no

Font
Theme

အပိုင်း (၉) - အိပ်မက်

『အိပ်မက်ထဲက ကလေးက ဘယ်သူလဲ။』

နေရောင်ခြည်က တောက်ပနေပြီး နွေရာသီ၏ ထူးခြားသောပူလောင်မှုမျိုး ပါဝင်နေ၏။

ရှန်ရှင်းကျိုးက လှေကားပေါ်မှခုန်ချကာ ခြံဝင်းထဲသို့ ပြေးသွားခဲ့သည်ဟု ခံစားလိုက်ရသည်။ လှေကားထစ်များက အလွန်မြင့်မားပြီး မြေပြင်ပေါ်ရှိ မြက်ပင်များလည်း ထိုနည်းလည်းကောင်းပင်။

ခြံဝင်း၏အပြင်အဆင်က မယုံကြည်နိုင်လောက်အောင် ရင်းနှီးနေသော်လည်း ထူးထူးဆန်းဆန်း စိမ်းသက်နေခဲ့၏။ ရှန်ရှင်းကျိုး ခဏမျှစိုက်ကြည့်နေပြီးမှ ၎င်းက ရှန်မိသားစု၏အိမ်အဟောင်းဖြစ်ကြောင်းကို ဝိုးတဝါး သဘောပေါက်သွားခဲ့သည်။

သူ ခုနစ်နှစ်သားမတိုင်မီအထိ ထိုနေရာတွင် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရှန်သခင်ကြီး ဖျားနာခဲ့ပြီး စောင့်ရှောက်မှုဌာနသို့ သွားရောက်ခဲ့ခြင်းကြောင့် ရှန်မိသားစုက လက်ရှိဗီလာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ရှန်ရှင်းကျိုးက မြက်ခင်းပေါ်သို့ ကျွမ်းကျင်စွာဖြင့် ခုန်ချလိုက်ပြီး နောက်ဖေးခြံဝင်းကို ပတ်ပြေးကာ တစ်စုံတစ်ခုဆီသို့ တည့်တည့်ပြေးသွားခဲ့သည်။

ခြံဝင်းထဲရှိ ခြံစည်းရိုးဘေးတွင် ကလေးငယ်တစ်ဦး ထိုင်နေ၏။ ထိုကလေးငယ်က သုံးလေးနှစ်ခန့် ရှိပြီး ကာတွန်းစက်ရုပ်ပုံပါ အဖြူရောင်တီရှပ်နှင့် အောက်ပိုင်းတွင် အပြာရောင်ဂျင်းဘောင်းဘီလေးကို ဝတ်ဆင်ထားသည်။

နက်မှောင်သော သူ၏ဆံပင်များက ပျော့ပျောင်းကာ ဖြူဖွေးနူးညံ့သော သူ၏အရေပြားထက်မှာ ကပ်ငြိနေရာ အဝေးကနေကြည့်လိုက်လျှင် နူးညံ့သော အဖြူရောင်ဆန်မုန့်လုံးလေးနှယ် ဖြစ်နေသည်။

ကလေးငယ်၏ လက်ဖောင်းဖောင်းလေးများက သူ့အရှေ့မှခြံစည်းရိုးကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။ သူ့ဘေးမှာ အဝါရောင်ပုံးလေးနှင့် ဂေါ်ပြားသေးသေးလေးရှိနေသော်လည်း သူ၏အာရုံအလုံးစုံက အခြားတစ်နေရာမှာ ရှိနေခဲ့သည်။ သူ၏ဦးခေါင်းလေးက စူးစမ်းလိုစွာဖြင့် ခြံစည်းရိုးကိုဖိမှီထားပြီး ခြံဝင်းအလွန်ကတစ်စုံတစ်ခုကို ကြည့်နေခဲ့၏။

ရှန်ရှင်းကျိုး နီးကပ်သွားသည်နှင့်အမျှ သူ၏ခြေလှမ်းများကို တမင်တကာ အရှိန်လျှော့လိုက်သည်။ သူက ကလေးငယ်၏နောက်ကနေ ခြေဖျားထောက်သွားကာရုတ်တရက် လက်လှမ်းလိုက်ပြီး သူ၏ဆံပင်လေးများကိုဖွလိုက်လေသည်။

ကလေးငယ်က လန့်သွားခဲ့၏။ သို့သော် သူ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို နက်မှောင်သော မျက်လုံးဝိုင်းဝိုင်းလေးများက အပြုံးလေးအဖြစ် ကွေးညွတ်သွားခဲ့သည်။ သူ၏မျက်လုံးများက လုံးဝိုင်းပြီး မျက်လုံးထောင့်လေးများက ခွေးပေါက်လေးများကဲ့သို့ အနည်းငယ်ငိုက်ကျနေသည်။ သူ မော့ကြည့်လာသောအခါ အနှီမျက်ဝန်းနက်များထဲ၌ ရှန်ရှင်းကျိုးသာ ရှိနေခဲ့၏။

ကလေးငယ်က ရှန်ရှင်းကျိုး၏စနောက်မှုကြောင့် လန့်မသွားဘဲ လျှို့ဝှက်နက်နဲသောအမူအရာဖြင့် ရှန်ရှင်းကျိုးကို လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် အနည်းငယ် စကားမပီသော ကလေးအသံလေး ထွက်ပေါ်လာခဲ့၏။

"ရှူး! ကိုကို၊ ဟိုမှာကြည့်လိုက်!"

ရှန်ရှင်းကျိုး ကြည့်လိုက်သောအခါ ခြံဝင်း၏မြင့်မားသောနံရံအပြင်ဘက်မှာ ခွေးလေခွေးလွင့်တစ်အုပ် ဖြတ်သွားသည်ကို တွေ့လိုက်ရ၏။ ခွေအမေကြီးက ရှေ့ဆုံးကနေ မြေပြင်ပေါ်ရှိအစာများကို အနံ့ခံနေသည်။

အနောက်မှ ခွေးပေါက်ကလေး လေးကောင်က ပြေးနိုင်နေပြီဖြစ်ပြီး ဆော့ကစားရင်း လိုက်ပါလာခဲ့ကြသည်။ ထိုခွေးလေခွေးလွင့်တစ်အုပ်၌ အမည်း၊ အဝါနှင့် စပ်ကြား စသည်ဖြင့် အရောင်မျိုးစုံပါသည်။ တစ်ကောင်ချင်းစီက ၎င်းတို့၏ခြေတံတိုလေးများဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့ကြ၏။

"ကိုကို။"

သူ့ဘေးမှကောင်လေးက တိုးတိုးလေး မေးလာခဲ့သည်။

"ကျွန်တော် သူတို့ကို ပွတ်လို့ရလားဟင်။"

ရှန်ရှင်းကျိုးလည်း ပွတ်သပ်ချင်၏။ ပုံမှန်စိတ်မြန်လက်မြန်ရှိပုံနှင့်ဆို ခြံပြင်ကိုပြေးထွက်ပြီး တစ်ကောင်လောက် အိမ်ကိုခေါ်လာမိလောက်သည်။

သို့သော် မပီကလာပီကလာ 'ကိုကို' ခေါ်သံလေးကို ကြားလိုက်ရပြီး ရှန်ရှင်းကျိုးတစ်ယောက် သူ့ကိုယ်သူ လေးလေးနက်နက်ဟန်ဆောင်ကာ ပြောလိုက်သည်။

"ကိုကိုတို့မွေးထားတဲ့ခွေးတွေကိုမှ ပွတ်လို့ရတာ။"

ကလေးငယ်က စိတ်ပျက်သွားသော်လည်း မျှော်လင့်ချက်သေးသေးလေးဖြင့် မေးလာပြန်သည်။

"ဒါဆို ကျွန်တော်တို့ တစ်ကောင်လောက်မွေးလို့ရလား။"

ရှန်ရှင်းကျိုးက ပြောလိုက်သည်။

"ကိုကိုတို့ ဖိုးဖိုးကို ခွင့်တောင်းကြည့်ကြမယ်လေ!"

ကလေးငယ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလာခဲ့သည်။

"အင်း!"

ထို့နောက် သူ၏အာရုံများက ခြံပြင်မှခွေးလေးများဆီ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။ သူက အနက်ရောင်ခွေးပေါက်လေးကို လက်ညှိုးထိုးပြကာ ပြောလာခဲ့၏။

"ကျွန်တော် အဲ့ဒီအမည်းကောင်လေးကို မွေးချင်တယ်။ သူက သေးသေးလေး၊ တခြားခွေးတွေက သူ့ကို အနိုင်ကျင့်ကြလိမ့်မယ်။"

ရှန်ရှင်းကျိုးက မည်သည့်ခွေးကိုမွေးမွေး အရေးမကြီးဟု ခံစားခဲ့ရသည်။ သို့သော် ကလေးငယ်ကို စနောက်ချင်စိတ်ဖြင့် တမင်တကာ ပြောင်းပြန်ပြောလိုက်၏။

"အဝါရောင်လေးမွေးမယ်။ အဲ့ဒါက အကြီးဆုံးပဲ၊ ကိုကိုတို့ သူ့ကို 'သာ့ဟွမ်' လို့ခေါ်လို့ရတယ်!"

"ကျွန်တော်က အနက်ရောင်လေးလိုချင်တာလို့!"

"ကိုကိုတို့ သာ့ဟွမ်ကိုပဲ မွေးမှာ။"

ကလေးနှစ်ယောက်၏ငြင်းခုံသံများက တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ အိပ်ပျော်နေသော ရှန်ရှင်းကျိုးလည်း နိုးလာခဲ့၏။ သူက ထထိုင်လိုက်ပြီး သူ၏နဖူးမှချွေးများကို သုတ်လိုက်သည်။

သူ၏လက်ဖဝါးက အိပ်မက်ထဲမှ နေရောင်ခြည်၏နွေးထွေးမှုနှင့် ကလေးငယ်၏လက်မောင်းမှ နူးညံ့သောအထိအတွေ့တို့ကို ယူဆောင်လာသကဲ့သို့ ခံစားနေရ၏။

ရှန်ရှင်းကျိုးက ချွေးသုတ်လိုက်ပြီး ထရပ်ကာ ပြတင်းပေါက်ဆီသို့သွား၍ လိုက်ကာများကိုဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် မနက်ခင်းအလင်းရောင်က တောက်ပနေပြီဖြစ်ပြီး အချိန်က နောက်ကျနေလေပြီ။

ရှန်ရှင်းကျိုးက အမြန်ဆေးကြောကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ဒုတိယထပ်က နေရာကျယ်ဝန်းပြီး ဧည့်ခန်းတစ်ခုရှိသည်။ ရှန်ရှင်းရန်က ထိုဧည့်ခန်းတွင် မနက်စာ စားနေခဲ့၏။

ထိုနေ့ပြီးကတည်းက...

၎င်းတို့တွေ ပထမထပ်ရှိထမင်းစားခန်းသို့ နောက်ထပ်မသွားကြတော့ပေ။

"ဒီနေ့ အတန်းမရှိဘူးမလား။ ဘာလို့ အစောကြီးနိုးနေတာလဲ။"

ရှန်ရှင်းကျိုးက ကျွမ်းကျင်သောလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်ပြီး ပန်းကန်ပြားပေါ်မှကြက်ဥကြော်ကို ကောက်ယူလိုက်သည်။

ရှန်ရှင်းရန်က နှုတ်ခမ်းဆူကာ ပြောလိုက်လေ၏။

"အစ်ကိုလတ်၊ လက်ရောဆေးပြီးပြီလား။"

မနေ့ညကအိပ်မက်ကြောင့် ရှန်ရှင်းကျိုးတစ်ယောက် စိတ်အခြေအနေကောင်းနေ၏။ သူက ရှန်ရှင်းရန််၏စိတ်ဆိုးခြင်းကို လုံးဝဂရုမစိုက်ဘဲ စစနောက်နောက်ဖြင့် ပန်းကန်ပြားပေါ်မှ တော်တော်များများကို စားပစ်လိုက်သည်။

'အစ်ကိုလတ်' ဟူသောစကားကို ကြားလိုက်ရသောအခါ သူက ရယ်တောင်ရယ်မောလိုက်၏။

"မင်းငယ်ငယ်ကဆို 'ကိုကို' ကိုတောင် ပီအောင်မပြောနိုင်ခဲ့ဘူး။ မသိရင် မင်းအစ်ကိုက ဟင်းအိုးကြီးလိုပဲ၊ 'ဂိုဂို၊ ဂိုဂို' နဲ့ခေါ်နေခဲ့တာ။"

ရှန်ရှင်းရန်က သူပြောနေသည်ကို နားမလည်သောကြောင့် သူ့ကို လျစ်လျူရှုထားခဲ့လေ၏။

ဗိုက်ပြည့်လုနီးပါး စားပြီးနောက် ရှန်ရှင်းကျိုးက ဒုတိယထပ်ကိုလှည့်ပတ်ကြည့်ကာ မေးလိုက်သည်။

"ဘာလို့ အိမ်မှာ မင်းတစ်ယောက်ပဲရှိနေတာလဲ။"

ရှန်ရှင်းရန်က သူ၏ပန်းကန်ကို ခက်ရင်းဖြင့်ထိုးကာ ပြောလိုက်သည်။

"ဖေဖေနဲ့ မေမေက ပြန်မလာသေးဘူး။ လုရန်ကို မေးနေတာဆိုရင်တော့ သူက ခွေးဝါကြီးနဲ့ ဒီမနက်အစောကြီးကတည်းက အပြင်ထွက်သွားပြီ။"

ထိုသို့ပြောပြီးနောက် ရှန်ရှင်းရန်က ရှန်ရှင်းကျိုးကို မျှော်လင့်တကြီးမော့ကြည့်လာခဲ့သည်။

"အစ်ကိုလတ်!"

ရှန်ရှင်းကျိုးက ရှန်ရှင်းရန်ပြောချင်သည်ကို ချက်ချင်းသဘောပေါက်သွား၏။ သူက အနည်းငယ်ရယ်မောလိုက်သည်။

"ဟုတ်ပါပြီ၊ ဒီနေ့ အဲ့ဒီကိစ္စကို ပြီးအောင်လုပ်ပေးပါ့မယ်။"

မနေ့ညကအိပ်မက်ကို ပြန်တွေးလိုက်မိပြီး သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်း ငယ်ငယ်တုန်းက ခွေးလေးတွေကို တကယ်သဘောကျခဲ့တာမဟုတ်ဘူးလား။ ခွေးမည်းလေးကို မွေးချင်တယ်လို့တောင် ပြောခဲ့သေးတယ်။ အခုကျ ဘာလို့ အဲ့လောက်ထိမုန်းသွားရတာလဲ။"

ရှန်ရှင်းရန်က သူ့ကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

"ဘယ်သူက ခွေးတွေကို သဘောကျလို့လဲ။"

ရှန်ရှင်းကျိုးတစ်ယောက် အစာစားနေရင်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ထိုကလေးငယ်ကို အိပ်မက်မက်ပြီးနောက် ရှန်ရှင်းကျိုးတစ်ယောက် သူ့ကို ရှန်ရှင်းရန်ဟု အမြဲ ထင်နေခဲ့၏။ သူ အိပ်ရာနိုးလာပြီး အောက်ထပ်သို့ဆင်းကာ မနက်စာစားရင်း ရှန်ရှင်းရန်နှင့် စကားပြောနေခဲ့သည်။ သို့သော် ရှန်ရှင်းရန်သည် ရှန်မိသားစုသို့ရောက်လာချိန်က ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း ယခုအချိန်မှ ရှန်ရှင်းကျိုး ရုတ်တရက် သတိပြုမိလိုက်သည်။

သူက စကားမပီသောအရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်၏။ ၎င်းတို့သည်လည်း အိမ်အဟောင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးလေပြီ။

ဒါဆို...

သူ့အိပ်မက်ထဲက ကလေးက ဘယ်သူလဲ။

စိတ်လှုပ်ရှားမှုနှင့် အားနာမှုများ ရောထွေးနေသော ခံစိတ်စားချက်လှိုင်းတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် တိုးဝင်လာ၏။ ရှန်ရှင်းကျိုးတစ်ယောက် ပါးစပ်ထဲရှိ အစားအသောက်များက အရသာမရှိတော့သလို ခံစားလိုက်ရပြီး သူ့ဗိုက်ထဲတွင် တစ်စုံတစ်ခုက ရှင်းမပြနိုင်စွာဖြင့် ဆန္ဒပြနေကြသည်။

သူ မှင်တက်နေသည်ကို မြင်လိုက်ရသောအခါ ရှန်ရှင်းရန်က ရှုပ်ထွေးစွာ မေးလိုက်၏။

"အစ်ကိုလတ်၊ ဘာဖြစ်လို့လဲ။"

'အစ်ကို' ဟူသောစကားလုံးကို ထပ်ကြားလိုက်ရသောအခါ ပုံမှန်ပျော်ရွှင်မှုနှင့် သက်ဆောင့်သက်သာရှိမှုတို့ကို ခံစားလိုက်ရဆဲဖြစ်သော်ငြား ယခု ရှုပ်ထွေးမှုလှိုင်းများဖြင့် ရောထွေးနေခဲ့သည်။

"သြော၊ အစ်ကိုလတ် လုပ်စရာတစ်ခုကို သတိရမိသွားလို့။"

ရှန်ရှင်းကျိုးက ထိုသို့ပြောကာ ဆိုဖာလက်တန်းပေါ်တင်ထားသော အနွေးထည်ကို ကောက်ယူလိုက်သည်။ သူက အနွေးထည်ဝတ်လိုက်ပြီး ရှန်ရှင်းရန်ကို နွေးထွေးစွာပြုံးပြလိုက်သည်။

"အပြင်ခဏသွားလိုက်ဦးမယ်။"

ရှန်ရှင်းကျိုးက ဗီလာကနေ ကားမောင်းထွက်ခွာသွားခဲ့သည်။ ယနေ့ သူ့မှာ လုပ်စရာမရှိပေ။ လူချမ်းသာသခင်လေးအနည်းငယ်က ကားတိုက်ပြေးသည့်အမှုမှာ ပါဝင်ခဲ့ပြီး သူ၏စတူဒီယိုကလည်း အနည်းငယ်ထိခိုက်မှုရှိခဲ့သည်။ ပုံမှန်အားဖြင့် ဝင်ငွေမကောင်းခဲ့သောစီးပွားရေးက ယခု ဒေဝါလီခံရတော့မည့်အန္တရာယ်ကို ရင်ဆိုင်နေရ၏။

သို့သော် ရှန်ရှင်းကျိုးက ထိုကိစ္စကို ထူးပြီးစိတ်ပူမနေပေ။ စတူဒီယိုက အပျော်သက်သက်စီးပွားရေးမျှသာ။

သူ အသက် ၁၈ နှစ်ပြည့်ပြီးနောက် မိသားစုပိုင်ကုမ္ပဏီမှ ရှယ်ယာတချို့ကို အမွေရခဲ့သည်။ ထိုအမြတ်ဝေစုနှင့်ပင် သူ၏စားဝတ်နေရေးအတွက် လုံလောက်ပေ၏။

ရှန်ရှင်းကျိုးတစ်ယောက် သွားစရာနေရာမရှိဘဲ ဦးတည်ရာမဲ့ ကားလျှောက်မောင်းနေခဲ့သည်။ ခဏကြာပြီးနောက် သူ စိတ်တည်ငြိမ်လာခဲ့၏။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ အိပ်မက်တစ်ခုမျှသာ။ ယင်းက မှတ်ဉာဏ်အစစ်အမှန်ပါဟု ယုံကြည်ရန် အကြောင်းပြချက်မရှိပေ။

ရှန်ရှင်းကျိုးက မှတ်ဉာဏ်နှင့်ပတ်သက်လာလျှင် သိပ်မကောင်းပေ။ သူ့အစ်ကိုကြီး ရှန်ရှင်းယွီမှာ ထူးကဲသောမှတ်ဉာဏ်ရှိပြီး အသက် တစ်နှစ်၊ နှစ်နှစ်အရွယ်ကအရာများကိုတောင် မှတ်မိနိုင်ပေ၏။

သို့သော်လည်း ရှန်ရှင်းကျိုးက မူလတန်းတုန်းကအရာများကိုတောင် မမှတ်မိတော့ချေ။ ထို့ကြောင့် ရှန်ရှင်းကျိုး လုရန်အပေါ် မည်သည့် ခံစားချက်မှမရှိခဲ့ပေ။

လုရန်က ငယ်စဉ်ကတည်းက ပျောက်ဆုံးသွားသော သူ၏ညီလေးဖြစ်မှန်း သိထားတာတောင် သူနှင့် ဆယ်နှစ်ကျော် အတူနေထိုင်ခဲ့သော ရှန်ရှင်းရန်အပေါ် ပို၍သံယောဇဉ်ဖြစ်ကာ ကာကွယ်ပေးခဲ့သည်။ ရလဒ်အနေဖြင့် လုရန်ကို ဘယ်တော့မှ သဘောမကျခဲ့ပေ။

လုရန်က အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် ပြန်ရောက်လာသောကြောင့် ရှန်ရှင်းရန်၏အကျိုးစီးပွားကို လုယူလိမ့်မည်ဟုသာ သူ အမြဲထင်နေခဲ့သည်။ ၎င်းတို့လိုမိသားစုများအတွက် မိသားစုဝင်အပြောင်းအလဲများက အလွန်ရှုပ်ထွေးပြီး အန္တရာယ်များသောကိစ္စပင်။

မည်သို့ပင်ဆိုစေ 'ရှန်ရှင်းရန်' ဟူသောနာမည်သည် မူလက လုရန်၏နာမည်ဖြစ်ပေသည်။ အစ်ကိုတစ်ယောက်အနေဖြင့် ထုံးစံအတိုင်း ရှန်ရှင်းကျိုးက ရှန်ရှင်းရန်ဘက်မှ ရပ်တည်ပေးခဲ့၏။

ဘယ်အချိန်ကစတင်ခဲ့မှန်း မမှတ်မိတော့သော်လည်း ရှန်ရှင်းရန် ရှန်မိသားစုဆီ ရောက်ရှိလာသည့်အချိန်မှ စတင်ခဲ့ခြင်းဖြစ်နိုင်၏၊ ရှန်ရှင်းကျိုး၏စိတ်ထဲ စွဲလမ်းမှုတစ်ခုရှိခဲ့သည်။

သူ သူ၏ညီလေးကို သေချာပေါက် ကာကွယ်ပေးရမည်။

သူ၏စိတ်ထဲ ရှုပ်ထွေးနေသောအတွေးများဖြင့် ယောက်ယက်ခတ်နေခဲ့သည်။

ရှန်ရှင်းကျိုး သတိပြန်ဝင်လာသောအခါ သူ ရှန်မိသားစု၏အိမ်အဟောင်းသို့ ကားမောင်းကာ ရောက်ရှိနေခဲ့လေပြီ။ နှစ်ပေါင်းများစွာတည်ရှိခဲ့သော ထိုအိမ်က ယခုလိုခေတ်တွင် အတော်လေးခေတ်နောက်ကျနေသလိုပင်။ ဂရုစိုက်ထိန်းသိမ်းပေးသူများ ရှိသော်လည်း ပိုင်ရှင်မရှိတော့သည့်နောက်ပိုင်း အိမ်ကြီးက ပိုလို့တောင်အထီးကျန်ဆန်လာပြီး ဆိတ်သုဉ်းလာခဲ့၏။

ကားထဲမှာထိုင်နေသည့် ရှန်ရှင်းကျိုးတစ်ယောက် ကားပေါ်ကဆင်းရန် တွန့်ဆုတ်နေခဲ့သည်။ သူ၏တွန့်ဆုတ်မှုအတွက် သူ အကြောင်းပြချက်မပေးနိုင်ခဲ့ပေ။ သူကားတံခါးကို မဖွင့်နိုင်ခြင်းမျှသာ။

သို့သော် နှစ်စက္ကန့်မျှ တွန့်ဆုတ်နေခဲ့ပြီးနောက် ရှန်ရှင်းကျိုးတစ်ယေက် ကားပေါ်မှ ဆင်းလိုက်တော့သည်။ သူက အမြဲတမ်း သူ့စိတ်တိုင်းကျ ပြုမူလေ့ရှိသော်လည်း ရှန်ရှင်းရန် သူ့ဘေးမှာရှိနေလျှင်တော့ ပို၍သတိထားတတ်သည်။

ကားပေါ်မှဆင်းလာပြီးနောက် အပြင်ဘက်ကနေ အိမ်ထဲကို ဘာမှမမြင်နိုင်ကြောင်း သတိပြုမိလိုက်၏။

နှစ်စဥ်နှစ်တိုင်း အိမ်ကို ပုံမှန်ပြုပြင်ထိန်းသိမ်းသူများရှိသော်လည်း ကြားကာလက အနည်းငယ်ရှည်လျားသောကြောင့် ခြံဝင်းထဲမှာ ပေါင်းပင်များပေါက်နေလေသည်။ ခြုံနွယ်များနှင့် အမည်မသိနွယ်ပင်များက အပြင်ဘက်ခြံနံရံကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်နေကြ၏။ ထူထဲသော နွယ်နံရံခြားထားသဖြင့် အတွင်းပိုင်းကို လုံးဝ မမြင်တွေ့နိုင်ပေ။

ရှန်ရှင်းကျိုးတစ်ယောက် အပြင်ဘက်တွင် အခိုက်အတန့်တစ်ခုလောက် လှည့်ပတ်ကြည့်ရှုနေပြီးနောက် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။ ဤနေရာတွင် အဘယ့်ကြောင့်အချိန်ဖြုန်းနေသည်ကို သူ နားမလည်နိုင်ပေ။

ရယ်စရာကောင်းသော ထိုအိပ်မက်ကြောင့်လော?

သူက ကားဆီပြန်သွား၍ ကားတံခါးကို ဖွင့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ သူ တောင့်တင်းသွားပြီး ခြံစည်းရိုးနားမှ လျှောက်လမ်းဆီသို့ လှည့်ကြည့်လိုက်မိသည်။ လမ်းလေးက ကျဥ်းမြောင်းပြီး ကွန်ကရစ်လမ်းက အက်ကွဲရာများတောင် ထင်နေလေပြီ။

မနေ့ညကအိပ်မက်ထဲမှာ သူနှင့် ထိုကလေးငယ်က ဤခြံစည်းရိုးကိုမှီကာ လေလွင့်ခွေးလေးများ တစ်ကောင်ပြီးတစ်ကောင် မြောင်းအဖုံးကို ခုန်ကျော်သွားသည်အား စောင့်ကြည့်နေခဲ့ကြသည်။ ခွေးမည်းလေးက ခုန်နေရင်း လဲတောင်လဲကျခဲ့သေးသည်။

အိပ်မက်နှင့် လက်တွေ့ကြား စိတ်ကူးယဥ်ဆန်သော မှုန်ဝါးဝါးခံစားချက်က သူ့ကို လွှမ်းမိုးသွားခဲ့၏။ ရှန်ရှင်းကျိုးတစ်ယောက် မြောင်းအဖုံးဘေးမှာရပ်နေရင်း နွယ်ပင်များရစ်ပတ်နေသော ခြံနံရံကို လှည့်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို သူ ထိုနေရာဆီ လျှောက်သွားလိုက်၏။ တွန့်ဆုတ်မှုမရှိဘဲ သူက လက်ဗလာဖြင့် နွယ်ပင်များကို စတင်ဆွဲဖယ်တော့သည်။

ဆူးပါသောနွယ်များက သူ၏လက်ကောက်ဝတ်များကို ခြစ်သွားပြီး အစင်းရာများပေါ်လာခဲ့သလို သူလွှင့်ပစ်လိုက်သည့် တချို့အမှိုက်များက သူ၏လှုပ်ရှားမှုနှင့်အတူ သူ့အဝတ်အစားများနှင့် ဆံပင်များပေါ် ကပ်ငြိသွားခဲ့သော်လည်း ရှန်ရှင်းကျိုးက လုံးဝဂရုမစိုက်ခဲ့ပေ။

သူက သံချေးတက်နေသော သံတိုင်များကို ဆုပ်ကိုင်လိုက်ပြီး နံရံက်ိုကျော်တက်ကာ ခြံဝင်းထဲခုန်ဆင်း၍ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။

သူ့ခြေထောက်အောက်မှမြေကြီးက အမှိုက်များ၊ သစ်ရွက်ကြွေများဖြင့် ပျော့ပျောင်းနေလေ၏။ ခြံဝင်းက လုံးဝဗလာကျင်းနေသည်။ စိမ်းစိမ်းစိုစို မြက်ခင်းများမရှိ၊ ပြန့်ကျဲနေသော အရုပ်များမရှိ၊ ခြံထောင့်လေးမှာကပ်နေသော အဖြူရောင်ဆန်မုန့်လုံးလေးလည်းမရှိ။

ရှန်ရှင်းကျိုး ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။

သူ ခြံဝင်းအတွင်း တစ်ပတ်လျှောက်ကြည့်လိုက်၏။ ထို့နောက် အပြင်ပြန်ထွက်ရန်ပြင်ဆင်နေစဉ် သူ၏ခြေလှမ်းများက မသိစိတ်အရ ထောင့်တစ်နေရာသို့ ဦးတည်သွားခဲ့သည်။

ရှန်ရှင်းကျိုးတစ်ယောက် သူ အဘယ့်ကြောင့် ထိုနေရာဆီလျှောက်လာမိကြောင်း မသိခဲ့ပေ။ သူ၏ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုခြံထောင့်ရှိ ပေါင်းပင်များကို လက်ဖြင့် အရူးအမူးဆွဲနှုတ်လိုက်လေသည်။ ထို့နောက် ၎င်း၏အောက်ရှိ မြေကြီးကိုလည်း တူးဆွလိုက်၏။ သိပ်မကြာခင် သူ၏လက်ဖဝါးက အနည်းငယ်မာသော တစ်စုံတစ်ခုကို ထိမိသွားခဲ့သည်—သစ်သားပြားတစ်ချပ်ပင်။

သစ်သားပြားက အချိန်ကြာနေပြီဖြစ်ရာ မြေကြီးအရောင်နှင့်တူနေသလို ကြွပ်ဆတ်သည့်အသွင်အပြင်သို့ ကူးပြောင်းနေပြီဖြစ််သည်။

အက်ကွဲကြောင်းများကြားမှာ ပိုးကောက်လေးများ တွားသွားနေခဲ့ကြသည်။ ရှန်ရှင်းကျိုး၏လှုပ်ရှားမှုကြောင့် ပိုးကောင်လေးများက နေရာအနှံ့ ထွက်ပြေးကုန်၏။ သူက လက်များကိုခါလိုက်ပြီးနောက် သူ၏လက်ချောင်းများက သော့အိမ်ကိုစမ်းမိသွားကာ သစ်သားပြားကို မလိုက်သည်။ သံချေးတက်နေသောသော့အိမ်က ထက်ပိုင်းကျိုးသွားခဲ့သည်။

ရှန်ရှင်းကျိုး အနည်းငယ်ရုန်းကန်လိုက်ပြီး နောက်ဆုံး၌ သစ်သားပြားကို အပြည့်အဝဖယ်ရှားနိုင်ခဲ့သည်။

'ကလစ်' ဟူသောအသံနှင့်အတူ ဆယ်စုနှစ်ကျော်ကြာအောင် ပိတ်လှောင်ထားသောတံခါးက လုံးဝပွင့်သွားခဲ့လေသည်။

ထိုသစ်သားပြားအောက်မှာ သေးငယ်သော ဂိုဒေါင်လေးတစ်ခုရှိပြီး အထဲမှာ အိမ်ဆောက်သည့်အတုံးလေးအနည်းငယ်နှင့်အတူ တူညီသောရာဘာဘောလုံးလေးနှစ်လုံးလည်းရှိသည်။ ထောင့်တစ်နေရာမှာ အဝါရောင်ပလတ်စတစ်ပုံးနှင့်အတူ ဂေါ်ပြားသေးသေးလေးတစ်ခုက တိတ်တဆိတ်နေရာယူထားကြ၏။

ဤမေ့လျော့ခံထောင့်လေးတစ်နေရာမှာ ၎င်းတို့က အချိန်အတော်ကြာ ရှိနေခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment