အပိုင်း (၁၇) - ဒစ္စကို
『လမ်းလျှောက်တဲ့အသံနဲ့ အိပ်နေရင်း ဟိုဘက်သည်ဘက်လှည့်တဲ့အသံတွေ ထွက်နေလို့ပါ』
လင်ယိက အတော်လေးတုန်လှုပ်နေပြီး မဒမ်ကျန်းက သူ၏လက်ရှိဖြစ်ပျက်နေပုံကို မြင်သွားမည်အား စိုးရိိမ်နေခဲ့သည်။
ရှန်ရှင်းရန်ကတော့ တိတ်တိတ်လေး ကျေနပ်နေခဲ့၏။
ကျန်းမိသားစုက လင်ယိကို လာကြည့်သောကြောင့် ၎င်းတို့သည် သူ့ကို တန်ဖိုးထားဆဲဖြစ်ကြောင်း သက်သေပြသနေသည်။
အကယ်၍ ဤသည်မှာ လုရန်ကြောင့်ဖြစ်ခဲ့ကြောင်း သိရှိသွားပါက...
လုရန်၏ရှေ့ဆက်ရမည့်အနာဂတ်က ခက်ခဲသွားတော့မည်ဖြစ်၏။
ရှန်ရှင်းရန်က လင်ယိကို အကြံပေးလိုက်သည်။
"ဘာလို့စိုးရိမ်နေတာလဲ။ အခု မင်းရဲ့ပုံစံက သနားစရာကောင်းလေလေ၊ မဒမ်ကျန်းက မင်းအတွက် စိတ်မကောင်းဖြစ််လေပဲပေါ့၊ မဟုတ်ဘူးလား။"
လင်ယိက ရှန်ရှင်းရန်ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်သည်။
သူက အခိုက်အတန့်တစ်ခုလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး မဒမ်ကျန်းအတွက် တံခါးဖွင့်ပေးလိုက်လေ၏။
မဒမ်ကျန်းက အလွန်နွေးထွေးလှသည်။ သူ(မ) အခန်းထဲကိုဝင်လာသည်နှင့် လင်ယိ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အသာအယာကိုင်လိုက်၏။
"အိုကွယ်။ ကြည့်စမ်းပါဦး၊ မျက်နှာလေးက ဖြူဖျော့နေတာပဲ။ ဘာလို့ အခန်းထဲပဲအောင်းနေရတာလဲ၊ အပြင်လေးဘာလေးထွက်ပြီး နေပူစာလေးလှုံပါဦးလား။"
လင်ယိက ရှန်ရှင်းရန်အကြံပေးထားသည့်အတိုင်း ပြောလိုက်သည်။
"ဒီရက်ပိုင်း စိတ်မကြည်မလင်ဖြစ်နေလို့ပါ။"
"စိတ်မကြည်ရင် ပိုလို့တောင်အပြင်ထွက်ရဦးမှာပေါ့!"
မဒမ်ကျန်းက လင်ယိကိုဆွဲခေါ်ကာ ခုတင်ဘေးမှာထိုင်ခိုင်းလိုက်သည်။ သူ(မ)က ရှန်ရှင်းရန်ကိုမြင်လိုက်ရချိန်မှာလည်း ပြုံးပြလျက် ခေါင်းညိတ်ပြခဲ့သေးသည်။
ဤအမျိုးသမီးက အလုပ်အကိုင်မရှိ၊ အပျော်အပါးမက်သည့် အခြားသောသူဌေးကတော်များနှင့် မတူပေ။
မဒမ်ကျန်းသည် ငယ်စဉ်ကတည်းက ကျန်းမိသားစုကုမ္ပဏီ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်၏။ သူ(မ)၏စကားပြောဆိုပုံက ပြတ်သားပြီး အရည်အချင်းရှိသည့် အမျိုးသမီးတစ်ဦး၏လက္ခဏာမျိုး ရှိပေသည်။
ရှန်ရှင်းရန်က ဘေးမှာရပ်နေပြီး မဒမ်ကျန်းက လင်ယိကို ဂရုတစိုက်မေးမြန်းနေသည်အား တိတ်တိတ်ကလေးကြည့်နေခဲ့၏။
သို့သော် သူ့စိတ်ထဲမှာတော့ ကျန်းမိသားစုက အဘယ့်ကြောင့် လင်မိသားစုနှင့် မဟာမိတ်ဖွဲ့ရသလဲဟု တွေးနေခဲ့သည်။
လင်မိသားစုက ကျန်းမိသားစုနှင့် ယှဉ်လိုက်လျှင် တစ်နည်းနည်းဖြင့် အဆင့်အတန်းနိမ့်ကျသည်။
ရှန်မိသားစုကသာ ကျန်းမိသားစုနှင့် အဆင့်အတန်းချင်းတူညီ၏။
ရှန်ရှင်းရန်တစ်ယောက် အနည်းငယ် မကျေမနပ်ဖြစ်မိသော်လည်း သူ့ကိုသာ ကျန်းလင်နှင့် စေ့စပ်ခိုင်းမည်ဆိုပါက သူလည်း လက်ခံလိမ့်မည်မဟုတ်။
ကျန်းလင်က ကျန်းမိသားစု၏ တစ်ဦးတည်းသောသားဖြစ်သော်လည်း သူက အလိုလိုက်ခံထားရသည့် ဒုတိယမျိုးဆက်သူဌေးသားလေးသာဖြစ်ပြီး ရှန်ရှင်းကျိုးကိုတောင် မမီပေ။
သူ၏အမေကလည်း အလွန်အာဏာပြချင်သူဖြစ်သည်။
သူက အခိုက်အတန့်တစ်ခုကြာအောင် ကျန်းမိသားစု၏အိမ်ထောင်ရေးကိစ္စများကို တန်ဖိုးမရှိသလို ဝေဖန်နေခဲ့၏။
ရှန်ရှင်းရန် သတိပြန်ဝင်လာသောအခါ အခြေအနေက တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
မဒမ်ကျန်းက လင်ယိကို ဂရုတစိုက်ပြောဆိုနေပြီး သူ့ကို အပြင်များများထွက်ရန်နှင့် ကျန်းအိမ်သို့ မကြာခဏလာလည်ရန်သာ တိုက်တွန်းနေခဲ့သည်။
ထို့နောက် ကျန်းလင်၏ ငယ်ဘဝရယ်စရာအဖြစ်အပျက်များကိုတောင် ပြန်ပြောပြနေခဲ့သေးသည်။
၎င်းတို့တွေ စကားပြောနေခဲ့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်က လင်ယိကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကိုမူ လုံးဝ ထည့်မပြောခဲ့ပေ။
ရှန်ရှင်းရန်က စိတ်မရှည်တော့ဘဲ လင်ယိကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။
ကံမကောင်းစွာဖြင့် လင်ယိတစ်ယောက် မဒမ်ကျန်း၏လေကြောထဲမှာသာ မျောပါနေခဲ့သည်။
ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှန်ရှင်းရန်တစ်ယောက် ကိုယ်တိုင်စကားစလိုက်ရသည်။
"အန်တီ၊ ဒီရက်ပိုင်း လင်ယိအပြင်မထွက်ချင်တာက အနိုင်ကျင့်ခံခဲ့ရလို့ပါ။"
ထိုသို့ပြောရင်း ရှန်ရှင်းရန်က အားနာသလို ခေါင်းလေးငုံ့ကာ ဆက်ပြောလိုက်သည်။
"သူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူက လုရန်လို့ခေါ်တဲ့တစ်ယောက်ပါ။ သူက ကျွန်တော်တို့အိမ်နဲ့လည်း ပတ်သက်မှုတချို့ရှိပါတယ်..."
ရှန်ရှင်းရန် စကားဆုံးသွားသော်လည်း အချိန်တစ်ခုကြာသည်အထိ မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။
သူ ငုံ့ကြည့်လိုက်သောအခါ မဒမ်ကျန်း၏မျက်နှာထက်မှာ အပြုံးတစ်ပွင့်ရှိနေဆဲဖြစ်သော်လည်း သူ(မ)၏မျက်လုံးများထဲမှာတော့ မကျေနပ်ချက်များနှင့်ပြည့်နှက်နေကြောင်း တွေ့လိုက်ရလေသည်။
ရှန်ရှင်းရန်၏စိတ်ထဲ မျှော်လင့်ချက်ရောင်ခြည်သန်းလာ၏။
ကျန်းမိသားစုက လင်ယိကို အမှန်တကယ် တန်ဖိုးထားသည့်ပုံပင်။ ယင်းအား ကြားလိုက်ရရုံနှင့်တင် မဒမ်ကျန်းက တော်တော်လေး ဒေါသထွက်သွားပုံရ၏။
သို့သော် ထိုသို့တွေးပြီးနောက် ရှန်ရှင်းရန်တစ်ယောက် မနာလိုဖြစ်သွားပြန်သည်။
ကျန်းမိသားစုက လင်ယိရဲ့ဘာကိုများ သဘောကျနေကြတာပါလိမ့်။
သူက ဇာတ်လမ်းကို ပိုပိုသာသာလေးထပ်ပြောမည်အပြု မဒမ်ကျန်းက သူ့ကို စိုက်ကြည့်လာကြောင်း သတိပြုမိလိုက်သည်။ သူ(မ)က ပြုံးနေဆဲဖြစ်သော်လည်း သူ(မ)၏လေသံက လေးနက်လွန်းနေ၏။
"ဘာကိုအနိုင်ကျင့်တာလဲ။ ကလေးတွေအချင်းချင်း စနောက်ကစားကြရုံပဲကို။"
ရှန်ရှင်းရန်တစ်ယောက် ယာယီမှင်တက်သွား၏။
စနောက်ကစားကြတာ? အဲ့ဒါက ဘာအဓိပ္ပာယ်ကြီးလဲ။
ဤကိစ္စနှင့်ပတ်သက်ပြီး မဒမ်ကျန်းက လုရန်ဆီသွားကာ ရန်တွေ့ရမည်မဟုတ်လော။
ရှန်ရှင်းရန်တစ်ယောက် စိုးထိတ်သွားပြီး လုရန်က လင်ယိကို အိမ်သာထိုင်ခွက်ထဲဖိချခဲ့သည့်အကြောင်းကိုပါ ထုတ်ပြောမိတော့မလို ဖြစ်သွားခဲ့သည်။
လင်ယိကလည်း အလားတူ စိုးရိမ်သွားခဲ့၏။
သို့သော် မဒမ်ကျန်းက ပြတ်သားသည့်လေသံဖြင့် ၎င်းတို့၏စကားဝိုင်းကို ဖြတ်ပြောလိုက်လေသည်။
"တော်ပြီ!"
သူ(မ)က လက်လှမ်းလိုက်ပြီး လင်ယိ၏မျက်နှာကို ပွတ်သပ်ပေးနေသော်လည်း သူ(မ)၏လေသံကမူ ငြင်းဆန်လို့မရသော အမိန့်သံပေးမျိုးဖြစ်နေသည်။
"သူငယ်ချင်းအချင်းချင်းကြား ဘာလို့ ရန်ငြိုးတွေထားနေမှာလဲ။ ရှောင်ယိ၊ မင်းရဲ့ အဲ့ဒီသူငယ်ချင်းဆီသွားပြီး စကားလေးဘာလေး ပြောလိုက်ဦးလေ။ အားလုံးကို ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် အဆင်ပြေသွားမှာပါ။"
ရှန်ရှင်းရန်ရော လင်ယိပါ ဤရလဒ်မျိုးကို မမျှော်လင့်ထားခဲ့ကြပေ။
ယင်းအား မည်သို့နားထောင်နေပါစေ လင်ယိက လုရန်ဆီသွားပြီး တောင်းပန်ရမလိုဖြစ်နေသည် မဟုတ်လော!
လင်ယိတစ်ယောက် လုံးဝကြောင်အမ်းသွားခဲ့သည်။
သို့သော်လည်း သူ မဒမ်ကျန်းကို ပြန်မပြောရဲချေ။
ညွှန်ကြားချက်အနည်းငယ် ထပ်မံမှာကြားပြီးနောက် မဒမ်ကျန်းက ထွက်ခွာသွားတော့သည်။
သူ(မ)က မပြန်ခင် ရှန်ရှင်းရန်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်သွားသေးသည်။
ထိုနေ့က ကလပ်တွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ဤလူငယ်လေးများဆီကနေ ဖုံးကွယ်ထားလို့ရနိုင်သော်လည်း သူ(မ)ကို ဖုံးကွယ်ထားနိုင်မည်လော။
ထိုပုဂ္ဂိုလ်က သူ(မ)ခင်ပွန်း၏စီစဉ်မှုကို မကျေနပ်သောကြောင့် ဤကိစ္စကိုအသုံးချကာ ကျန်းမိသားစုကို သတိပေးလိုက်ခြင်းဖြစ်နေမလားကို မည်သူသိနိုင်မည်နည်း။
မည်သို့ပင်ဖြစ်ပါစေ...
လုရန်ဟုခေါ်သည့် ထိုတရားမဝင်သားက အခြားအဆောက်အအုံထဲမှာ ပေါ်လာခဲ့ရုံသာမက ကျိမင်၏အိမ်တော်ထိန်းက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့သည်မဟုတ်လော။
လုရန်ကို ပြဿနာသွားရှာခြင်းက ကျိမင်ကို စိတ်အနှောင့်အယှက်ပေးခြင်းနှင့် အတူတူပင်ဖြစ်နေလိမ့်မည်။
ကျန်းမိသားစုက ထိုမျှမမိုက်မဲချေ။
လင်အိမ်ကနေ ထွက်လာပြီးနောက် ရှန်ရှင်းရန်တစ်ယောက် တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။
ထိန်းချုပ်မှုပျောက်ဆုံးသွားသည့် အနှီခံစားချက်က သူ့ကို စိုးရိမ်ပူပန်လာစေခဲ့၏။
သူ ရှန်ရှင်းကျိုးကို အားကိုးလို့မရချေ။
လင်ယိဘက်မှာလည်း ကျန်းမိသားစု၏သဘောထားက အတော်လေးထူးဆန်းနေသည်။
မည်သူကမှ လုရန်ကို အမှန်တကယ် မကိုင်တွယ်နိုင်တော့ပေလော။
ရှန်ရှင်းရန်က ဤအတိုင်းဆက်သွားလို့မဖြစ်တော့ဟု ဆုံးဖြတ်လိုက်သည်။
ရှန်အိမ်သို့ ပြန်ရောက်သောအခါ သူက ထမင်းချက်ကို အထူးတလှယ်အသိပေးပြီး အေပရွန်ဝတ်ကာ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
သူကိုယ်တိုင် အကုန်ချက်ပြုတ်ခြင်းမဟုတ်ဘဲ ဘေးမှကူညီပေးရင်း ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့အတွက် ထမင်းတစ်နပ် ပြင်ဆင်ပေးခဲ့သည်။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့ အိမ်ပြန်ရောက်လာသောအခါ ၎င်းတို့တွေ အပေါ်ထပ်သို့မတက်မီ ရှန်ရှင်းရန်က မဒမ်ရှန်၏လက်ကို သွားတွဲလိုက်လေသည်။
"မေမေ! ကျွန်တော် မေမေတို့အတွက် ထမင်းချက်ထားတယ်။ အားလုံးက မေမေကြိုက်တဲ့ဟင်းတွေချည်းပဲ!"
ထိုသို့ပြောရင်း သူက စိတ်လှုပ်ရှားသလိုဟန်ဆောင်ကာ မဒမ်ရှန်ကို ထမင်းစားခန်းထဲ ဆွဲခေါ်သွားခဲ့သည်။
သို့သော်လည်း ၎င်းတို့တွေ ထမင်းစားခန်းထဲ ခြေမချရသေးခင်မှာပင် ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့၏မျက်နှာများက တောင့်တင်းသွားခဲ့၏။
စိတ်တော့မကောင်းပေမဲ့...
ဤနေရာသို့ရောက်သည်နှင့် ၎င်းတို့၏စားချင်စိတ်များအားလုံး ပျောက်ရှသွားခဲ့သည်။
၎င်းတို့၏အမူအရာများကို မြင်လိုက်ရသောအခါ ရှန်ရှင်းရန်က စိတ်ထဲကနေ 'ပိုလိုက်ကြတာ' ဟု တိတ်တိတ်လေးကျိန်ဆဲလိုက်လေ၏။
ထိုအဖြစ်အပျက်က ရက်ပေါင်းများစွာကြာနေပြီဖြစ်သလို ဤထမင်းစားခန်းကို ဘယ်နှကြိမ်လောက်တောင်သန့်ရှင်းရေးလုပ်ထားသနည်း။
သို့သော် ဤအခြေအနေက သူလိုချင်သည့်အရာနှင့် ကွက်တိပင်။
"ရန်ရန်၊ အပေါ်ထပ်ကိုပဲပို့ခိုင်းပြီး စားကြရအောင်လေ။"
မဒမ်ရှန်က တောင့်တင်းနေသောမျက်နှာဖြင့် ရှန်ရှင်းရန်၏လက်ကိုပုတ်ကာ ပြောလိုက်သည်။
သို့သော် သူ(မ)၏စကားအဆုံးတွင် အစားအသောက်များအားလုံး ထမင်းစားခန်း၏စားပွဲပေါ် ခင်းကျင်းပြီးသားဖြစ်နေကြောင်း မြင်လိုက်ရလေ၏။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေသည့်မျက်နှာအမူအရာများ ပေါ်ပေါက်လာခဲ့သည်။
ရှန်ရှင်းရန်က ချက်ချင်းဆိုသလို စိတ်ထိခိုက်သွားသည့်အမူအရာကို တပ်ဆင်လိုက်သည်။
သူက သူ့လက်ချောင်းများပေါ်ရှိ အနီကွက်လေးကိုပွတ်သပ်ရင်း သတိထားကာမေးလိုက်၏။
"ဖေဖေနဲ့ မေမေက ကျွန်တော်ချက်ထားတာကို မစားချင်ဘူးလား။ မစားချင်ရင်လည်းရပါတယ်၊ ကျွန်တော်..."
ရှန်ရှင်းရန်၏ပုံစံကို မြင်လိုက်ရသောအခါ မဒမ်ရှန်က ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်သွားခဲ့သည်။
"မဟုတ်တာ၊ အဲ့လိုမဟုတ်ပါဘူး။ မေမေက အဲ့ဒီလိုပြောချင်တာမဟုတ်ဘူး၊ အဲ့ဒါက ဒီတိုင်း..."
ရှန်ရှင်းရန်က အခွင့်ကောင်းယူကာ မဒမ်ရှန်နှင့် ရှန်ဟုန်ယွမ်တို့ကို ဆိုဖာပေါ်ဆွဲခေါ်သွားခဲ့သည်။
သူက နားလည်ပေးသည့်ပုံစံဖြင့် ပြောလိုက်လေ၏။
"ကျွန်တော်သိပါတယ်။ ကျွန်တော် သေချာမစဉ်းစားမိလိုက်လို့ပါ။ ဒါပေမဲ့..."
မဒမ်ရှန်မှာ ရှန်ရှင်းရန်အပေါ် အားနာစိတ်နှင့် ချစ်ခင်စိတ်များ ပိုတိုးလာခဲ့တော့သည်။
ရှန်ရှင်းရန်က ခဏလောက် တွန့်ဆုတ်နေပြီးမှ ဆက်ပြီးမထိန်းထားနိုင်တော့သည့်ပုံစံဖြင့် ပြောလိုက်၏။
"ဖေဖေ၊ ဒါက ဖေဖေတို့အိမ်လေ။ ဖေဖေက ဒီမိသားစုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်။ ဒါပေမဲ့ ဘာဖြစ်လို့... အိမ်မှာ ဖေဖေတို့နှစ်ယောက်လုံး ဒီလောက်ထိအနေခက်နေရတာလဲ။ အပြစ်လုပ်ထားတဲ့သူကကျတော့... လွတ်လွတ်လပ်လပ် ပျော်ပါးနေပြီးတော့။"
ထိုစကားက ရှန်ဟုန်ယွမ်၏အားနည်းချက်ကို တည့်တည့်ထိမှန်သွားခဲ့၏။
ရှန်ဟုန်ယွမ်၏မျက်နှာအမူအရာက ချက်ချင်းမည်းမှောင်သွားပြီး မဒမ်ရှန်ကလည်း မျက်နှာပျက်သွားခဲ့သည်။
ရှန်ရှင်းရန်က သူ၏လက်ချောင်းလေးများကို ပွတ်သပ်နေရင်း တွန့်ဆုတ်နေသောလေသံမျိုးဖြင့် ဂျပိုးကို လိပ်ဖြစ်အောင်ပြောလိုက်သည်။
"ဖေဖေတို့ အိမ်မှာမရှိတဲ့အချိန်ဆို သူက သူ့ရဲ့ခွေးကို ဒုတိယထပ်အထိတောင် ခေါ်လာချင်နေတာ။ ဒီအတိုင်းသာဆက်ဖြစ်နေရင်..."
မဒမ်ရှန်က အခိုက်အတန့်တစ်ခုလောက်စဉ်းစားပြီးနောက် ရှန်ရှင်းရန်၏လက်ကိုပုတ်ကာ ပြောလိုက်သည်။
"ရန်ရန်ပြောတာမှန်တယ်။ ဒီအတိုင်း ဆက်လွှတ်ထားလို့မဖြစ်တော့ဘူး။ သူ့ကို သင်ခန်းစာပေးဖို့လိုအပ်နေပြီ။"
လုရန်ကမူ ရှန်ရှင်းရန် တစ်နေ့ကုန်လုပ်နေသည့်အရာများကို မသိခဲ့ပေ။
သူက အသင့်စားစားသောက်ဆိုင်ကနေ အလုပ်ထွက်ခဲ့သော်လည်း အခြားအချိန်ပိုင်းအလုပ်များကို ထပ်လုပ်ခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးနောက် လုရန် အလုပ်ကြိုးစားပြီး ရိုးရိုးသားသားနေထိုင်ရသော ခံသားချက်ကို အလွန်သဘောကျနေခဲ့၏။
ရှန်အိမ်သို့ ပြန်ရောက်လာသောအခါ ဗီလာတစ်ခုလုံးက ထူးခြားမှုမရှိဘဲ ပုံမှန်အတိုင်း တိတ်ဆိတ်နေခဲ့သည်။
လုရန်က သာ့ဟွမ်၏ခြေထောက်များကို သုတ်ပေးလိုက်ပြီး သူ့ကိုအစာကျွေးလိုက်၏။ ထို့နောက် သူက ရေမိုးချိုးကာ ခုတင်ပေါ်လှဲလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
သူ အိပ်ပျော်ခါစအချိန်မှာ ကျယ်လောင်လွန်းသော အခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။
လုရန်တစ်ယောက် အလွန်ဒေါသထွက်သွားပြီး အိပ်ရာထဲကနေ ထလိုက်၏။
ညနက်သန်းခေါင် ရှန်ရှင်းကျိုး အိမ်ပြန်လာသည်ဟု သူထင်လိုက်သော်လည်း တံခါးဖွင့်လိုက်ချိန်မှာတော့ ရှန်မိသားစုမှအိမ်အကူတစ်ယောက်ဖြစ်နေကြောင်း လုရန် တွေ့လိုက်ရ၏။
လုရန်က မေးလိုက်သည်။
"ဘာကိစ္စလဲ။"
အိမ်အကူက တံခါးကို ပြင်းပြင်းထန်ထန်ထုခဲ့သော်လည်း လုရန်ကို မြင်လိုက်ရသောအခါ အနည်းငယ်ကြောက်သွားခဲ့သည်။
သူက အလိုလိုအသံလျှော့ကာ ပြောလိုက်၏။
"သခင်လေးလု၊ မဒမ်က ညဘက်မှာ အိပ်ရေးဆတ်လို့ ခဏခဏလန့်နိုးတတ်ပါတယ်။ ကျေးဇူးပြုပြီး ညဘက်တွေမှာ အသံတိုးတိုးလေးနေပေးပါ။"
လုရန်က ပြန်ဖြေလိုက်သည်။
"ငါကအိပ်နေတာလေ၊ ဘာတွေဆူညံနေလို့လဲ။"
အိမ်အကူက အနည်းငယ်ကိုးရိုးကားရားဖြစ်သွားသော်လည်း ဆက်ပြောခဲ့သည်။
"သခင်လေးရဲ့လမ်းလျှောက်တဲ့အသံနဲ့ အိပ်နေရင်း ဟိုဘက်သည်ဘက်လှည့်တဲ့အသံတွေ ထွက်နေလို့ပါ။"
လုရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ဘန်းခနဲမြည်အောင်ပိတ်ကာ ခုတင်ဆီပြန်သွားခဲ့လေသည်။
သူက စောင်ခြုံကာ ပြန်အိပ်လိုက်ပြီး အိပ်မက်ကမ္ဘာထဲရောက်ခါနီးဆဲဆဲမှာ တံခါးခေါက်သံ ထပ်ပြီးထွက်လာပြန်သည်။
လုရန်က အိပ်ရာထဲမှာ ငြိမ်သက်စွာလဲလျောင်းရင်း မျက်လုံးများဖွင့်လိုက်၏။
မည်းနက်နေသော သူ၏မျက်လုံးများထဲတွင် အိပ်စက်ခြင်းကိုနှောင့်ယှက်ခံလိုက်ရသည့် ဒေါသများမရှိဘဲ ရေသေအိုင်ကဲ့သို့သော တည်ငြိမ်မှုများသာရှိနေသည်။
သူက စောင်ကိုဖယ်ရှားပြီး ခုတင်ပေါ်ကနေဆင်းလိုက်သည်။
သူ တံခါးဖွင့်လိုက်သောအခါ နောက်ထပ်အိမ်အကူတစ်ယောက်ကို တွေ့လိုက်ရသည်။
လုရန်က မေးလိုက်၏။
"အခုကရော ဘာကိစ္စလဲ။"
အိမ်အကူက ပြန်ဖြေခဲ့သည်။
"မဒမ်က လန့်နိုးလာလို့ပါ။ ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးပါ၊ သခင်လေးလု။"
လုရန် ရယ်ချင်သွား၏။
ရုတ်တရက်ဆိုသလို ယခင်ဘဝမှ အလားတူဖြစ်ပျက်ခဲ့သည့်တစ်စုံတစ်ခုကို လုရန် ပြန်တွေးလိုက်မိသည်။
ထိုအချိန်တုန်းက မဒမ်ရှန်သည် အကြောင်းပြချက်တချို့ကြောင့် စိတ်ပိုင်းဆိုင်ရာပင်ပန်းနေပုံပေါ်ပြီး အောက်ထပ်မှအသံများကို အမြဲကြားနေခဲ့၏။
သူ(မ)က ညဘက်မှာ အသံတစ်ခုခုကြောင့် လန့်နိုးလာချိန်တိုင်း လုရန်က အသံတစ်ခုခုလုပ်လိုက်သည်ဟုသာ ထင်နေတတ်သည်။
ရယ်စရာကောင်းသည်မှာ ထိုအချိန်တုန်းက လုရန်သည် ထိုအရာကို အမှန်ဟုထင်နေခဲ့ခြင်းပင်။
လုရန်က သူ အသံအကျယ်ကြီးထွက်မိသည်၊ သို့မဟုတ် အိပ်နေစဥ်အတွင်း မတော်တဆဟောက်မိသည်ဟု ထင်နေခဲ့၏။
လုရန် သူ၏လှုပ်ရှားမှုမှန်သမျှကို အလွန်အမင်းဂရုစိုက်ခဲ့သည်။
သူက လမ်းလျှောက်လျှင် ခြေဖျားထောက်ပြီးလျှောက်ကာ ညဘက်အိပ်လျှင်လည်း ဟိုဘက်သည်ဘက် မစောင်းရဲခဲ့ပေ။
သို့တိုင် မဒမ်ရှန်က သူ့အား ဆူညံသံများပြုလုပ်နေသေးသည်ဟုသာ ပြောနေခဲ့သည်။
နောက်ဆုံးမှာတော့ သူ(မ)က သူ့ကို ဒေါသတကြီး အော်ဟစ်ခဲ့ပြီး အိမ်အကူများနေထိုင်သည့် ပထမထပ်ကနေ ဗီလာ၏ခြံထဲမှ ဂိုဒေါင်ထဲသို့ နှင်ထုတ်ခဲ့လေသည်။
ယခု ပြန်စဉ်းစားကြည့်လိုက်သောအခါ ပထမထပ်မှာနေသည့် သူက ဒုတိယထပ်မှာနေသည့် မဒမ်ရှန့်အတွက် မည်သို့အနှောင့်အယှက်ဖြစ်နိုင်မည်နည်း။
ထို့ပြင် သူက သူ၏အသက်ရှူသံကိုတောင် လျှော့ချထားခဲ့သော်လည်း သူ(မ)ကို လန့်နိုးစေခဲ့သည်ဟုဆိုရာ...
သူ(မ)က သူ့ကို မျက်စိစပါးမွေးစူးနေသည့်အတွက် သူ(မ)၏စိတ်ညစ်စရာမှန်သမျှကို သူ့ခေါင်းပေါ်ပုံချချင်နေခြင်း သို့မဟုတ် သူ့ကို ခြံထဲမှဂိုဒေါင်ထဲသို့ မောင်းထုတ်ရန် ကြိုတင်ကြံစည်ထားခြင်းသာဖြစ်လိမ့်မည်။
လုရန် တံခါးအပြင်မှအိမ်အကူကို စိုက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ နားလည်ပြီဖြစ်ကြောင်း ခေါင်းဆတ်ပြလိုက်၏။
သူ ထိုနေ့ညက မအိပ်တော့ဘဲ သူ၏စာတမ်းကို အပြီးသတ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူ တံခါးလာခေါက်သည့်အကြိမ်ရေကိုလည်း မှတ်ထား၏။ အိမ်အကူများ၏တံခါးခေါက်သံများက တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ပြင်းထန်လာခဲ့သည်။
ဒုတိယမြောက်နေ့တွင် လုရန်က အတန်းဖော်တစ်ယောက်ဆီကနေ စားပွဲတင်စပီကာတစ်လုံးကို ငှားယူခဲ့ပြီး နှိပ်နယ်သည့် ရာဘာတူတစ်ချောင်းကိုလည်း ဝယ်လာခဲ့သည်။
သူ အိမ်ပြန်ရောက်လာသောအခါ အတော်ကြာမှ မဒမ်ရှန်က ပထမထပ်ရှိဆိုဖာပေါ်တွင် ရှန်ရှင်းရန်နှင့်အတူ ရယ်ရယ်မောမောစကားဖောင်ဖွဲ့ရင်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။
နှစ်ဦးသား လုရန်မျက်ကွင်းညိုနေသည်ကို မြင်လိုက်ရသောအခါ အနိုင်ရသွားသည့်ပုံစံမျိုးဖြင့် အလွန်ပျော်ရွှင်သွားကြပုံပင်။
လုရန်က ဘာမှမပြောဘဲ ခေါင်းငုံ့ကာ သူ့အခန်းထဲသူ ကုပ်ကုပ်လေးဝင်သွားခဲ့သည်။
မဒမ်ရှန်က ရှန်ရှင်းရန်နှင့် အကြည့်ချင်းဖလှယ်လိုက်၏။
"ကြည့်လိုက်လေ၊ သူ့ကို နည်းနည်းလောက်ပညာပေးလိုက်တော့မှ လိမ္မာသွားတာ။"
ရှန်ရှင်းရန်က ဟန်ဆောင်ပန်ဆောင်ဖြင့် ဖျောင်းဖျလိုက်သည်။
"မေမေရယ်... အခုလောက်ဆို လုံလောက်ပြီမလား။"
မဒမ်ရှန်က လက်ယမ်းပြကာ အစေခံကိုခေါ်လိုက်သည်။
"ဒီနေ့ညလည်း အစီအစဥ်တိုင်း ဆက်လုပ်မယ်။ သန်းခေါင်ကျော်မှစနော်။ ဒုတိယထပ်နဲ့ တတိယထပ်ကို အနှောင့်အယှက်မဖြစ်စေနဲ့။"
ထ်ိုနေ့ညက လုရန် အခန်းမီးပိတ်ပြီးသိပ်မကြာခင်...
တံခါးခေါက်သံ ထွက်ပေါ်လာပြီး ယခင်ဘဝကအတိုင်း ခြံထဲမှဂိုဒေါင်ထဲသို့ပြောင်းနေရန် အကြံပေးလာခဲ့သည်။
လုရန်က စိတ်အနှောင့်အယှက်ဖြစ်သွားသလိုမျိုး ဟန်ဆောင်လိုက်သည်။
တံခါးပိတ်ပြီးနောက် လုရန်တစ်ယောက် စိတ်ရှည်လက်ရှည်စောင့်နေခဲ့၏။
ညသန်းခေါင်ကျော်သွားပြီးနောက် အိမ်အကူများ တံခါးလာခေါက်သည့်အကြိမ်ရေက လျော့နည်းသွား၏။
ဒုတိယထပ်နှင့် တတိယထပ်ရှိလူများလည်း အိပ်မောကျနေကြလေပြီ။
ထိုစဥ် လုရန်တစ်ယောက် တံခါးဖွင့်ကာ တစ်နေ့လုံးအားသွင်းထားသော စပီကာထဲသို့ Memory Card ကို ထည့်လိုက်သည်။
ဗီလာတစ်ခုလုံးက တိတ်ဆိတ်မှောင်မည်းနေ၏။
ရုတ်တရက်...
အလွန်ကျယ်လောင်သောသီချင်းသံကြီး ပေါက်ကွဲထွက်လာခဲ့သည်။
"ဒူခြစ်! တက်ခြစ်!"
"ဒူခြစ်!"
"ကျယ်ပြောလှတဲ့ မိုးကုပ်စက်ဝိုင်းက ငါ့ရဲ့အချစ်ပါ~"
လုရန်က စပီကာကိုကိုင်လျက် ဒုတိယထပ်သို့တက်သွားပြီး မာစတာအိပ်ခန်းဆီ အပြေးအလွှားသွားကာ နှိပ်နယ်သည့်တူဖြင့် တံခါးကို အကြမ်းပတမ်းထုရိုက်တော့သည်။
"ဒုန်း ဒုန်း ဒုန်း!"
"ဒူခြစ်! တက်ခြစ်!"
"မင်းလေးက ကောင်းကင်ယံမှာ အလှပဆုံးတိမ်တိုက်လေးပါ~"
အခုလေးတင်မှ အိပ်ပျော်ခါစဖြစ်သော မဒမ်ရှန်နှင့် ရှန်ဟုန်ယွမ်တို့မှာ ရှုပ်ပွနေသောဆံပင်များဖြင့် အိပ်ခန်းထဲကနေ ပြေးထွက်လာခဲ့ကြလေတော့သည်။
___
လုရန်: ငါ့ကို အိပ်ခွင့်မပေးဘူးပေါ့? ရတယ်လေ... ဘယ်သူမှအိပ်ဖို့မစဥ်းစားနဲ့!
***
Aurora Novel Translation Team