အပိုင်း (၁၂) - ညစာ
『သူ အဲ့လိုဖြစ်မှာကို မြင်ချင်တယ်တဲ့』
ရှန်ရှင်းကျိုး၏မျက်နှာက ချင်ချင်း မည်းမှောင်သွားလေ၏။
သူ့အသိုင်းအဝိုင်းမှာ သူတစ်ခွန်းဆို တစ်ခွန်းဖြစ်ပြီးမည်သူကမှ အတွန့်မတက်ရဲချေ။ အထူးသဖြင့် ငွေရေးကြေးရေးနှင့် ပတ်သတ်လာချိန်ဖြစ်၏။
သို့သော် လုရန်ကတော့ ထိုကဲ့သို့မဟုတ်ခဲ့ပေ။
သူ၏ဒေါသများက မြင့်တက်လာခဲ့ပြီး လုရန်ကိုလှမ်းကြည့်ကာ မေးလိုက်သည်။
"မင်းက ဘာကိုဆိုလိုတာလဲ။ ငါ့ကို မယုံဘူးလား။"
လုရန်က တစ်ချက်ရယ်မောလိုက်ပြီး အဓိပ္ပါယ်မရှိသောလေသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့လုပ်ရပ်ကို ပြန်စဥ်းစားကြည့်လေ၊ ကျွန်တော်က ခင်ဗျားကို ဘာလို့ယုံရမှာလဲ။"
ရှန်ရှင်းကျိုးတစ်ယောက် သီးသွားလေ၏။
သူက ချက်ချင်းငွေလွှဲမပေးကြောင်း မြင်လိုက်ရသောအခါ လုရန်က ဂရုမစိုက်ဘဲ သူ့ဖုန်းကို ပြန်သိမ်းလိုက်လေသည်။
ထို့နောက်မှာတော့ ဧည့်သည်တစ်ယောက်ရောက်လာရာ လုရန်က ကောင်တာအနောက်ကနေ အမှာစာများကို ကျွမ်းကျွမ်းကျင်ကျင် လက်ခံနေခဲ့သည်။
ရှန်ရှင်းကျိုး၏ရင်ထဲမှ အစိုင်အခဲက တစ်စတစ်စ ပိုပိုကြီးလာ၏။
လုရန်က သူ့ကို မယုံကြည်ရုံသာမက သူ့စကားကိုလည်း အလေးအနက်မထားပေ။
ရှန်ရှင်းကျိုး အံကြိတ်လိုက်ပြီး ကောင်တာရှေ့တည့်တည့်သို့ လျှောက်သွားကာ သူ့ကိုပြောလိုက်သည်။
"ငါ့ကို ဖုန်းပေး။"
လုရန်က မျက်တောင်တစ်ချက်ခတ်လိုက်လေ၏။ သူ ဤလူအား လက်ဖွာသူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ငွေလက်ခံမည့် QR ကုဒ်စာမျက်နှာသို့ အမြန်ပြောင်းလိုက်သည်။ မကြာခင်မှာပင် ရှန်ရှင်းကျိုးက လုပ်အားခများကို လွှဲပေးလိုက်လေသည်။
"ရပြီ၊ အခု ငါနဲ့လိုက်ခဲ့တော့။"
လုရန်က ငွေပေးချေမှုကို တစ်ချက်ကြည့်လိုက်ပြီး ကောင်တာအနောက်မှာဆက်ရှိနေလျက် ပြောလိုက်သည်။
"ခဏလေး၊ ကျွန်တော် သူဌေးကို အသိပေးလိုက်ဦးမယ်။"
ရှန်ရှင်းကျိုးက မျက်မှောင်ကြုတ်လိုက်၏။
"ခဏလေး? မင်း ငါ့ကို လာနောက်နေတာလား။"
သူ့အနောက်မှ နောက်ထပ်ဧည့်သည်များက ဝင်လာခဲ့သည်။
လုရန်က ရှန်ရှင်းကျိုးကို ဘေးဖယ်ပေးရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်၏။
"ခင်ဗျားတို့ရှန်ကုမ္ပဏီမှာ အလုပ်သမားတွေက အလုပ်ထွက်ရင် ဘာလုပ်ငန်းစဉ်မှမရှိဘဲ ဒီတိုင်း ထွက်သွားကြတာပဲလား။"
သေချာပေါက်ဆိုသလို လုရန်က ချက်ချင်းထွက်သွားနိုင်ပေ၏။
