အပိုင်း (၁၈) - နှင်ထုတ်ခြင်း
『ဘယ်လိုလဲ၊ သူထွက်သွားတဲ့အချိန်မှာ ဝမ်းနည်းနေတဲ့ပုံပေါက်နေလား』
ကျယ်လောင်သော သီချင်းသံများကြားမှာ မဒမ်ရှန်က စိတ်ပျက်လက်ပျက် အော်ဟစ်တော့သည်။
"ညကြီးသန်းခေါင် ဘာလုပ်နေတာလဲ!"
"မဒမ်ရယ် မမြင်ဘူးလား။ ကျွန်တော် ဒစ္စကိုဒွန့်နေတာလေ!"
လုရန်က စပီကာကို အသံအဆုံးထိတင်ကာ ဒုတိယထပ်ရှိဆိုဖာပေါ်မှာ ခုန်ပေါက်နေပြီး သီးချင်းသံအတိုင်း စည်းချက်ကျကျ ကခုန်နေခဲ့သည်။
လက်ထဲကတူနှင့်လည်း ဟိုတစ်ချက် သည်တစ်ချက် လိုက်ထုနေသေးသည်။
ချက်ချင်းဆိုသလို တူ၏ 'ဒုတ်ဒုတ်၊ ဒုတ်ဒုတ်' အသံက သီချင်းသံ၏ 'ဒူခြစ်၊ တက်ခြစ်' အသံနှင့် ရောထွေးသွားတော့သည်။
မဒမ်ရှန်မှာ သူ(မ)အရှေ့မှမြင်ကွင်းကြောင့် မှင်တက်နေခဲ့သည်။
အထက်တန်းလွှာအမျိုးသမီးတစ်ယောက်အဖြစ် အမြဲခံယူထားသည့် သူ(မ)အတွက် တစ်စုံတစ်ယောက်က ညကြီးသန်းခေါင် သူများအိပ်ခန်းရှေ့လာပြီး ယခုလိုကခုန်နေလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။
လုရန်က ပျော်ရွှင်စွာ ကခုန်နေရင်း ရယ်ရယ်မောမောပြောလိုက်သည်။
"ကျွန်တော်က ဆူညံသံတွေလုပ်နေတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ တစ်တတ်စားလည်းကြက်သွန်၊ နှစ်တတ်စားလည်းကြက်သွန်ပဲဆိုတော့ တန်အောင်လုပ်ရမှာပေါ့။"
"ကျွန်တော့်ကို အိပ်ခွင့်မပေးရင် အားလုံးလည် အိပ်ဖို့မစဥ်းစားကြနဲ့!"
လုရန်က ဆိုဖာပေါ်မှခုန်ဆင်းလိုက်ပြီး သာ့ဟွမ်ကိုခေါ်၍ တတိယထပ်သို့ ပြေးတက်သွားခဲ့သည်။
"ဒုန်း ဒုန်း ဒုန်း!"
သူက ရှန်ရှင်းရန်၏အခန်းတံခါးကိုလည်း သွားထုခဲ့၏။
ရှန်ရှင်းရန်တစ်ယောက် တံခါးဖွင့်လိုက်သောအခါ တူတစ်ချောင်းကိုင်ထားသည့် လုရန်နှင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ထိုခွေးကို တွေ့လိုက်ရသည်။
လုရန်က သူ့ကိုကြည့်ပြီး သွားဖြဲပြကာ ပြုံးပြလိုက်လေ၏။
"စပရိုက်! ပါတီပွဲကနေ ကြိုဆိုပါတယ်!"
ထိုသို့ပြောပြီးနောက် လုရန်က ရှန်ရှင်းရန်ကို ဆံပင်ကနေဆုပ်ကိုင်ကာ ဒုတိယထပ်သို့ တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။
လုရန်က ရက်စက်ပြီဆိုလျှင် အသားကုန်ရက်စက်သူဖြစ်၏။
သူသည် တစ်ညလုံး 'Phoenix Legend' အဖွဲ့၏သီချင်းများကို ကြိုးစားပမ်းစား ဖွင့်ခဲ့လေသည်။
မဒမ်ရှန်နှင့် အခြားသူများအားလုံး မနက်မိုးလင်းသည်အထိ ခုတင်ပေါ်တွင် မျက်လုံးကြောင်ကြောင်ကြီးများဖြင့် လှဲနေခဲ့ကြရသည်။
ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့အိမ်၏အသံလုံစနစ်က ဤမျှဆိုးဝါးကြောင်း ယနေ့မှ သိလိုက်ကြတော့သည်။
လုရန်၏စပီကာက မည်မျှအသံကျယ်နိုင်ကြောင်းကို မည်သူမှ တိတိကျကျမသိကြပေ။
၎င်းတို့တွေ အသံအကျယ်ကို ယဉ်ပါးသွားပြီး အိပ်ပျော်တော့မည်ကြံလိုက်၊ သီချင်းသံက ရုတ်တရက် ထပ်ကျယ်လာလိုက်နှင့် သံသရာလည်နေခဲ့၏။
သီချင်းစာသားများကလည်း ပြောင်းလဲသွားတတ်သည်။
ကြားထဲ လုရန်၏တံခါးထုသံများကပါ အဆစ်ပါသေးသည်။
တစ်ညလုံး ကုန်လွန်သွားသောအခါ ၎င်းတို့သုံးယောက်လုံး အာရုံကြောရောဂါရတော့မလို ဖြစ်သွားခဲ့ကြသည်။
မနက်ခင်းတွင် မဒမ်ရှန်က နွမ်းလျနေသောမျက်နှာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့၏။
လုရန်ကမူ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုမူကာ ပြုံးရွှင်စွာဖြင့် သူ(မ)ကို နှုတ်ဆက်လာခဲ့သည်။
သူက သူ(မ)ကိုကြည့်ကာ အံ့သြသလိုမျိုး မေးခဲ့သေးသည်။
"အိုး! မဒမ်၊ လူကြီးမင်း၊ မျက်နှာတွေက ဘာလို့ ဒီလောက်ထိ နွမ်းနေရတာလဲ။ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား။"
မဒမ်ရှန်နှင့် ရှန်ဟုန်ယွမ်တို့မှာ ဒေါသထွက်သွားပြီး မေ့လဲတော့မလိုဖြစ်သွားခဲ့သည်။
မဒမ်ရှန်က လုရန်ကို လက်ညှိုးထိုးကာ အားမရှိသော လေသံဖြင့် ဆဲဆိုတော့သည်။
"မင်း! ငါတို့မအိပ်ရတာ ဘယ်သူ့ကြောင့်လဲ!"
"ကျွန်တော်ကြောင့်လား။"
လုရန်က သူ့ရင်ဘတ်သူ့ဖိကာ ဝမ်းနည်းချင်ယောင်ဆောင်လိုက်သည်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်က ညဘက်ဆို ဒစ္စကိုကရတာကို ဝါသနာပါတယ်လေ! တစ်ရက်မကရရင် တစ်ရက်အိပ်မပျော်ဘူး။ ကရုံတင်မကဘူး၊ ကျွန်တော်က မွေးရာပါအာကျယ်တဲ့သူဆိုတော့ ခြေသံတွေကလည်း မိုးခြိမ်သံတွေလိုပဲ အရမ်းကျယ်တာ။ အိပ်ရာထဲ ဟိုဘက်သည်ဘက်လှည့်ရင်တောင် ငလျင်လှုပ်သလိုပဲ၊ အောက်ထပ်ကအသံက အပေါ်ထပ်အထိ တန်းကြားရရော။ ကျွန်တော် ခြေထောက်တစ်ချက်ဆောင့်လိုက်တာနဲ့ တတိယထပ်ကရှန်ရှင်းရန်တောင် ကြောက်လန့်တကြားနဲ့ အောက်ကို လှိမ့်ဆင်းလာနိုင်တယ်..."
အပေါ်ထပ်ကနေဆင်းလာသော ရှန်ရှင်းရန်: "..."
လုရန်က စိတ်မကောင်းသလို သက်ပြင်းတစ်ချက်ချလိုက်သည်။
"တကယ်လို့ ခင်ဗျားတို့ သည်းမခံနိုင်တော့ဘူးဆိုရင်လည်း ခြံထဲကဂိုဒေါင်ထဲကို ပြောင်းနေလိုက်ကြပါလား။"
၎င်းတို့မှာ ကိုယ့်အတတ်ကိုယ် စူးသွားကြတော့သည်။
မဒမ်ရှန်က ဒေါသထွက်လွန်းသဖြင့် ဝါကျတစ်ကြောင်းတောင် ပြည့်အောင်မပြောနိုင်တော့ပေ။
သူ(မ)က လုရန်ကို လက်ညှိုးထိုးကာ 'မင်း...' ဟုသာ ထပ်တလဲလဲပြောနေခဲ့ပြီး ဒေါသတကြီးဖြင့် ဒုတိယထပ်သို့ ပြန်တက်သွားတော့သည်။
လုရန်က လက်လှမ်းပြကာ နှုတ်ဆက်လိုက်၏။
"ဟေး၊ ပြောင်းဖို့ မမေ့နဲ့ဦးနော်!"
မဒမ်ရှန်ကတော့ လုံးဝ ပြောင်းမည်မဟုတ်!
ထိုနေ့ညက လုရန်သည် သီချင်းအသစ်တစ်ပုဒ်ကို ပြောင်းဖွင့်ခဲ့သည်။
ရှန်အိမ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်မှာ:
"ခုန်လိုက် ခုန်လိုက် လိုက်ခုန် လိုက်ခုန်!"
"ခုန်လိုက် ခုန်လိုက် လိုက်ခုန် လိုက်ခုန်!"
မဒမ်ရှန်က အရှုံးမပေးလိုပေ။
သူ(မ)က လုရန်လည်း မအိပ်ဘဲ ကြာကြာတောင့်ခံနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။
ရှန်ဟုန်ယွမ်ကတော့ တောင့်မခံနိုင်တော့သဖြင့် ညဘက်မှာခိုးထွက်၍ ကုမ္ပဏီ၌ သွားအိပ်တော့သည်။
တတိယမြောက်နေ့၌၊ မဒမ်ရှန်က စိတ်နှင့်ကိုယ် မကပ်သလိုဖြစ်နေသော်လည်း လုရန်ကတော့ စွမ်းအင်အပြည့်ရှိနေဆဲပင်။
မဒမ်ရှန်က သူ့ကို အံတုဖို့ကြိုးစားနေမှန်း လုရန်သာသိသွားပါက သူ သေချာပေါက် နှာခေါင်းရှုံ့လိမ့်မည်ပင်။
မည်သို့ပင်ဆိုစေကာမူ သူ ကောလိပ်ကျောင်းသားဘဝတုန်းက စာမေးပွဲနီးလာချိန်၌ ညလုံးပေါက်စာကျက်ခြင်းနှင့် ဂိမ်းဆိုင်တွင် တစ်ညလုံးဂိမ်းဆော့ခြင်းတို့ဖြင့် ကျင့်သားရနေသူဖြစ်သည်။
ရက်အနည်းငယ်မအိပ်ရရုံဖြင့် သူ့အတွက် ဘာမှဖြစ်မသွားပေ။
နေ့ခင်းဘက် အတန်းတက်ရင်း အိပ်ငိုက်လို့ရသည်မဟုတ်လော!
မဒမ်ရှမ်မှာလည်း အလားတူအတွေးရှိသည်။
သူ(မ) ညဘက်မအိပ်ရလျှင် နေ့ခင်းဘက်မှာ အိပ်နိုင်သည်ပင်။
သို့သော်...
နေ့လယ်ခင်း၌ မဒမ်ရှန်တစ်ယောက် မျက်နှာပေါင်းတင်ရင်း ခုတင်ပေါ်လှဲကာ မျက်လုံးများမှိတ်ထား၏။
ထိုစဥ် သူ(မ)၏နားထဲ အလိုအလျောက် ကြားနေရသည်မှာ:
"ကျယ်ပြောလှတဲ့ မိုးကုပ်စက်ဝိုင်းက ငါ့ရဲ့အချစ်ပါ~"
မဒမ်ရှန်: "..."
လုရန် ပြန်လာသည်ဟု ထင်လိုက်မိပြီး သူ(မ) အပြင်ထွက်ကြည့်လိုက်ရာ မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။
မဒမ်ရှန်က သက်ပြင်းချလိုက်၏။
သူ(မ)က မက်စ်ကို သေချာပြန်ကပ်ကာ ခုတင်ပေါ်ပြန်လှဲလိုက်ပြီး စောင်ကိုဆွဲခြုံ၍ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။
ချက်ချင်းဆိုသလို သူ(မ)စိတ်ထဲ 'ခုန်လိုက် ခုန်လိုက် လိုက်ခုန် လိုက်ခုန်' ဆိုသောအသံဖြင့် ပဲ့တင်ထပ်နေခဲ့သည်။
ယခုတစ်ခေါက်၌ သူ(မ) လုရန်၏တံခါးထုရိုက်သံများကိုတောင် ကြားခဲ့ရသည်။
"ဒုန်း ဒုန်း ဒုန်း။"
မဒမ်ရှန်တစ်ယောက် အပြင်သို့ ထပ်ထွက်ကြည့်လိုက်ပြန်ရာ လူသူကင်းမဲ့နေသောစင်္ကြံကိုသာ တွေ့လိုက်ရသည်။
မဒမ်ရှန်တစ်ယောက် ရူးသွားတော့မည်။
ထိုအခိုက်အတန့်၌ ရှန်ရှင်းရန်က တတိယထပ်ကနေ ဆင်းလာခဲ့သည်။ သူ၏မျက်လုံးများအောက်တွင်လည်း အညိုအကွက်ကြီးများက အထင်းသားပင်။
သားအမိနှစ်ယောက်မှာ မျက်ရည်အဝိုင်းသားဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။
ရှန်ရှင်းရန်က မေးလိုက်၏။
"မေမေ၊ အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။"
ယခုတစ်ခေါက်မှာတော့ သူ၏အမေးစကားက စစ်မှန်ဖြစ်ပြီး ဟန်ဆောင်မှုကင်းမဲ့နေ၏။
သူလည်း လုရန်၏နှောင့်ယှက်မှုကြောင့် အမှန်တကယ်ကို ရူးတော့မတတ်ဖြစ်နေသည်။
အတိတ်ဆိတ်ဆုံးဟုယူဆထားသော တတိယထပ်၏အသံလုံစနစ်က လုရန်၏လက်ထဲမှာတော့ စက္ကူတစ်ရွက်လို ပါးလွှာနေခဲ့သည်။
သားအမိနှစ်ယောက် ဆိုဖာပေါ်တွင် အတူတူထိုင်လိုက်ကြသည်။
ထို့နောက်မှာမှ ထိုဆိုဖာပေါ် လုရန်ကခုန်ထားသည်အား သတိရသွားကြ၏။
မဒမ်ရှန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"သူက တကယ်ပဲ ငါ့ဗိုက်ထဲကနေမွေးခဲ့တဲ့သားရောဟုတ်ရဲ့လား။"
ပုံမှန်ဆိုလျှင် ရှန်ရှင်းရန်က ထိုကဲ့သို့စကားမျိုးကိုကြားရလျှင် ကြိတ်ပြီးဝမ်းသာတတ်သော်လည်း ယခုတော့ သူလည်း ဝမ်းသာဖို့ အားမရှိတော့ချေ။
"ကျွန်တော်တို့ ဒီအတိုင်း ဆက်လွှတ်ထားလို့မဖြစ်တော့ဘူး မေမေ!"
မဒမ်ရှန်ကလည်း သူ(မ)၏ဆုံးဖြတ်ချက်များကို ပြန်သုံးသပ်လိုက်သည်။
သူ(မ) လုရန်အပေါ် ဤနည်းလမ်းကို မသုံးခဲ့သင့်ပေ။
ပထမအချက်အနေဖြင့် သူ(မ) လုရန်လောက် တောင့်မခံနိုင်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာမူ လုရန်၏မျက်နှာပြောင်မှုကို သူ(မ) မယှဉ်နိုင်ခြင်းဖြစ်သည်။
မဒမ်ရှန်တစ်ယောက် အမှန်တကယ်ကို ထိတ်လန့်တကြားဖြစ်လာ၏။
ပြီးခဲ့သည့်တစ်ခေါက် ထမင်းစားခန်းကိစ္စဖြစ်စေ၊ ယခု ညဘက်ကခုန်ခြင်းကိစ္စဖြစ်စေ၊ လုရန်သုံးသောနည်းလမ်းများက ကိုယ့်ကိုယ်ကိုယ် ၈၀၀ လောက်ထိခိုက်စေပြီး ရန်သူကို ၁၀၀၀ လောက်ထိခိုက်စေသည့် နည်းလမ်းမျိုးဖြစ်သည်။
သို့သော် လုရန်က သူ့ကိုယ်သူ ထိခိုက်မည်ကို လုံးဝဂရုမစိုက်သလိုပင်။
တစ်ခါတစ်ရံ သူ့ကိုကြည့်ရသည်မှာ သူ့အသက်သူတောင် ဂရုမစိုက်တော့သည့် အရူးတစ်ယောက်လို ခံစားရသဖြင့် သူ(မ)အား ကျောချမ်းစေခဲ့၏။
အခိုက်အတန့်တစ်ခုလောက် စဉ်းစားပြီးနောက် မဒမ်ရှန်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ဒီတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး။"
ထိုနေ့ညနေက လုရန်သည် ပုံမှန်အတိုင်း ရှန်အိမ်သို့ပြန်လာ၏။
သို့သော် ယခုတစ်ခေါက်မှာတော့ သူ အိမ်ထဲသို့ ဝင်ခွင့်မရခဲ့ပေ။
မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့ကို သူ မတွေ့ခဲ့ရဘဲ ထိုအစား တံခါးဝတွင် အိမ်အကူတစ်ဦးသာ ရပ်နေခဲ့၏။
ထိုအိမ်အကူ၏လက်ထဲတွင် လုရန်၏ ရိုးရှင်းသော ခရီးဆောင်အိတ်လေးရှိနေသည်။
သူက လုရန်ကို စာနာစိတ်မျာဖြင့်ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးလု၊ ဒါက သခင်လေးရဲ့ပစ္စည်းတွေပါ။ မဒမ်က သခင်လေးကို ထွက်သွားဖို့ ပြောလိုက်ပါတယ်။"
လုရန်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
သူက ဗီလာ၏ဧည့်ခန်းဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
သူက ဆူဆူပူပူမလုပ်သလို သူ့အရှေ့မှအိမ်အကူကိုလည်း အခက်တွေ့အောင်မလုပ်ဘဲ ခရီးဆောင်အိတ်ကို တိတ်တဆိတ် လှမ်းယူလိုက်ပြီးနောက် ရှန်အိမ်၏အရှေ့တံခါးကနေ လှည့်ထွက်သွားတော့သည်။
အိမ်အကူမှာ လုရန်၏ကျောပြင်ကို ငေးကြည့်ရင်း စိတ်သက်သာရာရမှုနှင့် နောင်တရမှုများဖြင့် သက်ပြင်းချလိုက်မိသည်။
ရှန်မိသားစု၏သဘောထားကြောင့် ၎င်းတို့ကလည်း လုရန်ကို သိပ်သဘောမကျခဲ့ကြပေ။
သို့သော် အမှန်တိုင်းပြောရလျှင် လုရန်က သူတို့အပေါ် ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဖူးချေ။
သူ၏လုပ်ရပ်များမှာ သြချစရာကောင်းသော်လည်း အိမ်အကူများအပေါ် ဒေါသပုံချခြင်း သို့မဟုတ် ၎င်းတို့၏တည်ရှိမှုကို လျစ်လျူရှုခြင်းမျိုးမရှိခဲ့။
မဒမ်ရှန်နှင့် အပြိုင်အဆိုင်လုပ်နေသည့် လွန်ခဲ့သောရက်အနည်းငယ်အတွင်းမှာလည်း သူက အိမ်အကူများ၏ အခန်းတံခါးကို တစ်ခါမှလာမထုခဲ့ပေ။
ထို့ကြောင့် ထိုရက်ပိုင်းအတွင်း ပထမထပ်တွင်နေထိုင်သော ၎င်းတို့မှာ အိပ်ရေးအဝဆုံးဖြစ်ခဲ့သည်။
အိမ်အကူက အိမ်ထဲပြန်ဝင်သွားပြီး မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့ကို သတင်းပို့လိုက်သည်။
"မဒမ်၊ သခင်လေး၊ သူ ထွက်သွားပါပြီ။"
မဒမ်ရှန်က သူ(မ)၏ရင်ဘတ်ကိုပုတ်ကာ နောက််ဆုံးတော့ စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။ သူ(မ)၏မျက်နှာထက် အပြုံးတစ်ပွင့်ပေါ်လာပြီး စိတ်အားထက်သန်စွာဖြင့် မေးမြန်းခဲ့၏။
"ဘယ်လိုနေလဲ? သူ ထွက်သွားတဲ့အချိန်မှာ ဝမ်းနည်းတဲ့ပုံပေါက်နေလား။"
"သွားရမှာကို တွန့်ဆုတ်နေတဲ့ပုံစံရောဖြစ်နေလား။"
အိမ်အကူ: "..."
တကယ်ကို ပြောရခက်ပေ၏။
သို့သော် မဒမ်ရှန်၏စိတ်အခြေအနေကို ငဲ့ကွက်ကာ ခေါင်းညိတ်လိုက်လေသည်။
"သူ ဗီလာဘက်ကို အကြာကြီးငေးကြည့်နေခဲ့ပါတယ်!"
ထိုသို့ကြားလိုက်ရသောအခါ မဒမ်ရှန်မှာ ပိုလို့တောင် ဝမ်းသာသွားခဲ့သည်။
"ဟမ့်!"
မဒမ်ရှန်က အသီးတစ်စိတ်ကို စားရင်း နှာမှူတ်လိုက်လေ၏။
"ဒီအိမ်မှာ ဘယ်သူက သခင်လဲဆိုတာ သူ သိဖို့လိုတယ်။ ငါတို့မိသားစုက သဘောထားကြီးလို့ သူ့ကို ဒီမှာနေခွင့်ပေးထားတာတောင် သူက သောင်းကျန်းချင်သေးတယ်။"
ခဏတာ စဉ်းစားပြီးနောက် သူ(မ)က ပြောလိုက်သည်။
"သူ အရင်ကငှားထားတဲ့အိမ်ကို စာချုပ်ဖျက်သိမ်းလိုက်ပြီမလား။ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထား၊ ဘယ်သူမှ သူ့ကို အိမ်ငှားမပေးစေနဲ့။"
နောက်ဆုံးတော့ ရှန်ရှင်းရန်လည်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ခဲ့သည်။
လုရန် ခွေးတစ်ကောင်နှင့် ရှန်အိမ်ကနေ ထွက်သွားရသည်ကို မြင်တွေ့ရသည်မှာ မယုံကြည်နိုင်လောက်အောင် ကျေနပ်စရာကောင်းလှသည်။
မဒမ်ရှန်၏ချဉ်းကပ်မှုက ရှန်ရှင်းကျိုးထက် ပို၍ထိရောက်သည် မဟုတ်လော။
ရှန်ရှင်းကျိုး အချိန်ဆွဲနေခဲ့သော ပြဿနာက ယခုလိုပင် ဖြေရှင်းပြီးသွားခဲ့သည်။ သူ(မ)က လုရန်ကို ကန်ထုတ်နိုင်ခဲ့၏။
မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့က ချက်ချင်းလက်ငင်း ရှန်ပိန်ပုလင်းဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။
ရှန်ရှင်းရန်က သူ၏ပုံရိပ်ကိုထိန်းသိမ်းရန် ကြိုးစားနေဆဲဖြစ်ပြီး စိုးရိမ်သောမျက်နှာအမူအရာကို တပ်ဆင်ထားဆဲပင်။
၎င်းတို့တွေငှဲ့ထားသော ရှန်ပိန်ခွက်ထဲကနေ တစ်ငုံတောင် မသောက်ရသေးခင် အပြင်ဘက်မှဥယျာဉ်မှူးက အပြေးအလွှား ဝင်လာခဲ့လေ၏။
"မဒမ်! လုရန်ပြန်လာပါပြီ!"
"ဘာ?"
မဒမ်ရှန်က အံ့သြသွား၏။
"ဒီလောက်မြန်မြန်ကြီး သူ့အမှားသူသိသွားတာလား?"
သူ(မ)က ဆက်မေးခဲ့၏။
"သူနောင်တရနေပြီလား။ ငိုယိုပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်နေလား။ တကယ်လို့ သူ စိတ်ရင်းအမှန်နဲ့ တောင်းပန်ရင်တော့ အပြင်ကဂိုဒေါင်ကိုရှင်းပြီး သူ့ကို ပေးနေလိုက်ပါ့မယ်လေ။"
ရှန်ရှင်းရန်မှာ ကြောင်အမ်းသွား၏။ မဒမ်ရှန်က လုရန်ကို ပြန်လက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဥယျာဉ်မှူးက လက်ကိုအမြန်ယမ်းပြကာ ပြောလာခဲ့သည်။
"မဟုတ်၊ မဟုတ်၊ မဟုတ်ပါဘူး! သူ... သူက တံခါးအရှေ့မှာ ထိုင်နေတာပါ!"
"ထိုင်နေတာ?"
မဒမ်ရှန်မှာ ကြောင်အမ်းသွားလေ၏။
ဥယျာဉ်မှူးက အပြင်သို့ တစ်ချက်လှမ်းကြည့်ရင်း အံ့သြတကြီး ပြောပြနေခဲ့သည်။
"သူက... သူ့အိတ်ထဲကနေ Sleeping Bag ထုတ်ပြီး ဗီလာတံခါးဝမှာခင်းထားပါတယ်၊ အခု သူ အဲ့ထဲမှာအိပ်နေပါပြီ!"
"နေပါဦး!"
မဒမ်ရှန်မှာ သူ(မ)နားကိုသူ(မ) မယုံနိုင်ခဲ့ပေ။ သူ(မ)က အိမ်စီးဖိနပ်ကိုတောင်မလဲနိုင်ဘဲ ဧည့်ခန်းထဲကနေ အပြင်သို့ပြေးထွက်ကြည့်ခဲ့သည်။
ထို့နောက် သူ(မ) မြင်လိုက်ရသည်—လုရန်က Sleeping Bag ကို အမှန်တကယ်ခင်းထားလေ၏။
ဧရာမ Sleeping Bag ကြီးက ဗီလာ၏တံခါးတစ်ခုလုံးကို ပိတ်ဆို့ထားသဖြင့် တစ်စုံတစ်ယောက်အပြင်ထွက်ချင်ပါက လုရန်၏ကိုယ်ပေါ်ကနေ ကျော်ခွသွားရမည့်အခြေအနေပင်။
လက်ရှိအခိုက်အတန့်၌ လုရန်နှင့် သူ၏ခွေးက Sleeping Bag ထဲမှာ နွေးနွေးထွေးထွေးလုံးထွေးနေကြသည်။ ရုတ်ရုတ်သဲသဲအသံကြားသောကြောင့် သူက တည်ငြိမ်သောအမူအရာဖြင့် သူ(မ)ကို မော့ကြည့်လာခဲ့၏။
လုရန်က ဖုန်းကိုတောင် အေးအေးဆေးဆေး ကစားနေဆဲပင်။
မဒမ်ရှန်က မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ!"
လုရန်က ပြန်ဖြေခဲ့၏။
"ကျွန်တော်အိပ်နေတာလေ မဒမ်ရဲ့။"
"မင်း... မင်း ဘာလို့ ဒီမှာလာအိပ်နေရတာလဲ!"
လုရန်က ပြန်ပက်ခဲ့သည်။
"ကိုယ့်အိမ်တံခါးရှေ့ကိုယ်အိပ်တာ ဘာပြဿနာရှိလို့လဲ။"
မဒမ်ရှန်မှာ သူ(မ)တစ်သက်နှင့်တစ်ကိုယ် ဤမျှကြောက်စရာကောင်းသောလူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူက တကယ်ကို တံခါးဝမှာအိပ်နေတယ်!
တခြားလူတွေက သူ့ကို အရူးလို့ထင်မှာမကြောက်ဘူးလား!
***
Aurora Novel Translation Team