အပိုင်း (၈) - ညီလေး
『အလုပ်လား၊ ဖျက်ဆီးခံလိုက်ရရင် ပိုကောင်းတာပေါ့။』
ဆိုင်ထဲဝင်သွားပြီးနောက် ရှန်ရှင်းကျိုး လုရန်ကို မတွေ့ခဲ့ရပေ။
ဆိုင်၏အလယ်မှာ ခြံစည်းရိုးခတ်ထားသည့် ကြီးမားသော ဧရိယာတစ်ခုရှိသည်။ ခြံစည်းရိုးထဲမှာ နှစ်လ၊ သုံးလသားအရွယ် ခွေးပေါက်လေးများ ကစားနေလေ၏။
သာ့ဟွမ်ကလည်း အထဲမှာရှိနေပြီး ခွေးပေါက်လေးများကို သူ့အပေါ်တက်ခွင့်ပေးထားသလို သူ၏နားရွက်များနှင့် အမြီးကို ကိုက်ခဲခွင့်ပေးထားခဲ့သည်။
ရံဖန်ရံခါ အဆော့မက်သော ခွေးပေါက်လေးများ၊ သို့မဟုတ် ထွက်ပြေးရန် ကြိုးစားနေသော ခွေးပါက်လေးများရှိလာလျှင် သာ့ဟွမ်က ထော့နဲ့ထော့နဲ့ဖြင့် ၎င်းတို့ကို ကိုင်တွယ်ခဲ့သည်။
သူ၏နောက်ခြေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရမထားသော်လည်း လွန်ခဲ့သောရက်ပိုင်းတုန်းက ရှန်ရှင်းကျိုး ခေါ်ထုတ်ခဲ့ချိန်ကနှင့် တော်တော်လေးကွဲပြားနေ၏။
ခြေထောက်ထော့နဲ့နေပုံကြောင့် သူ့အား အနည်းငယ် အသက်ပိုကြီးသွားသလို ထင်ရစေသည်။
ရှန်ရှင်းကျိုး အကြည့်လွှဲလိုက်၏။ သူက အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတော့ လုရန်ကို ရှာတွေ့သွားခဲ့သည်။
လုရန်က အေပရွန်ကိုဝတ်ထားပြီး ကြောင်အခန်းထဲမှ ကြောင်သဲများကို သန့်ရှင်းရေးလုပ်နေခဲ့သည်။ သူက ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး မမျှော်လင့်စွာဖြင့် သေးကွေးနေကာ လွန်ခဲ့သောသုံးရက်က ရှန်အိမ်တော်မှာ အမျက်ထွက်နေခဲ့သောပုံရိပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
[T/N: ကြောင်သဲဆိုတာ ကြောင်တွေ အီးအီးတက်ပါတဲ့ သဲလေးတွေကို ပြောတာပါ၊ လုရန်က အီးအီးတွေကို ရှင်းနေတာပါ။]
လုရန်၏အလုပ်များနေမှုကို အခွင့်ကောင်းယူ၍ ကြောင်လေးတစ်ကောင်က သူ့ကို ကြောင်လှေကားအဖြစ်အသုံးချကာ ၎င်း၏လက်သည်းလေးများဖြင့် သူ၏အနွေးထည်ကို ကုတ်ခြစ်တွယ်တက်နေခဲ့သည်။
Hoddie က ဆွဲဆန့်သလိုဖြစ်သွားသည့်အတွက် ပိန်လျသော သူ၏နောက်ကျောလေးကို ပေါ်လွင်သွားစေကာ သူ၏ကျောရိုးများကတောင် အနည်းငယ်ငေါထွက်နေသလိုပင်။
သဲသေတ္တာကို ဂေါ်ပြားဖြင့်ခပ်ကာ ရှင်းလင်းပြီးနောက် လုရန်က အမှိုက်ပုံးကိုကိုင်လျက် အပြင်သို့ထွက်လာခဲ့သည်။
ကြောင်ပေါက်လေးတချို့က သူ၏ခြေထောက်ကို တွယ်ကပ်ကာ ကစားချင်နေကြပြီး တချို့ကြောင်ပေါက်လေးများက သူတံခါးဖွင့်လိုက်ချိန်မှာ ထွက်ပြေးရန်ကြိုးစားနေကြသည်။
လုရန်မှာ ရွေးချယ်စရာမရှိဘဲ တံခါးဖွင့်ကာ အမှိုက်ပုံးကို အပြင်သို့သယ်သွားပြီးနောက် ထွက်ပြေးသွားသော ကြောင်ပေါက်လေးတချို့ကို အလျင်အမြန်ပြန်ဖမ်းကာ အထဲပြန်သွင်းလိုက်ရသည်။ ထို့နောက် သူ့ကိုယ်ပေါ်မှ ကြောင်ပေါက်လေးများကို ဆွဲချကာ ၎င်းတို့ကိုလည်း ခြံစည်းရိုးထဲသို့ ပြန်ထည့်လိုက်၏။ ကြောင်ပေါက်လေးများက ဆိုးသောကြောင့် သူ ထိုအပြုအမူကို အကြိမ်ကြိမ်လုပ်ခဲ့ရလေသည်။
အခြားသူများအပေါ် စိတ်ရှည်လေ့မရှိသော ရှန်ရှင်းကျိုးက ကောင်တာကိုလက်ဆစ်များဖြင့်ခေါက်ကာ ကြားဖြတ်ပြောလိုက်သည်။
"ဟေး၊ စီးပွားရေးကို ဘယ်လိုလုပ်နေတာလဲ။ ဧည့်သည်ဝင်လာတာကိုတောင် မသိဘူးလား။"
သူ၏လေသံက ကြမ်းတမ်းပေ၏။
လုရန်တစ်ယောက် ချက်ချင်း မော့ကြည့်လိုက်သည်။ စောစောက ကြောင်ပေါက်လေးများအပေါ် ဆက်ဆံခဲ့သည့် ကူကယ်ရာမဲ့ကာ စိတ်ရှည်သည်းခံတတ်သော အမူအရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက မေးလိုက်၏။
"ခင်ဗျား ဘာလာလုပ်တာလဲ။"
"ခွေးဝယ်ဖို့။"
ရှန်ရှင်းကျိုးက ခြံစည်းရိုးထဲရှိ သာ့ဟွမ်ကိုညွှန်ပြကာ ပြောလိုက်သည်။
"အဲဒီတစ်ကောင်ကို လိုချင်တယ်"
သူက တုံ့ပြန်မှုကိုမစောင့်ဘဲ ဆက်ပြောလိုက်သည်။
"မင်း ငါ့ကို ဒီခွေးပေးလိုက်တာနဲ့ နောက်ဆို မင်းနဲ့ ဘာမှမသက်ဆိုင်တော့ဘူး။ ဘာပဲပြောပြော ရှန်မိသားစုက ခွေးမွေးခွင့်မပေးတာမို့ မင်းလည်း နောက်ထပ်တခြားခွေးတွေ မွေးခွင့်မရှိဘူး။ မင်း တစ်ကောင်မွေးတိုင်း ငါက တစ်ကောင်ဖယ်ရှားပစ်မှာပဲ။"
ရှန်မိသားစုဝင်များက အမြဲတမ်း စကားကို ထိုကဲ့သို့ပြောတတ်ကြသည်။
၎င်းတို့က အမိန့်ပေးသည့်လေသံဖြင့် သူတို့၏ဖြောင့်မတ်မှန်ကန်သော တောင်းဆိုချက်များကို အခြားသူများအား ခြွင်းချက်မရှိ လိုက်လျောရမည်ဟု ထင်နေကြ၏။
လုရန် ထိုလေသံမျိုးကို အသားကျနေလေပြီ။
သူက တည်ငြိမ်နေဆဲဖြစ်ပြီး ကြောင်အခန်းထဲမှထွက်လာကာ ခွေးပေါက်လေးများ၏ ခြံစည်းရိုးထဲကိုတောင် ဝင်လိုက်ပြီး အထဲမှ သေးခံအချို့*ကိုတောင် လဲလှယ်ပေးခဲ့သေးသည်။
[T/N: အောက်မှာခင်းတဲ့ ဖျာလိုမျိုး သေးခံလေးတွေပါ။ ဖျာလောက်တော့ မကြီးပါဘူး။]
တုံ့ပြန်မှုမရှိကြောင်း တွေ့လိုက်ရသောအခါ ရှန်ရှင်းကျိုးမှာ စိတ်မရှည်တော့ဘဲ တိုက်တွန်းလိုက်လေ၏။
"ဟေး၊ မင်း စျေးပြောလေ။"
လုရန်က မေးလိုက်သည်။
"ရှန်ရှင်းရန်က ကျွန်တော့်ခွေးကို သတ်ခိုင်းလိုက်ပြန်ပြီလား။"
ရှန်ရှင်းကျိုးက ချက်ချင်းငြင်းဆန်လိုက်သည်။
"အဲဒါက ရန်ရန်နဲ့ဘာမှမဆိုင်ဘူး။ ရန်ရန်က..."
လုရန်မှာ စိတ်မရှည်ဖြစ်လာခဲ့သည်။
"တစ်ခါလာလည်း ဒီရန်ရန်၊ ရန်ရန်နဲ့၊ အဲ့ဒီနာမည်ကို ကျွန်တော်ရှေ့မှာ ထပ်မပြောမိနဲ့။ ခင်ဗျားရဲ့ညီအပေါ် ခင်ဗျားဘယ်လိုပဲမြင်မြင် ကျွန်တော်နဲ့မဆိုင်ဘူး။"
ရှန်ရှင်းကျိုးက ပြန်ငြင်းချင်ခဲ့သော်လည်း လုရန်က သူ့လက်ထဲမှ သေးခံကို ရုတ်တရက်မြှောက်လိုက်၏။ ရှန်ရှင်းကျိုးတစ်ယောက် မသိစိတ်အရတုံ့ပြန်မှုဖြင့် ချက်ချင်းအနောက်လှည့်ကာ လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကိုကွယ်ဝှက်၍ ထိုင်ချလိုက်လေသည်။
လျင်မြန်ပြီး ကျွမ်းကျင်သော ထိုလှုပ်ရှားမှုများက နာကျင်စရာကောင်းလောက်အောင် ရင်းနှီးလွန်းနေသည်။
လုရန် သူ့လက်ထဲရှိ သေးခံကို အမှိုက်ပုံးထဲသို့ ထည့်လိုက်မှသာ ရှန်ရှင်းကျိုးတစ်ယောက် ဖြည်းညင်းစွာ ပြန်လှည့်လာခဲ့သည်။
သူ၏ ချောမောသော မျက်နှာတွင် စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသည်။
လုရန်က သေးခံများကို သန့်ရှင်းရန် နောက်ထပ်ခြံဝင်းထဲသွားလိုက်ချိန်မှာ ရှန်ရှင်းကျိုး၏လေသံက သိသိသာသာ ပျော့ပျောင်းသွားပြီး ယခု ပို၍ရိုသေလာခဲ့သည်။
"ငါ မင်းရဲ့ခွေးကို ဘာမှမလုပ်ဘူး။ သာ့ဟွမ်ကို ငါ့ဆီပေးလိုက်၊ သူ့ကို ဆင်ခြေဖုံးကဗီလာဆီခေါ်သွားပြီး ကောင်းကောင်းစောင့်ရှောက်ပေးမယ်။"
လုရန်က သူ့စကားများကို မယုံကြည်မည်စိုး၍ ရှန်ရှင်းကျိုးက ထပ်လောင်းပြောလိုက်သည်။
"ငါ ခွေးအိမ်နဲ့ လိုအပ်တာမှန်သမျှ ဝယ်ပြီးသွားပြီ..."
ထိုအရာကို ကြားလိုက်ရသောအခါ လုရန်က သူ့ကိုလှည့်ကြည့်လိုက်ပြီး ထေ့ငေါ့လိုက်လေ၏။
"ရှန်ရှင်းရန်က ခင်ဗျားကို ခွေးကိုသတ်ပစ်ခိုင်းတာ မဟုတ်ဘူးလား။ ခင်ဗျား သူ့နောက်ကွယ်မှာ ခွေးကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ လျှို့ဝှက်စီစဥ်ထားတာ သူ သိလား။"
"ခင်ဗျား ကျွန်တော့်ခွေးကို မြေးတစ်ယောက်လို ဂရုစိုက်ပြီး စောင့်ရှောက်နေတယ်ဆိုတာသာ သူ သိသွားရင် သူရူးသွားလိမ့်မယ်။"
ရှန်ရှင်းကျိုး၏တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သို့သော်လည်း သူက အခိုင်အမာငြင်းဆန်နေဆဲပင်။
"သူ သိမှာမဟုတ်ဘူး။"
လုရန်က သူ့ဖုန်းကိုမြှောက်ကာ ဝှေ့ယမ်းပြလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကျွန်တော် အခုအသံသွင်းထားတာတွေကို သူ့ဆီ ပို့ပေးလိုက်မယ်။"
ရှန်ရှင်းကျိုးတစ်ယောက် ကြောင်အမ်းသွားလေ၏။
"အသံသွင်းထားတာ? ဘာအသံသွင်းထားတာလဲ။"
သူ လုရန်၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားပြီး ဒေါသထွက်သွားခဲ့၏။
"လုရန်၊ မင်း တကယ် အသံသွင်းထားတာလား။ မင်းမှာ အရှက်တရားမရှိဘူးလား။ ငါနဲ့ ရန်ရန်ကြား သွေးထိုးဖို့ကြိုးစားနေတာလား။"
လုရန်က သရော်သည့်လေသံဖြင့် ထေ့ငေါ့လိုက်သည်။
"အိုး၊ ဟုတ်တာပေါ့! ကျွန်တော့်မှာ အရှက်တရား လုံးဝမရှိသလို လျှို့ဝှက်အကြံအစည်တွေနဲ့ ခင်ဗျားတို့ရှန်မိသားစုထဲ ဂြိုလ်မွှေချင်နေတာ! ကျွန်တော့်ကို ခင်ဗျားတို့ အဲ့လိုထင်နေကြတာ မဟုတ်ဘူးလား။"
ရှန်ရှင်းကျိုးတစ်ယောက် ဒေါသထွက်လွန်း၍ စကားတောင်မပြောနိုင်တော့ပေ။
လုရန်၏ တည်ငြိမ်နေသောအမူအရာများလည်း ပျောက်ကွယ်သွားခဲ့သည်။ အမှန်တကယ်တော့ ရှန်ရှင်းကျိုးရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲ မတည်မငြိမ်ဖြစ်လာခဲ့သည်။ လုရန်အနေနှင့် ရှန်မိသားစုဝင်များ သူ့အလုပ်နေရာသို့ရောက်လာခြင်းကို စိတ်ဒဏ်ရာကဲ့သို့ ဖြစ်နေခဲ့ပြီး ရှန်ရှင်းကျိုးကို မြင်လိုက်ရသောအခါ သူ့ယခင်ဘဝက ရှန်မိသားစုဝင်များကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရပုံ၊ အလုပ်တိုင်း ဆုံးရှုံးခဲ့ရပုံ၊ နောက်ဆုံးတွင် ကားမတော်တဆမှုဖြစ်ကာ လူနာခုတင်ထက် ဆယ်စုနှစ်ကြာ လဲလျောင်းခဲ့ရပုံတို့ကို ပြန်အမှတ်ရလာခဲ့သည်။
လုရန် သူ့လက်ထဲမှသေးခံနှင့် ရှန်ရှင်းကျိုးထံသို့ ပစ်ပေါက်လိုက်သည်။
"ခင်ဗျားတို့ရှန်မိသားစုဝင်တွေအားလုံး အရူးတွေလား။ ကျွန်တော့်ခွေးကို ဝယ်ချင်တယ်? ခင်ဗျားတို့ဝယ်ချင်တိုင်း ကျွန်တော်က ရောင်းရမှာတဲ့လား။"
လုရန်၏လေသံက ရုတ်တရက်သဘောပေါက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ခွေးအိမ်ကိုတောင် အဆင်သင့်လုပ်ထားတယ်တဲ့လား။ တကယ်တော့ ခင်ဗျားက ခွေးတွေကိုချစ်ပြီး ခွေးတွေမွေးချင်နေခဲ့ပေမဲ့ ရှန်ရှင်းရန်ကြောင့် အောင့်အီးသည်းခံခဲ့တာလို့တော့ မပြောနဲ့နော်။"
လျှို့ဝှက်ချက်ကို ထုတ်ဖော်ခံလိုက်ရသော ရှန်ရှင်းကျိုးတစ်ယောက် လက်နှစ်ဖက်မြှောက်ကာ လုရန်ပစ်ပေါက်လိုက်သော သေးခံကို ကာကွယ်လိုက်သည်။ သူက ငြင်းဆိုလိုက်လေ၏။
"ရှန်ရှင်းရန်က ငါ့ညီလေး! ငါ့ညီလေးအတွက် ငါ့ဘာသာငါ အနစ်နာခံတာ ဘာမှားလို့လဲ။"
"ဟား! တော်စမ်းပါ!" လုရန်က သူ့ကို တံတွေးဖြင့်ထွေးလိုက်လေ၏။ "ခင်ဗျား ရှန်ရှင်းရန်ရဲ့ခွေးဖြစ်ချင်နေတာ ခင်ဗျားရဲ့ကိစ္စ၊ ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော်ကတော့ သာ့ဟွမ်ကိုဆက်မွေးမှာပဲ။ တကယ်လို့ ရှန်ရှင်းရန် မကြိုက်ဘူးဆိုရင် သူ့ကိုပဲ ထွက်သွားခိုင်းလိုက်!"
ထိုအချိန်၌ ဆိုင်၏အတွင်းခန်းတံခါး ပွင့်သွားခဲ့လေသည်။ ဆိုင်ပိုင်ရှင်က လုရန်နှင့် သေးခံဖြင့် မျက်နှာကိုအရိုက်ခံနေရသည့် ရှန်ရှင်းကျိုးကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။
"ဒါ၊ ဒါ ဘာဖြစ်နေတာလဲ..."
လုရန်က ရှန်ရှင်းကျိုးကို လက်ညှိုးထိုးပြကာ ကျယ်လောင်စွာပြောလိုက်သည်။
"သူဌေး၊ ဒီလူက ခွေးညှင်းပန်းနှိပ်စက်သူပဲ! သာ့ဟွမ်ရဲ့ ခြေထောက်ကို သူပဲ ရိုက်ချိုးခဲ့တာ၊ အခု သူက ဆိုင်ထဲ ဝင်လာပြီး ခွေးဝယ်ချင်နေတာတဲ့!"
ဆိုင်ပိုင်ရှင်က အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလို မျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်။
"ဪ၊ ဪ! ရှင့်ကို ကြည့်ရတာ လူရည်သန့်ပြီး ခံ့ညားနေပေမဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်သူဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ!"
သူ(မ)က လုရန်ဘေးမှာရပ်ကာ ဆိုင်တံခါးကို ညွှန်ပြလိုက်သည်။
"ကျွန်မဆိုင်ထဲက အခုချက်ချင်းထွက်သွား! ကျွန်မဆိုင်က တိရစ္ဆာန်ညှင်းပန်းနှိပ်စက်တဲ့လူတွေကို မကြိုဆိုဘူး။"
ရှန်ရှင်းကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
"မရဘူး၊ ဒီနေ့ ဘယ်လိုပဲလုပ်ရလုပ်ရ ငါ အဲဒီခွေးကို ခေါ်သွားမယ်!"
ဆိုင်ရှင်က အလွန်ဒေါသထွက်သွား၏။
"ဪ၊ ရှင်က အေးအေးဆေးဆေးပြောနေတာကို နားမထောင်ဘဲ အတင်းအကျပ် လုပ်ချင်တယ်ပေါ့၊ ဟမ်? ရှင့်ဘာသာရှင် ဘယ်လောက်ချောချော ရှင့်ကို ရိုက်ထုတ်ပစ်မယ်!"
ပြောရင်းဆိုရင်း သူ(မ)က တံမြက်စည်းကိုကောက်ကိုင်ကာ သူ့ကိုရိုက်ရန်ပြင်လိုက်သည်။ သူ(မ) ဘာမှမလုပ်နိုင်ခင် လုရန်က ရှန်ရှင်းကျိုးကို ဆိုင်အပြင်သို့ မောင်းထုတ်လိုက်လေသည်။
ဆိုင်အပြင်သို့ရောက်သောအခါ ရှန်ရှင်းကျိုး အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့သည်။ သူက သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး ဖော်ထုတ်ခံလိုက်ရသည့် ရှက်ဒေါသများ ပျောက်ကွယ်သွားကာ ပုံမှန်သူဌေးသားများ၏ အေးအေးဆေးဆေးအမူအရာမျိုးသို့ ပြန်ရောက်သွားခဲ့သည်။
"လုရန်၊ ငါ မင်းကို စနေတာမဟုတ်ဘူး"
ရှန်ရှင်းကျိုးက လုရန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။
"ငါ့ညီလေးနဲ့ယှဥ်လိုက်ရင် ခွေးဆိုတာ ဘာမှမဟုတ်ဘူး။ ငါ့ညီလေးက ပိုအရေးကြီးတယ်။"
လုရန်က သူ့ကို လျစ်လျူရှုထားခဲ့သည်။
သူ့အတိတ်ဘဝမှာ ရှန်ရှင်းကျိုး ရှန်ရှင်းရန်အပေါ် ဆက်ဆံသည့်ပုံကိုကြည့်ပြီး လုရန် အားကျခဲ့ရသလို မျှော်လည်းမျှော်လင့်ခဲ့သည်။
သူကလည်း ရှန်ရှင်းကျိုး၏ညီဖြစ်သည်ဟု ထင်ခဲ့မိ၏။ သို့သော် နောက်ပိုင်းတွင် ရှန်ရှင်းကျိုးမှာ ရှန်ရှင်းရန်ဆိုသည့်ညီတစ်ယောက်သာရှိကြောင်း လုရန် သဘောပေါက်လာခဲ့သည်။
ရှန်ရှင်းကျိုးက ဆိုင်နားမှာ ကြာကြာမနေခဲ့ပေ။
သူ ကားမောင်းပြီးပြန်လာသည့် လမ်းတစ်လျှောက်လုံး ဤကိစ္စကို မည်သို့ကိုင်တွယ်ရမလဲဟု စဉ်းစားနေခဲ့သည်။ သာ့ဟွမ်ဆိုသော ထိုခွေးလေးက အမှန်တကယ် ချစ်စရာကောင်းလှ၏။ သို့သော် ရှန်ရှင်းကျိုး ပြောခဲ့သည့်အတိုင်း သူ့ညီလေးထက် ပိုအရေးကြီးသည့်အရာဟူ၍ မရှိပေ။ ခွေးတစ်ကောင်ကို ပျောက်ကွယ်သွားအောင်လုပ်ရန် နည်းလမ်းပေါင်းများစွာရှိသည်။
ဆိုင်ထဲမှာ ပြောခဲ့သည့်စကားများကို ရှန်ရှင်းရန် ကြားသွားပါက စိတ်ဆိုးသွားမည်အား သူ အနည်းငယ်စိုးရိမ်နေမိသည်။
သို့သော်လည်း ရှန်အိမ်သို့ ပြန်ရောက်သောအခါ ရှန်ရှင်းရန်က ဧည့်ခန်းတွင် သူ့ကိုစောင့်နေကြောင်း တွေ့လိုက်ရ၏။ သူ့ကိုမြင်လိုက်သည်နှင့် ရှန်ရှင်းရန်က စိုးရိမ်ပူပန်စွာကြည့်နေရင်း ကြိုဆိုခဲ့သည်။
"အစ်ကိုလတ်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အစ်ကိုလတ်ကို အဲဒီလို မပြောလိုက်သင့်ဘူး။"
ရှန်ရှင်းကျိုး၏နှလုံးသားထဲ နွေးထွေးသွားလေ၏။ သူက ရှန်ရှင်းရန်၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ရပါတယ်၊ မင်းဘာပြောပြော အစ်ကိုက စိတ်ထဲမထားပါဘူး။"
ရှန်ရှင်းကျိုးတစ်ယောက် လုရန်ပြောခဲ့သည့် အသံသွင်းမှုကို စိုးရိမ်နေဆဲဖြစ်ရာ စမ်းသပ်သည့်လေသံဖြင့် မေးလိုက်သည်။
"ရန်ရန်၊ မင်း... စိတ်မဆိုးဘူးလား။"
ရှန်ရှင်းကျိုး၏လေသံက ပျော့ပျောင်းနူးညံ့နေခဲ့သည်။ "ကျွန်တော်က ဘာလို့ စိတ်ဆိုးရမှာလဲ။ အစ်ကိုလတ်က ကျွန်တော့်အပေါ် အကောင်းဆုံးဆက်ဆံပေးတာ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း အစ်ကိုလတ်ကို ဒေါသမထွက်ဘဲ နေ့တိုင်းပျော်နေစေချင်တယ်။"
ရှန်ရှင်းကျိုး၏နှလုံးသားထဲ နွေးထွေးမှုများ ပျံ့နှံ့သွားသည့်အပြင် လုရန်၏တုံးအမှုကို သူ သရော်မိတော့လေ၏။
အသံသွင်းတာ?
ထိုကဲ့သို့ အသေးအမွှားကိစ္စများက သူနှင့် ရန်ရန်၏ ဆက်ဆံရေးကို ထိခိုက်စေမည်ဟု လုရန်က အမှန်တကယ် ထင်နေသည်လော။ ရယ်စရာကောင်းပေ၏။ ရန်ရန်က ထိုအရာများကို လုံးဝ ဂရုမစိုက်ပေ။
ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်သို့ အတူတူတက်လာခဲ့ကြသည်။ ဒုတိယထပ်သို့ ရောက်သောအခါ ရှန်ရှင်းရန်က သွယ်ဝိုက်သောနည်းဖြင့် မေးလိုက်၏။
"အစ်ကိုလတ်၊ အဲဒီခွေးကရော..."
ရှန်ရှင်းကျိုး အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားသော်လည်း ထိုအကြောင်းအရာကို နောက်ထပ် ရှောင်လွှဲခြင်းမရှိတော့ပေ။
"စိတ်မပူပါနဲ့၊ အစ်ကို ဖြေရှင်းပေးပါ့မယ်။ ဒီတလော စိတ်ရှုပ်နေရင် ကျောင်းဘေးကအပန်းဖြေစခန်းမှာ စိတ်ပြေလက်ပျောက် ရက်နည်းနည်းလောက် သွားနေလိုက်လေ။"
ရှန်ရှင်းရန်က အနည်းငယ် မကျေမနပ်ဖြစ်သွား၏။ 'ဖြေရှင်းပေးပါ့မယ်' ဆိုသည့်သဘောက ယခုအချိန်ထိ မကိုင်တွယ်ရသေးဟု ဆိုလိုပေသည်။ ရှန်ရှင်းကျိုးက ယခုတစ်ခေါက် အဘယ့်ကြောင့် အချိန်ကြာနေရသနည်း။
သို့သော် ယခုက ဒေါသထွက်ရဖို့အချိန်ကောင်းမဟုတ်ရာ သူ၏စိတ်ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။
နေ့လယ်ခင်းတုန်းက ရှန်ရှင်းကျိုးသည် သူ၏စတူဒီယိုကိုသွားကာ ကနဦးတုန်းက သူ၏တိုက်ခန်းမှာ ညအိပ်နေရန် စီစဥ်ခဲ့သည်။ သို့သော်လည်း ရှန်ရှင်းရန်ကိုတွေးမိသွားပြီး ရှန်မိသားစု၏ ဗီလာဆီသို့ ပြန်လာခဲ့လေ၏။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့က အခြားနေရာတစ်ခုမှာ သွားနေခဲ့ကြသည်။
ထိုနေ့ညက ရှန်ရှင်းကျိုးတစ်ယောက် သူ၏သတိပေးချက်က အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သော်လည်း မမျှော်လင့်စွာဖြင့် လုရန်က ခွေးကို ဗီလာသို့ ပြန်ခေါ်လာခဲ့သည်။
ရှန်ရှင်းကျိုးက အောက်ထပ်သို့မဆင်းဘဲ ဒုတိယထပ်ဝရန်တာလက်ရန်းမှာရပ်ကာ အောက်ဘက်ကိုကြည့်နေခဲ့သည်။ သူ၏လက်ချောင်းများကြား စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး ဖုန်းပြောနေလေ၏။
"ဟုတ်တယ်၊ အဲဒီ အိမ်မွေးတိရစ္ဆာန်ဆိုင်ပဲ။ ငါ မင်းကို တည်နေရာပို့ထားပြီးပြီ မဟုတ်လား။"
အောက်ထပ်တွင် လုရန်က သာ့ဟွမ်၏ခြေထောက်ကို ပတ်တီးစည်းပေးနေခဲ့သည်။
သာ့ဟွမ်က အလွန်လိမ္မာပြီး သူ့ကိုမြှောက်ခိုင်းသည့်ခြေထောက်အား မြှောက်ပေးနေ၏။ သူ၏နောက်ခြေထောက်ကို မြှောက်လိုက်သောအခါ ဟန်ချက်ပျက်သွားပြီး မြက်ခင်းပေါ်သို့ လဲကျသွားလေသည်။
ထိုအခါ ဆယ်ကျော်သက်အရွယ်ကောင်လေးက ကျယ်လောင်စွာရယ်မောလိုက်ပြီး ခွေးလေးပေါ်သို့ မှောက်ချကာ ခွေးလေးကို ပန်ကိတ်လေးတစ်ချပ်ကဲ့သို့ စနောက်ကျီစယ်နေခဲ့သည်။
ကောင်လေးတစ်ယောက်နှင့် ခွေးတစ်ကောင် အတူတူဆော့ကစားကြပြီး အလွန်ကလေးဆန်နေခဲ့၏။
ဖုန်းတစ်ဖက်မှလူက စကားဆက်ပြောနေခဲ့သည်။
"ကျိုးကော?"
ရှန်ရှင်းကျိုးတစ်ယောက် ခဏရပ်တန့်သွားပြီးမှ ပုံမှန်အတိုင်း ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဘာလုပ်ရမယ်ဆိုတာ မင်းတို့သိပါတယ်။ တခြားဟာတွေကို ဘာမှမထိနဲ့။ ပြီးတော့ အဲဒီ ခြေထောက်မသန်တဲ့ခွေးကို..."
မြက်ခင်းပေါ်တွင် သာ့ဟွမ်တစ်ယောက် ပွတ်သပ်ခံရ၍ လူးလှိမ့်နေပြီး အပေါ်ထပ်မှတစ်စုံတစ်ယောက်ကို သတိပြုမိသွားပုံပင်။ လမ်းမီးမှ နွေးထွေးသောအလင်းရောင်တို့ ရောင်ပြန်ဟပ်နေသည့် ပဲစေ့အရွယ်ရှိသော ၎င်း၏အနက်ရောင်မျက်လုံးများက စူးစမ်းစွာ၊ နူးညံ့စွာဖြင့် ရှန်ရှင်းကျိုးကို ကြည့်လာခဲ့သည်။
ခွေးလေး၏အမြီးက လှုပ်ယမ်းသွားကြောင်း ရှန်ရှင်းကျိုး သတိပြုမိလိုက်၏။
သခင်ဖြစ်သူနှင့် ဆော့ကစားနေရသောကြောင့် ပျော်ရွှင်နေခြင်းလား၊ သို့မဟုတ် သူ့ကို မြင်လိုက်ရခြင်းကြောင့် ဝမ်းသာနေခြင်းလားကို သူမသိပေ။
ရှန်ရှင်းကျိုးက ပြောလိုက်သည်။
"... အပြင်ခေါ်ထုတ်လာခဲ့ရုံပဲ။"
ဖုန်းတစ်ဖက်မှလူက စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုကို အကြံပြုလာခဲ့သည်။
ရှန်ရှင်းကျိုးက တစ်ဖက်လှည့်ကာ လက်ရန်းကိုမှီလိုက်ပြီး အောက်ထပ်မှမြင်ကွင်းကို ကျောခိုင်းလိုက်လေသည်။
သူက အေးစက်စွာပြောလိုက်၏။
"အလုပ်? ဖျက်ဆီးခံလိုက်ရရင်တော့ ပိုကောင်းတာပေါ့။"
ရှန်ရှင်းကျိုး ဖုန်းဆက်ညွှန်ကြားပြီးနောက် ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။
သူက ရှန်မိသားစုဗီလာရှိ အိပ်ရာနှင့် အသားမကျရာ လွန်ခဲ့သောရက်အနည်းငယ်တုန်းက ကောင်းကောင်းအိပ်မပျော်ခဲ့သော်လည်း ယနေ့ အနည်းငယ်ပင်ပန်းနေသဖြင့် ခပ်မြန်မြန် အိပ်ပျော်သွားခဲ့၏။
သို့သော် အိပ်ရာမဝင်ခင် ကောင်လေးတစ်ယောက်နှင့် ခွေးလေးတစ်ကောင် ဆော့ကစားနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ မမျှော်လင့်စွာဖြင့် ရှန်ရှင်းကျိုး အိပ်မက်မက်ခဲ့သည်။
***
Aurora Novel Translation Team