သို့သော် ရှန်ရှင်းကျိုး၏ တစ်ခဏတာစိတ်ဆန္ဒကြောင့်နှင့် ဤဆိုင်၏သူဌေးကို အပြစ်မလုပ်နိုင်ပေ။
ရှန်ရှင်းကျိုးတစ်ယောက် တိတ်တဆိတ် မကျေမနပ်ဖြစ်သွားပြီး ချဉ်စူးနေသောမျက်နှာထားဖြင့် ဘေးမှာသွားထိုင်နေခဲ့သည်။
လုရန်က သူ၏သူဌေးနှင့် စကားပြောပြီးနောက် ညနေခင်းအထိ အလုပ်ဆက်လုပ်ခဲ့သည်။
ရှန်ရှင်းကျိုးက စိတ်တိုလွယ်၏။ ငွေပေးပြီးသော်လည်း အချိန်အတော်ကြာသည်အထိ လုရန်က ထိုနေရာကနေမထွက်လာနိုင်သောကြောင့် သူ ပေါက်ကွဲတော့မလိုဖြစ်နေသည်။
"မင်း ထွက်မှာလား၊ မထွက်ဘူးလား။"
လုရန်ကတော့ အေးအေးဆေးဆေး ရှိနေဆဲပင်။
သူ့ပစ္စည်းများကို ရှင်းလင်းပြီးနောက် သူက ရှန်ရှင်းကျိုးကိုမော့ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျား ခင်ဗျားတို့ကုမ္ပဏီမှာ အလုပ်မလုပ်ဖူးဘူးလား။"
ထိုစကားတစ်ခွန်းက ရှန်ရှင်းကျိုး၏ချက်ကောင်းကို ထိမှန်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။
နှစ်ဦးသား စကားပြောနေစဥ် ဆိုင်အပြင်ဘက်မှ စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျိုးကော?"
တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က ဆိုင်ထဲကို ဝင်လာ၏။ ထိုသူက ရှန်ရှင်းကျိုး၏ သူငယ်ချင်းများထဲမှ တစ်ယောက်ပင်။
အထဲဝင်လာပြီးနောက် သူက ရှန်ရှင်းကျိုးရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
"တကယ်ပဲ ကောကိုး! ကျွန်တော် တူပါတယ်လို့ အပြင်ကနေကြည့်နေတာ။"
ရှန်ရှင်းကျိုးက စိတ်အခြေအနေမကောင်းသဖြင့် သူ၏မျက်ခွံကိုတောင် မပင့်ခဲ့ချေ။
"လစ်လိုက်တော့၊ ငါ စိတ်အခြေအနေကောင်းနေတာမဟုတ်ဘူး။"
ရောက်လာသူက စိတ်အနှောင့်အယှက်ဖြစ်မသွားပေ။
သူက ကောင်တာအနောက်မှ လုရန်ကို မော့ကြည့်လိုက်ပြီးနောက် ရှန်ရှင်းကျိုးကို တစ်ချက်ပြန်ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားသလိုပင်။ သူက ရှန်ရှင်းကျိုး၏နားနားကပ်ကာ တီးတိုးပြောလိုက်၏။
"ကော၊ ဒါ ရန်ရန်ပြောတဲ့ တရားမဝင်သား ဟုတ်တယ်မလား။"
ရှန်ရှင်းကျိုးက အံ့အားသင့်သွား၏။
သူက ရှင်းပြချင်ခဲ့သော်လည်း အကျင့်အတိုင်း ပါးစပ်ပိတ်ကာ ရှန်ရှင်းရန်၏စကားကို မပြောင်းလဲချင်ခဲ့ပေ။
ထိုလူငယ်က ရှန်ရှင်းကျိုးကို မျက်ခုံးပင့်ပြကာ ပြောလိုက်သည်။
"ဒါကို ကျွန်တော်နဲ့လွှဲထားလိုက်! ဒါမျိုးက ကျွန်တော်အကျွမ်းကျင်ဆုံးပဲ!"
ထိုသို့ပြောပြီးနောက် သူက ကောင်တာဆီသို့လျှောက်သွားကာ လုရန်ကို ဖော်ရွေသောအမူအရာဖြင့် ပြောလိုက်သည်။
"မင်းက ကျိုးကောရဲ့သူငယ်ချင်းမလား။ ငါတို့ ခဏနေ ဘိလိယက်သွားထိုးမလို့၊ အတူတူကစားချင်လား။"
သူက ပြဿနာရှာနေသည်ဟု ရှန်ရှင်းကျိုး အလိုလိုတွေးလိုက်မိပြီး ကြားဖြတ်ပြောရန် ပြင်လိုက်သော်လည်း အခြေအနေကို မြင်လိုက်ရသောအခါ ရပ်တန့်လိုက်သည်။
၎င်းတို့နှင့်အတူသွားခြင်းက ရှန်ရှင်းကျိုး၏ပိုင်နက်ထဲ ရောက်သွားပေလိမ့်မည်။
ယင်းက ဤနေရာမှာနေပြီး လူအများကိုဧည့်ခံပေးနေရသည်ထက် သေချာပေါက်ပိုကောင်းပေ၏။
လုရန်က အသစ်ဝင်လာသူကို တစ်ခဏမျှ စိုက်ကြည့်နေခဲ့သည်။
လစာ၏သုံးဆရပြီး သူဌေးနှင့်ပြောဆိုပြီးနောက် လွန်ခဲ့သောရက်အနည်းငယ်အတွက် လုပ်အားခကိုပါ ရရှိထားသည့်အတွက် လုရန်တစ်ယောက် စိတ်အခြေအနေကောင်းနေ၏။
သူက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"သေချာတာပေါ့။"
ထိုအဖွဲ့က မြို့ပြင်ရှိ ကလပ်တစ်ခုဆီသို့ ကားဖြင့်မောင်းထွက်ခဲ့ကြသည်။
ကလပ်က အမွှာမျှော်စင်နှစ်ခုကို ချိတ်ဆက်ထားပြီး ၎င်းတို့ထဲမှတစ်ခုကိုသာ အပြင်လူများအတွက် ဖွင့်ပေးထားသည်။
လုရန် သီးသန့်ခန်းထဲရောက်သွားသောအခါ သူ့အတိတ်ဘဝတုန်းက ရင်းနှီးနေသောမျက်နှာများစွာကို တွေ့လိုက်ရ၏။
အမှန်တကယ်တော့ သူ ရှန်ရှင်းကျိုး၏သူငယ်ချင်းအားလုံးကို သိသည်။
သူ အတိတ်ဘဝတုန်းက ရှန်မိသားစုဆီ ပြန်ရောက်လာပြီးနောက် ရှန်မိသားစုဝင်များ၏ဘဝထဲ ဝင်ဆန့်နိုင်ရန် အလွန်ကြိုးစားခဲ့၏။ ရှန်ရှင်းကျိုး၏ သူငယ်ချင်းတချို့၏အမူအကျင့်များက လုရန်ကို မသက်မသာဖြစ်စေသော်လည်း သူ ၎င်းတို့ကိုလက်ခံဖို့ ကြိုးစားခဲ့သေးသည်။
သို့သော် သူနှင့် ရှန်ရှင်းရန်ကြားက ဆက်ဆံရေးကြောင့် မည်မျှကောင်းအောင်လုပ်နေပါစေ ဖယ်ကျဉ်ခံရစမြဲပင်။
ယနေ့ သူ့ကို ဖိတ်ခေါ်ခဲ့သူကိုလည်း လုရန် မှတ်မိပေ၏။ ထိုလူ၏အမည်က ချန်ရှန်းဟုခေါ်သည်။
သူ့အတိတ်ဘဝတုန်းက ထိုလူသည် ရှန်ရှင်းရန်နှင့် ရှန်ရှင်းကျိုးကို ပျော်ရွှင်စေဖို့ သူ့ကို ပြဿနာများရှာခဲ့သည်။
လုရန်တစ်ယောက် တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားလှုပ်ရှားရန် လက်ယားနေလေ၏။
သို့သော်လည်း အခန်းထဲမှလူတချို့က ရှန်ရှင်းကျိုး ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူ့ဆီကို ဦးစွာ လျှောက်သွားခဲ့ကြသည်။ တစ်စုံတစ်ယောက်က မေးလိုက်၏။
"ကျိုးကော၊ ဟွမ်မိသားစုရဲ့စီးပွားရေးကတော့ အဆုံးသတ်သွားပြီ။ အဲ့ဒါကို ပြင်ဆင်လို့ရသေးလားဆိုပြီး ကောကိုမေးကြည့်ပေးဖို့ ဟွမ်မောက်က ကျွန်တော့်ကို တောင်းဆိုထားတယ်။"
လုရန်တစ်ယောက် ရေတစ်ငုံသောက်လိုက်ပြီး ဟွမ်မောက်၏အမည်ကို ကြားလိုက်ရသောအခါ သူ၏နားရွက်များက ထောင်သွားခဲ့သည်။
ရှန်ရှင်းကျိုးတစ်ယောက် ထိုအကြောင်းအရာကို ဦးတည်သွားသောအခါ ခေါင်းကိုက်လာခဲ့သည်။ သူက စိတ်မရှည်စွာ ပြန်ဖြေလိုက်၏။
"သူ ဘယ်သူ့ကို အပြစ်ပြုမိခဲ့လဲဆိုတာ မသိဘူးလား။ ငါက အဲ့ဒါကို ဘာလုပ်ပေးနိုင်မှာလဲ။"
ထိုအရာကို ကြားလိုက်ကြသောအခါ အခြားသူများက သဘောတူသံများထွက်လာခဲ့၏။ တချို့က သက်ပြင်းချကာ ဝမ်းနည်းနေကြသော်လည်း တချို့ကမူ ထိုကံဆိုးမှုကြောင့် ပျော်ရွှင်နေကြသည်။
လုရန်တစ်ယောက်တည်းသာ ဘာမှနားမလည်ခဲ့ပေ။
ဟွမ်မောက်က မည်သူ့ကို အပြစ်ပြုခဲ့မိသနည်း။
သူ၏ဗီဒီယိုက ထိုကဲ့သို့ရှုပ်ထွေးမှုလှိုင်းလုံးကြီးကို မွှေနှောက်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
သေချာပေါက်ဆိုသလို တစ်စုံတစ်ယောက်က ထိုအမျိုးသားကို ပစ်မှတ်ထားနေသည်။
အခန်းထဲမှ တိတ်ဆိတ်မှုကို တစ်စုံတစ်ယောက်၏ စူးစမ်းလိုသောမေးခွန်းတစ်ခုဖြင့် ချိုးဖောက်လိုက်သည်။
"ထူးဆန်းတယ်။ ဟွမ်မောက်က ကျိမိသားစုက အဲ့ဒီပုဂ္ဂိုလ်ကို ဘယ်လိုလုပ်ပြီး အပြစ််ပြုမိသွားတာလဲ။"
လေသံက သာမန်အတင်းအဖျင်းမျှသာမဟုတ်တော့ဘဲ လျှို့ဝှက်သော စူးစမ်းမှုနှင့် အားကျမှုတို့ပါ ပါဝင်နေခဲ့သည်။
၎င်းတို့ပြောနေကြသော ထိုပုဂ္ဂိုလ်ကိုသိကျွမ်းခြင်းက ဂုဏ်ယူစရာကိစ္စတစ်ခုလိုပင်။ ထိုအကြောင်းအရာကို ပြောကြသောအခါ လူတိုင်း၏စိတ်ဝင်စားမှုက မြင့်တက်သွားခဲ့သည်။
ချန်ရှန်းက လျှို့ဝှက်ဆန်းကြယ်စွာ အသံကိုလျှော့၍ ပြောလိုက်လေသည်။
"ပြဿနာဖြစ်တဲ့နေ့တုန်းက ငါ ဟွမ်မောက်ကို တွေ့လိုက်သေးတယ်။ ငါကြားတာတော့ အဲ့ဒါက မတော်တဆတစ်ခုပဲတဲ့။"
တစ်စုံတစ်ယောက်က ထေ့ငေါ့လိုက်သည်။
"မတော်တဆ? သေချာပေါက် သူက ကံကောင်းနေတာပဲ။"
ချန်ရှန်းက ပြောလိုက်သည်။
"မယုံမရှိနဲ့။ မင်းတို့အားလုံး ဟွမ်မောက်ကားမောင်းတဲ့ပုံစံကို သိကြတာပဲ။ သူက တစ်စုံတစ်ခုကိုမှ ဝင်မတိုက်ရရင် အိပ်မပျော်စားမဝင်တဲ့ကောင်။"
"လုပ်စမ်းပါ၊ သူက ကျိမိသားစုရဲ့ကားကိုတော့ ဝင်တိုက်မှာမဟုတ်လောက်ပါဘူး။"
"မင်း သူ့ကို အခွင့်အရေးပေါင်းထောင်ချီပေးရင်တောင် သူလုပ်ရဲမှာမဟုတ်ဘူး!"
ချန်ရှန်းက ပြောလိုက်သည်။
"ဟေး၊ ငါပြောတာကို နားထောင်ကြပါဦး! သူတို့ပြောတာတော့ အဲ့ဒီလူက သူ့ကို မတော်တဆမြင်လိုက်မိတာတဲ့။"
လုရန်တစ်ယောက် နားထောင်နေရင်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
၎င်းတို့ပြောနေသော ကားမတော်တဆက သူကြုံတွေ့ခဲ့သည့် မတော်တဆဖြစ်နိုင်ကြောင်း လုရန် ဖြည်းဖြည်းချင်း သဘောပေါက်လာ၏။
တစ်စုံတစ်ယောက်က မယုံကြည်ခဲ့ပေ။
"မဖြစ်နိုင်တာ။ သူ့ကိုတွေ့လိုက်ရုံနဲ့ ကြားဝင်စွက်ဖက်မှာတဲ့လား။ ကျိမိသားစုက အဲ့လောက်တောင် ကြင်နာတတ်ကြတာလား။"
ချန်ရှန်းက ဒေါသတကြီးဖြင့် ပေါင်ကိုရိုက်လိုက်သည်။
"ကျစ်! အဲ့ဒီလူရဲ့ခြေထောက် ဘာဖြစ်ခဲ့တာလဲဆိုတာ မင်းတို့ မေ့သွားကြပြီလား။"
ထိုစကားလုံးများကို ပြောလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။
မည်သူကမှ အတင်းထပ်မပြောရဲတော့ပေ။
ရှန်ရှင်းကျိုးလည်း စိတ်မသက်မသာဖြစ်လာခဲ့၏။
ထိုနေ့က ဟွမ်မောက်သည် သူ့အတွက် အကူအညီတစ်ခု ဆောင်ရွက်ပေးခဲ့ပြီး ထိုကိစ္စက... သူ ယခုအချိန်မှာ ရင်မဆိုင်ချင်သလို ပြန်မတွေးချင်သည့်အရာပင်။
ထို့အပြင် ဟွမ်မောက်၏မတော်တဆကြောင့် သူ့စတူဒီယိုကလည်း ထိခိုက်မှုမနည်းခဲ့ပေ။
"ထားလိုက်တော့၊ ဒီမှာလူစုမနေကြနဲ့။ ဘိလိယက်ခုံတွေမှာ လူတွေလွတ်နေတယ်။"
ရှန်ရှင်းကျိုးက ထိုသို့ပြောလိုက်ရာ စုဝေးနေကြသော လူအနည်းငယ်က ဖြည်ဖြည်းချင်း လူစုကွဲသွားခဲ့ကြသည်။
အတင်းအဖျင်းပြောပြီးနောက် ချန်ရှန်းက အရေးကြီးသောတစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
သူက လုရန်ကိုကြည့်ကာ အဓိပ္ပါယ်ပါပါမေးလိုက်၏။
"အိုး၊ မင်းက ရှန်မိသားစုက..."
လုရန်က သူ့ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
"နေဦး။ ကျွန်တော်က ရှန်မိသားစုကမဟုတ်ဘူး။ ကျွန်တော့်မျိုးရိုးနာမည်က လု၊ ကျွန်တော့်ကို ဒုတိယသခင်လေးရှန်က အလုပ်ခန့်ထားတာ။"
သူက ထိုမျှရဲရဲဝံ့ဝံ့ပြောလိုက်ရာ ချန်ရှန်းက ယာယီအံ့အားသင့်သွားပြီး အနည်းငယ် မရေမရာဖြစ်လာခဲ့သည်။
ရှန်ရှင်းကျိုးကလည်း 'ရှန်မိသားစုကမဟုတ်' ဆိုသော စကားလုံးများ၌ ရပ်တန့်သွားခဲ့၏။
ချန်ရှန်းက ရှန်ရှင်းကျိုးနှင့် လုရန်တို့ကြား တစ်ချက်ကြည့်ကာ ၎င်းတို့၏ဆက်ဆံရေးက ကောင်းလား၊ ဆိုးလားကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
သူ ဒုက္ခပေးတဲ့ကိစ္စကို ဆက်လုပ်ရမှာလား၊ မလုပ်ရဘူးလား။
သို့သော် စဥ်းစားကြည့်လိုက်သောအခါ သူက ရှန်ရှင်းရန်နှင့် ဆက်ဆံရေးကောင်းပြီး ရှန်ရှင်းကျိုးကလည်း ရှန်ရှင်းရန်၏ဆန္ဒများကို အမြဲနားထောင်ခဲ့သည်ပင်။ ရှန်ရှင်းရန်အတွက် ရပ်တည်ပေးခြင်းက အမှားမရှိပေ။
"ဘာလို့ ဒီလောက်ထိ သူစိမ်းဆန်နေရတာလဲ။ ဒီကိုရောက်နေပြီဆိုမှတော့ ငါတို့အားလုံး ညီအစ်ကိုတွေပဲပေါ့။"
ချန်ရှန်းက လုရန်ဘေးမှာထိုင်လိုက်ပြီး မျက်လုံးများမှေးကျဥ်း၍ ပြောလိုက်သည်။
"ဒါမှမဟုတ် ဒီကနေ့ညစာကို ညီအစ်ကိုလုကပဲ ဧည့်ခံလိုက်ပါလား။"
ဤသည်မှာ ချန်ရှန်းနှင့် သူ့အဖွဲ့တို့ သုံးနေကျအကွက်ဖြစ်သည်။
ပုံမှန်အားဖြင့် တရားမဝင်ကလေးဖြစ်သည့် လုရန်တို့လိုလူများက ၎င်းတို့၏အသိုင်းအဝိုင်းထဲ ဝင်ဆန့်ချင်ကြသည်။ ၎င်းတို့မှာ ငွေကြေးကျပ်တည်းနေလျှင်တောင် မျက်နှာပန်းလှအောင် ကြိုးစားတတ်ကြသည်။
ဤဗျူဟာကို ၎င်းတို့ကြားထဲမှာ 'အပျော့စား' အဖြစ် သတ်မှတ်ထားကြ၏။
ရှန်ရှင်းကျိုးက ဘေးမှဆိုဖာပေါ်ထိုင်ကာ ဝိုင်ခွက်ကိုကိုင်ထားသည်။ ချန်ရှန်း၏စကားကို ကြားလိုက်ရသောအခါ ချန်ရှန်း ဘာလုပ်တော့မည်ကို သူသိလိုက်သည်။ သို့သော် သူ့ကို မတားခဲ့ပေ။
လုရန်က ဆိုင်မှာ သူ့အား တစ်နေကုန်လျစ်လျူရှုထားခဲ့သည်ကို ရှန်ရှင််းကျိုး မှတ်မိနေပြီး ယင်းက သူ့ကို စိတ်မကြည်မသာဖြစ်စေခဲ့၏။
ရှန်ရှင်းရန်က သူ့ကို ဒေါသထွက်အောင််လုပ်ခဲ့လျှင်တောင် အနည်းဆုံးတော့ သူစိတ်ဆိုးပြေအောင် စကားကောင်းများပြောတတ်သည်။
သူက လုရန် သူ့ကိုအကူအညီတောင်းလာသည်အထိ စောင့်ဆိုင်းပြီးမှ ဝင်ပြောဖို့တွေးထား၏။ ရှန်ရှင်းကျိုးတစ်ယောက် မျက်လုံးထောင့်ကနေ လုရန်ကို တွေ့လိုက်မိသည်။
သို့သော် လုရန်က ပြောလိုက်လေ၏။
"ရတာပေါ့။ ခင်ဗျားတို့ စားချင်တာ၊ သောက်ချင်တာကိုသာ မှာလိုက်ကြ!"
သူ၏သဘောတူညီချက်က မယုံကြည်နိုင်လောက်အောင် ပြတ်သားလွန်းသည်။
ချန်ရှန်းတစ်ယောက် အံ့အားသင့်သွားလေ၏။
သူက လုရန်ကို သံသယဖြင့်ကြည့်ကာ စားပွဲထိုးကိုခေါ်လိုက်သည်။
"ဒါဆို ငါ အားမနာတော့ဘူးနော်။"
ထိုသို့ပြောပြီးနောက် သူက တွန့်ဆုတ်တွန့်ဆုတ်နှင့် ဝိုင်နှစ်ပုလင်းကို မှာယူလိုက်သည်။
ဤကလပ်ရှိဝိုင်များမှာ စျေးနှုန်းတပ်မထားပေ။
စျေးနှုန်းတပ်စရာ လိုလည်းမလိုချေ။
ချန်ရှန်းက လုရန်အပေါ် ရှန်ရှင်းကျိုး၏သဘောထားကို မသေချာဖြစ်နေ၏။ သူက လူချမ်းသာဒုတိယမျိုးဆက်ဖြစ်သော်လည်း မရူးမိုက်ပေ။ ဝိုင်နှစ်ပုလင်းမှာလိုက်သည်က အဆင်ပြေပြီး သိပ်ဒုက္ခများမည်မဟုတ်။
လုရန်က သူ၏ 'သတိထားနေသော' လှုပ်ရှားမှုများကို အလွန် မကျေမနပ်ဖြစ်သွားမည်ဟု မည်သူတွေးမိမည်နည်း။ သူက အီလက်ထရွန်းနစ်မီနူးကို တိုက်ရိုက်လှမ်းယူကာ ကြည့်တောင်မကြည့်ဘဲ ဆယ်ပုလင်းကျော်လောက် မှာလိုက်သည်။
ချန်ရှန်းတစ်ယောက် ကြည့်နေရင်း တဖြည်းဖြည်းနှင့် ပါးစပ်အဟောင်းသားဖြစ်လာခဲ့၏။
လုရန်က မှာယူပြီးနောက် ချန်ရှန်း၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
"တခြားလူတွေကိုလည်း ခေါ်ပြီး သူတို့ကြိုက်တာတွေ မှာခိုင်းလိုက်ပါဦး။"
လူရန်ကိုကြည့်နေသော ချန်ရှန်း၏မျက်လုံးများက ပြောင်းလဲသွားခဲ့သည်။
ကနဦး မထီမဲ့မြင်ပြုကာ ရွံရှာသည့်အကြည့်များက လေးစားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့တွေ ဘာလုပ်နေကြောင်း ရှန်ရှင်းကျိုး နားမလည်ခဲ့ပေ။
လုရန်က သူ့ကို အကူအညီမတောင်းကြောင်း တွေ့လိုက်ရသောအခါ သူ ခဏအောင့်ထားသော်လည်း သူ့ကိုယ်သူ ဆက်မထိန်းနိုင်တော့ချေ။ သူက တမင်သက်သက် ထေ့ငေါ့လိုက်လေ၏။
"ဧည့်ခံမယ်? မင်းရဲ့လစာက ရေတစ်ဘူးဝယ်ဖို့တောင် လောက်လို့လား။"
လုရန်က ခွက်ကိုကိုက်ရင်း အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။
"ကျွန်တော်က ဧည့်ခံနေတာလေ။ ငွေရှင်းမယ်လို့ ဘယ်သူကပြောလို့လဲ။"
ရှန်ရှင်းကျိုးက သဘောမပေါက်ပေ။
လုရန်က သူ့ကို ပြုံးပြလိုက်လေ၏။
"ကျွန်တော့်ကို ဒီခေါ်လာခဲ့တာ ခင်ဗျားပဲ။ ဒီတော့ ဒုတိယသခင်လေးရှန်ကပဲ ပေးရမှာပေါ့။"
အတိတ်ဘဝတုန်းက လုရန် ထိုကဲ့သို့ အနိုင်ကျင့်ခံခဲ့ရဖူးသည်။
သူ ရှန်မိသားစုထဲ ရောက်ခါစအချိန်က ရှန်ရှင်းကျိုးတို့အဖွဲ့၏ သုံးဖြုန်းမှုအဆင့်ကို သူ မသိခဲ့ချေ။
ချန်ရှန်းက သူ့ကို ဧည့်ခံခိုင်းခဲ့ပြီး သူက လူတိုင်းကို ပျော်စေချင်သည့်အတွက် အလွယ်တကူ သဘောတူခဲ့သည်။
သူက သူ့မှာရှိသည့် ငွေလက်ကျန်အားလုံးကို သုံးစွဲဖို့ထိတောင် စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သို့သော် ငွေရှင်းချိန်ရောက်သော် သူ့မှာရှိသမျှ အရာအားလုံးကိုစုလိုက်လျှင်တောင် ရှန်ရှင်းကျိုး အခြားသူများကို ကျွေးမွေးဧည့်ခံသည့် ပမာဏအနည်းငယ်ကိုတောင် မကာမိကြောင်း သူ သိရှိခဲ့ရသည်။
ထိုအတွက်ကြောင့် သူ လှောင်ပြောင်ခံခဲ့ရ၏။
ယခုတစ်ခေါက်၌ သူက ထိုမျှမရူးတော့ပေ။
လုရန်၏စကားကို ကြားလိုက်ရသောအခါ ရှန်ရှင်းကျိုး ဒေါသတကြီး အော်ရယ်မိလုနီးပါးဖြစ်သွား၏။
သူက ဒေါသထွက်နေသော်လည်း သူ့နှလုံးသားထောင့်လေးမှာ တိတ်တဆိတ်ချီးကျူးစကားများ ကိန်းဝပ်နေခဲ့သည်။
တော်တော်လေး ဉာဏ်ကောင်းတယ်၊ ပါးနပ်တဲ့နည်းလမ်းတွေကို ဘယ်လိုသုံးရမလဲဆိုတာသိတယ်။
သို့သော်လည်း ရှန်ရှင်းကျိုးသည် မည်သူ့ဆီကမှ ယခုလိုလှည့်စားမခံခဲ့ဖူးချေ။
သူ ဆဲရေးရန်စဥ်းစားနေခိုက် ခေါင်းငုံ့လိုက်သည့်အချိန်မှာ လုရန်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
ကောင်လေးက ခွက်ထဲမှရေကို တစ်ငုံချင်းသောက်နေပြီး လှည့်စားမှုအရိပ်အမြွက်များ ရှိနေဆဲဖြစ်သော မျက်ဝန်းများဖြင့် မော့ကြည့်နေခဲ့သည်။
သူက မော့ကြည့်နေသောကြောင့် သူ့မျက်လုံးအောက်မှ အကွေးအကောက်လေးများက သူ့ကို နာခံမှုရှိစေသလို ချစ်စရာလည်းကောင်းနေခဲ့သည်။
ပုံမှန် မည်းနက်နေသောအကြည့်နှင့် ယှဥ်လိုက်လျှင် သူက ပို၍ မျက်စိပသာဒတင့်နေ၏။
ရှန်ရှင်းကျိုး၏ဒေါသများက ထက်ဝက်ကျော်လောက် ပျောက်ကွယ်သွားခဲ့သည်။
ချန်ရှန်းက လုရန်နားသို့ ရောက်လာခဲ့၏။
သူက လုရန်ဘေးမှာ ထိုင်ချလိုက်ပြီး လုရန်၏ပခုံးများကိုဖက်ရန် လက်ဆန့်လိုက်လေသည်။
ရှန်ရှင်းကျိုးက မျက်ခွံ့ပင့်ကာ လှမ်းကြည့်လိုက်ပြီး သူ၏အကြည့်များက ချန်ရှန်း၏လက်ပေါ်မှာသာ စွဲမြဲနေခဲ့သည်။
ထို့နောက် သူက စဥ်းတောင်မစဥ်းစားဘဲ ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်၏။
"မင်းရဲ့လက်ကို ဘယ်မှာထားဖို့ ကြိုးစားနေတာလဲ။ လက်မသရမ်းနဲ့။"
***
Aurora Novel Translation Team