ်းကွမ်းနှင့် ရှီချန်းယွင်၏လက်ထောက်တို့မှာ ဦးနှောက်ထဲ မုန်တိုင်းဝင်မွှေသွားသလို ခံစားလိုက်ကြရသည်။
ရှီချန်းယွင်က သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်ပြီးနောက် ပိုင််ချီကိုလည်း ကုတ်အင်္ကျီချွတ်ရန် ကြယ်သီးကူဖြုတ်ပေးလိုက်သည်။
ပိုင်ချီကလည်း ငြိမ်ငြိမ်လေး ရပ်နေပေးခဲ့၏။
ထိုအခါ ၎င်းတို့ပတ်ပတ်လည်မှ ပရိသတ်အဖွဲ့၏ပါးပြင်များမှာ အနီရောင်လေးများ ပေါ်လာခဲ့သည်။
လူကြီးမင်းရှီ၏လှုပ်ရှားမှုများက နူးညံ့ပြီး လူကြီးလူကောင်းဆန်ကာ ခံ့ညားသောအမျိုးသားတစ်ယောက်ဆီမှ သဘာဝအတိုင်း ထွက်ပေါ်လာသော ယောက်ျားဆန်သည့်ဟော်မုန်းများဖြင့် ဆွဲဆောင်မှုရှိနေခဲ့သည်။
"ကျွန်တော်တို့ဝတ်ထားတာက တစ်ခုခုလွဲနေလို့လား။"
ရှီချန်းယွင်က မေးလိုက်၏။
ဝန်ထမ်းက ခေါင်းယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး! ဟို... အဲ့ဒါက၊ ဒီကလူကြီးမင်းရဲ့..."
သူ(မ)က ပိုင်ချီကိုကြည့်ကာ ပြောလိုက်သည်။
"လူကြီးမင်းရဲ့ဆံပင်က နည်းနည်းရှုပ်နေပါတယ်။"
ပိုင်ချီ ရှမ်းကွမ်းကို အပြင်မှာ ရပ်စောင့်နေခဲ့ချိန်က မြောက်ပြန်လေပြင်းများ တိုက်ခတ်လာခဲ့သည်။ သူက အနွေးထည်မှာပါသော ဦးထုပ်ကို ဆောင်းထားသောကြောင့် ၎င်းကို ချွတ်လိုက်ချိန်က သူ၏ဆံပင်က အနည်းငယ်ရှုပ်ပွသွားခဲ့သည်ပင်။
ပိုင်ချီက ပီကေကို နှစ်ချက်လောက်ဝါးကာ သူ၏ဆံပင်ကိုပြင်ရန် လက်လှမ်းလိုက်၏။
ရှီချန်းယွင်က ပိုင်ချီ့ထက် လက်ဦးသွားပြီး သူ၏လက်ချောင်းများဖြင့် ပိုင်ချီ၏ ရှုပ်ပွနေသောဆံပင်များကို သပ်ပေးလိုက်လေသည်။ ပိုင်ချီ၏ဆံပင်ကို ရှင်းပေးပြီးနောက် ထိုကောင်လေးက ပိုလို့တောင် ကြည့်ကောင်းလာခဲ့သည်။
ပိုင်ချံက မော့ကြည့်ကာ တောက်ပနေသောမျက်လုံးများဖြင့် ပြောလိုက်လေ၏။
"ရပြီလား။"
"ရပြီ။"
ရှီချန်းယွင်က ပြန်ဖြေလိုက်သည်။
ပိုင်ချီတစ်ယောက် တစ်ရှူးတချို့ထုတ်ကာ သူ ဝါးလက်စပီကေကို ထွေးထုတ်၍ တစ်ရှူးဖြင့်ထုပ်လိုက်၏။ ထို့နောက် ၎င်းကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း ရပြီ။"
ပီကေဝါးခြင်းက သူ၏စိတ်လှုပ်ရှားမှုများကို တော်တော်လေး လျှော့ချပေးခဲ့သည်။
နှစ်ဦးသား တူယှဉ်တွဲ၍ ဓါတ်ပုံရိုက်သည့်အခန်းထဲ လျှောက်ဝင်သွားခဲ့ကြသည်။
နှစ်ဦးသားက ဓါတ်ပုံစားပေ၏။ ၎င်းတို့က အတူတူထိုင်ကာ အချင်းချင်းဘက်သို့ အနည်းငယ်မှီထားကြသည်။
ချလပ်။
ပြီးပြည့်စုံသော ဓါတ်ပုံတစ်ပုံကို ရိုက်ကူးနိုင်ခဲ့သည်။
ယင်းက အလွန်ကြည့်ကောင်းနေသည့်အတွက် ဝန်ထမ်းမှာ စကားတောင် မပြောနိုင်ခဲ့ပေ။
ပိုင်ချီနှင့် ရှီချန်းယွင်တို့ ၎င်းတို့၏လက်ထပ်မှတ်ပုံတင်ကို ထိုနေ့ညနေ ၄ နာရီ၌ ရရှိခဲ့၏။
ရှန်းကွမ်းတစ်ယောက် လက်ထပ်မှတ်ပုံတင်အစစ်ကို မြင်တွေ့လိုက်ရသောအခါ သူ၏နှလုံးခုန်နှုန်းက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
အေးနေသောရာသီဥတုဖြစ်လင့်ကစား သူ၏နဖူးမှာ ထွက်လာသာ ချွေးအေးများကို သုတ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ဒါဆို... ဒါဆို ကျွန်တော် ပိုင်ချီကို ပြန်လိုက်ပို့ပေးလိုက်ရမလား။"
ရှီချန်းယွင်က ချက်ချင်း ပြန်မဖြေခဲ့ဘဲ အခိုက်အတန့်တစ်ခုလောက် တွေးလိုက်သေးသည်။ ထို့နောက်မှ သူက ပြောလိုက်၏။
"မလိုတော့ဘူး။"
ပိုင်ချီတစ်ယောက် သူ၏လက်ထပ်မှတ်ပုံတင်ကို ရှေ့ပြန်နောက်ပြန် လှန်လှောကြည့်နေဆဲပင်။ သူ့မိဘများ သော့ခတ်သိမ်းထားပြီး သူ့ကို တစ်ခါမှထိခွင့်မပေးခဲ့သည့် တစ်ခုတည်းသောအရာက ၎င်းတို့၏လက်ထပ်စာချုပ်ပင်။ သူ့မိဘများ၏ပြောဆိုပုံအရ ယင်းက မြင့်မြတ်သောပစ္စည်းတစ်ခုဖြစ်ပေသည်။
"သူက ငါနဲ့အတူတူ လိုက်ခဲ့လိမ့်မယ်။"
ရှီချန်းယွင်က ပြောလိုက်သည်။
ရှန်းကွမ်းတစ်ယောက် ၎င်းကို ကြားလိုက်ရသောအခါ သူ မေ့လဲတော့မလို ခံစားလိုက်ရသည်။ သူက တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်၏။
"အတူ... အတူတူ?"
သူပြောနေတဲ့ အတူဆိုတာ ဘယ်လိုမျိုးလဲ။
သူနဲ့အတူ တစ်ခါတည်ခေါ်သွားပြီး ပြန်လိုက်ပို့ပေးမှာလား၊ ဒါမှမဟုတ်... သူနဲ့အတူ အောင်ပွဲခံစားသောက်ပွဲကြီး ကျင်းပဖို့အတွက် သွားမှာလား။
"ငါတို့ ကျင်းဟိုတယ်ကို တိုက်ရိုက်သွားမယ်။"
ရှီချန်းယွင်က နောက်ဆုံး၌ ညွှန်ကြားချက်ပေးလိုက်သည်။
ကျင်းဟိုတယ်မှာ တော်တော်လေးနာမည်ကြီးသော စားသောက်ဆိုင်ရှိသည်။ ထိုဟိုတယ်၌ နိုင်ငံတော်အဆင့် ဧည့်ခံပွဲ၌ ချက်ပြုတ်ပေးဖူးသော စားဖိုမှူးများတောင်ရှိသည်ဟု ပြောကြသည်။
ပိုင်ချီတို့မိသားစု ချမ်းသာစဉ်ကာလတုန်းကတောင် ၎င်းတို့တွေ ထိုဟိုတယ်သို့ သွားရောက်စားသောက်ရန် အခွင့်အရေးမရခဲ့ပေ။
ယနေ့မှာတော့ ရှီချန်းယွင်၏ကျေးဇူးကြောင့် စားဖူးတော့ပေမည်။
အလကားစားရသည့် ပါးစပ်က ချိုသာရပေ၏။ ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ရသည်။
ထို့ကြောင့် ပိုင်ချီက ရှီချန်းယွင်ဘက်လှည့်ကာ ပြုံးပြလိုက်လေသည််။
ရှီချန်းယွင်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် မှင်တက်သွားခဲ့သည်။
ပိုင်ချီက ပြုံးလိုက်လျှင် အလွန်ချစ်စရာကောင်းသည်။ သူ၏အပြုံးက မည်းမှောင်နေသော တိမ်တိုက်များကို ဖယ်ရှားပေးကာ အမှောင်ထုကိုဖြိုခွင်း၍ ကောင်းကင်ကြီးအား အလင်းပေးနေသည့်အလား အလွန်တောက်ပနေခဲ့သည်။
"ကားပေါ်တက်လိုက်။"
ရှီချန်းယွင်က ကားတံခါးဖွင့်ပေးရင်း ပြောလိုက်သည်။
ထိုအခါမှ ပိုင်ချီက ၎င်းတို့၏လက်ထပ်မှတ်ပုံတင်ကို သိမ်းကာ ကားပေါ်တက်လိုက်သည်။
ရှန်းကွမ်းတစ်ယောက် ကားပေါ်ရောက်သည်အထိ ကြောင်အမ်းအမ်းမျက်နှာထားနှင့်ပင်။
သူ့စိတ်ထဲမှာ သံသယများ ပေါက်ဖွားလာခဲ့သည်။
ဘာကို ဟန်ဆောင်လက်ထပ်တာလဲ။ ဘာကို မိသားစုအခြေအနေတွေကြောင့်လဲ။ အားလုံးက အလိမ်အညာတွေ၊ အားလုံးက ဆင်ခြေတွေပဲ!
ပိုင်ချီက အလွန်ချစ်စရာကောင်းရာ သူ၏ရှီကောက ဟိုးအရင်ကတည်းက သူ့ကို ချစ်နေခဲ့ခြင်းဖြစ်နိုင်သည်!
'ဟန်ဆောင်ချစ်သူ: အထက်စီးဆန်တဲ့ CEO နဲ့ ငါ့ရဲ့ နေ့ညများ' နှင့် 'လက်ထပ်ပြီးနောက်မှ ချစ်သွားတယ်: အတိတ်မေ့သွားတဲ့ ငါ့ရဲ့ချစ်သူ ငါ့ကို ပြန်ချစ်လာစေဖို့အတွက် ငါ လက်ထပ်စာချုပ် အတုလုပ်ခဲ့တယ်' စသည့် ရယ်စရာခေါင်းစဉ်များက ရှန်းကွမ်း၏ခေါင်းထဲ ပေါ်လာခဲ့လေသည်... ထို့နောက်မှာတော့ သူ၏ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပေ။
ကားထဲမှာ ရှီချန်းယွင်၏အသံ ရုတ်တရက် ပေါ်လာခဲ့သည်။
"မင်း ကိုယ်တို့ရဲ့လက်ထပ်စာချုပ်ကို ဓါတ်ပုံရိုက်ပြီး Weibo ပေါ် တင်လိုက်လို့ရတယ်။"
ရှန်းကွမ်းတစ်ယောက် ကြားကြားချင်း ရှီချန်းယွင်က သူ့ကိုပြောနေသည်ဟု ထင်လိုက်၏။
"အင်း၊ ကျွန်တော် အခုချက်ချင်း တင်လိုက်မယ်!"
ပိုင််ချီက ပြန်ဖြေလိုက်သည်။
ထိုအခါမှသာ သူက ပိုင်ချီကိုပြောနေမှန်း ရှန်းကွမ်း သဘောပေါက်သွားခဲ့သည်။
၎င်းတို့၏ဆက်ဆံရေးကို လူသိရှင်ကြားကြေညာရန်အလို့ငှာ ၎င်းတို့ လက်ထပ်မှတ်ပုံတင်တင်ပြီးချင်း Weibo ပေါ် ပို့စ်တင်ခိုင်းခြင်းက... ရှန်းကွမ်းအတွက် စီးပွားရေးဆန်လွန်းနေ၏။
အင်း။
သူ အတွေးလွန်နေတာနဲ့ တူပါတယ်။
ရှန်းကွမ်းတစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
ရှီကောနဲ့ ပိုင်ချီက အရင်က တစ်ယောက်နဲ့တစ်ယောက် မသိသလို ရှီကောက ပိုင်ချီကို အရင်ကတည်းက ချစ်နေခဲ့တာဆိူတာလည်း မရှိဘူး။ ဒါက ဟန်ဆောင်လက်ထပ်တာပဲ၊ ဒီထက်မပိုဘူး။
ထိုအခိုက်အတန့်၌ ရှန်းကွမ်းတစ်ယောက် ပိုင်ချီ၏အမူအရာကို ချောင်းမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ပိုင်ချီ၏မျက်နှာထက်မှာ စိတ်ပျက်ဝမ်းနည်းနေသည့် အရိပ်အယောင်မရှိဘဲ ၎င်းတို့၏တရားဝင်သဘောညီချက်အတိုင်း Weibo ပေါ်မှာ တစ်နေ့တာအလုပ်ကို ပြီးမြောက်အောင်ဆောင်ရွက်လိုက်သည်။
ရှန်းကွမ်းတစ်ယောက် လမ်းတစ်လျှောက်လုံး အတွေးဂယက်ထဲ ဝဲလည်နေရင်း နောက်ဆုံး၌ ၎င်းတို့သွားလိုရာနေရာသို့ ရောက်လာခဲ့သည်။
ကားပေါ်မှဆင်းလိုက်ပြီးနောက် ခြေထောက်တစ်ဖက်ကို လှမ်းလိုက်ရင်း ရှန်းကွမ်းခမျာ မတွေးဘဲ မနေနိုင်ခဲ့ပေ။
စီးပွားရေးအရဆိုရင်တောင် ပိုင်ချီ့ကို ဒီနေရာထိ ခေါ်လာဖို့မှမလိုတာ။ ဟုတ်သားပဲ... ဒီညစာစားပွဲမှာ ဘယ်လိုလူတွေ ရှိနေမလဲဆိုတာ သူ မသိသေးဘူးမလား။ ဒီချာတိတ် အများကြီးသိသွားပြီး တခြားစိတ်ကူးတွေ ရှိလာမှာကို ရှီကောက စိတ်မပူဘူးလား။
ပိုင်ချီက ကားပေါ်မှ လိုက်ဆင်းလာပြီး ဟိုတယ်ဝင်ပေါက်ရှိ လည်ပင်းမှာဖဲပွင့်ချည်ထားသော အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် ဝန်ထမ်းကို မော့ကြည့်ရင်း မေးလိုက်သည်။
"ဟင်၊ အနောက်တိုင်းဝတ်စုံ လဲဖို့ လိုသေးလား။"
ရှီချန်းယွင်က ပြန်ဖြေလိုက်သည်။
"မလိုပါဘူး။"
ရှီချန်းယွင်က ခဏရပ်တန့်လိုက်ပြီး မေးလိုက်၏။
"ကိုယ်တို့ လက်တွဲလို့ရမလား။"
ဟူး၊ ဒါက ဘာဆန်းလို့လဲ။
ပိုင်ချီက လက်မြှောက်၍ ရှီချန်းယွင်၏လက်မောင်းကို ချိတ်လိုက်လေသည်။
ရှီချန်းယွင်၏ခန္ဓာကိုယ်က သူ့ထက် ပို၍နွေးထွေးနေခဲ့သည်။
သူ ခေါင်းကိုတောင် ရှီချန်းယွင်၏လက်မောင်းများကြား မြှုပ်နှံထားချင်စိတ် ပေါက်လာခဲ့သည်။
ရှီချန်းယွင်၏ခန္ဓာကိုယ်က ခဏလောက် တောင့်တင်းသွားခဲ့ပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
၎င်းတို့အဖွဲ့က လေအေးများကို အန်တု၍ အထဲသို့ လျှောက်ဝင်သွားခဲ့ကြသည်။
"ဒီနေ့က 'နတ်ဆိုးဖြစ်လာခြင်း' ရုပ်ရှင်ရဲ့ အောင်ပွဲခံညစာစားပွဲလေ။"
လမ်းလျှောက်ရင်း ရှီချန်းယွင်က သူ့ကို အသံတိုးတိုးဖြင့် ပြောပြလာခဲ့သည်။
ပိုင်ချီ 'နတ်ဆိုးဖြစ်လာခြင်း' ကို ကြည့်ဖူးပေ၏။
ထိုရုပ်ရှင်ကို ပြီးခဲ့သောနှစ်က ထုတ်လွှင့်ခဲ့သော်လည်း ယင်းက ယနေ့ချိန်အထိ ထုတ်လုပ်ရေးအဖွဲ့အတွက် ဝင်ငွေများ ရနေဆဲပင်။
ရုပ်ရှင်က ဆုပေါင်းများစွာ ရရှိခဲ့ပြီး ပြည်ပဖြန့်ချီခွင့်လည်း ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်လက မြောက်အမေရိက၌ ရုံတင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၇၈.၉၁ သန်းအထိ ရရှိခဲ့ပြီး ပြီးခဲ့သည့်အပတ်ကမှ ရုံတင်ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများရှိ ဒေသတွင်းရုပ်ရှင်များ၏ အလွန်မြင့်မားသော ရုံတင်ဝင်ငွေကို မယှဉ်နိုင်သေးသော်လည်း တရုတ်ရုပ်ရှင်များ၏ ပြည်ပဈေးကွက်၌ ရုံတင်ဝင်ငွေ အမြင့်ဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ထိုမျှသာမကသေးဘဲ ဒုတိယနေရာမှ ရုပ်ရှင်ကိုလည်း အပြတ်အသတ် ချန်ထားနိုင်ခဲ့သည်။
ထို့အပြင် ရုပ်ရှင်ထုတ်ကုန်ပစ္စည်းများမှသည် ပူးပေါင်းထုတ်ကုန်များအထိ ရိုက်ကူးရေးအဖွဲ့အတွက် အမြတ်အစွန်းများကို စိတ်ကြိုက်ရိတ်သိမ်းခွင့် ရရှိနေဆဲပင်။
ထို့ကြောင့် အတိအကျပြောရလျှင် ရှီချန်းယွင်က ပြည်တွင်း၌သာမက ပြည်ပမှာပါ ကြီးမားသောပရိသတ်အင်အားကို ပိုင်ဆိုင်ထားလေသည်။
ပိုင်ချီက ထိုအချက်အလက်များကို ခေါင်းထဲမှာ စဉ်းစားလိုက်ပြီးနောက် နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
***
Aurora Novel Translation Team