no

Font
Theme

အပိုင်း (၁၉) - ပေါက်စီ

မဒမ်ရှန်က စိတ်ပျက်လက်ပျက်ဖြင့် အော်ပြောလိုက်သည်။

"မင်း ငါပြောတာကို နားမလည်တာလား။ မင်းကို ထွက်သွားခိုင်းနေတာလေ!"

ထိုသို့အော်ပြီးနောက်မှ ၎င်းတို့တွေ ဗီလာ၏ဝင်ပေါက်မှာရှိနေကြောင်း သူ(မ) ရုတ်တရက် သတိပြုမိလိုက်သည်။ ဤဗီလာပတ်ဝန်းကျင်၌ နေထိုင်ကြသူများက လူချမ်းသာများ သို့မဟုတ် အာဏာရှိသူများဖြစ်ကြ၏။ အပြင်ထွက်လမ်းလျှောက်ရုံနှင့် ရင်းနှီးနေသည့်သူဌေးကတော်များ၊ ရှန်မိသားစု၏စီးပွားဖက်များနှင့် ကြုံဆုံရနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ သူ(မ)ကို ယခုလိုပုံစံမျိုးဖြင့် မြင်သွားပါက သူ(မ)၏မျက်နှာကို မည်သည့်နေရာ၌ သွားထားရတော့မည်နည်း။

ထိုစဥ် လုရန်ကတော့ ခေါင်းအုံးပေါ်လှဲကာ ဂိမ်းကစားနေခဲ့သည်။ သူက ဖုန်းကိုအာရုံစိုက်ကာ ပြောလိုက််လေ၏။

"ခင်ဗျားတို့ ခေါ်ချင်တိုင်းခေါ်၊ နှင်ချင်တိုင်းနှင်ရအောင် ဒီကမ္ဘာပေါ်မှာ ကိစ္စတိုင်းက အဲ့လောက်လွယ်ကူနေလို့လား။"

မဒမ်ရှန်မှာ အလွန်ဒေါသထွက်ကာ စကားတောင်မပြောနိုင်တော့ပေ။ ထိုစဥ် အဝေးမှ လူတစ်ယောက် ဖြတ်လျှောက်လာသည်ကို မြင်လိုက်ရသောအခါ သူ(မ)က အိမ်ထဲသို့ အမြန်ပြန်ဝင်သွားတော့သည်။

လုရန်က လှောင်ပြုံးပြုံးလိုက်၏။

သူ ခရီးဆောင်အိတ်ကို လက်ခံရရှိခဲ့စဉ်က သာ့ဟွမ်နှင့်အတူလမ်းလျှောက်နေရင်း ပျော်လုံးစို့ကာ ပျံတက်တော့မတတ်ဖြစ်သွားခဲ့ရသည်။ ယခုလို ရူးကြောင်ကြောင်နေရာမျိုး၌ သူက နေချင်သည်ဟု ထင်နေကြသည်လော။

သူက ရှန်မိသားစုနှင့် ဆက်စပ်နေသမျှကြိုးမျှင်များကို ဖြတ်တောက်ပစ်ချင်နေသည့်သူပင်။

သို့သော် လုရန်တစ်ယောက် အတိတ်ဘဝကအဖြစ်အပျက်များကို မှတ်မိနေဆဲဖြစ်၏။

သူ ရှန်အိမ်ကနေ ထွက်သွားခဲ့သော်လည်း ၎င်းတို့က သူ့ဆီ လာနေကြဆဲပင်။ သူကြုံတွေ့ခဲ့ရသည့် ကားမတော်တဆမှုမှာ မတော်တဆမဟုတ်ဘဲ ရှန်မိသားစုက သူ့ကိုပြန်ခေါ်ရန် သုံးခဲ့သည့်နည်းလမ်းတစ်ခုဟု သူ အမြဲသံသယရှိခဲ့သည်။

ရှန်မိသားစုက သူ့ကို ဇွတ်ပြန်ခေါ်ချင်နေကြသည်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေသောကြောင့်ဖြစ်နိုင်သည်။ ၎င်းက ထိုလူများ၏အကျိုးအမြတ်တစ်ခုခုနှင့် ပတ်သက်နေလောက်၏။

ရှန်မိသားစုက သူ့ဆီကနေ တစ်စုံတစ်ခုကို လိုချင်နေလောက်သည်။

ထိုတစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း မသိရသရွေ့ ထွက်သွားလည်း ပြဿနာများကမပြေလည်နိုင်ကြောင်း လုရန် သိထားသည်။

မဒမ်ရှန်တစ်ယောက် စိတ်မအေးနိုင်ဖြစ်နေပြီး ဧည့်ခန်းထဲမှာ လမ်းလျှောက်နေခဲ့သည်။

ခဏအကြာတွင် သူ(မ)က မေးလိုက်၏။

"သူ အပြင်မှာရှိနေတုန်းပဲလား၊ ထွက်မသွားသေးဘူးလား။"

အိမ်အကူက ခေါင်းယမ်းပြခဲ့သည်။

မဒမ်ရှန်မှာ တိုးတိုးလေးကျိန်ဆဲလိုက်ပြီး ညစာတောင် ကောင်းကောင်းမစားနိုင်ခဲ့ပေ။

သူ(မ)က ညဉ့်နက်အထိစောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ အပြင်ဘက်မှ လုရန်၏ဖုန်းအလင်းရောင်က ပျောက်ကွယ်သွားခဲ့သည်။

မဒမ်ရှန်၏စိတ်ထဲ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီး အိမ်အကူတစ်ယောက်ကို ဆွဲခေါ်၍ မေးမြန်းလိုက်သည်။

"မြန်မြန်သွား၊ သူ ထွက်သွားပြီလားလို့သွားကြည့်ပေး!"

ခဏအကြာတွင် အိမ်အကူက ပြန်ရောက်လာပြီး သူ(မ)၏မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်လေသည်။

"မဒမ်၊ သူက ထွက်မသွားတဲ့အပြင် အိပ်တောင်ပျော်နေပါပြီ။"

မဒမ်ရှန်က သူ(မ)၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ ထိုင်ချလိုက်သည်။

သူ(မ)က အိမ်အကူကို လက်ညှိုးထိုးကာပြောလိုက်၏။

"မင်း! မင်း သွား... လူနည်းနည်းသွားခေါ်လာပြီး သူ့ကို ခပ်ဝေးဝေးသွားပစ်ခိုင်းလိုက်!"

အိမ်အကူက လှည့်ထွက်မည်အပြု သူ(မ)က အမြန်ပြန်ခေါ်လိုက်သည်။

"နေဦး၊ နေဦး! ပြန်လာခဲ့!"

ထိုကဲ့သို့ လုပ်လို့မဖြစ်ပေ။

ညနက်သန်းခေါင် တူနှင့်လိုက်ထု၊ သီချင်းအကျယ်ကြီးဖွင့်ကာ ကခုန်နေတတ်သည့် လုရန်၏စရိုက်နှင့်ဆိုလျှင် သူ့ကို အတင်းနှိုးလိုက်ပါက အပြင်မှာ မည်မျှပြဿနာရှာနေဦးမလဲကို မည်သူမှမသိနိုင််ပေ။ မနက်ဖြန်ကျလျှင် ပတ်ဝန်းကျင်တစ်ခုလုံးက သူ(မ)အိမ်မှ ရယ်စရာကိစ္စကို သိသွားကြပေလိမ့်မည်။

ရှန်ရှင်းရန်ကလည်း ပြေးလာပြီး နှစ်သိမ့်ပေးလာ၏။

"မေမေ၊ သူက မေမေ့ကို ခြောက်ရုံသက်သက်ပါ။ သူ တကယ်ကြီး တစ်ညလုံး အပြင်မှာအိပ်နိုင်ပါ့မလား။ ညနက်ရင် နေစရာနေရာတစ်ခုခုကို သေချာပေါက်သွားရှာမှာပဲ။"

သူက မဒမ်ရှန်၏အမူအရာကို အကဲခတ်ကာ တမင်တကာ ထပ်လောင်းပြောလိုက်သည်။

"ဒါမှမဟုတ်... မေမေ နည်းနည်းလောက်အလျှော့ပေးပြီး သူ့ကို အထဲပြန်ခေါ်လိုက်မလား။"

သူ မျှော်လင့်ထားသည့်အတိုင်း ထိုစကားကိုကြားလိုက်သည်နှင့် မဒမ်ရှန်က ချက်ချင်းမျက်နှာတည်တင်းသွား၏။

"မဖြစ််နိုင်တာ! သူ အပြင်မှာ တစ်ညလုံးအိပ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့!"

ထိုသို့ပြောပြီးနောက် သူ(မ)က လုရန်အကြောင်းကို ဂရုမစိုက်တော့ဘဲ ဒုတိယထပ်သို့တက်သွားတော့သည်။

ရှန်ရှင်းရန်က သူ(မ)အနောက်မှာ လှောင်ပြုံးပြုံးရင်း ကျန်နေခဲ့လေ၏။

စကားမာမာပြောခဲ့သော်လည်း မဒမ်ရှန်တစ်ယောက် တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ သူ(မ)၏ ခေါင်းထဲတွင် ညနက်သန်းခေါင် လုရန် သီချင်းအကျယ်ကြီးဖွင့်နေသည့်ပုံ၊ လုရန် Sleeping Bag ကြီးနှင့် ခုန်ဝင်လာပြီး 'စပရိုက်!' ဟု အော်နေသည့် ပုံရိပ်များဖြင့်သာ တဝဲလည်နေခဲ့သည်။

မနက်နိုးလာသောအခါ သူ(မ)၏ဦးခေါင်းထဲမှာ လုံးဝမူးနောက်နေခဲ့၏။

သူ(မ) မအိပ်လိုက်တာကမှ ပိုကောင်းဦးပေမည်။

မဒမ်ရှန်မှာ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း မျက်နှာမသစ်၊ ညအိပ်ဝတ်စုံတောင်မလဲဘဲ အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။

သူ(မ)က အိမ်အကူတစ်ဦးကို ဖမ်းဆွဲကာ မေးလိုက်၏။

"သူ မနေ့ညက ထွက်သွားခဲ့လား။ ဘယ်အချိန် ထွက်သွားခဲ့တာလဲ။"

အိမ်အကူ၏ တွန့်ဆုတ်နေသောအမူအရာကို မြင်လိုက်ရသောအခါ မဒမ်ရှန်၏စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

မကြာခင်မှာပင် အိမ်အကူက ပြောပြလာခဲ့သည်။

"သခင်လေးလုက ထွက်မသွားပါဘူး။ သူက Delivery တောင် မှာစားခဲ့ပါတယ်..."

မဒမ်ရှန်တစ်ယောက် ခေါင်းကိုက်သွားလေ၏။

မှာစားတယ်? သူက Delivery တောင် မှာစားခဲ့သေးတယ်ပေါ့?

သူက ကမ္ဘာပျက်သည်အထိ ဤနေရာမှာပဲ နေတော့မည့် ပုံပင်!

မဒမ်ရှန်က အိမ်အကူကို မေးလိုက်သည်။

"သူ ဘာမှာစားခဲ့တာလဲ။"

အိမ်အကူက အပြောခက်နေဟန်ဖြင့် သူ(မ)ကို တစ်ချက်ကြည့်လိုက်သည်။

"ဟိုဟာ... ပေါက်စီနဲ့ ချဉ်ဖတ်ပါ။"

"ဘာ!"

မဒမ်ရှန် အော်ဟစ်လိုက်သည်။

"သူက ရှန်အိမ်တံခါးဝမှာ အဲ့လိုအစားအသောက်တွေကို စားနေတယ်၊ ဟုတ်လား။"

မဒမ်ရှန်မှာ သူ(မ) အမှားလုပ်မိလိုက်ပြီဟု စတင်ခံစားလာရတော့သည်။ သို့သော် ယခုအချိန်မှာ လုရန်ကို အိမ်ထဲပြန်ဝင်လာခိုင်းဖို့အတွက် သူ(မ)၏မာနက ဟန့်တားနေပြန်၏။

ထိုအခိုက်အတန့်၌ လုရန်က အနီးအနားရှိ အများသုံးသန့်စင်ခန်းတစ်ခုမှာ မျက်နှာသစ်၊ သွားတိုက်ပြီးပြီဖြစ်သည်။ သူက Sleeping Bag ထဲကနေထွက်ကာ ထိုအပေါ်မှာထိုင်ပြီး ခရီးစောင်အိတ်ကိုမှီထားရင်း အစားစားနေခဲ့၏။

သူက လူပျင်းဇာတ်ကောင်၏ နာမည်ကြီးသရုပ်ဆောင် 'ကယ်ယိုး' ထိုင်နေသည့်အတိုင်း အမှန်တကယ်ကို အေးအေးလူလူဖြစ််နေခဲ့သည်။

[葛优 - Gě Yōu ဆိုတာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်ပါ။ သူက မကြာခဏဆိုသလို ပျင်းရိပြီး လောကကြီးကိုဂရုမစိုက်တတ်တဲ့ ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်တတ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားလာပြီး တရုတ်နိုင်ငံယဥ်ကျေးမှုမှာပါ သူ့ရဲ့ပျင်းရိတဲ့ဇာတ်ကောင်စရိုက်က မှတ်ကျောက်တင်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကယ်ယိုးလို့ပြောလိုက်ရင် ဘာကိုမှဂရုမစိုက်တတ်တဲ့ လွတ်လပ်ပေါ့ပါးတဲ့သဘောထားကို ကိုယ်စားပြုပါတယ်။]

သူက ကျွမ်းကျင်စွာဖြင့် ပေါက်စီကို အလယ်ကနေ ခွဲလိုက်သည်။ ထို့နောက် ချဉ်ဖတ်ထုပ်ကို သွားနှင့်ကိုက်ဖောက်ကာ အထဲမှချဉ်ဖတ်များကို ပေါက်စီထဲ ညှပ်ထည့်လိုက်၏။ ထို့နောက် ပါးစပ်ကျယ်ကျယ်ဟကာ အားရပါးရကိုက်လိုက်ပြီး မျက်လုံးလေးများကိုမှေးကျဉ်းလျက် ဝါးနေတော့သည်။

ဤသည်မှာ သာမန်ပေါက်စီဖြစ်သော်လည်း သူစားနေပုံက ကမ္ဘာ့အကောင်းဆုံးအစားအစာကို စားနေသကဲ့သို့ပင်။ အဖြူထည်သက်သက်ပေါက်စီကတောင် နူးညံ့ပြီး ဆွဲဆောင်မှုရှိနေသယောင်။

ချန်ရှန်းတစ်ယောက် သူ့ခွေးနှင့် လမ်းလျှောက်ထွက်လာစဉ် အနှီမြင်ကွင်းကို မြင်လိုက်ရ၏။ သူနှင့် သူ၏ husky မှာ ရပ်တန့်သွားမိကြပြီး လုရန်၏လက်ထဲမှ ပေါက်စီကိုကြည့်ကာ သွားရည်ယိုနေခဲ့ကြသည်။

[T/N: husky ဆိုတာ ခွေးအကြီးအမျိုးအစားပါ။]

လုရန်က ပေါက်စီတစ်လုံးလုံးကို တစ်ကိုက်ပြီးတစ်ကိုက် အားပါးတရစားနေသည်အား ၎င်းတို့တွေ မျှော်ကြည့်နေမိကြသည်။ စားနေရင်းကြားထဲတွင် လုရန်က ပဲနို့ကိုလည်း သောက်ခဲ့သေးသည်။

ချန်ရှန်းတစ်ယောက် ဗိုက်ထဲမှာ တဂွီဂွီမြည်လာသည်ကို ကြားလိုက်ရ၏။

အမှန်တကယ်တော့ သူ အပြင်မထွက်ခင်ကမှ မနက်စာစားလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့အိမ်မှ ကိုယ်ပိုင်စားဖိုမှူးပြင်ပေးသည့် ပုစွန်ဆန်ပြုတ်နှင့် ဖက်ထုပ်များထက် လုရန်၏လက်ထဲမှ ပေါက်စီက ပို၍စားချင်စရာကောင်းနေသလိုပင်။

သူ၏ husky ကလည်း အလားတူ ခံစားရပုံပေါ်ပြီး ၎င်းက ချန်ရှန်းကိုဆွဲသွားကာ လုရန်ရှိရာသို့ အပြေးအလွှား သွားခဲ့လေ၏။ ထို့နောက် husky က ရှန်အိမ်တံခါးဝတွင် ဘရိတ်အုပ်လိုက်ပြီး လုရန်အရှေ့မှာ နာခံမှုရှိစွာထိုင်ကာ အမြီးကို အဆက်မပြတ်ယမ်းပြနေတော့သည်။

လုရန်တစ်ယောက် မော့ကြည့်လိုက်ပြီး ရင်းနှီးနေသောမျက်နှာဖြစ်ကြောင်း သိလိုက်ရသဖြင့် ပေါက်စီကိုတစ်ဖဲ့ဖဲ့ကာ husky ၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

Husky ငနဲက ၎င်း၏အမြီးကို ပိုလို့တောင် ခပ်မြန်မြန်ယမ်းပြလာခဲ့၏။

ချန်ရှန်း: "..."

သူ အိမ်ကမထွက်ခင် ဒီခွေးက သူ့ကိုကျွေးထားတဲ့ခွေးစာကိုမစားဘဲ အစာအငတ်ခံဆန္ဒပြခဲ့တာကို ထုတ်ပြောလိုက်သင့်လား။

လုရန်က ရှန်အိမ်တံခါးဝမှာမှီထိုင်နေရင်း ပျင်းရိလေးတွဲစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ။"

ချန်ရှန်းက လေးစားမှုများကိန်းဝပ်နေသော အပြုံးဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာနံနက်ခင်းပါ!"

လုရန် လင်ယိကို ပညာပေးခဲ့သည့်ကိစ္စမှာ ၎င်းတို့၏အသိုင်းအဝိုင်းကြား နာမည်ကြီးသွားခဲ့ပြီး သူ့ကို ဒဏ်ရာရီလာစစ်နတ်ဘုရား 'လွီပု' ဟုတောင် သတ်မှတ်ထားကြသည်။

သို့သော် ချန်ရှန်းတစ်ယောက် တွေးရခက်နေသည်။ လုရန် အိမ်သာဆေးတံနှင့် တစ်စုံတစ်ယောက်၏ပါးစပ်ထဲ ထိုးထည့်ခဲ့သည်ကို မြင်ဖူးသလို၊ လင်ယိအား အိမ်သာခွက်ထဲ ဖိနှစ်ခဲ့သည်ကိုလည်း မြင်ခဲ့ဖူး၏။ သို့တိုင် ယခု လုရန် အစားစားနေသည်ကို မြင်လိုက်ရသောအချိန်မှာ သူက အဘယ့်ကြောင့် ဗိုက်ဆာလာရသနည်း။

လုရန်ကမူ ချန်ရှန်း မည်သည့်အရာများတွေးနေလဲကို ဂရုမစိုက်ခဲ့ပေ။ ဤနောက်ပိုင်းတွင် သူက အနည်းငယ်ထွားလာသဖြင့် ပေါက်စီတစ်လုံးတည်းနှင့် ဗိုက်မဝတော့။ ထို့ကြောင့် နောက်ထပ်ပေါက်စီတစ်လုံးကို ထပ်ခွဲကာ ကျန်နေသေးသောချဉ်ဖတ်များကို ထည့်လိုက်သည်။

ပူပူနွေးနွေးပေါက်စီထဲသို့ ချဉ်ဖတ်များထည့်လိုက်သောအခါ သွားရည်ယိုစရာရနံ့က ရုတ်တရက် ပျံ့လွင့်လာ၏။

ဘေးမှာထိုင်နေသော husky က စိတ်လှုပ်ရှားစွာဖြင့် 'အာဝူး' ဟု အူလိုက်သည်။

လုရန်က ခွေး၏မျက်နှာကို လက်နှင့်တွန်းဖယ်လိုက်သည်။

"မင်းက ဒါစားလို့မရဘူး၊ ဟိုဟာသွားစား။"

သူက ပြောရင်းဆိုရင်း သာ့ဟွမ်၏ခွေးစာခွက်ထဲ ခွေးစာတချို့ကို လောင်းထည့်ပေးလိုက်သည်။

ထို့နောက် အနှီ husky မှာ မြိန်ရေယှက်ရေ သွားစားတော့သည်။

လုရန်က ပေါက်စီကို ခပ်ကြီးကြီးတစ်ကိုက်ကိုက်လိုက်ပြီး ပါးဖောင်းဖောင်းလေးများနှင့် ဝါးနေခဲ့သည်။

ချန်ရှန်းတစ်ယောက် ကြည့်နေရင်း သူ့ဗိုက်ထဲကနေ ဂွီခနဲ ထမြည်သွားခဲ့သည်။

သူက အရှက်ပြေစကားလမ်းကြောင်းလွှဲလိုက်၏။

"ဒီ... ဒီမှာ ဘာလုပ်နေတာလဲ။"

လုရန်က သူ့အောက်မှ Sleeping Bag ကို လက်ညှိုးထိုးပြလိုက်သည်။

"ကိုယ့်အိမ်ရှေ့မှာကိုယ် ဒုက္ခခံပြီး အိပ်နေတာလေ။"

ချန်ရှန်း: "..."

သူက လုရန်ကိုတစ်လှည့်၊ ရှန်အိမ်တံခါးကိုတစ်လှည့် ကြည့်လိုက်ပြီး လုရန်ကို လက်မထောင်ပြလိုက်သည်။

သူ လုရန်ကို အမှန်အကန် လေးစားသွားလေပြီ။

လုရန် လင်မိသားစုကို ပြဿနာရှာခဲ့စဥ်က ကျန်းမိသားစုက လုရန်ကို လက်စားချေလိမ့်မည်ဟု အားလုံးက တွက်ထားခဲ့ကြသည်။ သို့သော် ရက်ပေါင်းများစွာကြာသည့်တိုင် ဘာသတင်းမှ ထွက်မလာခဲ့ပေ။

သူ မလေးစားဘဲကို မနေနိုင်တော့ချေ။

ထိုစဥ် husky က ခွေးစာများကိုကုန်အောင်စားပြီးနောက် မျက်နှာချိုသွေးကာ ထပ်တောင်းနေပြန်သည်။

လုရန်က ခွေးကိုတစ်ချက်ကြည့်၊ ခွေးပိုင်ရှင်ကို တစ်ချက်ကြည့်လိုက်၏။

ခွေးပိုင်ရှင်ဖြစ်သူ ချန်ရှန်းကလည်း သူ့ခွေးသူတစ်ချက်ကြည့်လိုက်ပြီး လုရန်၏လက်ထဲမှ ပေါက်စီကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ မအောင့်နိုင်တော့ပေ။

ချန်ရှန်းက ထစ်ထစ်အအဖြင့် မေးလိုက်သည်။

"အဲ့ဒါ... အဲ့ဒါက စားလို့ကောင်းလား။"

သူက ချန်မိသားစု၏သခင်လေးဖြစ်သည်။ သူ့မိသားစုက ရှန်မိသားစုထက် အနည်းငယ်သာနိမ့်ကျပြီး လင်မိသားစုနှင့် အဆင့်အတန်းချင်းတူပေ၏။ သူ့လိုသခင်လေးမျိုးက အရသာရှိသော အစားအသောက်များစွာကို စားဖူးသော်လည်း ယခု ပေါက်စီအလွတ်တစ်လုံးကို သွားရည်ကျနေခဲ့သည်။

သို့သော်...

ချန်ရှန်း၏တစ်သက်နှင့်တစ်ကိုယ် ပေါက်စီထဲမှာချဉ်ဖတ်ထည့်၍ တစ်ခါမှမစားဖူးပေ။

သူက လုရန်လက်ထဲမှပေါက်စီကို မျက်တောင်မခတ်စတမ်း မျှော်ကြည့်နေခဲ့၏။

လုရန်က မေးလိုုက်သည်။

"မင်း စားချင်လို့လား။"

ချန်ရှန်းက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြခဲ့လေသည်။

လုရန်က တွန့်ဆုတ်မှုမရှိဘဲ အိတ်ထဲကနေ ပေါက်စီတစ်လုံးနှင့် ချဉ်ဖတ်တစ်ထုပ်ကိုထုတ်ကာ ချန်ရှန်းကိုပေးလိုက်သည်။ ထို့နောက် ချဉ်ဖတ်ကို ပေါက်စီထဲ မည်သို့ညှပ်ရကြောင်းကိုပါ သင်ပြပေးခဲ့၏။

ချန်ရှန်းတစ်ယောက် အံ့သြမိသလို ဝမ်းလည်းဝမ်းသာသွားခဲ့သည်။ လုရန်ကဲ့သို့ ကြောက်စရာကောင်းသူက ဤမျှသဘောကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လုရန်၏နည်းအတိုင်း လုပ်ဆောင်ပြီးနောက် ချန်ရှန်းတစ်ယောက် ပေါက်စီကို ခပ်ကြီးကြီးကိုက်လိုက်သည်။ ပေါက်စီသား၏နူးညံ့မှုက အထဲမှချဉ်ဖတ်၏ကြွပ်ဆတ်မှုနှင့် ပေါင်းစည်းသွားပြီး သူ့ပါးစပ်ထဲ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်သွားလေ၏။

ချဉ်ဖတ်၏ လတ်ဆတ်သောအရသာက သူ့လျှာပေါ်မှာ ပေါက်ကွဲသွားပြီး ပေါက်စီအလွတ်က သူ့အား အရသာကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားခဲ့သည်။

သူစားဖူးသော အစားအစာများလောက် မနူးညံ့သော်လည်း ယင်းက ပျော်ရွှင်ကျနပ်မှုကို ပေးစွမ်းနိုင်သည်။

လုရန်က ထိုသခင်လေးကို အရူးတစ်ယောက်နှယ် ကြည့်နေခဲ့သည်။

ဒီသူဌေးသားလေးက ကာဗိုဟိုက်ဒရိတ်နဲ့ အချိုမှုန့်ရောထားတဲ့အရသာကို မစားဖူးဘူးလား။

လုရန်က မေးလိုက်သည်။

"စားကောင်းလား။"

ချန်ရှန်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်မထောင်ပြခဲ့သည်။

"သြော် စကားမစပ်၊ ပေါက်စီတစ်လုံးကို ယွမ်တစ်ရာနော်။ မင်းရဲ့ခွေးစားတဲ့ ခွေးစာဖိုးနဲ့ ချဉ်ဖတ်ဖိုးကိုတော့ လျှော့ပေးလိုက်မယ်။ ပိုက်ဆံကို ငါ့ရဲ့ Alipay ထဲသာ လွှဲလိုက်။"

လုရန်က Alipay QR ကုဒ်ကို ထုတ်ပြလိုက်သည်။

စောစောလေးကတင် လုရန်ကို ချီးကျူးနေသော ချန်ရှန်း: "..."

ပေါက်စီတစ်လုံးကို ယွမ်တစ်ရာ?

ဒါ ဓါးပြတိုက်နေတာပဲမဟုတ်ဘူးလား။

ချန်ရှန်းတစ်ယောက် ကုန်ဈေးနှုန်းမသိလျှင်တောင် ယင်းက သူ့ကိုအမြတ်ကြီးစားနေမှန်းကိုတော့ သိပေ၏။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူက ပေါက်စီကို စားပြီးသွားပြီဖြစ်သလို လုရန်ကိုလည်း ကြောက်ရသဖြင့် ချန်ရှန်းတစ်ယောက် ယွမ်တစ်ရာလွှဲပေးလိုက်ရလေသည်။

ပေါက်စီစားလို့အပြီး မော့ကြည့်လိုက်သောအခါ ချန်ရှန်း နောက်ထပ်ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရသည်။

သူက လက်ကို အားရပါးရ ဝှေ့ယမ်းပြလိုက်၏။

"သာ့ချွမ်!"

သာ့ချွမ်ဟုခေါ်သည့်တစ်ယောက်က လမ်းလျှောက်လာ၏။ ထို့နောက် မြေပြင်ပေါ်လှဲနေသည့် လုရန်ကို မြင်လိုက်ရသောအခါ သူလည်း လန့်သွားခဲ့သည်။ လုရန် အိမ်သာဆေးတံကို တစ်စုံတစ်ယောက်၏လည်ချောင်းထဲ ထိုးထည့်ခဲ့ချိန်က သူလည်း ထိုနေရာမှာရှိနေခဲ့သည်။ ထို့ကြောင့် လုရန်ကိုမြင်မြင်ချင်း သူ နောက်ပြန်လှည့်ပြေးချင်စိတ်များ ပေါက်သွားခဲ့သော်လည်း အတင်းပြန်ထိန်းလိုက်ရသည်။

ချန်ရှန်းက ဘာမှမပြောဘဲ သာ့ချွမ်တစ်ယောက် ပေါက်စီကို ရှဉ့်လေးတစ်ကောင်လို ပါးဖောင်းဖောင်းလေးများဖြင့်စားနေသော လုရန်ကိုကြည့်နေသည်အား စောင့်နေခဲ့၏။

မျှော်လင့်ထားသည့်အတိုင်း လုရန်၏အစားအသောက်ရှိုးကို တောင့်ခံနိုင်သူမရှိပေ။

ချန်ရှန်းတစ်ယောက် သာ့ချွမ် တံတွေးမျိုချလိုက်သည်ကို အတိုင်းသားမြင်လိုက်ရသည်။

သူက လုရန်လက်ထဲမှပေါက်စီကို လက်ညှိုးထိုးပြကာ ကြော်ငြာဝင်ပေးလိုက်သည်။

"ငါတို့လုကောဝယ်ထားတဲ့ ပေါက်စီတွေက အရမ်းမွှေးပြီး တကယ်ကိုစားလို့ကောင်းတယ်။"

သူတစ်ယောက်တည်းတော့ သူငယ်နှပ်စားခံရလို့ မဖြစ်ဘူး၊ ရသလောက်လူကို ဆွဲခေါ်ရမယ်။

သာ့ချွမ်က ဦးစွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူ ထွက်သွားမည့်ဆဲဆဲတွင် လုရန်က နောက်ထပ်တစ်ကိုက် ထပ်ကိုက်လိုက်သည်အား မြင်လိုက်ရလေ၏။ ဖြူဖွေးနေသည့်ပေါက်စီကြားမှ မုန်လာဥချဉ်ဖတ်လေးများထွက်လာပုံမှာ အလွန်ဆွဲဆောင်မှုရှိနေခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် လုရန်၏ Alipay ထဲသို့ နောက်ထပ် ယွမ်တစ်ရာတိုးလာခဲ့လေသည်။

လုရန် Sleeping Bag ပေါ်မှာထိုင်ရင်း အတွေးနက်နေ၏။

ငါ ဘာလို့ အပင်ပန်းခံပြီး အလုပ်သွားလုပ်နေတော့မှာလဲ။ ဒီမှာပေါက်စီရောင်းတာက ပိုမကောင်းဘူးလား။

ရှန်အိမ်အတွင်း၌။

မဒမ်ရှန်က သူ(မ)အရှေ့မှ မနက်စာများကို စိုက်ကြည့်နေပြီး ဘာမှစားမဝင်ခဲ့ပေ။ သူ(မ)က အစားအစာများကို ထိုးဆွရင်း အပြင်မှဂိုဒေါင်ကိုရှင်းလင်းကာ လုရန်ကို ပြန်ခေါ်ထားလိုက်ရမလားဟု စဥ်းစားနေခဲ့၏။

သို့သော် ထိုသို့ဆိုလျှင် လုရန်အတွက် သက်သာလွန်းရာ ကျမည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူ့ဘာသာသူရှင်းခိုင်းရမည်ဟု ဆုံးဖြတ်လိုက်သည်။

စိတ်ပိုင်းဖြတ်ပြီးသွားသော မဒမ်ရှန်က စိတ်တည်ငြိမ်သွားပြီး မနက်စာကို အေးအေးလူလူဆက်စားကာ လုရန်ကို အပြင်၌ နည်းနည်းကြာကြာထားရန် စီစဥ်လိုက်သည်။

သူ(မ)က ပင်လယ်စာစွပ်ပြုတ်ကို တစ်ဇွန်းခပ်ကာ သူ(မ)၏နှုတ်ခမ်းနား ယူလာခဲ့သော်လည်း ပါးစပ်ထဲထည့်ပြီးခါစအချိန်မှာ ဥယျာဉ်မှူးက ရုတ်တရက် ပြေးဝင်လာခဲ့သည်။

"မဒမ်၊ တစ်ခုခုဖြစ်နေပါပြီ! လုရန်က ချန်မိသားစုရဲ့သခင်လေးနဲ့ စကားပြောနေပါတယ်!"

မဒမ်ရှန်က သူ(မ)၏စွပ်ပြုတ်ကို ချက်ချင်းထွေးထုတ်လိုက်လေ၏။

သူ(မ)က ပါးစပ်ကိုအမြန်သုတ်ကာ မေးမြန်းလိုက်သည်။

"ဘယ်သူလို့ပြောလိုက်တာ?"

"ဟိုဘက်အိမ်ကချန်မိသားစုပါ!"

မဒမ်ရှန်မှာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

"သူက အပြင်မှာအိပ်နေတာတောင် လူတွေနဲ့ စကားပြောရဲသေးတယ်?"

ဥယျာဉ်မှူးက ခေါင်းညိတ်ပြခဲ့သည်။

မဒမ်ရှန်တစ်ယောက် စိုးရိမ်စိတ်များ ထပ်မံကြီးထွားလာခဲ့သည်။

ချန်မိသားစု၏သခင်လေးက ကိစ္စတစ်ခုဖြစ်ပြီး ဘေးအိမ်မှ မဒမ်ချန်ဆိုသည့် သတင်းအိုးကြီးကသာ တကယ့်ပြဿနာဖြစ်သည်။ မဒမ်ချန် သိသွားပါက ပေကျင်းတစ်မြို့လုံး သိသွားတာနှင့်အတူတူပင်။

မဒမ်ရှန်တစ်ယောက် အဖြေမရှာရသေးခင်မှာ ဥယျာဉ်မှူးက အပြင်ကိုတစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကျောက်မိသားစုက သခင်လေးလည်း ရောက်လာပါပြီ!"

မဒမ်ရှန် အပြင်ကိုချောင်းကြည့်လိုက်ချိန်မှာ လုရန်က ကျောက်ချွမ်ကို ပေါက်စီကမ်းပေးနေသည်အား မြင်လိုက်ရသည်။

အကြောင်းတချို့ကြောင့် အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် လုရန်၏နှစ်ကိုယ်စာလောက်ရှိသည့် ကျောက်ချွမ်က ပေါက်စီကို အလွန်ရိုသေစွာ လက်နှစ်ဖက်ဖြင့်လှမ်းယူနေသည့်အပြင် လုရန်ကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်စကားတောင် ဆိုနေသေးသည်။

မဒမ်ရှန်တစ်ယောက် ထူးဆန်းသောကမ္ဘာကြီးထဲ ဝင်ရောက်လာခဲ့မိသည်ဟုတောင် ခံစားလိုက်ရသည်။

ထိုကဲ့သို့ ဆက်လွှတ်ထားလို့မဖြစ်တော့ပေ။

သူ(မ)က ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ စိတ်ကို တည်ငြိမ်အောင်ထား၍ ရှန်အိမ်တံခါးဝဆီ သွားလိုက်သည်။

သူ(မ) ရောက်သွားသောအခါ လုရန်အနားမှာ လူ သုံးလေးငါးယောက်လောက်တောင် ဝိုင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ချန်ရှန်းနှင့် ကျောက်ချွမ်တို့အပြင် အခြားသူဌေးသားလေးနှစ်ယောက်ကလည်း လုရန်ဘေးမှာ ငုတ်တုတ်ကလေးထိုင်လျက် လုရန်လက်ထဲမှပေါက်စီကို စိုက်ကြည့်နေကြသည်။

လုရန်က ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်၏။

"ဒါ နောက်ဆုံးကျန်တဲ့တစ်လုံးပဲ။ ယွမ်နှစ်ရာပေးရင် ရမယ်။ မင်းတို့နှစ်ယောက် စက္ကူ-ကျောက်တုံး-ကတ်ကြေးဆော့ပြီး အနိုင်ရတဲ့သူယူလိုက်၊ ဒါမှမဟုတ် တစ်ယောက်တစ်ဝက်စားချင်လည်းစားကြပေါ့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment