no

Font
Theme

အပိုင်း (၂) - ကြွေထည်လေး

[ခွေးတစ်ကောင်ကိုတောင် မသတ်နိုင်ဘူးလား။]

ကျယ်လောင်သောအသံပြီးနောက် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားလေ၏။

မေမေရှန်က အနောက်သို့မှီလိုက်ပြီး လုရန်ကို အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေခဲ့သည်။ နှုတ်ခမ်းနီဆိုးထားသော သူ(မ)၏နှုတ်ခမ်းများက မလှမပအမူအရာဖြင့် ပွင့်ဟနေခဲ့သော်လည်း အော်သံက လည်ချောင်းထဲမှာတစ်ဆို့နေခဲ့သည်။

ရှန်ရှင်းရန်၏ဆံပင်က အတင်းဆောင့်ဆွဲခံထားရဆဲပင်။

သူက အနည်းငယ်မှင်တက်နေပြီး သူဟန်ဆောင်ခဲ့သည့် သိမ်မွေ့သောအမူအရာက အေးခဲသွားလေ၏။ သူ့တစ်ကိုယ်လုံးက တောင့်တင်းနေပြီး ပါးနှစ်ဖက်က လက်သည်းများဖြင့်ကုတ်ခြစ်ခံထားရသော အနီရောင်အမှတ်အသားများနှင့်အတူ ရောင်ရမ်းလာခဲ့သည်။

သူ့ကိုယ်သူ ကုတ်ခြစ်ထားတာထက်တောင် ပို၍စစ်မှန်နေပေ၏။

"အရူးကောင်၊ ဘယ်သူက မင်းရဲ့အစ်ကိုလဲ။ ဆက်ဆံရေးတစ်ခုတည်ဆောက််ဖို့ အတင်းအကျပ်ကြိုးစားမနေနဲ့။"

လုရန်က လွှတ်မပေးခဲ့ပေ။

ရှန်ရှင်းရန်၏ဆံပင်ကို ဆုပ်ကိုင်ထားရင်း သူက နှာမှုတ်လိုက်၏။

"ငါ့ခွေးက မကိုက်တတ်ပေမဲ့ ငါကတော့ ကိုက်တတ်တယ်! မင်းက ငါ့အပေါ်ကို ရေညစ်တွေလောင်းချဖို့ ကြိုးစားခဲ့တာကို နှစ်ချက်လောက်အရိုက်ခံရတာနဲ့ လုံလောက်ပြီလို့ထင်နေတာလား။"

မေမေရှန်းက နောက်ဆုံးတော့ အော်လိုက်သည်။

"အား! နင်၊ နင်၊ နင်!"

"ဘာကို 'နင်' လဲ။ ခင်ဗျား မျက်စိမကောင်းတော့ရင်လည်း မျက်စိဆရာဝန်နဲ့သွားပြလိုက်!"

လုရန်က တံတွေးထွေးလိုက်ပြီး ထိုသားအမိနှစ်ယောက်ကို အံ့သြထိတ်လန့်သွားစေခဲ့သည်။ ထို့နောက် သူက ရှန်မိသားစုအိမ်ကနေ အမြန်ပြေးထွက်လာခဲ့သည်။

ဗီလာအပြင်သို့ရောက်သည်နှင့် လုရန်က မရပ်တန့်ခဲ့ပေ။

သူက သူ့ပတ်ပတ်လည်မှ လမ်းအမှတ်အသားများကို ကြည့်လိုက်ပြီး သူ၏မှတ်ဉာဏ်များကို အမြန်ပြန်တွေးကာ နေရာတစ်ခုဆီသို့ ဦးတည်သွားခဲ့တော့သည်။

သာ့ဟွမ်က ကိုးနှစ်လုံးလုံး သူနှင့်အတူရှိလာခဲ့၏။

သူ အသက်ဆယ်နှစ်အရွယ်တုန်းက အရွယ်နှင့်မလိုက်အောင်သေးကွေးပြီး မိဘမဲ့ဂေဟာ၌ မကြာခဏအနိုင်ကျင့်ခံခဲ့ရသည်။

တစ်ခါက သူနှင့် အိပ်ဆောင်တူအခန်းဖော်သည် သူ၏အိမ်စာများကို ဆုတ်ဖြဲခဲ့သော်လည်း ဆရာမက တာဝန်ကျစောင့်ရှောက်သူကို အပြစ်ပေးမည်စိုး၍ ဆရာမကိုလည်း မပြောရဲခဲ့ချေ။

ဘာလုပ်ရမှန်းမသိဖြစ်နေစဥ် မီးပိတ်ချိန်၌ ဓါတ်မီးတစ်လက်ဆွဲ၍ မိဘမဲ့ဂေဟာ၏ချောင်လေးတစ်ခု၌ ဆောင့်ကြောင့်ထိုင်လျက် ငိုကြွေးရင်း စာရွက်အပိုင်းအစများကို ပြန်ဆက်နေခဲ့သည်။

ထိုနေ့ညက အလွန်အေးစက်နေပြီး မြောက်ပြန်လေများတိုက်ခတ်နေခဲ့၏။

သူ့လက်ထဲမှစာရွက်အပိုင်းအစများက လေနှင့်အတူ လွင့်သွားပြီး လုရန်အငယ်လေးက မြေပြင်ပေါ်မှာ ဝပ်ဝပ်ကလေးနေရင်း တစ်စပြီးတစ်စ လိုက်ရှာနေခဲ့ရသည်။

ထိုနေ့ညမှာပဲ လုရန် ခွေးပေါက်ကလေးအရွယ်ရှိသော သာ့ဟွမ်နှင့် တွေ့ဆုံခဲ့၏။

ခွေးပေါက်လေးက လျှာထုတ်ကာ သူ၏ပါးပြင်လေးကို လျက်လာခဲ့သည်။

ချက်ချင်းဆိုသလို ထိုနွေးထွေးသောအထိအတွေ့က သူ၏အထီးကျန်ဆန်မှုနှင့် ဝမ်းနည်းမှုများအားလုံးကို ကုစားပေးခဲ့သည်။

ထိုအချိန်မှစ၍ လုရန်က မကြာခဏဆိုသလို သူ၏အစားအသောက်များထဲမှ နည်းနည်းစီ ချန်ထားတတ်ခဲ့သည်။

ထိုနှစ်ဆောင်းရာသီမှာ သာ့ဟွမ် အသက်ရှင်ခဲ့လေ၏။

တစ်ချိန်တည်းမှာပင် လုရန်လေးက ပထမဆုံးသော မိသားစုချစ်ခြင်းမေတ္တာကို ရရှိခဲ့လေသည်။

သူ့အတိတ်ဘဝတုန်းကလည်း ယခုလိုဖြစ်ခဲ့ဖူးသည်။

လုရန် အိမ်ပြန်လာတုန်းက သာ့ဟွမ်မှာ လွှင့်ပစ််ခံလိုက်ရပြီဖြစ်၏။

အစပိုင်းတွင် ရှန်မိသားစုက သာ့ဟွမ်ကို မောင်းထုတ်လိုက်သည်ဟု လုရန်ထင်လိုက်သည်။

ထို့ကြောင့် သူက သာ့ဟွမ်ကိုလိုက်ရှာပြီး အခြားတစ်နေရာရာမှာထားရန် စီစဥ်ခဲ့သည်။

သို့သော် မေမေရှန်၏ ပြစ်တင်ပြောဆိုမှုများကို သည်းခံပြီးနောက် လမ်းမပေါ်မှာ သာ့ဟွမ်၏အသက်မဲ့ခန္ဓာကိုယ်ကိုသာ ရှာတွေ့ခဲ့လေသည်။

ကားတစ်စီးက သူ့ကို ကြိတ်ချေသွားခဲ့ခြင်းဖြစ်သည်။

ထိုမတော်တဆမှုက စောင့်ကြည့်ကင်မရာ အကန့်အသတ်ရှိသော လူပြတ်သည့်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။

ကြင်နာသော ဖြတ်သွားဖြတ်လာတစ်ဦးက လုရန်၏စိုးရိမ်နေသောအခြေအနေကို သတိပြုမိသွားပြီး ၎င်းတို့တွေမှတ်တမ်းတင်ထားသော ဗီဒီယိုကို ပြပေးခဲ့သည်။

ဗီဒီယိုထဲမှာ အဖိုးတန်သော အနီရောင်ပြိုင်ကားတစ်စီးက အရှိန်တင်ကာ လမ်းဘေးမှာပုန်းနေခဲ့သော သာ့ဟွမ်ကို ပထမတစ်ကြိမ်ဝင်တိုက်ခဲ့သည်။

၎င်းက ထွက်ခွာမသွားသေးဘဲ ထိုနေရာမှာ ရုန်းကန်ထွက်ပြေးနေခဲ့သော သာ့ဟွမ်ကို သုံးကြိမ်တိုင်တိုင် ကြိတ်ချေခဲ့လေ၏။

ပြိုင်ကားပေါ်မှ တံဆိပ်ကို မြင်လိုက်ရပြီးနောက် လုရန် သာ့ဟွမ်အတွက် တရားမျှတမှုရှာဖွေရန် နည်းလမ်းမရှိတော့ကြောင်း သိလိုက်ရသည်။

ရှန်မိသားစုဝင်များက လုပ်နိုင်သော်လည်း လုရန်ကတော့ မပြောရဲပေ။

ထိုအခိုက်အတန့်မှစ၍ လုရန်ဘဝထဲမှ နောက်ဆုံးသောနွေးထွေးမှုက ပျောက်ကွယ်သွားခဲ့သည်။

သူက ထိုကိစ္စကို သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားခဲ့သည်။

တစ်နေ့သောအခါ သူ့ဒုတိယအစ်ကို ရှန်ရှင်းကျိုး၏ပါတီ၌ ထိုအနီရောင်ပြိုင်ကားကို တွေ့လိုက်ရသည်။

ကားပိုင်ရှင်က ရှန်ရှင်းကျိုးနှင့် ပျော်ရွှင်စွာစကားပြောနေခဲ့၏။

နှစ်ဦးသားက လူချမ်းသာမိသားစုမှလာသည့်အလျောက် လုရန် ၎င်းတို့၏သိကျွမ်းမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ တွေးခဲ့သည်။

သို့သော် ကားပိုင်ရှင်က သူ့ကိုဖြတ်သွားသောအခါ ထိုလူက ရပ်တန့်သွားခဲ့သည်။

နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီးနောက် ထိုလူက မေးမြန်းလာခဲ့၏။

"မင်းရဲ့ခွေးရော ဘယ်လိုနေလဲ။"

ထိုအခိုက်အတန့်မှာ လုရန် အေးစက်နေသောတွင်းတစ်ခုထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

သူက တောင့်တင်းစွာဖြင့် ရှန်ရှင်းကျိုးကိုလှမ်းကြည့်လိုက်ပြီးနောက် ရှန်မိသားစုများအားလုံးကို ကြည့်လိုက်သည်။

ထိုအခါမှ လုရန် သဘောပေါက်သွား၏။

သာ့ဟွမ်ကိုသတ်ခဲ့သော ကားမတော်တဆမှုကို ရှန်မိသားစုက ဇာတ်ဆရာလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ရည်ရွယ်ချက်က သူ့ကို သတိပေးရန်ပင်။

သိပ်ကိုရယ်စရာကောင်းပေ၏။ သူက ထိုမိသားစုကို အပြည့်အဝယုံကြည်ခဲ့သည်။

လမ်းမပေါ်၌။

"ကိန် ကိန်!"

ခွေးဝါလေးက သနားစဖွယ် အော်နေခဲ့လေသည်။

၎င်းက နံဘေးသို့ လျင်မြန်စွာရှောင်လိုက်သော်လည်း အနောက်ခြေတစ်ချောင်းကတော့ တာယာဖြင့်ပွတ်တိုက်မိသွားပြီး ထော့ကျိုးထော့ကျိုးဖြင့် ထွက်ပြေးနေခဲ့သည်။

ရုတ်ခြည်းရပ်တန့်လိုက်သော အနီရောင်ပြိုင်ကားထဲ၌ ကားမောင်းသူက ရယ်ရယ်မောမောဖြင့် ဖုန်းပြောလိုက်သည်။

"ဟေး၊ ကျိုးကော၊ ဒီခွေးက တော်တော်ဉာဏ်ကောင်းတာပဲ၊ သူက ရှောင်တောင်ရှောင်လိုက်တယ်။"

စပီကာထဲကနေ ရှန်ရှင်းကျိုး၏ ပျင်းရိလေးတွဲနေသည့် ဂရုမစိုက်သောအသံက ထွက်ပေါ်လာခဲ့သည်။

"ဟွမ်မောက်၊ မင်း အဲ့ဒါကို မကိုင်တွယ်နိုင်ဘူးလား။ မင်း ခွေးတစ်ကောင်ကိုတောင် မသတ်နိုင်ဘူးလား။"

ဟွမ်မောက်က သူ့ရင်ဘတ်ကိုပုတ်ကာ တုံ့ပြန်လိုက်၏။

"သေချာပေါက်သတ်နိုင်တာပေါ့။ ဒီခွေးက ရန်ရန့်ကိုကိုက်လိုက်တယ်ဆို? ရန်ရန် အဆင်ပြေရဲ့လား။"

ရှန်ရှင်းကျိုးက ရယ်မောလိုက်သည်။

"ကြီးကြီးမားမားဖြစ်မသွားပါဘူး။ သူက ခွေးတွေကိုသဘောမကျလို့ မောင်းထုတ်လိုက်ဖို့ပဲစီစဥ်ခဲ့တာ။ ဒါပေမဲ့ အခုလိုကိစ္စတွေဖြစ်လာတော့ အလုပ်ရှုပ်သွားတယ်။"

အဆုံးသတ်မှာ သူက ထပ်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဲ့ဒီခွေးကို သေချာပေါက်သတ်ပစ်လိုက်။"

"သိပြီ!"

ဟွမ်မောက်က ပြီတီတီအပြုံးဖြင့်တုံ့ပြန်လိုက်ပြီး လမ်းပေါ်မှ တရွတ်ဆွဲနေသောခွေးကို ကြည့်လိုက်သည်။

ကနဦးတုန်းက ခွေးလေးသည် လမ်းဘေးမှာပုန်းနေပြီး သူဝင်တိုက်လိုက်သောအခါ လမ်းလယ်ခေါင်ကို ရောက်သွားခဲ့၏။

ယင်းက ခွေးလေခွေးလွင့်တစ်ကောင်သာ။ သေချင်လည်း သေသွားပါစေ။

ပိုင်ရှင်က သဘောကျမခံရခြင်းကိုသာ အပြစ်တင်ရမည်။

ဟွမ်မောက်က စီးကရက်ကို ဝမ်းမြောက်စွာမီးညှိလိုက်ပြီး သူ၏ခြေထောက်ကို လီဗာပေါ်နင်းလိုက်သည်။

အင်ဂျင်က တဝေါဝေါအသံဖြင့် မြည်ဟည်းသွားလေ၏။

ပြိုင်ကားက လမ်းမပေါ်မှာ ညည်းတွားနေသည့်ခွေးဆီ အရှိန်ပြင်းပြင်းနှင့် မောင်းသွားခဲ့သည်။

ကားက တဖြည်းဖြည်း ပိုမြန်လာခဲ့၏။

သူစိတ်ကူးထားသလို ဖြစ်ပျက်လာတော့မည့်အလျောက် ဟွမ်မောက်၏နှုတ်ခမ်းထောင့်များ၌ ဝမ်းမြောက်ဝမ်းသာအပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဘီးလုံးများက ခွေးလေးကို ကြိတ်သွားတော့မည့်ဆဲဆဲမှာ ပုံရိပ်တစ်ခုက ကားမှန်ရှေ့သို့ ဖြတ်ပြေးသွားခဲ့သည်။

ဟွမ်မောက် ထိတ်လန့်သွားပြီး သူ့ပါးစပ်ထဲမှ စီးကရက်က တုန်ယင်သွားခဲ့သည်။

စီးကရက်ပြာများက သူ့ခြေထောက်ပေါ်ကျသွားပြီး စူးခနဲဖြစ်သွားသော်လည်း ဟွမ်မောက် ဂရုမစိုက်နိုင်တော့ပေ။ သူက ဘရိတ်ကို အမြန်နင်းလိုက်ရသည်။

စူးရှသောဘရိတ်အုတ်သံက လေထုအလယ်မှာ ပျံ့လွင့်လာခဲ့သည်။

လမ်းမပေါ်မှာ ရှည်လျားသောခြစ်ရာများ ထင်သွားလေ၏။

တိုက်မိတော့မည့်ဆဲဆဲမှာ ဘီးများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဟွမ်မောက်မှာ ခါးပတ်ကြောင့် တော်တော်လေးအသက်ရှူကျပ်သွားပြီး သူ့လည်ကုပ်အနောက်မှ အမွေးအမျှင်များက ထောင်မတ်သွားခဲ့သည်။

စောစောက ကားရှေ့သို့ တစ်စုံတစ်ယောက်ဖြတ်ဝင်လာကြောင်း သတိပြုမိလိုက်သဖြင့် သူ အမြန်မော့ကြည့်လိုက်သည်။

အရှေ့မှန်မှတစ်ဆင့် ဟွမ်မောက် ကားရှေ့မှာရပ်နေသော အရွယ်ရောက်ပြီးခါစ လူငယ်တစ်ယောက်ရပ်နေကြောင်း တွေ့လိုက်ရလေ၏။

ကောင်လေးက စျေးပေါသော အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားသည်။

ခေါင်းအစခြေအဆုံး သူ၏ဝတ်စုံတစ်စုံလုံးက ယွမ်တစ်ရာမကျော်လောက်ပေ။

ယင်းက ဟွမ်မောက် အမြဲတမ်းအထင်သေးသော ဆင်းရဲသည့်အသွင်အပြင်ဖြစ်၏။

သို့သော် သူ၏မျက်လုံးများက လူငယ်လေး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားချိန်မှာ အလိုလိုတုန်ယင်သွားခဲ့သည်။

ကောင်လေး၏အရှေ့ဆံပင်များက အနည်းငယ်ရှည်နေပြီး ကောင်းကင်ပေါ်မှကျဆင်းလာသော မိုးစက်လေးများကြောင့် သူ၏မျက်ခွံများပေါ် ကပ်ငြိနေခဲ့သည်။

အနက်ရောင်ဆံပင်များအောက်မှ မျက်လုံးများ... ဖော်ပြရန်ခက်ခဲသောမျက်ဝန်းများရှိနေသည်။

၎င်းတို့က ပိန်းပိတ်အောင်မည်းနက်နေပြီး ရူးသွပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

ဟွမ်မောက် အခိုက်အတန့်တစ်ခုလောက် အေးခဲသွားပြီး ထူးဆန်းသောခံစားချက်ကို ဖယ်ရှားလိုက်သည်။

သူက ဒေါသတကြီးဖြင့် ကားထဲကနေထွက်လိုက်ပြီး ဆဲရေးလိုက်သည်။

"မင်း သေချင်နေတာလား။ ကားလာနေတာကို မမြင်ဘူးလား။ မင်း သေလမ်းရှာနေတာလား။"

သူ ကားရှေ့ကိုလျှောက်သွားလိုက်သောအခါ သူ၏ဒေါသများက တစ်ဖန်ရပ်တန့်သွားခဲ့သည်။

သူက ငုံ့ကြည့်လိုက်သောအခါ အရှေ့မှကောင်လေး၏ဒူးခေါင်းများက ပြိုင်ကား၏အရှေ့မီးခွက်နှင့် ထိမိလုနီးပါးဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထိုကဲ့သို့ အကွာအဝေးနီနီးလေး၌ သူ့အရှေ့ကို ကားက အရှိန်နှင့်လာနေကြောင်း တွေ့လိုက်ရတာတောင် ထိုကောင်လေးက ခြေတစ်လှမ်းတောင်မဆုတ်ခဲ့ပေ။

ကောင်လေးက လက်နှစ်ဖက်ကိုဖြန့်ကားပြီး သူ့အနောက်မှ မြေပြင်ပေါ်မှာလဲလျောင်းနေသော ခွေးဝါလေးကို ကာကွယ်ပေးနေခဲ့သည်။

ကျောချမ်းစရာခံစားချက်က ဟွမ်မောက်၏ကျောရိုးတစ်လျှောက် နောက်တစ်ကြိမ်ပျံ့နှံ့သွားခဲ့၏။

သူ ဘာမှမလုပ်နိုင်သေးခင် လုရန်က သူ့အား ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီး အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသောအသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ခွေးကိုတိုက်တာ ခင်ဗျားလား။"

ဟွမ်မောက်တစ်ယောက် အလိုလို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

သို့သော် နောက်အခိုက်အတန့်၌ ထိုကောင်လေး၏နောက်ခံကို ချက်ချင်းခန့်မှန်းနိုင်ခဲ့သည်—ယင်းက ကောလာဟလထွက်နေသော ရှန်မိသားစု၏တရားမဝင်ကလေးဖြစ်သည်။

စောစောက သူ၏မောက်မာမှုများက ပြန်လည်ကိန်းဝပ်လာခဲ့ပြီး ကောက်ကျစ်စွာပြုံးလိုက်သည်။

"မင်းရဲ့ခွေးကို ငါတိုက်တယ်လို့ ဘယ်လိုသက်သေပြမှာလဲ။ ငါသိသလောက်ကတော့ မင်းရဲ့ခွေးက ငါ့ကားကိုဝင်တိုက်လာတာ။"

ရှန်ရှင်းကျိုးက ခွေးကို လူအနည်းငယ်သာရှိပြီး စောင့်ကြည့်ကင်မရာမရှိသည့်လမ်းပေါ်မှာ တမင်တကာတိုက်ခဲ့သည်။

မည်သူက သက်သေပြနိုင်လိမ့်မည်နည်း။

လက်ရှိအခိုက်အတန့်၌ လုရန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သာ့ဟွမ်၏အခြေအနေကို စစ်ဆေးနေခဲ့သည်။

သာ့ဟွမ်က ခြေထောက်တစ်ဖက်သာ ထိခိုက်သွားပြီး တစ်ကိုယ်လုံးအကြိတ်ခံထားရခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသောအခါ စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။

ဆောင့်ကြောင့်ထိုင်နေသော သူ၏အနေအထားအတိုင်း လုရန်က ဟွမ်မောက်ကိုမော့ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားပြောတာမှန်တယ်။"

ဟွမ်မောက်က သူ၏တည်ငြိမ်နေသောအမူအရာကြောင့် စိတ်မသက်မသာဖြစ်လာခဲ့သည်။

သူက သူ့အရှေ့မှကောင်လေးကို ခေါင်းငုံ့ကြည့်နေပြီးနောက် ရှန်မိသားစု၏ ဤတရားမဝင်သားက မမျှော်လင့်ထားလောက်အောင် ရုပ်ရည်ချောမောကြောင်း သတိပြုမိလိုက်သည်။

လုရန်၏မျက်နှာအစိတ်အပိုင်းများက သိမ်မွေ့ပြီး တည်ငြိမ်ပေ၏။

သူ၏မျက်လုံးများက အပြင်ပန်းမှာ အနည်းငယ်ကွေးညွတ်လျက် ဝိုင်းစက်နေပြီး မော့ကြည့်လိုက်သောအခါ သတိကြီးပြီး ယဥ်ကျေးသောအမူအရာမျိုးရှိနေသည်။

ဟွမ်မောက်၏အတွေးများက ကမောက်ကမဖြစ်နေပြီး သူ ထိုတရားမဝင်ကလေးကို စနောက်ချင်ခဲ့သည်။

သူလက်ဆန့်ထုတ်လိုက်သည်နှင့် သူ့အရှေ့မှ 'နာခံမှုရှိသော' ကောင်လေးမှာ ရုတ်တရက် သူ၏ခြေထောက်များကို ပွေ့ဖက်လိုက်ပြီး မြေပြင်ပေါ်လှဲချလိုက်သည်။

"မင်းဘာလုပ်နေတာလဲ။"

ဟွမ်မောက်မှာ အံ့အားသင့်သွား၏။

သူနားလည်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

လုရန်က သူ၏ခြေထောက်များကို ပွေ့ဖက်လျက်သားဖြင့် စတင်ငိုကြွေးတော့သည်။

"ခင်ဗျား ကျွန်တော့်ကိုဝင်တိုက်တယ်! ကျွန်တော့်ကို ဝင်တိုက်တယ်! ဒုတိယမျိုးဆက်သူဌေးသားက ကျွန်တော့်ကို ကားနဲ့ဝင်တိုက်သွားပါတယ်ဗျို့!"

"ဟေး! မင်း ဘာတွေလျှောက်အော်နေတာလဲ။ ဘယ်သူက မင်းကိုတိုက်လို့လဲ။"

ဟွမ်မောက်က ထိတ်လန့်သွားခဲ့သည်။

လူတစ်ယောက်ကို ဝင်တိုက်ခြင်းက ခွေးတစ်ကောင်ကိုဝင်တိုက်ခြင်းနှင့် လုံးဝမတူတော့ပေ။

လမ်းက မည်မျှတိတ်ဆိတ်နေပါစေ လူသွားလူလာ အနည်းငယ်ရှိနေသေးသည်။

အကယ်၍ အတိုက်ခံရသည့်အရာမှာ ခွေးဖြစ်နေလျှင် လူများက သနားစိတ်တချို့ကိုသာ ပြသကြလိမ့်မည်။

သို့သော် တစ်စုံတစ်ယောက် ကားတိုက်ခံရသည်ကို မြင်လိုက်ရလျှင် အများစုက စုဝေးလာကြလိမ့်မည်ပင်။

ယခု လုရန်က အော်ဟစ်နေသည့်အတွက် လမ်းဘေးမှာရပ်တန့်ကာ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည့် လမ်းသွားလမ်းလာများက ပိုပိုပြီးများပြားလာ၏။

ဟွမ်မောက် အမှန်တကယ်ကို အနည်းငယ်ထိတ်လန့်လာခဲ့သည်။

သူ့မိသားစုမှာ ပိုက်ဆံအနည်းငယ်ရှိသော်လည်း လူကိုဝင်တိုက်ပြီး ပြဿနာဖြေရှင်းသည့်ကိစ္စမျိုးအား မလုပ်နိုင်ပေ။

ထို့အပြင် လက်ရှိတွင် သူ့အဖေက စီမံကိန်းကြီးတစ်ခုကို ကြိုးပမ်းနေပြီး မိသားစု၏ လည်ပတ်ငွေအများစုကို ထိုထဲမှာ ရင်းနှီးမြှုပ်နှံထား၏။

အကယ်၍ သူ တစ်ခုခုကြောင့် နာမည်ပျက်သွားပြီး စီမံကိန်းကို ကျရှုံးစေခဲ့လျှင်...

သူ့အဖေက သူ့ကိုသတ်လိမ့်မည်။

ထိတ်လန့်တကြားဖြစ်နေသည့် ဟွမ်မောက်က သူ့နာမည်ကိုရှင်းရန် အာရုံစိုက်လိုက်သည်။

"မင်း—မင်းလိမ်ပြောနေတာ! ငါ မင်းကိုတိုက်မိပါတယ်လို့ ဘယ်လိုသက်သေပြမှာလဲ။"

"ခင်ဗျား ကျွန်တော့်ကို မတိုက်မိဘူးဆိုတာကိုရော ဘယ်လိုသက်သေပြနိုင်လဲ။"

လုရန်က ပြန်ပက်လိုက်သည်။

"ငါ့မှာ dashcam မှတ်တမ်း..."

[TN/ dashcam - ကားအရှေ့ကင်မရာပါ။]

ဝါကျတစ်ဝက်လောက်မှာ ဟွမ်မောက် ရုတ်တရက်ရပ်တန့်သွား၏။

မှတ်တမ်းဗီဒီယိုထွက်လာပါက သူ ခွေးကိုဝင်တိုက်လိုက်ကြောင်း သက်သေပြပြီးသားဖြစ်သွားပေမည်။ ထို့ပြင် သူက လီဗာကို အမှန်တကယ်နင်းလိုက်သူဖြစ်ပြီး လုရန်က ကားနှင့် အလွန်နီးကပ်နေသောကြောင့် သူ့ကိုတိုက်မိလား၊ မတိုက်မိလား ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

လမ်းဘေးမှာ လမ်းသွားလမ်းလာများ ပိုပိုများလာ၏။

လုရန်က သူ၏ခြေထောက်များကို ပွေ့ဖက်လျက် မြေပြင်ပေါ် လဲလျောင်းနေခဲ့သည်။

သူက ကားမတော်တဆနှင့် နာကျင်မှုတို့ကို အမှန်တကယ်ကြုံတွေ့ဖူးရာ ဖြူဖျော့နေသောသူ၏မျက်နှာနှင့် ဒဏ်ရာရချင်ယောင်ဆောင်ဖို့ မခက်ခဲပေ။

ဟွမ်မောက်က ချွေးအေးများထွက်လာပြီး အခြေအနေက ပိုဆိုးလာမည်ကို စိုးရိမ်နေခဲ့၏။

သူက အနားတိုးကပ်ကာ အသံကိုလျှော့ချလိုက်ပြီး လုရန်ကိုနှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

"ညီအစ်ကို၊ ဒီကိစ္စကို သေသေချာချာပြောရအောင်၊ အရင်ဆုံး ကားပေါ်တက်လိုက်ပါလား..."

"ဘာ? ခင်ဗျားက ကျွန်တော့်ကို ကားပေါ်တက်ဖို့ပြောပြီး နောက်တော့မှ ရှင်းပစ်တော့မှာမလား။"

လုရန်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသံမြှင့်ကာ ပြောလိုက်သည်။

ဟွမ်မောက်က ထိတ်လန့်သွား၏။ "မဟုတ်ပါဘူး... ငါ အဲ့လိုမပြောပါဘူး..."

"ခင်ဗျားက မျိုးရိုးဟွမ်၊ ခင်ဗျားအဖေက ဟွမ်ယောက်ကျူ။ ခင်ဗျားက ခင်ဗျားတို့ဟွမ်မိသားစုကို ရန်မစဖို့၊ မဟုတ်ရင် ကျွန်တော့်ကို ဘယ်လိုသေလို့သေသွားမှန်းမသိဖြစ်လိမ့်မယ်လို့ ခြိမ်းခြောက်နေတာလား။"

လုရန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ပါးစပ်ကိုအုပ်လိုက်ပြီး ဟွမ်မောက်၏နောက်ခံအကြောင်းကို ဖော်ထုတ်လိုက်သည််။

သူက ကျောင်းသားတစ်ယောက်နှင့်တူ၏။ သူ၏မျက်နှာက ဖြူဖျော့ကာ မျက်လုံးများက အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သည်။

သူနှင့် နှိုင်းယှဉ်လိုက်သောအခါ ဟွမ်မောက်က စက်ဆုပ်ရွံရှာစရာကောင်းနေသည်။

ဟွမ်မောက်မှာ ထစ်ထစ်အအဖြစ်သွားခဲ့၏။ "မင်း... မင်း... ဘယ်လိုလုပ်သိတာလဲ..."

ရပ်ကြည့်နေသူများထဲမှတစ်ယောက်က ဖြောင့်မတ်သည့်ဒေါသများဖြင့် ပြောလာခဲ့၏။

"ငါ ဟွမ်မိသားစုကို ကြားဖူးတယ်။ မင်းတို့က ငါတို့ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ကုန်ပစ္စည်းဖိုးတွေပေးဖို့ ပျက်ကွက်ခဲ့တဲ့မိသားစုမဟုတ်လား။"

"သူဌေးသားတွေက ဒီလိုမျိုး ရိုးသားတဲ့သူတွေကို ဘာလို့များအနိုင်ကျင့်ကြတာလဲ။ ကောင်လေး၊ မကြောက်နဲ့၊ ငါတို့ ရဲကိုအကြောင်းကြားပေးမယ်!"

"ရဲကို ခေါ်ရဲရင် ခေါ်ကြည့်လိုက်လေ!"

ထိတ်လန့်နေသောဟွမ်မောက်က ချက်ချင်းဆိုသလို အသံမြှင့်လိုက်သည်။

ပတ်ပတ်လည်မှာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီးနောက် ပြစ်တင်ပြောဆိုသံများက ပို၍ကျယ်လောင်လာခဲ့သည်။

ထို့နောက် မိန်းကလေးတစ်ဦးက ပြောလာ၏။

"ကျွန်မမြင်လိုက်တယ်! ပြိုင်ကားအနီပေါ်က ဒီရွှေရောင်ဆံပင်နဲ့လူက မြေကြီးပေါ်လဲကျနေတဲ့ ဒီကအစ်ကိုကို တိုက်လိုက်တာ။ သူက အနောက်မှာရှိတဲ့ ခွေးလေးကိုတောင် အရူးအမူးလိုက်တိုက်ခဲ့သေးတယ်!"

ဟွမ်မောက် ပိုပိုပြီးလိပ်ပြာမလုံဖြစ်လာခဲ့သည်။

ဤကားက... စစ်ဆေးခံရလို့မဖြစ်ပေ။

လုရန်က ဟွမ်မောက်ကို အကွက်ချနေသော်လည်း သာ့ဟွမ်၏အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။

အခြေအနေက အဆင်ပြေကြောင်း တွေ့လိုက်ရသောအခါ လုရန်က အမြန်ပြောလိုက်သည်။

"စိတ်သဘောထားကောင်းတဲ့ တစ်ယောက်ယောက် ကျွန်တော့်ကို ဆေးရုံလိုက်ပို့ပေးနိုင်မလား။ ကျွန်တော် ဒီလူ့ကားကိုစီးရမှာ ကြောက်လို့ပါ။"

လမ်းက ကျဥ်းမြောင်းပြီး လမ်းပေါ်မှာ ကားများများစားစားမရှိချေ။

သို့သော်လည်း နှစ်ဦးသားကြားမှပဋိပက္ခကြောင့် အနက်ရောင်စီးပွားရေးသုံးဗင်ကားတစ်စီးက လမ်းဘေးတစ်နေရာ၌ တိတ်ဆိတ်စွာရပ်နေခဲ့သည်။

လုရန်က ၎င်းကိုတစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းလက်ဝှေ့ယမ်းပြကာ ခေါ်လိုက်သည်။

"ဟိုကကားဆရာ၊ ကျွန်တော့်ကို လမ်းကြုံတင်ခေါ်ပေးလို့ရမလား။"

ဟွမ်မောက်က အလိုအလျောက် နောက်လှည့်ကြည့်လိုက်သည်။

တံခါးခြောက်ပေါက်ပါသော စီးပွားရေးသုံးဗင်ကားကို မြင်လိုက်ရသည့်အခိုက်အတန့်၌ သူ ရေခဲတွင်းထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒီ—ဒီလူက ဘာလို့ ဒီမှာရှိနေတာလဲ။

သို့သော် သူက ချက်ချင်းဆိုသလို သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်...

အဲ့ဒီပုဂ္ဂိုလ်က သူများကိစ္စတွေကို ဝင်ရှုပ်တတ်တဲ့သူမဟုတ်ပါဘူး။

အနက်ရောင် စီးပွားရေးသုံးဗင်ကားက တိတ်တဆိတ်ရပ်နေဆဲပင်။

ဟွမ်မောက်၏နှလုံးသားက သက်သာရာရခါစအချိန်မှာ ရပ်ထားသည့် စီးပွားရေးသုံးဗင်ကားက စတင်ရွေ့လျားလာပြီး လုရန်ဆီသို့ မောင်းနှင်လာကြောင်း တွေ့လိုက်ရလေ၏။

နောက်ဆုံးတော့ ကားတံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး အလင်းရောင်ကင်းမဲ့နေသော မှောင်မည်းနေသည့်အတွင်းခန်းအား ပြသလာခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment