အပိုင်း (၁၆) - ဖုံးကွယ်ခြင်း
『ငါ့ကို အိမ်သာထဲဖိချခဲ့တာ ဘယ်သူလဲ မင်းသိလား』
"ရူးနေတာလားမသိဘူး!"
လုရန်တစ်ယောက် ဆဲရေးလိုက်ပြီးနောက် သာ့ဟွမ်ကိုခေါ်၍ အခန်းထဲပြန်ဝင်သွားခဲ့သည်။
ဒုတိယထပ်၏ လက်ရန်းနားမှာရပ်နေသော ရှန်ရှင်းရန်မှာ ဘာဖြစ်သွားမှန်း နားမလည်နိုင်ဖြစ်နေခဲ့သည်။
ရှန်ရှင်းကျိုးက လုရန်၏အခန်းတံခါးကို ခေါက်နေသည့်အသံအား ရှန်ရှင်းရန် ကြားလိုက်ရ၏။ သူက အသံကြားကြားချင်း အမြန်ပြေးဆင်းလာခဲ့ပြီး နောက်ဆုံးတော့ ရှန်ရှင်းကျိုးက လုရန်ကို ပြဿနာရှာတော့မည်ဟု ထင်နေခဲ့သည်။
ရှန်ရှင်းကျိုး ထိုကဲ့သို့ဒေါသထွက်နေပုံအရ လုရန်က တစ်စုံတစ်ခုလုပ်ခဲ့သည့်ပုံပင်။
ထိုနှစ်ယောက် ရန်ဖြစ််တော့မည်ဟု သူတွေးနေခိုက်၊ မမျှော်လင့်စွာဖြင့်...
ရှန်ရှင်းကျိုးက ထိုခွေးကို နှစ်ကြိမ်လောက် ပွတ်သပ်ပေးကာ ဒီတိုင်း ထွက်သွားခဲ့လေသည်။
ရှန်ရှင်းရန်၏စိတ်ထဲ သံသယများ ပြည့်နှက်သွား၏။
ထိုစဥ် လုရန်က လှေကားဘက်ကို လှမ်းကြည့်လာသောအခါ ရှန်ရှင်းရန်မှာ တောင့်တင်းသွားပြီး တတိယထပ်သို့ အမြန်ပြေးတက်သွားတော့သည်။
သူ လုရန်ကို ရန်မစချင်ပေ။
တတိယထပ်ကို ပြန်ရောက်ပြီးနောက် ရှန်ရှင်းရန်က ရှန်ရှင်းကျိုး၏အပြုအမူကို ဆက်လက်စဥ်းစားနေခဲ့သည်။
ရှန်ရှင်းကျိုးက ရိုးရိုးတန်းတန်း ဒေါသထွက်နေသည်လော သို့မဟုတ် ခွေးကိုသုံးပြီး လုရန်ကို ခြိမ်းခြောက်နေသည်လောကို သူ အဖြေရှာမရဖြစ်နေ၏။
ရှန်ရှင်းရန်ကတော့ ဒုတိယတစ်ခုဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
သူ အနည်းငယ် ကျေနပ်ပီတိဖြစ်သွား၏။
အချိန်အတော်ကြာအောင် စောင့်ခဲ့ရပြီးမှ ရှန်ရှင်းကျိုးက နောက်ဆုံးတော့ စတင်လှုပ်ရှားတော့မည်ပင်။
သို့သော်...
ရှန်ရှင်းကျိုးနှင့် လုရန်တို့ 'စကားများ' နေသည့်ပုံစံကို ပြန်စဉ်းစားကြည့်လိုက်သောအခါ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ရှန်ရှင်းရန် ခံစားလိုက်ရသည်။
သို့တိုင် ဘာမှားနေသည်ကိုတော့ သူ ချက်ချင်းမထောက်ပြနိုင်ခဲ့ပေ။
ရှန်ရှင်းရန်တစ်ယောက် ရှန်ရှင်းကျိုး လုရန်ကို ဆက်ပြီးပြဿနာရှာမည့်အချိန်အား စောင့်ဆိုင်းနေခဲ့သည်။
နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။
လုရန်က ထိုအဝါရောင်ခွေးကိုဆွဲကာ ပုံမှန်အတိုင်း အဝင်အထွက် လုပ်မြဲလုပ်နေဆဲပင်။
ရှန်ရှင်းကျိုးကမူ ရှန်မိသားစုဗီလာသို့ ပြန်လာသည့်အကြိမ်အရေအတွက် ပိုများလာပြီး လုရန်နှင့်တွေ့တိုင်းလည်း မကြာခဏ ရန်ဖြစ်စကားများတတ်သည်။
သို့သော် ၎င်းတို့ရန်ဖြစ်နေသည့်ပုံက ကလေးကစားနေသလိုမျိုးပင်။
ထိုခွေးမှာလည်း တစ်လျှောက်လုံး ဘေးကင်းနေဆဲဖြစ်သည်။
ရှန်ရှင်းရန်တစ်ယောက် အနည်းငယ် စိတ်ပူလာ၏။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့သလို ခံစားနေရသည်။
သူ၏ထိန်ချုပ်နိုင်စွမ်းကို ပြန်လည်ရရှိရန် လုရန်ကို တစ်ခုခုလုပ်ပြီး ဒုက္ခရောက်စေဖို့လိုအပ်သည်။
သို့သော်လည်း ရှန်ရှင်းရန် 'ထိုထမင်းဝိုင်း' နှင့် လုရန်၏ရိုက်ချက်နှစ်ချက်ကို မှတ်မိနေသေးသည်။
သူ လုရန်နှင့် အမှန်တကယ်ကို ထိပ်တိုက်မတွေ့ချင်ပေ။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့ကလည်း ထိုနည်းလည်းကောင်းပင်။ ၎င်းတို့က ဗီလာမှာတောင် သိပ်မနေကြတော့ဘဲ အပြင်မှာသာ ထွက်နေတတ်ကြ၏။
အချိန်ကြာလာသည်နှင့်အမျှ လုရန်ကသာ ထိုဗီလာ၏အရှင်သခင်ဖြစ်လာသလို ခံစားခဲ့ရသည်။
နောက်ထပ်ရက်အနည်းငယ်လောက် စောင့်ဆိုင်းပြီးနောက်မှာတော့ ရှန်ရှင်းရန်တစ်ယောက် ထပ်ပြီးမစောင့်နိုင်တော့ဘဲ ရှန်ရှင်းကျိုးနေထိုင်သည့် တိုက်ခန်းဆီသို့ ကိုယ်တိုင်လိုက်သွားတော့သည်။
ရှန်ရှင်းကျိုးက မြို့လယ်ခေါင်ရှိ တိုက်ခန်းကျယ်ကြီးတစ်လုံးတွင် နေထိုင်၏။
အပြင်ဘက်တွင်လည်း ပါတီပွဲများကျင်းပရန်သုံးသည့် ဗီလာတစ်လုံး ရှိသေးသည်။
ရှန်ရှင်းကျိုးက သူ့ကို ကောင်းကောင်းဆက်ဆံပေးပြီး တိုက်ခန်း၏လက်ဗွေစနစ်၌ ရှန်ရှင်းရန်၏လက်ဗွေကို မှတ်တမ်းတင်ပေးထားသလို အခန်းတွင်းအပြင်အဆင်အများစုကလည်း ရှန်ရှင်းရန်၏အကြိုက်အတိုင်း အလှဆင်ထားခြင်းဖြစ်သည်။
ရှန်ရှင်းရန်အတွက် ဤနေရာသို့လာရခြင်းက ကိုယ့်အိမ်ကိုယ် ပြန်လာရသလို ခံစားရစေ၏။
ယခုတစ်ခေါက်မှာလည်း သူ တံခါးဖွင့်ဝင်လိုက်သည်နှင့် အီလက်ထရွန်းနစ်ဘဲလ်သံက ပုံမှန်အတိုင်း ရှန်ရှင်းကျိုးအသံသွင်းထားသလို မြည်လာခဲ့သည်။
"ရှန်မိသားစုရဲ့ မင်းသားလေးကြွမြန်းလာတာကို ကြိုဆိုပါတယ်!"
ရှန်ရှင်းရန်တစ်ယောက် ပြုံးလိုက်မိပြီး သူ၏နှလုံးသားထဲ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
သူက ပုံမှန်အတိုင်း ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။
အမှန်တကယ်တော့ ရှန်ရှင်းရန် ရှန်ဗီလာ၌နေရသည်ထက် ရှန်ရှင်းကျိုး၏တိုက်ခန်းက ပို၍လွတ်လပ်သလို ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် ရှန်ရှင်းကျိုးက သူ့ကို ပိုပြီးအလိုလိုက်သောကြောင့်ပင်။
သူ့အတွက် လိမ္မာသလို၊ သိတတ်သလို ဟန်ဆောင်နေစရာမလိုပေ။
ရှန်ရှင်းရန်က ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်လိုက်သည်။
ရှန်ရှင်းကျိုးက သန့်ရှင်းရေးလုပ်ရသည်ကို သဘောမကျသလို၊ အိမ်သန်ွရှင်းရေးဝန်ဆောင်မှုကိုလည်း ခေါ်လေ့မရှိသောကြောင့် ဧည့်ခန်းတစ်ခုလုံးရှုပ်ပွနေပြီး ပါဆယ်ဘူးခွံများက နေရာအနှံ့ပြန့်ကျဲနေ၏။
ရှန်ရှင်းရန် သန့်ရှင်းရေးခေါ်ဖို့ ဖုန်းဆက်တော့မည့်ဆဲဆဲတွင် မျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် သူ၏လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားခဲ့သည်။
ဝရန်တာနှင့် ကပ်လျက်နံရံထောင့်တွင် သစ်သားအိမ်လေးတစ်ခုရှိနေ၏။
အရောင်အသွေးက အတော်လေးလှပပြီး လက်ရာက အလွန်သေသပ်သည်။
အိမ်လေးထဲတွင် ထူထဲနူးညံ့သည့်ကော်ဇောတစ်ချပ်ကို ခင်းထား၏။
ရှန်ရှင်းရန် ရှုပ်ထွေးစွာဖြင့် ထိုနေရာသို့လျှောက်သွားခဲ့သည်။
"ဒါက ဘာကြီးလဲ? အရုပ်ဆက်ထားတာလား။"
သူ ထပ်ပြီးကြည့်လိုက်ရာ အနီးနားတွင် ပလတ်စတစ်ဗန်းကြီးတစ်ခုကို တွေ့လိုက်ရပြီး အပေါ်ကနေ ဆန်ခါပေါက်များပါသည့် အပြားတစ်ချပ်ကို တင်ထား၏။
ရှန်ရှင်းရန်က တစ်ပတ်ပတ်ကြည့်လိုက်သော်လည်း ရှန်ရှင်းကျိုး ဘာလုပ်ထားမှန်း နားမလည်ခဲ့ပေ။
ထိုသစ်သားအိမ်လေး၏တံခါးဝတွင် ချိတ်ဆွဲထားသည့် သစ်သားဆိုင်းဘုတ်လေးပေါ်ရှိ အနက်ရောင်ခွေးခြေရာလေးကို မြင်လိုက်ရချိန်မှာမှ ရှန်ရှင်းရန် ရုတ်တရက် ထရပ်လိုက်မိသည်။
ဤသည်မှာ ခွေးအိမ်တစ်ခုဖြစ်ကြောင်း သူ သဘောပေါက်သွား၏။
ဘေးမှ ပလတ်စတစ်ဗန်းကမူ ခွေးအိမ်သာဖြစ်နေခဲ့သည်။
ရှန်ရှင်းကျိုး အဘယ့်ကြောင့် ဤအရာများကိုလုပ်ထားကြောင်း ရှန်ရှင်းရန် တွေးတောနေမိသည်။
သူ့အတွက် ခွေးတစ်ကောင်ကိုသတ်ခြင်းက ဤမျှဒုက္ခများသည်လော။
သူ မှင်တက်စွာဖြင့် ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်စဉ် သူ၏တင်ပါးက ရုတ်တရက် နာသွားခဲ့၏။
ရှန်ရှင်းရန် ထရပ်လိုက်သောအခါ ဆိုဖာထောင့်တွင်ရှိနေသော တိရစ္ဆာန်အမွေးကိုဖြီးသည့် ဘီးတစ်ချောင်းကို တွေ့လိုက်ရလေသည်။
သူပိုင်ဆိုင်သည်ဟုထင်ထားသော ဤနေရာ၌ သူနှင့်စိမ်းသက်သလို၊ သူ'မနှစ်သက်သည့်ပစ္စည်းများစွာ ရုတ်တရက် ပေါ်ပေါက်လာခြင်းက ရှန်ရှင်းရန်ကို အလွန် စိတ်အလိုမကျဖြစ်စေခဲ့သည်။
ယင်းက လုရန် ရှန်မိသားစုဆီ ပြန်ရောက်လာစဉ်ကကဲ့သို့ ခံစားချက်မျိုးပင်။
ရှန်ရှင်းရန်တစ်ယောက် အသက်ပြင်းပြင်းရှူလိုက်သော်လည်း ဒေါသကိုမထိန်းနိုင်ခဲ့ပေ။
သူက ထရပ်ကာ ဘီး၊ ခွေးအိမ်နှင့် အခြားသော အိမ်မွေးတိရစ္ဆာန်နှင့်ဆိုင်သည့် အသုံးအဆောင်များအားလုံးကို ဝရန်တာဘက်သို့ ဆွဲထုတ်ပစ်လိုက်သည်။
သူ၏ဒေါသများကို ဖွင့်ထုတ်ပြီးနောက်မှ သူ ပြန်ပြီးစိတ်တည်ငြိမ်သွားခဲ့သည်။
သူ ယနေ့လာရသည့်ရည်ရွယ်ချက်ကို ပြန်လည်တွေးတောကာ အိမ်သန့်ရှင်းရေးဝန်ဆောင်မှုကို ဖုန်းဆက်ခေါ်လိုက်ပြီး အစားအသောက်များကိုလည်း မှာယူလိုက်သည်။
သိပ်မကြာခင်မှာပင် ရှန်ရှင်းကျိုး ပြန်ရောက်လာခဲ့၏။
ပါဆယ်မှာယူထားသော အစားအသောက်များကလည်း စားပွဲပေါ် ရောက်နေပြီဖြစ်သည်။
ရှန်ရှင်းရန်က ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ပုံမှန်အတိုင်း စိတ်အားထက်သန်စွာဖြင့် ရှန်ရှင်းကျိုးကို လှမ်းခေါ်လိုက်သည်။
"အစ်ကိုလတ်! မြန်မြန်လာခဲ့။ ကျွန်တော် အစ်ကိုလတ်အကြိုက်ဆုံး ကြက်သားအစပ်ကိုမှာထားတယ်!"
"အိုး၊ ရှားပါးဧည့်သည်လေးရောက်နေတာပဲ! ပြောပါဦး၊ ဒီနေ့တော့ ငါ့ဆီလာလည်ဖို့ကို စဥ်းစားမိသွားတယ်ပေါ့။"
ရှန်ရှင်းကျိုးက အတော်လေးပီတိဖြစ်သွားသလိုပင်။
ရန်ရန်က တချို့တချို့သောသူများနှင့် မတူပေ။
'ဟိုတစ်ယောက်က သူ့ပိုက်ဆံကိုလည်းဖြုန်းသေးတယ်၊ သူ့ကို စကားကောင်းကောင်းလေး တစ်ခွန်းတောင်မပြောဘူး။'
ရှန်ရှငိးရန်က ရှန်ရှင်းကျိုးကိုဆွဲခေါ်၍ ထိုင်ခိုင်းလိုက်သည်။
"လာပါ! အတူတူစားဖို့ အစ်ကိုလတ်ကိုစောင့်နေတာနဲ့ ကျွန်တော် တော်တော်ဗိုက်ဆာနေပြီ။ စားပွဲအပြည့်တည်းခင်းထားတဲ့ ဒီအစားအသောက်တွေကိုကြည့်နေရရင်း သွားရည်ယိုနေရတာ။"
"ဗိုက်ဆာတာကို အရင်စားနှင့်တာမဟုတ်ဘဲနဲ့။"
ရှန်ရှင်းကျိုးက လက်သွားဆေးကာ ရှန်ရှင်းရန်ဘေးမှာ ဝင်ထိုင်လိုက်သည်။
ထိုအခိုက်အတန့်၌ သူ့စိတ်ထဲ လုံးဝမသက်ဆိုင်သည့် အတွေးတစ်ခု ဝင်လာခဲ့၏။
လုရန်က သူ ဘယ်မှာနေလဲကို မသိသေးပေ။
သူပြင်ဆင်ထားသော ခွေးအိမ်နှင့် ခွေးအိမ်သာတို့ကို တွေ့သွားလျှင် သာ့ဟွမ်ကို ဤနေရာသို့ခေါ်လာခွင့်ပေးဖို့ လုရန်က သဘောတူမလားဟု သူ စဥ်းစားနေခဲ့မိသည်။
ထိုသို့ တွေးလိုက်မိပြီးနောက် ရှန်ရှင်းကျိုးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ရူးနေပြီဟု ခံစားလိုက်ရ၏။
အဲ့ဒီတစ်ယောက်ကို ဒီခေါ်လာပြီး ဘာလုပ်မှာလဲ။ သူ့ကို ပြဿနာရှာဖို့လား၊ ရန်ဖြစ်ဖို့လား။
ထိုစဥ် ရှန်ရှင်းရန်က တစ်စုံတစ်််ခုပြောလိုက်သော်လည်း ရှန်ရှင်းကျိုးက အတွေးလွန်နေသဖြင့် စကားလုံးအချို့ကိုသာ ကြားလိုက်ရ၏။
"လုရန်က..."
ရှန်ရှင်းကျိုးက ဒေါသတကြီးပြန်ပြောလိုက်သည်။
"ငါ့ရှေ့မှာ သူ့အကြောင်း မပြောနဲ့။"
ရှန်ရှင်းရန် အံ့အားသင့်သွားခဲ့သည်။
ဤလေသံအရ စက်ဆုပ်ရွံရှာသည့်လေသံဖြစ်သော်လည်း သူ ခံစားရသည်မှာတော့...
ရှန်ရှင်းကျိုးက စကားလမ်းကြောင်းလွှဲလိုက်သည်။
"ကဲပါ၊ မင်းပြောတော့ ဗိုက်ဆာတယ်ဆို? မြန်မြန်စားတော့လေ။"
"အင်း။"
ရှန်ရှင်းရန်က ပြုံးပြလိုက်ပြီး တစ်လုတ်စားလိုက်သော်လည်း သူ၏စိတ်ထဲမှာ အတွေးများစွာ ကူးလူးနေခဲ့သည်။
ခဏအကြာတွင် သူက ခွေးအိမ်အကြောင်း မမေးတော့ဘဲ အခြားတစ်ခုကို မေးမြန်းလိုက်၏။
"အစ်ကိုလတ်၊ လင်ယိ တစ်ခုခုဖြစ်သွားတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ဘာဖြစ်ခဲ့တာလဲဟင်။ အဲ့ဒီနေ့ညက အစ်ကိုလတ်လည်း ရှိနေတယ်မဟုတ်လား။"
ရှန်ရှင်းကျိုး၏လှုပ်ရှားမှုများက ရပ်တန့်သွားလေ၏။
ချက်ချင်းဆိုသလို ရှန်ရှင်းကျိုးတစ်ယောက် လင်ယိ၏သနားစရာအတွေ့အကြုံနှင့် အလွန်ရှည်လျားသောငွေတောင်းခံလွှာကို သတိရသွားခဲဲ့သည်။
ရုတ်တရက် သူ့ပါးစပ်ထဲမှအစားအသောက်များက မျိုချရခက်သွားသလို ခံစားလိုက်ရ၏။
ပုံမှန်အားဖြင့် သူက ရှန်ရှင်းရန်အပေါ် မည်သည့်အရာကိုမှ ဖုံးကွယ်မထားတတ်သော်လည်း ရှန်ရှင်းရန်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်ရသောအခါ ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။
ရှန်ရှင်းကျိုးက အကြည့်ပြန်လွှဲကာ ပြုံးလိုက်လေသည်။
"ဘာလို့ မေးတာလဲ။ မင်း လင်ယိကို သဘောမကျဘူးမလား။ သူ ပြဿနာတက်တာက မင်းအတွက် ပိုမကောင်းဘူးလား။"
ရှန်ရှင်းရန်က ရှန်ရှင်းကျိုး၏လက်မောင်းကိုလှုပ်ယမ်းကာ ကလေးတစ်ယောက်လို ပူဆာလိုက်၏။
"အစ်ကိုလတ်ကလည်း! ပြောပြပါလို့! သူ ဘယ်လို ပြဿနာတက်သွားတာလဲဆိုတာကို ကျွန်တော် သိချင်လို့ပါ။"
ရှန်ရှင်းကျိုးမှာ အမှန်တကယ် ဗိုက်ဆာနေသည်။
အကယ်၍ ထိုအကြောင်းကို စပြောလိုက်လျှင် သူ ထမင်းစားရတော့မည်မဟုတ်ပေ။
သူက အစားအသောက်များကို နှစ်လုတ်လောက်သာစားထားသည့် ရှန်ရှင်းရန်ကို တစ်ချက်ကြည့်လိုက်၏။ ယင်းက အကြာကြီးစောင့်နေရသောကြောင့် ဗိုက်ဆာနေသည့်ပုံစံမျိုး လုံးဝမဟုတ်ပေ။
ရှန်ရှင်းကျိုးက ဝေဝေဝါးဝါးသာ ပြောပြလိုက်သည်။
"အတိုချုပ်ပြောရရင်တော့ သူက သူများကို ပြဿနာသွားရှာတာ၊ ဒါပေမဲ့ တစ်ဖက်လူဆီကနေ ပြန်ပြီးပညာပေးခံလိုက်ရတယ်။"
ရှန်ရှင်းရန်က စိတ်ဝင်တစား မေးလိုက်၏။
"ကျန်းမိသားစုကိုတောင် ဂရုမစိုက်တဲ့အထိ ဘယ်သူကများ ဒီလောက်သတ္တိရှိနေတာပါလိမ့်။"
ရှန်ရှင်းကျိုးက သူ၏သွားများကို လျှာဖြင့်သပ်လိုက်ပြီး ဘာမှပြန်မပြောတော့ပေ။ သူက ရှန်ရှင်းရန်ပန်းကန်ထဲသို့ အစားအသောက်များ ခပ်ထည့်ပေးလိုက်၏။
"ဗိုက်ဆာတယ်လို့ပြောပြီး ဘာလို့ မစားသေးတာလဲ။"
ရှန်ရှင်းရန်တစ်ယောက် သူ့ဆီကနေ ဘာမှအစ်လို့မရတော့သဖြင့် မကျေမနပ်ဖြစ်သွားခဲ့သည်။
သူက ဝရန်တာဘက်မှခွေးအိမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ဒေါသများကို ချုပ်တည်းထားလိုက်လေ၏။
ရှန်ရှင်းကျိုး၏တိုက်ခန်းကနေ ထွက်လာသောအခါ ရှန်ရှင်းရန်တစ်ယောက် စိတ်ထဲ လေးလံနေခဲ့သည်။
ထိုနေ့က သူ ရှန်ရှင်းကျိုးနှင့်အတူ လိုက်မသွားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုနေ့ညကအခြေအနေကို သူနှင့်ရင်းနှီးသူတချို့ဆီကနေ ကြားသိခဲ့ရသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် ထိုနေ့ညက ကလပ်မှာရှိနေခဲ့သူအားလုံး ကြောက်လန့်နေသလိုမျိုးဖြစ််နေခဲ့၏။
၎င်းတို့အားလုံး ထိုနေ့ညကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို လုံးဝ မဟခဲ့ကြပေ။
ရှန်ရှင်းရန် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒရိုင်ဘာကို လင်အိမ်သို့ မောင်းခိုင်းလိုက်သည်။
ရှန်ရှင်းရန်ရောက်သွားသည့်အချိန်က အတော်လေးကို ကွက်တိကျနေခဲ့၏။
သူာလင်အိမ်၏တံခါးဝကနေ ဝင်လိုက်သည်နှင့် လင်ယိ၏အော်သံကို ကြားလိုက်ရသည်။
"ထွက်သွား!"
ထိုအော်သံနှင့်အတူ ပစ္စည်းများရိုက်ခွဲသံများကိုပါ ကြားလိုက်ရသည်။
ရှန်ရှင်းရန် ထိတ်လန့်သွားခဲ့၏။
လင်ယိ တစ်စုံတစ်ခုဖြစ်ခဲ့ကြောင်း သူ ကြားထားသော်လည်း ယခုလောက်ထိ ဒေါသထွက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ထိုအခိုက်အတန့်၌ မဒမ်လင်က လျှောက်လာခဲ့သည်။
ရှန်ရှင်းရန်က လူကြီးတစ်ယောက်၏ရှေ့တွင် လိမ္မာယဥ်ကျေးသည့်ဟန်ပန်ကို ချက်ချင်းတပ်ဆင်လိုက်သည်။
"အန်တီလင်၊ လင်ယိတစ်ခုခုဖြစ်နေတယ်ကြားလို့ ကျွန်တော် လာကြည့်တာပါ။"
ထိုစကားကို ကြားလိုက်ရသောအခါ မဒမ်လင်၏မျက်နှာက အခိုက်အတန့်တစ်ခုလောက် ထူးဆန်းသွားပြီး ရှန်ရှင်းရန်ကို တစ်ချက်အကဲခတ်ကာ ပြောလိုက်သည်။
"ရန်ရန်၊ မြန်မြန်လာပါဦးကွယ်၊ ရှောင်ယိကို သွားပြီးဖျောင်းဖျပေးပါဦး။"
ရှန်ရှင်းရန်က အကဲစမ်းကာမေးလိုက်သည်။
"လင်ယိက ဘာဖြစ်လို့လဲ၊"
မဒမ်လင်ကလည်း စိတ်ဒုက္ခရောက်နေပုံပင်။
"အိမ်ကလူတွေ ဘယ်သူပဲမေးမေး သူက ဘာမှမပြောဘူး။ အများကြီးမေးပြန်ရင်လည်း ဒေါသတွေထွက်ပြီး ပစ္စည်းတွေကို ရိုက်ခွဲနေတော့တာပဲကွယ်။"
ထိုသို့ကြားလိုက်ရသောအခါ ရှန်ရှင်းရန် ပို၍သိချင်လာခဲ့သည်။
သူက မဒမ်လင်ကိုပြုံးပြကာ အပေါ်ထပ်သို့ တက်လာခံဲ့လိုက်သည်။
"လင်ယိ?"
သူ လင်ယိ၏အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ခုတင်ပေါ်မှာထိုင်နေသောသူက သူ့ကိုစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ရောက်လာသူက မည်သူဖြစ်ကြောင်း လင်ယိက မှတ်မိသွားပုံရပြီး သူ့ဆီသို့ ရုတ်တရက် ပြေးဝင်လာလေ၏။
"ငါ မင်းကိုသတ်ပစ်မယ်!"
ရှန်ရှင်းရန်က သူ့ကို အလျင်အမြန်တားဆီးလိုက်သည်။
"လင်ယိ! ငါလေ၊ ငါ ရှန်ရှင်းရန်!"
"ငါသတ်ချင်နေတဲ့သူကလည်း မင်းပဲ!"
လင်ယိက ရှန်ရှင်းရန်ကိုလည်ပင်းညှစ်ရန် လက်နှစ်ဖက်ကိုဆန့်ထုတ်လာခဲ့၏။
နှစ်ဦးသား အချိန်ခဏလောက် နပန်းလုံးနေပြီးနောက် လင်ယိက အော်လိုက်သည်။
"လုရန်က မင်းတို့ရှန်မိသားစုဝင်မလား။ ရှန်မိသားစုဝင်တွေအားလုံး သွားသေလိုက််တော့!"
ရှန်ရှင်းရန် လင်ယိ၏ချုပ်နှောင်မှုကြောင့် အသက်ရှူကျပ်သလို ဖြစ်သွားခဲ့သည်။
လုရန်၏နာမည်ကို ကြားလိုက်ရသောအခါ ရှန်ရှင်းရန် ရုတ်တရက် သတိဝင်လာခဲ့သည်။
လုရန်?
သူ၏စိတ်ထဲ အခိုက်အတန့်တစ်ခုလောက် ဗလာကျင်းသွားလေသည်။
လုရန်က ကျန်းမိသားစု၏ကျောထောက်နာက်ခံရှိသော လင်ယိကို ထိပါးရဲလောက်သည်အထိ သတ္တိရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ စောစောက မဒမ်လင် သူ့ကို အဘယ့်ကြောင့် ထူးထူးဆန်းဆန်းကြည့်နေကြောင်း သူ နားလည်သွား၏။
အကယ်၍ ဤပြဿနာကို လုရန်ကဖန်တီးခဲ့ပါက... ရှန်ရှင်းကျိုးသည် အဘယ့်ကြောင့် သူ့ကိုလျှို့ဝှက်ထားရသနည်း။
လင်ယိက သူ့ကို ထပ်ပြီးခုန်အုပ်လာတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှန်ရှင်းရန်က အမြန်ပြောလိုက်သည်။
"ငါလည်း လုရန်ကို မုန်းတယ်! သူက ဘယ်တုန်းက ရှန်မိသားစုဝင်ဖြစ်သွားလို့လဲ!"
ထိုအခါမှ လင်ယီက ရပ်တန့်သွားပြီး သူ့ကို စိုက်ကြည့်လာခဲ့၏။
ရှန်ရှင်းရန်က ပြောလိုက်သည်။
"လုရန်က ငါ့ကိုလည်း နေ့တိုင်း စိတ်အနှောင့်အယှက်ပေးနေတာပဲ။"
လင်ယိက သူ၏ဦးခေါင်းကိုအုပ်ကိုင်ကာ လဲကျသွားခဲ့သည်။
"သူက မင်းကို ဘယ်လိုအနှောင့်အယှက်ပေးနိုင်မှာမို့လဲ။ အဲ့ဒီကောင်က ငါ့ကို အိမ်သာထဲဖိချခဲ့တာကွ၊ မင်း အဲ့ဒါကိုသိရဲ့လား!"
ရှန်ရှင်းရန်တစ်ယောက် ကြောင်အမ်းသွားလေ၏။
ဘာ? အိမ်သာထဲမှာ?
လင်ယိ စကားလွန်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ပြီး ချက်ချင်းလက်ငင်း ပါးစပ်ပိတ်လိုက်တော့သည်။
ရှန်ရှင်းရန်တစ်ယောက် လုရန်က အိမ်မှာတင်မကဘဲ အပြင်မှာပါ ဤမျှရဲတင်းလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သူ ရူးသွားပြီလား။
ရှန်ရှင်းရန် လင်ယိကိုနှစ်သိမ့်ရန် လက်လှမ်းလိုက်သော်လည်း လင်ယိ ကြုံတွေ့ခဲ့ရမည့်အရာများကို တွေးလိုက်မိရာ လက်ကိုပြန်ရုပ်လိုက်သည်။
"ဟို... ကလပ်ကအိမ်သာတွေက တကယ်သန့်ရှင်းပါတယ်၊ ဟုတ်တယ်မလား။"
သူက နှစ်သိမ့်ရန်ကြိုးစားလိုက်သော်လည်း မည်သို့ပင်နားထောင်ပါစေ ယင်းက ထူးဆန်းနေလေ၏။
လင်ယိက အော်လိုက်သည်။
"မင်း ဒါကို ဘယ်သူ့မှပြန်မပြောနဲ့! သွား၊ အခုချက်ချင်း ထွက်သွားလိုက်တော့!"
ရှန်ရှင်းရန်က လင်ယိလိုမဟာမိတ်တစ်ယောက်ကို မဆုံးရှုံးချင်ပေ။
သူနှင့် လင်ယိတို့နှစ်ယောက်လုံးက လုရန်နှင့် မတည့်ကြပေ။
လင်ယိမှာ ကျန်းမိသားစု၏ကျောထောက်နောက်ခံရှိရာ သူ ထိုအရာကို အသုံးချရမည်။
"တကယ်တော့... ငါလည်း..."
ရှန်ရှင်းရန်တစ်ယောက် ပြောဖို့ကို ရုန်းကန်နေခဲ့ရသည်။
လင်ယိက မေးလိုက်၏။
"မင်းက ဘာဖြစ်ခဲ့လို့လဲ။"
အခိုက်အတန့်တစ်ခုလောက် တွန့်ဆုတ်နေပြီးနောက်မှာတောင် ရှန်ရှင်းရန်က ရှန်မိသားစု၏ထမင်းဝိုင်း၌ ဖြစ်ပျက်ခဲ့သည့်အရာကို ပြောမထွက်နိုင်ခဲ့ပေ။
သူက ပြောလိုက်သည်။
"ငါလည်း သူ့ကြောင့် အခက်အခဲတွေအများကြီးကြုံခဲ့ရတာ..."
အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးပြီးနောက်မှာတော့ လင်ယိ စိတ်တည်ငြိမ်သွားခဲ့သည်။
ရှန်ရှင်းရန်က မြှောက်ပင့်ပေးလိုက်၏။
"ဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးလို့မဖြစ်ဘူး။"
လင်ယိက ပြောလိုက်သည်။
"ဒါဆို ဘာလုပ်ရမှာလဲ။ ငါလည်း သူ့ကို ဒီတိုင်းသတ်ပစ်လိုက်လို့မှမရတာ!"
ရှန်ရှင်းရန်က မျက်လွှာချကာ ခဏလောက်တွေးလိုက်၏။
"ကျန်းလင်ကရော? မင်းနဲ့စေ့စပ်ထားတဲ့သူက မင်းကို မကူညီဘူးလား။"
လင်ယိက စိတ်ပျက်စွာဖြင့် အော်ပြောလိုက်သည်။
"ဒီလိုအရှက်ရစရာကိစ္စကို ဘယ်လိုလုပ်ပြီး သူ့ကိုပေးသိရမှာလဲ။"
ကျန်းလင်သာ သိသွားလျှင် သူ့ကို ပွေ့ဖက်၊ နမ်းရှုပ်၊ လက်ထပ်ရန် ဆန္ဒရှိဦးမည်လော။
လုရန်၏နည်းလမ်းများက အမှန်တကယ်ကို ညစ်ပတ်လွန်းပြီး လူများကို ထုတ်ပြောဖို့တောင် ကြောက်ရွံ့စေခဲ့သည်။
အခြားသူများသိသွားလျှင်တောင် လုရန်လုပ်ခဲ့သည်ဆိုသောအချက်ကို ဂရုစိုင်ချင်မှစိုက်လိမ့်မည်။ ၎င်းတို့က လင်ယိ အိမ်သာထဲမှာ ဖိချခံခဲ့ရသည့်အကြောင်းကိုသာ ပြောကြလိမ့်မည်ပင်။
ရှန်ရှင်းရန်က အကြံပေးလိုက်၏။
"အဲ့ဒါကို ပြောပြနေစရာမလိုပါဘူး၊ အကြောင်းပြချက်တစ်ခုခုကို ဖန်တီးလိုက်လို့ရတာပဲ။"
လင်ယိတစ်ယောက် အတွေးများသွားလေ၏။
ရှန်ရှင်းရန်က သူ့ကို ဆက်လက်ဖျောင်းဖျခဲ့သည်။
"မင်းက ကျန်းလင်ရဲ့သတို့သားလောင်းပဲလေ။ တကယ်လို့ မင်း အနိုင်ကျင့်ခံရတယ်ဆိုရင် သူက မင်းဘက်ကနေ သေချာပေါက်ရပ်တည်ပေးမှာပဲ။ အကြောင်းပြချက်တွေက အရေးကြီးပါဦးမလား။"
သူ့ကို အယုံသွင်းနိုင်လိုက်ကြောင်း တွေ့လိုက်ရသောအခါ ရှန်ရှင်းရန်၏မျက်လုံးများထဲမှာ အပြုံးရိပ်လေးသန်းလာခဲ့သည်။
လုရန် လက်ရဲဇက်ရဲနိုင််တော့ရော ဘာဖြစ်လဲ။
သူက ရှန်မိသားစုဝင်များ၏အမြင်မှာ သူ၏ပုံရိပ်ကို ထိန်းသိမ်းရဦးမည်ဖြစ်ရာ လုရန်ကို ပေါ်တင်လက်စားချေလို့မရပေ။
သို့သော် လုရန်က ကျန်းမိသားစုကို သွားထိခဲ့သောကြောင့် သူ လက်တုံ့ပြန်ခံရလျှင်လည်း သူနှင့်ထိုက်တန်သည်။
ထို့ပြင်...
ရှန်မိသားစုက ကျန်းမိသားစုနှင့် စီးပွားရေးကိစ္စတစ်ခုကို ညှိနှိုင်းဆွေးနွေးနေကြ၏။ လုရန်လုပ်ခဲ့သည့်အရာကိုသာ ရှန်ဟုန်ယွမ် သိရှိသွားပါက သူ့ကိုသတ်ပစ်ချင်လောက်အောင်ထိ ဒေါသထွက်သွားမည်ပင်။
နှစ်ဦးသား စကားပြောနေစဥ် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
တံခါး၏အခြားတစ်ဖက်ကနေ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ရှောင်ယိ၊ အန်တီက မင်းကိုလာကြည့်တာပါ။"
"ဟာ... သွားပြီ! အဲ့ဒါ အန်တီကျန်းပဲ!"
လင်ယိက ချက်ချင်းဆိုသလို ရှန်ရှင်းရန်၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။
***
Aurora Novel Translation Team