အပိုင်း (၁၅) - ကျွန်တော့်မှာပိုက်ဆံရှိတယ် (၁)
ပါပါရာဇီအဖွဲ့တစ်ဖွဲ့၏ လျှို့ဝှက်စတူဒီယိုတစ်ခုရှိ ခပ်ဟဟပွင့်နေသော တံခါးအတွင်းမှ 'သောက်ကျိုးနည်း' ဆိုသည့် အာမေဍိတ်သံများ မကြာခဏ ထွက်ပေါ်နေခဲ့သည်။
"တကယ်ပဲလား။"
"ဟုတ်တယ်၊ တကယ်။ ငါ ထပ်တလဲလဲ စစ်ဆေးကြည့်ပြီးသွားပြီ။ ဒါကို ကြည့်လိုက်၊ ဒီဓါတ်ပုံနည်းနည်းကို အတူတူပေါင်းလိုက်ရင် အကျိုးအကြောင်းဆီလျော်တဲ့ အထောက်အထားတစ်ခု ဖြစ်သွားပြီ!"
"ဒါဆို ကျွန်တော်တို့ ဘာဖြစ်လို့ ချက်ချင်းမတင်သေးတာလဲ၊ ဘာကို စောင့်နေတာလဲ။ အင်တာနက်ပေါ်က လူတိုင်း ကျိုးချီယွမ်ဆိုပြီး ထင်ကြေးပေးနေကြတာကို။"
၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူက ကုလားထိုင်ပေါ်ထိုင်ရင်း လက်သန်းခန့်ရှိသော ဆေးပြင်းလိပ်ကို ဖြည်းညင်းစွာ သောက်နေကာ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။
"ရှီချန်းယွင် ဘယ်လောက်ချမ်းသာလဲဆိုတာ မင်းတို့ သိကြလား။"
"ကျွန်တော်သိတယ်! 'နတ်ဆိုးဖြစ်လာခြင်း' ရုပ်ရှင်တစ်ခုတည်းရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့တင် အနည်းဆုံး သူ သန်း ၅၀ ကျော်လောက် ရခဲ့မှာပဲ၊ ဟုတ်တယ်မလား။"
ထိုလူက ခေါင်းယမ်းလိုက်၏။
"အဲ့ဒါတင် ဘယ်ကမလဲ။ ရှီချန်းယွင်က အရမ်းကို၊ ကျိကျိတက်ကို ချမ်းသာတာ။ သူ အနုပညာလောကထဲ စဝင်ကတည်းက သူ့အလုပ်အပေါ် စိတ်ရောကိုယ်ပါနစ်မြုပ်ပြီး ကြိုးစားခဲ့လို့ သူ့ရဲ့တန်ကြေးက နှစ်တိုင်း တစ်ဟုန်ထိုး မြင့်တက်နေခဲ့တာ။ သူ ရင်းနှီးမြှုပ်နှံထားတဲ့ အမြတ်ထွက်တဲ့ စီးပွားရေးတွေကို မင်းတို့ ရေတွက်လို့တောင် ကုန်မှာ မဟုတ်ဘူး... ထားလိုက်ပါတော့၊ ဒါတွေကို မပြောတော့ဘူး။ ငါ ဆိုလိုချင်တာက ဒီလို သတင်းကြီးတစ်ခုကို တိုက်ရိုက်ထုတ်ပြန်လိုက်တာထက်စာရင်..."
"ကျွန်တော် သဘောပေါက်ပြီ! ရှီချန်းယွင်ဆီကိုပဲ တိုက်ရိုက် ဆက်သွယ်လိုက်တာက ပိုကောင်းတယ်! ရှီလောင်ရှီးက ကျွန်တော်တို့ကို တန်ရာတန်ကြေး ကောင်းကောင်းပေးမှာပဲ..."
လက်အောက်ငယ်သားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုရင်း ပျော်ရွှင်စွာ ပြုံးလိုက်ကြလေသည်။
အခြားတစ်ဖက်တွင် ရှီချန်းယွင်က ပိုင်ချီနှင့်အတူ ယိဥယျာဉ်မြို့တော်သို့ ပြန်ရောက်လာခဲ့၏။
"ဒီနေ့ နောက်ထပ်အလုပ်တွေ မရှိတော့ဘူးလား။"
ပိုင်ချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ရှီချန်းယွင်က ပြန်ဖြေလိုက်သည်။
"အင်း၊ ဒီနေ့အတွက် သီးသန့်အချိန်ဖယ်ထားတာ။"
အပေါ်ထပ်သို့ရောက်သောအခါ ရှီချန်းယွင်က ခြေတံရှည်များဖြင့် သူ၏အိပ်ခန်းဆီသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
သုံးမိနစ်အတွင်း အိပ်ခန်းထဲကနေ ရေပန်းသံထွက်ပေါ်လာ၏။
ဒီနေ့အတွက် သီးသန့်အချိန်ဖယ်ထားတယ်ဆိုတော့... အင်း၊ ငါ ကျန်းမိသားစုဆီသွားတုန်းက ဝတ်ခဲ့တဲ့ ဒီအဝတ်အစားတွေကို လဲလိုက်သင့်လား။
ပိုင်ချီတစ်ယောက် အသာအယာသက်ပြင်းချလိုက်ပြီး ဆိုဖာပေါ်ထိုင်ရန် ပြင်လိုက်သည်။ သို့သော်လည်း ခဏလောက်စဉ်းစားပြီးနောက် မထိုင်တော့ဘဲ မလှုပ်မယှက် ရပ်နေလိုက်သည်။
ရှီချန်းယွင်တစ်ယောက် ရေချိုးဝတ်ရုံကိုဝတ်ကာ လက်တစ်ဖက်ဖြင့် တဘက်နှင့်ခေါင်းသုတ်ရင်း အိပ်ခန်းထဲကနေ အေးအေးလူလူ ထွက်လာသောအခါ ပိုင်ချီက ထိုနေရာ၌ နာခံမှုရှိစွာရပ်နေကြောင်း တွေ့လိုက်ရ၏။
ပိုင်ချီက မော့ကြည့်လိုက်ပြီး အလျင်အမြန် မေးလိုက်သည်။
"ကျွန်တော် အဝတ်အစား လဲလိုက်ရမလား။"
ရှီချန်းယွင်၏လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့ပြီး နှေးတိနှေးကန် မေးလိုက်သည်။
"...ဘာလို့လဲ။"
ပိုင်ချီက တိုးတိုးလေး ပြောလိုက်သည်။
"ခင်ဗျား ကျန်းအိမ်ကအနံ့အသက်ကို သိပ်မကြိုက်ဘူးလို့ ထင်လို့ပါ။"
ရှီချန်းယွင်က အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့သည်။ သူ သစ်သားနံ့သင်းသင်းလေးကို ခပ်သဲ့သဲ့ရလိုက်၏။ ထိုအနံ့က သူသုံးလေ့ရှိသော ရေချိုးဆပ်ပြာရနံ့ပင်။
ထိုအနံ့က ပြီးခဲ့သည့်တစ်ခေါက် ပိုင်ချီဆီကနေရခဲ့သော လိမ္မော်သီးအနံ့နှင့် လုံးဝမတူတော့ပေ။
ပိုင်ချီ့အပေါ် သူ၏သင်္ကေတကို တံဆိပ်ခတ်လိုက်ရသလိုပင်။
မီးရောင်အောက်မှာရပ်နေသည့် ရှီချန်းယွင်၏မျက်လုံးများထဲမှာ ရွေ့လျားနေသော တိမ်တိုက်များကဲ့သို့ သိမ်မွေ့သော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့၏။
သူက နှုတ်ခမ်းကို လှုပ်ရှားလိုက်ပြီး ပြောလိုက်သည်။
"မလိုပါဘူး၊ မင်း လဲစရာမလိုဘူး။"
စကားဆုံးသည်နှင့် ဧည့်ခန်းအတွင်းရှိ ဖုန်းသံက မြည်လာခဲ့သည်။
ရှီချန်းယွင်၏ပခုံးများက ခေါင်းမှစီးကျလာသော ရေစက်များကြောင့် အေးစက်သွားခဲ့ပြီး ရေစက်များက သူ၏ရေချိုးဝတ်ရုံထဲသို့ စီးဝင်သွားခဲ့သည်။
သူက အတွေးများကို ထိန်းချုပ်လိုက်ပြီး တဘက်ဖြင့် ခေါင်းကို ပေါ့ပေါ့ပါးပါးသုတ်ရင်း ဗီရိုဘက်သို့ လျှောက်သွားလိုက်သည်။
"ကိုယ် ခေါင်းခြောက်အောင် လုပ်လိုက်ဦးမယ်၊ မင်းပဲ ဖုန်းကိုင်လိုက်ပါ။"
ပိုင်ချီက ပြန်တုံ့ပြန်လိုက်ပြီး လျှောက်သွားကာ ဖုန်းကိုင်လိုက်၏။
"ရှီလောင်ရှီးလား။"
ဖုန်း၏အခြားတစ်ဖက်မှအသံက ကြမ်းရှပြီး စိတ်လှုပ်ရှားနေပုံရသည်။
သူက ခဏရပ်တန့်သွားပြီးနောက် မစောင့်နိုင်တော့ဘဲ အလျင်အမြန် ဆက်ပြောလိုက်သည်။
"မင်္ဂလာပါ၊ ကျွန်တော်က X ဖျော်ဖြေရေးစတူဒီယိုရဲ့ ဝန်ထမ်းတစ်ယောက်ပါ၊ ကျွန်တော့်လက်ထဲမှာ ခင်ဗျားရဲ့ဓါတ်ပုံတချို့ ရှိနေပါတယ်၊ ခင်ဗျား ကြည့်ကြည့်ချင်လား။"
ပိုင်ချီ: ?
ဘာဓါတ်ပုံတွေလဲ။
ဝတ်လစ်စလစ်ဓါတ်ပုံတွေလား။
ပိုင်ချီက ပြောလိုက်၏။
"ကြည့်ချင်ပါတယ်။"
ဝန်ထမ်းမှာ သူ၏ တည်ငြိမ်သောလေသံကို သတိပြုမိသွားပုံပင်—အိုး၊ နေဦး၊ သူက တည်ငြိမ်မနေဘူး၊ တကယ်တော့ သူ နည်းနည်း စိတ်ဝင်စားနေတယ်။
ဝန်ထမ်း: ?
ဝန်ထမ်းမှာ ခေါင်းကုတ်လိုက်ပြီး ဘာဖြစ်နေမှန်း နားမလည်ခဲ့ပေ။
"ကျွန်တော် ဖုန်းနံပါတ် မှားဆက်လိုက်မိတာလား။"
ပိုင်ချီက ဆိုဖာပေါ်မှီထိုင်လိုက်ပြီး ဖုန်းကြိုးကို လက်ဖြင့် ပေါ့ပေါ့ပါးပါး လှည့်ကစားရင်း စိတ်ရှည်လက်ရှည် ပြောလိုက်၏။
"မမှားပါဘူး။"
"မင်း ဆက်ပြောလေ။"
ပိုင်ချီက သူ့ကို တိုက်တွန်းလိုက်သည်။
ဝန်ထမ်းက ခေါင်းငုံ့၍ ဖုန်းနံပါတ်ကို ထပ်ပြီးစစ်ဆေးကြည့်လိုက်၏။
"ဒါ စောစောက ငါတို့ စုံစမ်းရရှိထားတဲ့ နံပါတ်ပါ၊ ဟုတ်တယ်မလား။"
"မှားစရာအကြောင်းမရှိပါဘူး..."
ရွေးချယ်စရာမရှိတော့သည့် ဝန်ထမ်က ဖုန်းကို ပြန်ပြီးကိုင်မြှောက်လိုက်ရတော့သည်။
"ကောင်းပြီလေ၊ ဒါဆို ကျွန်တော် လိုရင်းကိုပဲ ပြောတော့မယ်။ ကျွန်တော့်လက်ထဲမှာ ခင်ဗျားရဲ့ကား လက်ထပ်မှတ်ပုံတင်ရုံးနားမှာ ရှိနေခဲ့တဲ့ဓါတ်ပုံနဲ့ လက်ဝတ်ရတနာဆိုင်မှာ ရှိနေခဲ့တဲ့ ခင်ဗျားရဲ့နောက်ကျောဓါတ်ပုံတွေ ရှိတယ်..."
သူက အကြောင်းအရာများကို အတားအဆီးမရှိ ပြောပြလိုက်ပြီးမှ သတိပြုမိသွားခဲ့သည်...
ဟ၊ နေပါဦး၊ တစ်ဖက်က ဘာအသံမှ ထွက်မလာပါလား။
"ကျွန်တော်တို့ သင့်တော်တဲ့တန်ကြေးတစ်ခု ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ပိုင်ချီက ဖြတ်ပြောလိုက်၏။
"တင်လိုက်ပါ။"
"ဗျာ?"
ပိုင်ချီက ပြောလိုက်သည််။
"ခေါင်းစဉ်ရေးရင် ရှင်းရှင်းလင်းလင်းနဲ့ ပြေပြေပြစ်ပြစ်ဖြစ်အောင် ရေးဖို့တော့ မမေ့နဲ့နော်။ ဪ ဒါနဲ့ ဓါတ်ပုံကိုလည်း ရှုထောင့်ကောင်းတဲ့ပုံကို ရွေးပေး။"
ဝန်ထမ်း: ???
"နှုတ်ဆက်ပါတယ်။"
ပိုင်ချီက ယဉ်ကျေးစွာဖြင့် ပြောလိုက်ပြီးမှ ဖုန်းချလိုက်လေသည်။
ဤပါပါရာဇီစတူဒီယိုမှာ ၎င်းတို့၏စတူဒီယို စတင်တည်ထောင်ချိန်မှစ၍ အံ့ဩစရာအကောင်းဆုံး ဖြစ်ရပ်နှင့် ရင်ဆိုင်လိုက်ရလေသည်။
"ဘယ်အနုပညာရှင်မဆို ငါတို့လက်ထဲမှာ အထောက်အထားတွေရှိတယ်လို့ကြားရင် စိုးရိမ်တကြီး ဖြစ်သွားကြတာ မဟုတ်ဘူးလား။"
"ငါတို့ကို တမင် သရုပ်ဆောင်ပြနေတာလား။"
"စောစောက ဖုန်းကိုင်တာ ရှီချန်းယွင်လား။"
"သူ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ၊ ဖုန်းနံပါတ်က သူ့အိမ်ဖုန်းနံပါတ် မှန်ပါတယ်။"
လူအနည်းငယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ငိုး! ဖုန်းကိုင်လိုက်တဲ့သူက သူ့ရဲ့အိမ်ထောင်ဖက်ဆိုတဲ့သူများ ဖြစ်နေမလား။"
"..."
ပိုင်ချီ ဖုန်းချလိုက်ပြီး သိပ်မကြာခင် ဖုန်းသံ ထပ်မြည်လာခဲ့သည်။
သူလည်း တော်တော်အားနေသဖြင့် ဖုန်းကို အေးအေးလူလူ ကိုင်လိုက်၏။
"ဟယ်လို?"
အခြားတစ်ဖက်မှ လေသံက ပြောင်းသွားခဲ့သည်။
"အိုး၊ ဖုန်းကိုင်တာ လူကြီးမင်းရှီမဟုတ်ဘူးပဲ... ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်။ အနုပညာရှင် တော်တော်များများက သူတို့ရဲ့အိမ်ထောင်ရေးကို လျှို့ဝှက်ထားကြတာ ဘာလို့လဲဆိုတာ မင်း သိရဲ့လား။ အကြောင်းကတော့ လူသိရှင်ကြားဖြစ်သွားတာနဲ့ သူတို့ရဲ့လူကြိုက်များမှု ကျဆင်းသွားရုံတင်မကဘူး၊ သူတို့ရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့သူလည်း ပရိသတ်တွေရဲ့တိုက်ခိုက်မှုကို ခံရနိုင်လို့လေ။ သူတို့က Weibo ပေါ်မှာ တစ်နှစ်ပတ်လုံး ဆဲဆိုကြိမ်းမောင်းခံနေရမှာ..."
ပိုင်ချီက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကျွန်တော်က နာမည်ကြီးတာကို သဘောကျပါတယ်။"
"..."
ဂွက်။
ဝန်ထမ်းက ဖုန်းကို ချက်ချင်းချပစ်လိုက်တော့သည်။
ဒီလိုလူမျိုးနဲ့ စကားဆက်ပြောလို့ မရတော့ဘူး!
ပိုင်ချီတစ်ယောက် ဖုန်းကိုကိုင်ထားရင်း အနည်းငယ် စိတ်မကျေမနပ် ခံစားလိုက်ရ၏။
ကောက်ကျစ်ပြီး ပရိယာယ်များတဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်ရတာ မဝသေးဘူးလေ!
ပိုင်ချီက ဖုန်းကို မူလနေရာသို့ပြန်တင်လိုက်ပြီးနောက် စက္ကန့်ပိုင်းအတွင်း ဖုန်းသံက ထပ်မြည်လာခဲ့သည်။
သူတို့တွေ တစ်ခါတည်းနဲ့ အကုန်မပြောနိုင်ကြဘူးလား။
ပိုင်ချီတစ်ယောက် မျက်တောင်ခတ်လိုက်ပြီ မတုံ့ပြန်ရသေးခင် နံဘေးမှ လက်တစ်ဖက်ဆန့်ထွက်လာကာ ဖုန်းကို ကိုင်မြှောက်၍ ပြန်ချလိုက်ပြီး ပြတ်ပြတ်သားသား ချပစ်လိုက်လေသည်။
ထိုအခါမှ လေမှုတ်စက်သံ မည်သည့်အချိန်ကမှန်းမသိ ရပ်တန့်သွားကြောင်း ပိုင်ချီ သတိပြုမိလိုက်သည်။
သူ လှည့်ကြည့်လိုက်ရာ ရှီချန်းယွင်၏ခါး၌ စည်းထားသော ရေချိုးဝတ်ရုံကြိုးက အနည်းငယ်လျောကျနေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများ အနည်းငယ် ပေါ်ထွက်နေကြောင်းကို တွေ့လိုက်ရသည်။
သေချာပေါက် အဲ့ဒါက အဓိကမဟုတ်ဘူးပေါ့...
ပိုင်ချီ ခေါင်းမော့လိုက်ရာ ရှီချန်းယွင်၏အကြည့်နှင့် တိုက်ရိုက် ဆုံတွေ့သွားခဲ့သည်။
***
Aurora Novel Translation Team