no

Font
Theme

အပိုင်း (၁၃) - အိမ်သာဆေးတံ

『လုရန်လက်ထဲမှ 'လက်နက်' ကိုမြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွားခဲ့သည်』

ချန်ရှန်း၏လက်က ရပ်တန့်သွားခဲ့ပြီး ပြန်ရုပ်ရမည်လော၊ ရှေ့ကိုပဲဆက်သွားရမည်လော မသိခဲ့ပေ။

သူ အနည်းငယ် ကိုးရိုးကားရားဖြစ်သွားပြီး အပြုံးတုတစ်ခုကို တပ်ဆင်လိုက်၏။ စိတ်ထဲမှာတော့ ရှန်မိသားစုအရေးထဲ ပါဝင်ပတ်သက်မိသည်ကို နောင်တရနေခဲ့သည်။

လုရန်၏သဘောထားကို ကြည့်လိုက်မည်ဆိုပါက သူအော်ဒါမှာနေသည့်ပုံစံမှာ လောကကြီးကို ဂရုမစိုက်သည့်နှယ်။ ရှန်ရှင်းကျိုး၏သဘောထားကမူ တစ်ခါတစ်ရံ ကောင်းသွားလိုက်၊ တစ်ခါတစ်ရံ ဆိုးသွားလိုက်နှင့် တစ်သမတ်တည်းမရှိခဲ့ပေ။

မည်သို့ပင် တရားမဝင်ကလေးဟုဆိုပါစေ ၎င်းတို့က ညီအစ်ကိုများဖြစ်နေဆဲပင်။ သူ့လိုအပြင်လူတစ်ယောက်က ဘာအတွက်ကြောင့် ဝင်ပါနေရမည်နည်း။

ချန်ရှန်းကိုဆူပြီးနောက် ရှန်ရှင်းကျိုး၏တစ်ကိုယ်လုံး မလန်းမဆန်းဖြစ်သွားခဲ့သည်။ သူ လုရန်ကိုကာကွယ်ပေးခြင်းအား အသားမကျသေးပေ။

အတိတ်တုန်းက သူသည် ရှန်ရှင်းရန်ကို သူ၏မျက်စိအိမ်ထဲမှ မျက်လုံးတစ်လုံးအဖြစ် ကာကွယ်ပေးခဲ့သော်လည်း ယခု လုရန် ပြန်ရောက်သောအခါ သူက လုရန်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သူ ခံစားနေမိသည်။

သူသည် အစကတည်းက ရှန်ရှင်းရန်ဘက်မှာ ရပ်တည်ပေးပြီးသားဖြစ်၏။ ယခု လုရန်ကိုကာကွယ်ပေးနေသည်မှာ အနည်းငယ် မသင့်လျော်သလိုပင်။

ရှန်ရှင်းကျိုးက လည်ချောင်းရှင်းကာ လုရန်ကို စတင်အပြစ်ရှာလိုက်သည်။

"ငါ ဒီဘေလ်ကို ရှင်းမှာမဟုတ်ဘူး။ မင်းဘာသာမင်း နည်းလမ်းရှာလိုက်။"

"ခင်ဗျား မပေးချင်လည်း ရတယ်လေ။"

လုရန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။

ရှန်ရှင်းကျိုးက သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။

လုရန်က မျက်လုံးများမှေးကျဥ်း၍ သူ့ကို ပြုံးပြခဲ့သည်။

"ဒါဆို ဒုတိယသခင်လေးရှန်က ကျွန်တော့်အစ်ကိုအရင်းပါလို့ သူတို့ကို ပြောပြလိုက်မယ်။"

ရှန်ရှင်းကျိုး ရင်ခုန်သွားလေ၏။ သူ ရွံရှာမှုကို မခံစားခဲ့ရပေ။

လုရန်က ဆက်ပြောခဲ့သည်။

"ပြီးတော့ ခင်ဗျားက ချီးစားဖူးတယ်လို့လည်း ပြောလိုက်မယ်။"

ရှန်ရှင်းကျိိုး မှင်တက်သွား၏။

သူခံစားနေခဲ့ရသော စိတ်လှုပ်ရှားမှုမီးပွားလေးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

လုရန်က သူ့အတွက် ခွဲခြမ််းစိတ်ဖြာပေးလိုက်သည်။

"ခင်ဗျားက ကျွန်တော့်အစ်ကိုအရင်းပါလို့ ပြောတာက ဒုတိယတစ်ခုရဲ့စစ်မှန်မှုကို အထောက်အကူဖြစ်စေဖိို့ပဲ။"

[T/N: အစ်ကိုအရင်းဆိုတာက ယုံစရာမကောင်းလို့ ချီးစားဖူးတယ်ဆိုတာက ပိုပြီးစစ်မှန်တဲ့သဘောကို သက်ရောက်သွားတာပါ။]

ရှန်ရှင်းကျိုးတစ်ယောက် ဒေါသထွက်သွား၏။

"ငါ မဟုတ်ဘူး... ဘယ်တုန်းက ငါ—"

လုရန်က သူ့ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

"အဲ့ဒီနေ့ကလေ။"

ထိတ်လန့်ဖွယ်ရာမှတ်ဉာဏ်များက ချက်ချင်း ပြန်ရောက်လာခဲ့သည်။ ရှန်ရှင်းကျိုးက အသည်းအသန် ရှင်းပြလိုက်လေ၏။

"ငါ လုံးဝမစားခဲ့ဘူး!"

"ဒါဆို ဘယ်သူက စားခဲ့တာလဲ။"

"မင်း အဲ့ဒီဟာနဲ့ ငါ့အပေါ်ကိုပစ်ပေါက်ခဲ့ရုံပဲကွ!"

လုရန်က ပြောလိုက်သည်။

"ဒါပေမဲ့ အိတ်က ကွဲသွားတယ်လေ။"

ရှန်ရှင်းကျိုးက ဒေါသတကြီးပြောလိုက်၏။

"ဒါပေမဲ့ ငါ့ပါးစပ်ထဲ မဝင်ခဲ့ဘူး!"

သူ၏အသံက အနည်းငယ်ကျယ်သွား၏။

သူ အော်ပြီးတော့မှ တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ့ဘေးကို လှည့်ကြည့်လိုက်သည်။

ပတ်ပတ်လည်မှ ဒုတိယမျိုးဆက်သူဌေးသားများက သူ့ကို အံ့သြတကြီးကြည့်နေခဲ့ကြ၏။

အနီးဆုံးမှာထိုင်နေသော ချန်ရှန်းက မနေနိုင်ဘဲ လက်မြှောက်ကာ အသံတိုးတိုးနှင့် မေးလိုက်သည်။

"ကျိုးကောတို့က... ဘာတွေစားတဲ့အကြောင်း ပြောနေကြတာလဲ။"

ရှန်ရှင်းကျိုး: "..."

ရှန်ရှင်းကျိုးတစ်ယောက် ဒေါသမီးများကြောင့် အာကာသထဲ ပျံတက်သွားတော့မည်ဟု ခံစားနေရစဥ် ရုတ်ရုတ်သဲသဲအသံတချို့ကို ကြားလိုက်ရသည်။

လုရန်နှင့် အခြားသူများက ပထမထပ်ရှိ ဘိလိယက်ခန်းတွင်ဖြစ်သည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သော ပြင်သစ်စတိုင်မှန်ပြတင်းပေါက်များမှတစ်ဆင့် ၎င်းတို့တွေ အမွှာမျှော်စင်၏ အခြားအဆောက်အအုံဝင်ပေါက်ကို မြင်တွေ့နေရသည်။

လုရန် ဤကလပ်ကို အတိတ်ဘဝတုန်းက ရောက်ခဲ့ဖူးသည်။

အမွှာမျှော်စင်ထဲမှာ အဆောက်အအုံတစ်ခုကိုသာဖွင့်ပြီး အခြားတစ်ဖက်က အထူးသီးသန့်ပုဂ္ဂိုလ်များကိုသာ လက်ခံသလို အလယ်မှာ တံတားတစ်စင်းဖြင့်ဆက်သွယ်ထားကြောင်း သူ သိထား၏။

ယခု အခြားအဆောက်အအုံ၏တံခါးက ပွင့်သွားလေသည်။ လက်ထောက်များက လှေကားထစ်များ၏ဘေးတစ်ဖက်တစ်ချက်၌ အတန်းလိုက်ရပ်နေကြ၏။

မလှမ်းမကမ်း၌ ရှည်လျားသောစီးပွားရေးသုံးဗင်ကားကို ရပ်ထားသည်။

"ဝိုး၊ တံခါးပွင့်သွားပြီကွ။"

"အဲ့ဒါ ဘယ်သူလဲ။"

လုရန် ထိုကားကို တစ်နေရာရာမှာ မြင်ဖူးသလိုခံစားနေရပြီး အနားတိုးကပ်ကာ ကြည့်လိုက်သည်။ သူ ပြင်သစ်စတိုင်ပြတင်းပေါက်ရှေ့ ရပ်နေစဥ် လက်ထောက်များက လှေကားထစ်များပေါ်မှာ ထူးထူးဆန်းဆန်းရပ်နေကြောင်း သတိပြုမိလိုက်၏။

လက်ထောက်နှစ်တန်းက လှေကားထစ်များဘေးမှာ ရပ်နေခြင်းမဟုတ်ဘဲ ထိုအစား ၎င်းတို့က... အလယ်မှ ဝှီးလ်ချဲလမ်း၏ဘေးတစ်ဖက်စီမှာ ရပ်နေကြသည်။

ထိုအခိုက်အတန့်၌ တစ်ယောက်က ကားကိုမှတ်မိသွားပြီး အော်ပြောလာခဲ့သည်။

"သောက်ကျိုးနည်း! နတ်ဆိုးအကြောင်းပြောနေတုန်း နတ်ဆိုးပေါ်လာသလိုပဲ။ အဲ့ဒါ ကျိမိသားစုရဲ့ကားကွ!"

လုရန် တစ်ချက်လှည့်ကြည့်လိုက်သည်။

ထိုစဥ် ဗင်ကား၏တံခါးက ပွင့်သွားခဲ့သည်။

လုရန် အရင်ကမြင်ဖူးသော သက်လတ်ပိုင်းအရွယ်အိိမ်တော်ထိန်းက ဦးစွာထွက်လာပြီး ကားတံခါးဘေးမှာ ရပ်နေခဲ့သည်။ သူက ခလုတ်တချို့ကိုနှိပ်လိုက်ရာ တံခါးကနေ အပြားတစ်ခု ဆန့်ထွက်လာခဲ့၏။

ထို့နောက် လျှပ်စစ်ဝှီးလ်ချဲတစ်ခုက ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး မြေညီပေါ်ရောက်သော် ရပ်တန့်သွားလေ၏။

ထိုဝှီးလ်ချဲပေါ်မှာ အမျိုးသားတစ်ယောက်ထိုင်နေခဲ့သည်။

သူက ပခုံးကျယ်ကျယ်နှင့် မီးခိုးရောင်သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အားနည်းနေပုံပေါ်၏။

သို့သော်လည်း သူ့ခြေထောက်များကို စောင်ပါးတစ်ထည်ဖြင့်လွှမ်းထားသည်။

လုရန်က အနည်းငယ်လှမ်းလွန်းသဖြင့် ထိုအမျိုးသား၏မျက်နှာကိုမူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

ဝှီးလ်ချဲပေါ်မှအမျိုးသားက အတော်လေးငယ်ဦးမည်ဟုသာ ခံစားခဲ့ရသည်။

သူ့ကိုယ်ပေါ်မှာရှိနေသော မည်းနက်နေသည့်စောင်ပါးနှင့် သူထိုင်နေသောဝှီးလ်ချဲက သူနှင့် လုံးဝမအပ်စပ်လောက်အောင် ငယ်ရွယ်လွန်းသည်။

သို့တိုင် သူ၏မှိုင်းညို့လေးလံသော အငွေ့အသက်များကတော့ ဝှီးလ်ချဲနှင့် လိုက်ဖက်နေခဲ့သည်။

ထိုအမျိုးသား ကားပေါ်ကဆင်းသည်နှင့် စောင့်ဆိုင်းနေသောတာဝန်ခံက ချက်ချင်း သူ့ဆီချဉ်းကပ်လာခဲ့သည်။ သူက ဦးညွှတ်ကာ တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာဆိုလိုက်၏။

ဝှီးလ်ချဲပေါ်မှအမျိိုးသားက တိတ်ဆိတ်နေပြီး အနည်းငယ်ပင်ပန်းနေဟန်ဖြင့် ဝှီလ်ချဲအနောက်ကို မှီလိုက်၏။ သူ့ဆီကနေ မှိုင်းညို့နေသည့် လေးလံသောခံစားချက်တစ်ခု ထွက်ပေါ်နေပြီး အပြင်သို့ ဆက်တိုက်ပျံ့လွင့်နေခဲ့သည်။

ကနဦးတုန်းက နွေးထွေးစွာကြိုဆိုနေခဲ့သည့် တာဝန်ခံက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး တစ်နည်းနည်းဖြင့် ရှုံးနိမ့်သွားသကဲ့သို့ ဘေးမှာတိတ်တိတ်လေးရပ်နေခဲ့သည်။

အမျိုးသားက တုံ့ပြန်မှုမရှိသေးပေ။

သူက ဝှီးလ်ချဲကိုထိန်းချုပ်ကာ အရှေ့သို့ရွှေ့လိုက်သည်။

တာဝန်ခံက ချက်ချင်း အနောက်ကနေလိုက်သွားပြီး ဝှီးလ်ချဲကို တွန်းပေးချင်နေခဲ့၏။

ထိုအမျိုးသားက အကူအညီမလိုကြောင်း လက်ဟန်ပြလိုက်ပြီး ဝှီးချဲကို ဖြည်းဖြည်းချင်းထိန်းချုပ်၍ သူ့ဘာသာသူ လှေကားပေါ်တက်လိုက်သည်။

ထိုပုဂ္ဂိုလ်က ယင်းအဆောက်အအုံ၏မှန်တံခါးနောက်မှာ ပျောက်ကွယ်သွားခဲ့သည်။

ဤနေရာကနေ ကြည့်နေကြသူများက အလိုအလျောက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိကြသည်။

သီးသန့်ခန်းထဲရှိလေထုက ရှင်းပြလို့မရစွာ မြင့်တက်လာခဲ့သည်။ ခဏကြာပြီးနောက် တစ်စုံတစ်ယောက်က ညည်းတွားလိုက်လေ၏။

"ဒီလူက ဘာလို့ရောက်လာတာလဲ။"

ချန်ရှန်းက အခြေအနေကို ချောမွေ့အောင်ပြောလိုက်သည်။

"သူ့လို လူကုံထံသူဌေးရောက်လာလည်း တခြားအဆောက်အအုံကိုသွားမှာပဲ၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ကောင်တွေ ကစားရတာ ပင်ပန်းနေရောပေါ့၊ ငါ အစားအသောက်တွေ မှာလိုက်မယ်။"

ထိုအဖွဲ့က ဘိလိယက်စားပွဲကနေ ထွက်ခွာလာပြီး ဘေးမှာ စကားပြောနေခဲ့ကြသည်။

လုရန်က အပြင်ဘက်မှဗင်ကားကိုကြည့်ကာ 'သောက်ကျိုးနည်း' ဟုသာ အဆက်မပြတ်ရေရွတ်နေမိသည်။

ထိုနေ့ညက သူနှင့် သာ့ဟွမ်ကို ဆေးရုံလိိုက်ပို့ခဲ့သူက ထိုလူကုံထံသူဌေးဖြစ်နေခဲ့၏။ ထို့ပြင် သူက မသန်မစွမ်းတစ်ယောက်ဖြစ်သည်။

ဒါဆို... အဲ့ဒီနေ့က သူ ကားထဲမှာ ဘာတွေပြောခဲ့မိတာလဲ။

မသန်မစွမ်းဖြစ်ပြီး မလှုပ်ရှားနိုင်တာထက် သေသွားတာပိုကောင်းတယ်တဲ့လား။

လုရန်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခြေချောင်းများကိုကုတ်လိုက်မိသည်။

သူ့ကို ကားပေါ်ကနေ ကန်မချခိုင်းခဲ့သည့် ထိုလူကုံထံသူဌေး၏ကြင်နာမှုကို တိတ်တိတ်လေး ချီးကျူးနေမိသည်။

ထိုနေ့က သူ အမှန်တကယ်ကံထူးခဲ့ပုံပင်။

ဤလူကုံထံသူဌေးက ဟွမ်မောက်၏မိသာစုကို ဖြေရှင်းရန် အစကတည်းက အစီအစဥ်ရှိလောက်သည်။ ထို့ကြောင့် လမ်းမှာ သူ့ကိုကူညီပေးခဲ့ခြင်းဖြစ််နိုင်၏။

နောက်ပိုင်းတွင် သူက လုရန်တင်ခဲ့သောဗီဒီယိုကို အခွင့်ကောင်းယူကာ ဟွမ်မောက်နှင့် အခြားမိသားစုတချို့ကို နှိပ်ကွပ်ခဲ့လေသည်။

သိပ်မကြာခင် ဟင်းလျာများနှင့် အဆာပြေမုန့်များ တစ်ခုပြီးတစ်ခုလာချခဲ့ရာ လုရန်မှာ အခြားအရာများကိုစဥ်းစားဖို့ အချိန်မရှိတော့ပေ။

သူ့တွင် ထိုကဲ့သို့လူကုံထံသူဌေးများနှင့် ဆက်သွယ်ရန် အခွင့်အရေးမရှိပေ။

ရှန်ရှင်းကျိုးက ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် သီးသန့်အခန်းထဲကနေထွက်သွားခဲ့သည်။

လုရန်က သူ့ပန်းကန်ထဲမှ အစားအသောက်များကို စတင်စားနေခဲ့၏။

ကလပ်မှအစားအသောက်များက အတော်လေးကောင်းပြီး အပြင်မှာ ရှာမရနိုင်ချေ။ ရှန်မိသားစုစားဖိုမှူး၏လက်ရာထက်တောင် ပိုကောင်းသေးသည်။

လုရန်တစ်ယောက် တစ်ထိုင်တည်းနှင့် တန်အောင်စားဖို့ စိတ်ပိုင်းဖြတ်ထားသည်။

သူသည် ငယ်ငယ်လေးကတည်းက စားသောက်ခြင်းအမှုကို အလွန်အလေးအနက်ထားပြီး အစားအစာများကို ကြေညက်အောင်ဝါးကာ ပျော်ရွှင်စွာစားသောက်တတ်သည်။

မည်မျှသာမန်ဆန်သောအစားအသောက်ဖြစ်ပါစေ သူက ကမ္ဘာ့အကောင်းဆုံးဟင်းလျာကို စားနေရသလိုမျိုး ဂရုတစိုက်စားတတ်သည်။

သူစားတာကို မြင်တွေ့ရသည့်သူတိုင်း စားချင်စိတ်ပိုရှိလာတတ်၏။ ချန်ရှန်းက လုရန်ဘေးမှာရပ်နေပြီး မသိလိုက်ဘဲ ကိတ်မုန့်သုံးစိတ်လောက်ကို စားမိသွား၏။ စားပြီးတော့မှ သူ အီသွားကြောင်း သတိပြုမိလိုက်သည်။

ရှန်ရှင်းကျိုး အဝေးမှာရှိနေသည်ကို အခွင့်ကောင်းယူကာ ချန်ရှန်းက အနားတိုးကပ်၍ ပြောလိုက်သည်။

"လုကော၊ ဒီနေ့ ကျွန်တော်က လုကောကို စနောက်ချင်ရုံသက်သက်ပါ။ ကျွန်တော့်ကို အငြိုးအတေးမထားဘူးမလား။"

[T/N: အရှေ့ပိုင်းမှာ ငါနဲ့ မင်းလို့ပြောခဲ့တာက တမင်သက်သက်ပြောတာပါနော်။ ပြီးတော့ လုကောလို့လည်း အခုမှခေါ်တာပါ။ ရှေ့ပိုင်းမှာ ရှုန်းတိဆိုတဲ့ ညီအစ်ကိုလုလို့ပဲ ရေးထားတာပါ။]

လုရန်က သူ့ကိုတစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အစားစားနေတုန်း လာမနှောင့်ယှက်နဲ့။"

ချန်ရှန်းက မျက်နှာငယ်လေးနှင့် ထွက်ခွာသွားခဲ့သည်။

လုရန်က အသားလှီးဖြတ်ရာ၌ အာရုံစိုက်နေခဲ့၏။

ရုတ်တရက်ဆိုသလို သူ့ဘေးကနေ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"အိုး၊ မင်းက စတိတ်ကို လှီးတတ်တယ်ပေါ့၊ ဟမ်?"

[T/N: စတိတ် = အသားကင်။]

လေသံက မဖော်ရွေလှပေ။

လုရန် မော့ကြည့်လိုက်သောအခါ ရုပ်ရည်ရှိသောကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

လုရန် သူ့ကို မှတ်မိပေ၏။

လင်ယိဆိုသော ထိုကောင်လေးက ရှန်ရှင်းရန်၏ပြိုင်ဘက်ရော သူငယ်ချင်းပါဖြစ်သည်။

လူတိုင်းက သစ္စာရှိသလိုဆက်ဆံနေကြသော ဤဝတ္ထုထဲမှာ သူက နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့သူမျိုးဖြစ်သည်။

သို့သော် လုရန်ကတော့ ထိုအရာကို ဂရုမစိုက်ပေ။

လင်ယိက အမြဲတမ်း သူ့အပေါ်အထင်သေးသောကြောင့် လုရန် သူ့ကိုမှတ်မိနေခြင်းဖြစ်၏။

ထို့အပြင် အတိတ်ဘဝမှာတုန်းက ဆောင်းတွင်းတစ်ခု၌ ရှန်ရှင်းရန် သူ့ကို ရေကန်ထဲတွန်းချခဲ့စဥ် သူ ရေပေါ်ပြန်တက်ဖို့ကြိုးစားတိုင်း တံမြက်စည်းဖြင့် သူ့ကိုပြန်ပြန်ထိုးချနေခဲ့သူက လင်ယိဖြစ်ပြီး ထိုအတွက်ကြောင့် သူ တစ်နာရီလောက် ရေအေးထဲမှာစိမ်နေခဲ့ရ၏။

လင်ယိနှင့်စေ့စပ်ထားသူက လုရန်နှင့်အိပ်ဖို့ ကြိုးစားခဲ့သောကြောင့်လည်း ပါဝင်ပေသည်။

လင်ယိရောက်လာသည်ကို မြင်လိုက်ရသောအခါ ချန်ရှန်းက တစ်စုံတစ်ခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပြေးသွားခဲ့သည်။

"ရှောင်ယိ၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။ ဟိုဘက်က ဖဲကစားတဲ့ဝိုင်းမှာ အိမ်တစ်အိမ်လိုနေလို့တဲ့။"

လင်ယိက သူ့ကို လှည့်ကြည့်လိုက်၏။

"ငါ့ကို လာဂရုစိုက်မနေနဲ့။"

ချန်ရှန်းတစ်ယောက် စိတ်ထဲမှာ ငိုကြွေးနေမိသည်။

သူ ရှန်ရှင်းကျိုး၏သဘောထားကို သေချာမသိသဖြင့် လင်ယိ လုရန်ကိုအခက်တွေ့အောင်လုပ်မည်အား ခွင့်မပြုရဲပေ။

သို့သော် လင်ယိ၏အဖေက နာမည်ကြီးသည့် ပွေရှုပ်သူဖြစ်ပြီး အပြင်မှာ တိတ်တိတ်ပုန်းသားများ အများကြီးရှိနေသည့်အတွက် လင်ယိက လုရန်လိုလူများကို မုန်းတီးပေ၏။

ထို့အပြင် လင်ယိက ရှန်ရှင်းရန်၏လက်ပါးစေများထဲမှ တစ်ယောက်ဖြစ်သည်။

သူက ကျန်းမိသားစု၏ဆက်ခံသူ ကျန်းလင်နှင့် စေ့စပ်ထား၏။ ကျန်းမိသားစု၏နောက်ခံရှိရာ သူက ရှန်မိသားစုနှင့်ရင်ဆိုင်ရမည်ကိုလည်း မကြောက်ပေ။

ချန်ရှန်းက နှစ်ဖက်စလုံးကို အပြစ်မပြုဝံ့ပေ။

လင်ယိက မှတ်ချက်ပြုလိုက်၏။

"ချန်ရှန်း၊ ဒီသီးသန့်ခန်းထဲကို ဘယ်လိုလူတွေကိုဆွဲခေါ်လာတာလဲ။ မသိရင် အငတ်ဘေးဆိုက်နေတဲ့ တစ္ဆေသရဲတွေ ဝင်လာတယ်လို့ ထင်နေဦးမယ်။"

ဘေးနားမှလူအနည်းငယ်က ရယ်မောခဲ့ကြသည်။

လုရန်က မကြားချင်ယောင်ဆောင်ကာ သူ့ပန်းကန်ထဲမှအစားအသောက်များကိုသာ စိတ်ရှည်ရှည်နှင့် စားသောက်နေခဲ့သည်။

သူစားနေစဥ် လက်တစ်ဖက်က ရောက်လာခဲ့၏။

ကျယ်လောင်သောအသံနှင့်အတူ လုရန်၏ပန်းကန်က ကြမ်းပြင်ပေါ်လွင့်စင်သွားပြီး အစားအစာများက သူ့တစ်ကိုယ်လုံးကို ပေကျံသွားခဲ့၏။

လင်ယိဘေးမှာရပ်နေသော အမျိုးသားတစ်ယောက်က ရယ်မောလိုက်သည်။

"ရှောင်ယိက မင်းကိုစကားပြောနေတယ်လေ၊ ဘယ်လိုအရိုင်းအစိုင်းပါလိမ့်။"

လုရန်က ဒေါသအရိပ်အယောင်များမပြဘဲ မော့ကြည့်လိုက်သည်။ သူက တစ်ရှူးယူကာ သူ့ပါးစပ်နှင့် လက်တို့ကို အေးအေးဆေးဆေးသုတ်လိုက်၏။

သူ ကြမ်းပြင်ပေါ်မှအစားအသောက်များကို တစ်ချက်ကြည့်လိုက်ပြီး နှမြောသလို သက်ပြင်းချလိုက်သည်။ ထို့နောက် လေသံအေးလေးဖြင့် ပြောလိုက်လေ၏။

"ရှန်ရှင်းကျိုးနဲ့ ရှန်ရှင်းရန်သာ ဒီမှာရှိနေရင် ငါ စားနေသောက်နေတုန်း မနှောင့်ယှက်နဲ့လို့ မင်းတို့ကိုတားမှာပဲ။"

တံခါးအပြင်မှ ရှန်ရှင်းကျိုးသာ ထိုအသံကိုကြားလိုက်ရလျှင် ကြက်သီးထသွားပေမည်ပင်။

သို့သော် လင်ယိနှင့် သူ၏လက်ပါးစေကတော့ ဤအရာကို နားမလည်ပေ။

လက်ပါးစေက ရယ်မောကာ လုရန်၏လွယ်အိတ်ကို ကြမ်းပြင်ပေါ်သွန်ချလိုက်၏။

ဟောင်းနွမ်းနေသော ဘောပင်အိတ်က စမ်းသပ်ချက်အစီရင်ခံစာအနည်းငယ်နှင့်အတူ ပြန့်ကျဲသွားခဲ့သည်။

လင်ယိက ၎င်းကို ခြေထောက်ဖြင့်ကန်လိုက်ပြီး စာရွက်တစ်ရွက်ပေါ်မှစာကို အသံကျယ်ကျယ်ထွက်၍ ဖတ်လိုက်သည်။

"နွားချေးထဲမှ ဘက်တီးရီးယားကို ထုတ်ယူခြင်း..."

သူက ရုတ်တရက်ရယ်မောလိုက်၏။

"ဟားဟားဟား၊ မင်း ဘာတွေကိုလေ့လာနေတာလဲ။ မင်းက နေ့တိုင်း နွားချေးတွေကို သုတေသနလုပ်နေတာလား။"

လုရန်က ၎င်းတို့၏ခြေထောက်အောက်မှာ နင်းချေခံထားရသော အစီရင်ခံစာကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် အတက်အကျမရှိသောလေသံဖြင့် ပြောလိုက်လေ၏။

"ငါစားနေတုန်း တစ်ယောက်ယောက်ဆီကနေ နှောင့်ယှက်ခံရတာက ငါဒုတိယအမုန်းဆုံးအရာ။ ငါ ဒီလောကမှာအမုန်းဆုံးအရာက တစ်စုံတစ်ယောက် ငါ့ရဲ့အိမ်စာတွေကို လာထိတာပဲ။"

သူ့ဘေးနားမှလူများက ဆက်လက်ရယ်မောနေကြဆဲပင်။

ထိုအခိုက်အတန့်၌ သီးသန့်ခန်းတံခါးက ပွင့်သွားပြီး ဖုန်းပြောလို့ပြီးသွားသော ရှန်ရှင်းကျိုးက အထဲဝင်လာခဲ့သည်။ သူက လုရန်အရှေ့မှ အရှုပ်အထွေးများကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်၍ လေးနက်သောအသံဖြင့် မေးလိုက်လေ၏။

"ဘာတွေဖြစ်နေတာလဲ။"

လုရန်က အခန်း၏ထွက်ပေါက်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။

သူက ရှန်ရှင်းကျိုးကို သွားပြီးတိုင်တန်းတော့မည်ဟု လင်ယိက ထင်လိုက်မိပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်၏။

သို့သော်လည်း သူ့အတွေးနှင့် တက်တက်စင်လွဲသွားလေသည်။ လုရန်က ရှန်ရှင်းကျိုးကို တစ်ချက်ကလေးတောင်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။

လင်ယိက ရယ်မောလိုက်လေ၏။

"မင်းက ဒီတိုင်းထွက်သွားတော့တာပဲလား။ သူရဲဘောကြောင်လိုက်တာ!"

ရှန်ရှင်းကျိုးက မြေပြင်ပေါ်ပြန့်ကျဲနေသော အိမ်စာများနှင့် အစားအသောက်များကိုကြည့်လိုက်ပြီးနောက် လင်ယိကို စိုက်ကြည့်လိုက်သည်။

သူ၏အမူအရာက မည်းမှောင်နေခဲ့၏။

"မင်း ဘာလုပ်လိုက်တာလဲ။"

လင်ယိက ပခုံးတွန့်ပြလိုက်သည်။

"စကားနည်းနည်းပြောခဲ့ရုံတင်ပါ။"

သူက ရှန်ရှင်းရန်အတွက် ရပ်တည်ပေးခဲ့ခြင်းဖြစ်ရာ ရှန်ရှင်းကျိုးက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်မဟုတ်ဟုသာ တွေးခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်၌ လင်ယိတစ်ယောက် သူ့လည်ပင်းအစ်သွားသလို ခံစားလိုက်ရသည်။ ရှန်ရှင်းကျိုးက သူ၏ကော်လံကနေ ဆွဲမလိုက်ခြင်းဖြစ်၏။

"ဘယ်သူက မင်းကို သူ့ပစ္စည်းတွေသွားထိခိုင်းလို့လဲ။"

လူအုပ်ကြီးက မတုံ့ပြန်နိုင်ခဲ့ကြပေ။

ထိုစဥ် သီးသန့်ခန့်တံခါးက ထပ်မံပွင့်လာခဲ့၏။

စောစောလေးကတင် ထွက်သွားခဲ့သော လုရန်က တံခါးဘေးမှာ... အိမ်သာဆေးတံကိုကိုင်လျက် ရပ်နေခဲ့သည်။

အိမ်သာဆေးတံက အသစ်ဖြစ်ပုံရပြီး ရေများ တတောက်တောက်ကျနေ၏။

အိမ်သာကို သန့်ရှင်းရေးလုပ်နေသော အဒေါ်ကြီးဆီကနေ တိုက်ရိုက်ဆွဲယူလာခဲ့ပုံပင်။

လုရန်ကိုင်ထားသည့်အရာကို မြင်လိုက်ရသောအခါ လူတိုင်း အခိုက်အတန့်တစ်ခုလောက် အေးခဲသွားကြပြီး ၎င်းတို့၏အကြည့်များက လုရန်အပေါ်တွင်သာ ရှိနေခဲ့ကြသည်။ သို့သော် လုရန် ချဥ်းကပ်လာသောအခါမှာတော့ လူတိုင်းက အမြန်နောက်ဆုတ်သွားခဲ့ကြ၏။

ရှန်ရှင်းကျိုးတစ်ယောက်တည်းသာ တည်ငြိမ်နေခဲ့သည်။

လုရန်၏လက်ထဲမှ 'လက်နက်' ကို မြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွားခဲ့သည်။ သူက လင်ယိကိုလွှတ်ကာ အလျင်အမြန်ပင် ဘေးနားမှဆိုဖာပေါ် ခုန်တက်လိုက်သည်။

ဝင်ရောက်ဖျန်ဖြေရန် ကြံရွယ်နေသည့် ချန်ရှန်းကလည်း ဘုမသိဘမသိဖြင့် ရှန်ရှင်းကျိုးနောက်လိုက်ကာ ဆိုဖာပေါ် ပြေးတက်လိုက်လေ၏။

သိပ်မကြာခင်မှာပင် သူ အလွန်တရာအမြော်အမြင်ရှိသောဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

လုရန်က အိမ်သာဆေးတံကိုမြှောက်ကာ စောစောက သူ့ပန်းကန်ကို ကြမ်းပြင်ပေါ်လွှင့်ပစ်ခဲ့သော လက်ပါးစေထံ တိုက်ရိုက်ချိန်ရွယ်ခဲ့သည်။

"မင်းမစားရတာနဲ့ တခြားသူတွေလည်း မစားရတော့ဘူး၊ ဟုတ်တယ်မလား။"

ထိုလက်ပါးစေက အိမ်သာဆေးတံကို ပေါ့ပေါ့ပါးပါး ရိုက်ချနိုင်မည်ဟုထင်နေခဲ့ပြီး သူ့မျက်နှာထက်မှာ ထေ့ငေါ့သောအပြုံးကို တပ်ဆင်ထားဆဲဖြစ်၏။

သို့သော် သူ လက်ဆန့်လိုက်သည့်အချိန်မှာတော့ ထိုအိမ်သာဆေးတံကို ဖမ်းဆုပ်လို့မရနိုင်ကြောင်း သဘောပေါက်သွားခဲ့လေသည်...

လက်ပါးစေက ရှုပ်ထွေးစွာဖြင့် အနောက်ဆုတ်လိုက်သည်။

"မင်း..."

သူက တံတွေးမျိုချကာ စကားနှင့်ကောင်းကောင်းပြောကြရန် ပြောချင်ခဲ့၏။

သို့သော်လည်း သူ ပါးစပ်ဖွင့်ဟလိုက်သည်နှင့် အိမ်သာဆေးတံက သူ့ပါးစပ်ထဲသို့ အလုံးစုံဝင်ရောက်လာခဲ့လေတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment