no

Font
Theme

အပိုင်း (၁၁) - သုံးဆ

『သူ့ရဲ့ Alipay QR ကုဒ်ကို ပြလိုက်တယ်』

သီးသန့်ခန်းအတွင်း၌ ရယ်မောသံများ၊ စကားပြောသံများ ဆူညံနေ၏။

ရှန်ရှင်းကျိုးတစ်ယောက်သာ အစားအသောက်များကို မျိုမချနိုင်ဖြစ်နေခဲ့သည်။

အဘယ့်ကြောင့်မှန်း နားမလည်နိုင်သော်လည်း ယခုလိုအခြေအနေမှာ သူ လုရန်ကို တွေးမိနေ၏။

သူသည်လည်း လွန်ခဲ့သောရက်အနည်းငယ်က ဤစားပွဲရှိအခြားလူတိုင်းကဲ့သို့ လုရန်ကို စိတ်ထဲတောင်ထည့်မထားခဲ့ဘဲ သူ့ကိုမြင်လိုက်ရတိုင်း စိတ်အနှောင့်အယှက်ဖြစ်မှုကိုသာ ခံစားခဲ့ရသည်။

သို့သော် ယခု သူ့မိသားစု အတူတကွပျော်ရွှင်နေပုံကို ကြည့်နေရင်း ခြံဝင်းထောင့်လေးမှာ ရှိနေခဲ့သော အဝါရောင် ပလတ်စတစ်ပုံးလေးကို ပြန်မတွေးဘဲမနေနိုင်ခဲ့ချေ။

ရှန်ရှင်းရန်က အလွန်ပျော်ရွှင်နေ၏။

သူက အပြောချိုချိုလေးနှင့် မဒမ်ရှန်ကို ပါးစပ်မစေ့ရအောင် ရယ်မောပြုံးပျော်နေစေခဲ့သည်။

ရှန်ရှင်းကျိုးတစ်ယောက် ရှန်ရှင်းရန် ပန်းကန်ထဲမှ ကိတ်မုန့်တစ်စိတ်ကို မစားချင်စားချင်ဖြင့် တစ်ကိုက်ချင်းစီစားနေသည်အား ကြည့်နေခဲ့သည်။

အလုတ်အနည်းငယ်စားပြီးနောက် သူက ဆက်မစားတော့ဘဲ ပန်းကန်ကို တွန်းဖယ်လိုက်သည်။

နောက်ထပ်အစားအသောက်များကိုလည်း ထိုနည်းလည်းကောင်းပင်။

ရှန်ရှင်းကျိုးက ကိတ်မုန့်ကို အခိုက်အတန့်တစ်ခုလောက် ကြည့်နေခဲ့ပြီး ရုတ်တရက် မေးလိုက်သည်။

"ဒါကို မစားတော့ဘူးလား။"

"ဟမ်?"

ရှန်ရှင်းရန်က အဘယ့်ကြောင့်မေးမှန်း နားမလည်သောကြောင့် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"ကျွန်တော် မေမေနဲ့ စကားပြောနေလို့။ ခဏနေမှ စားလိုက်မယ်။"

'ခဏနေ' ဆိုသည်က ဆင်ခြေတစ်ခုဖြစ်ကြောင်း ရှန်ရှင်းကျိုး နားလည်သည်။ ရှန်ရှင်းရန်က သူ့ပန်းကန်ထဲမှ အစားအသောက်များကို နောက်ထပ် ထပ်မထိတော့ကြောင်း သူသိပေ၏။ ယင်းက ပုံမှန်ဖြစ်သည်။ ထိုကိတ်မုန့်ကို အာရုံစိုက်နေမှသာ သူ့အတွက် ထူးဆန်းနေလိမ့်မည်။

ယင်းက သူမစားချင်လျှင် လွှင့်ပစ်လိုက်မည်ဖြစ်သော ကိတ်မုန့်တစ်စိတ်သာ။ သူက အခြားအစားအစာများအတွက်လည်း စိတ်ပူစရာမလိုပေ။ သူစားချင်လျှင် အချိန်မရွေး စားလို့ရနိုင်သည်။

ထိုကိစ္စများကို မည်သူကမှ ဂရုစိုက်ကြမည်မဟုတ်။

ရှန်ရှင်းကျိုးနှင့် ရှန်ရှင်းရန်၏ဆက်ဆံရေးက မည်မျှကောင်းမွန်ပါစေ သူက နှစ်ယောက်တစ်ပန်းကန်သာ စားလိမ့်မည်ဖြစ်သော်လည်း ရှန်ရှင်းရန်၏အကျန်ကို စားမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် လိုလည်းမလိုသောကြောင့်ပင်။

သူကိုယ်တိုင်ကလည်း မကြာခဏဆိုသလို အစားအသောက်များကို လွှင့်ပစ်တတ်သည်။

သို့သော် ယခု...

အရှေ့မှကိတ်မုန့်သည် ရှန်ရှင်းကျိုး၏အကြိုက်နှင့် မကိုက်ညီပေ။ သူက မျက်မှောင်ကြုတ်ကာ တစ်ကိုက်ချင်းစီ စားနေခဲ့၏။ တစ်ကိုက်စားတိုင်း ထိုနေ့က လုရန် အားလူးကြော်စားကာ မျက်လုံးများမှေးစင်းသွားသည့်ပုံရိပ်ကို မြင်ယောင်လာခဲ့သည်။

နေရာတိုင်းမှာရနိုင်သည့် အသင့်စားအစားအစာများကတောင် သူ့ကို ပျော်ရွှင်နေသောကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ခံစားရအောင် လုပ်နိုင်ခဲ့သည်။

ကိတ်မုန့်စားပြီးနောက် ရှန်ရှင်းကျိုး စားပွဲရှိ အခြားသူများကို မော့ကြည့်လိုက်သည်။

ပထမဆုံး သူ၏သြဇာအာဏာကို ထိန်းသိမ်းထားပြီး ရံဖန်ရံခါ ရှန်ရှင်းရန်ကို အကြံပေးနေသလို စားပွဲထိုးကို အမိန့်များပေးနေသော ရှန်ဟုန်ယွမ်။

ပွဲ၏ပျော်ရွှင်မှုထဲ နစ်မြုပ်ကာ အဆုံးမရှိသော ရယ်ရယ်မောမော စကားပြောသံများညံနေသည့် မဒမ်ရှန်။

မဒမ်ရှန်၏လက်မောင်းကို ခိုတွဲ၍ ပျော်ရွှင်စွာစကားဝိုင်းဖွဲ့နေသော ရှန်ရှင်းရန်။

ရှန်ရှင်းကျိုးတစ်ယောက် ယင်းက မသင့်တော်ကြောင်း ခံစားနေခဲ့ရ၏။ ရုတ်ခြည်းထွက်ပေါ်လာသော သူ၏ပုန်ကန်လိုမှုနှင့် ခေါင်းမာမှုတို့ကြောင့် အမှတ်တမဲ့ ထုတ်မေးလိုက်မိသည်။

"ဒီနေ့ လုရန်ကိုမခေါ်တာ သင့်တော်ရဲ့လား။"

စားပွဲရှိအသံဗလံများအားလုံး ချက်ချင်း ရပ်တန့်သွားခဲ့သည်။

လူသုံးယောက်လုံး၏မျက်နှာများက အေးခဲသွားပြီး မယုံကြည်နိုင်လောက်အောင် ကြည့်ရဆိုးသွားခဲ့သည်။

ရှန်ရှင်းကျိုး ၎င်းတို့၏မျက်နှာများကိုကြည့်ရင်း ရှုပ်ထွေးသောစိတ်ခံစားချက်ကို ခံစားလိုက်ရသည်။

သူလည်း ၎င်းတို့နှင့်အတူတူပဲဟု တွေးနေစဥ် အခြားတစ်ဖက်တွင်မူ မှုန်ကုပ်သွားသော ၎င်းတို့၏မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ ထူးထူးဆန်းဆန်း စိတ်ကျေနပ်သလို ခံစားခဲ့ရသည်။

"ဘာလို့ သူ့အကြောင်း ထည့်ပြောနေရတာလဲ!"

ရှန်ဟုန်ယွမ်၏ထရော်မာက ပျောက်ကွယ်မသွားသေးဘဲ အထူးသဖြင့် ယခုလို ညစာစားချိန်မျိုး၌ လုရန်၏အမည်ကို အမှန်တကယ်မကြားချင်ပေ။

မဒမ်ရှန်ကလည်း အလားတူပင်။

ရှန်ရှင်းကျိုး စားချင်စိတ်မရှိတော့ပေ။

သူက ထိုင်ခုံအနောက်ကိုမှီလိုက်ပြီး သူ့လက်ထဲမှဓါးနှင့် ဆော့ကစားနေရင်း ပျင်းရိလေးတွဲစွာ မှတ်ချက်ပြုလိုက်သည်။

"သူ သိသွားရင် ဒေါသထွက်သွားမှာပဲ၊ ဟုတ်တယ်မလား။"

ထိုသို့ပြောလိုက်သည်နှင့် ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့၏မျက်နှာများက ချဉ်စူးသွားခဲ့သည်။

မဒမ်ရှန်က ပိုလို့တောင် စိုးရိမ်စိတ်ဝင်လာပြီး စကားထစ်သွား၏။

"သူ-သူက... သူက ပြဿနာထပ်ရှာမှာတော့ မဟုတ်ဘူးမလား။"

ရှန်ရှင်းရန်တစ်ယောက်တည်းသာ ရှန်ရှင်းကျိုးကို တွေးတွေးဆဆ စိုက်ကြည့်နေခဲ့သည်။

သူက ပြောလိုက်၏။

"ဘယ်သူမှ သူ့ကိုမပြောရင် သူက ဘယ်လိုလုပ်သိမှာလဲ။ သူ... မေမေ့ရဲ့မွေးနေ့ကို မမှတ်မိလောက်ဘူးမလား။"

မဒမ်ရှန်က သူ(မ)၏နှုတ်ခမ်းများကို တွန့်ချိုးလိုက်သည်။

သူ(မ)က လုရန်ကို သူ(မ)၏မွေးနေ့အတွက် မဖိတ်ဘဲနေလို့ရနိုင်သော်လည်း လုရန်က မမှတ်မိဘူးဆိုလျှင် ယင်းက အကြင်နာမဲ့လွန်းရာကျပေသည်။

ရှန်ရှင်းကျိုးတစ်ယောက် စိတ်ပျက်လာပြီး ကြာကြာမနေဘဲ ထွက်ခွာသွားခဲ့လေသည်။

ရှန်ရှင်းရန်က သူ့နောက်ကို လိုက်သွားခဲ့သည်။ သူက ရှန်ရှင်းကျိုး၏လက်ကို လှမ်းဆွဲလိုက်၏။

"အစ်ကိုလတ်! ဘာလို့ အစောကြီးပြန်သွားတာလဲ။ မေမေ စိတ်မကောင်းဖြစ်နေမှာပေါ့။"

ရှန်ရှင်းကျိုးက ကားတံခါးကိုမှီကာ မျက်လွှာချ၍ ရှန်ရှင်းရန်ကို စေ့စေ့စပ်စပ် စူးစမ်းကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို ရှန်ရှင်းရန်က သူ့အိပ်မက်ထဲမှကလေးနှင့်မတူကြောင်း သတိပြုမိသွားခဲ့သည်။

ရှန်ရှင်းရန်က သူ့မျက်လုံးများထဲမှာ အရာများစွာကိုဖုံးကွယ်ထား၏။ သူ၏အတွေးများက အလွန်ရှုပ်ထွေးလွန်းသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူက ဆယ်နှစ်လုံးလုံး အလိုလိုက်ခဲ့သော သူ၏ညီငယ််လေးဖြစ်ပေသည်။ ရှန်ရှင်းကျိုးက သိမ်မွေ့စွာပြောလိုက်သည်။

"အဆင်ပြေပါတယ်။ သူ(မ) ငါ့ကို စိတ်ဆိုးတာ တစ်ရက်၊ နှစ်ရက်မှမဟုတ်တာ။"

ရှန်ရှင်းရန်က သူ့ကို အကြိမ်အနည်းငယ် ဖျောင်းဖျရန်ကြိုးစားလိုက်သည်။ သူက ရှန်ရှင်းကျိုးကိုစိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်၏။

"အစ်ကိုလတ်၊ ဒီနေ့ ဘာလို့ လုရန်အကြောင်းကို ရုတ်တရက်ပြောရတာလဲ။"

ရှန်ရှင်းကျိုးက မျက်လွှာတစ်ဝက်ချထားပြီး ရှန်ရှင််းရန်ကိုစိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးအမူအရာကို ထိန်းသိမ်းထားခဲ့သည်။ ပုံမှန်အားဖြင့် သူ့စိတ်ထဲမှာ တစ်စုံတစ်ခုရှိနေလျှင် ရှန်ရှင်းရန်ကို ပြောပြဖို့ ကြိုးစားလိမ့်မည်ပင်။

သို့သော် ယခု ရှန်ရှင်းကျိုးမှာ စကားပြောချင်စိတ်ရှိမနေပေ။ သူက များများစားစားမပြောဘဲ ပြန်ဖြေလိုက်သည်။

"စိတ်အခြေအနေမကောင်းလို့။"

ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ရှင်းရန်က စိတ်သက်သာရာရသွားခဲ့သည်။

ရှန်ရှင်းကျိုးက မိသားစုနှင့် သဟဇာတဖြစ်သော ဆက်ဆံရေးမျိုးမရှိပေ။ သူက ဒေါသကြီးသူဖြစ်၏။ သူ စိတ်အခြေအနေမကောင်းသောကြောင့် အခြားသူများ ပျော်ရွှင်နေသည်ကို ကြည့်မရဖြစ်နေလောက်သည်။ ထို့ကြောင့် ၎င်းတို့ကို စိိတ်အနှောင့်အယှက်ပေးရန် လုရန်အကြောင်း ပြောခြင်းဖြစ်နိုင်၏။

"အစ်ကိုလတ်၊ ဒီတလော အလုပ်တွေချည်း ဖိလုပ်မနေပါနဲ့။ အလုပ်အရမ်းများရင် အိမ်ကိုသာ ပြန်လာခဲ့တော့... စတူဒီယိုမဖွင့်ရလည်း အဆင်ပြေတာပဲ။"

သူ့စကားဆုံးသည်နှင့် ရှန်ရှင်းရန် စကားမှားသွားကြောင်း သတိပြုမိသွားပြီး နောင်တရသွားလေ၏။ သို့သော် ယခုတစ်ခေါက်၌ ရှန်ရှင်းကျိုးက ဒေါသမထွက်ခဲ့ပေ။ သူက အတွေးထဲနစ်နေပြီး ပေါ့ပေါ့တန်တန်ခေါင်းညိတ်ကာ ကားထဲဝင်သွားခဲ့သည်။

ရှန်ရှင်းရန်၏မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ရှန်ရှင်းကျိုးက စိတ်မပါတပါ ခေါင်းညိတ်ပြသည်လော၊ သို့မဟုတ် မိသားစုကုမ္ပဏီထဲ အမှန်တကယ်ပြန်ဝင်ရန် စီစဥ်နေသည်လော သူမသိပေ။

ရှန်ရှင်းကျိုးက ရှန်ရှင်းရန်၏မျက်နှာအမူအရာကို မမြင်လိုက်ရပေ။ သူက ကားမောင်းပြီး လမ်းမထက်မှာ လှည့်ပတ်နေခဲ့သည်။

ယခု အချိန်နည်းနည်းနောက်ကျနေပြီဖြစ်ရာ ဆိုင်များအားလုံး ပိတ်ထားလေပြီ။ အချိုပွဲဆိုင်တစ်ဆိုင်သာ ဖွင့်ထားဆဲဖြစ်၏။

ရှန်ရှင်းကျိုးက ကားပေါ်မှဆင်းလိုက်ပြီး ဆိုင်အပြင်ဘက်မှာရပ်ကာ မှန်ကောင်တာထဲမှာပြသထားသော ကိတ်မုန့်များကို စိုက်ကြည့်နေခဲ့သည်။ အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အထဲကတစ်စုံတစ်ယောက်က 'ဘာမှာချင်လဲ' ဟု မေးလိုက်သောအခါမှသာ ရှန်ရှင်းကျိုးတစ်ယောက် ရုတ်တရက် တုန်ယင်သွားခဲ့သည်။

ရှန်ရှင်းကျိုး နဖူးကိုပွတ်သပ်လိုက်ပြီး ဤနေရာမှာ ဘာရပ်လုပ်နေကြောင်းကို သူ နားမလည်တော့ပေ။

...

နောက်တစ်နေ့နေ့လယ်၌။

ရှန်ရှင်းကျိုး အသင့်စားစားသောက်ဆိုင်ဆီ တစ်ခေါက်ပြန်ရောက်လာခဲ့သည်။

ယင်းက မနက်စာစားချိန် ကျော်ခါစသာဖြစ်သောကြောင့် လူများများစားစားမရှိပေ။

ပျားပန်းခတ်အချိန်ပြီးနောက် လုရန် ပါဆယ်အမှာစာများကို ပြင်ဆင်ရင်း အလုပ်များနေခဲ့သည်။ ထိုစဥ် ကောင်တာမှ အရိပ်တစ်ခုကို သတိထားမိလိုက်သဖြင့် အလိုလိုပြောလိုက်၏။

"ကြိုဆိုပါတယ်! ဘာများမှာချင်ပါသလဲ။"

သို့သော် သူ ထိုသို့ပြောပြီးနောက် တုံ့ပြန်မှုမရခဲ့ပေ။

လုရန် မော့ကြည့်လိုက်သောအခါ စူပုတ်နေသောမျက်နှာထားနှင့် ရှန်ရှင်းကျိုးကို တွေ့လိုက်ရလေ၏။

ကြိုဆိုပါတယ်။

ထိုစကားလုံးလေး လေးလုံးက ရှန်ရှင်းကျိုးကို ရှင််းပြလို့မရစွာ ဒေါသထွက်စေခဲ့သည်။

"မင်း..."

သူက 'မင်း ဘာလို့ ငါ့ကို အဲ့လိုပြောနေရတာလဲ' ဟု ပြောချင်ခဲ့၏။ သို့သော် ထိုအချိန်မှာမှ လုရန်က အလုပ်လုပ်နေကြောင်း သူ အမှတ်ရသွားခဲ့သည်။ သူက သူတစ်ယောက်တည်းကိုသာမက ဆိုင်ကိုလာသမျှဧည့်သည်တိုင်းအား ထိုသို့ကြိုဆိုလိမ့်မည်ပင်။

အနှီဒေါသက ပိုလို့တောင် နက်ရှိုင်းသွား၏။ သူက သူ့ဘာသာသူ တွေးလိုက်မိသည်။

'မင်း ငါ့ကို မမှတ်မိဘူးလား။'

သို့သော် မမှတ်မိဘူးဆိုလျှင်တောင် သူ ဘာလုပ်ရမည်နည်း။ ၎င်းတို့၏ဆက်ဆံရေးက သူစိမ်းများထက်တောင် ပိုဆိုးသေးသည်။ အနည်းဆုံးတော့ သူစိမ်းများက လုရန်၏ခွေးကို သွားသတ်မည်မဟုတ်။

ရှန်ရှင်းကျိုးတစ်ယောက် ချက်ချင်းဆိုသလို အစွယ်ကျိုးသွားခဲ့သည်။ သူက တိုးလျသောအသံဖြင့် ပြောလိုက်၏။

"ငါ စားဖို့လာတာ။"

လုရန်က မီနူးကတ်ကို ညွှတ်ပြလိုက်သည်။

"ဒါဆို မှာလေ။"

လုရန် ရှန်ရှင်းကျိုး၏အတွေးများကို မသိသလို လုံးဝ ဂရုမစိုက်ပေ။ ကြိုးကြိုးစားစား အလုပ်လုပ်ခြင်းမှတစ်ဆင့် ငွေရှာခြင်းက သူ၏နေ့စဥ်အလုပ်ဖြစ်သည်။ အလုပ်မရှိခြင်းက ကြောက်မက်ဖွယ်ကောင်းသောအစိတ်အပိုင်းပင်။

သို့သော်လည်း ရှန်ရှင်းကျိုးက ဤနေရာသို့ ရက်ပေါင်းများစွာ ဆက်တိုက်လာလိမ့်မည်ဟု လုရန် မမျှော်လင့်ထားခဲ့ပေ။

ရှန်ရှင်းကျိုးက ဤနေရာမှာ ဘာလုပ်နေကြောင်း သူမသိပေ။ တစ်နည်းနည်းဖြင့် သူက ခပ်တုံးတုံးလူတစ်ယောက်နှင့် တူပေ၏။

လုရန်က ရှန်မိသားစုဝင်များအပေါ် သတိထားမပြတ်ခဲ့ပေ။ သို့သော် လွန်ခဲ့သောရက်အနည်းငယ်က နေ့လယ်စာအလကားရခဲ့ပြီးနောက် ရှန်ရှင်းကျိုးအပေါ် သူ၏အထင်အမြင်က 'လက်ဖွာသူ' အဖြစ် တိုးတက်လာခဲ့သည်။

ရှန်ရှင်းကျိုးက မီနူးကိုကြည့်နေပြီး ဘာမှာရမှန်းမသိဖြစ်နေသည်။ သူက ယခုလို အသင့်စားအစားအသောက်များကို လုံးဝစိတ်မဝင်စားပေ။ သူ အပြင်ထွက်စားသောက်ချိန်ဆို ပုံမှန်အားဖြင့် စားသောက်ဆိုင် သို့မဟုတ် အဆင့်မြင့်ကလပ်များသို့ သွားတတ်သည်။

အချိန်တစ်ခုလောက် တွန့်ဆုတ်နေပြီးနောက် သူက အာလူးကြော်ကိုသာ မှာယူလိုက်သည်။

လုရန်က သူ့ကို အခိုက်အတန့်တစ်ခုလောက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ့ဦးခေါင်းထက်မှ ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။

"အဲ့ဒီကြက်သားကင်က စားလို့ကောင်းတယ်။"

-သူတို့က အဲ့လိုပြောကြတာပဲ။ အဲ့ဒါက စျေးကြီးလို့ သူကတော့ မစားဖူးဘူး။

"အိုး၊ ဒါဆို အဲ့ထဲကတစ်ခုယူလိုက်မယ်။"

ရှန်ရှင်းကျိုးက ပြောလိုက်သည်။

လုရန်က သူ့ကိုကြည့်ကာ မီနူးပေါ်မှ အလွန်စျေးကြီးသော စတိတ်ဘာဂါကိုလည်း ညွှန်ပြလိုက်၏။

"ဒီတစ်ခုကလည်း အရမ်းအရသာရှိတယ်။"

-တခြားသူတွေ ပြောတာနော်။ သူတော့ မစားဖူးဘူး။

သို့သော် ရှန်ရှင်းကျိုးအတွက်မူ မီနူးကတ်ပေါ်မှ အရာအားလုံးက စျေးနှုန်းကွာခြားမှုမရှိပေ။ အတိုချုပ်ပြောရသော် ဘာတန်ဖိုးမှမရှိချေ။

သူက နောက်ထပ်မစဥ်းစားသလို လုရန်က အဘယ့်ကြောင့် အကြံပေးရသလဲဟုလည်း မမေးမြန်းဘဲ လုရန်အကြံပေးသောအရာများကို မှာယူခဲ့သည်။ မှာယူပြီးနောက် ရှန်ရှင်းကျိုးက ကောင်တာရှေ့မှာ မလှုပ်မယှက် ရပ်နေခဲ့၏။ ထို့ကြောင့် လုရန်က သူ့ကို သတိပေးလိုက်သည်။

"ထိုင်စရာနေရာရှာလိုက်လေ၊ ခင်ဗျား တခြားလူတွေကို လမ်းပိတ်နေတယ်။"

ရှန်ရှင်းကျိုးက အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားလေ၏။ ပုံမှန်အားဖြင့် ရှန်သခင်လေးက အခြားသူသူများအတွက် လမ်းဖယ်ပေးရမည်ဆိုသော အသိတရားမျိုးကို တစ်ခါမှမတွေးခဲ့ဖူးပေ။

သူက အချိန်ဆွဲကာ ကောင်တာနှင့်အနီးဆုံးနေရာကို ရှာဖွေလိုက်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ရှန်ရှင်းကျိုးတစ်ယောက် နေရာမှာထိုင်နေပြီး ရံဖန်ရံခါ ကောင်တာအနောက်မှ အလုပ်များနေသောကောင်လေးကို လှမ်းကြည့်နေတတ်သည်။

ဧည့်သည်များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်လာခဲ့ကြ၏။

ယခုက ပိတ်ရက်ဖြစ်ပြီး ပါဆယ်အမှာစာများ များနေ၏။ လူငယ်လေးက ကောင်တာနားမှာ ကုန်းကုန်းကွက်နှင့် ပါဆယ်အိတ်များကို တစ်ခုပြီးတစ်ခု ပြင်ဆင်နေခဲ့သည်။ သူက နေ့တိုင်း အစောကြီးထကာ နောက်ကျသည်အထိ အလုပ်လုပ်ခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ အချိန်တိုလေးအတွင်း လုရန်တစ်ယောက် အကြိမ်များစွာ သန်းဝေနေခဲ့သည်။

သိပ်မကြာခင် မှာယူထားသော အစားအသောက်များရလာခဲ့သည်။ လုရန် အလွန်ပင်ပန်းနေပြီဖြစ်ရာ ရှန်ရှင်းကျိုးကို ဝန်ဆောင်မှုပေးချင်စိတ်မရှိပေ။ သို့သော် သူ့စိတ်ထဲမှ သတိထားစောင့်ကြည့်မှုများက ပျောက်ပျက်မသွားခဲ့ချေ။

ရှန်ရှင်းကျိုးက ဒေါသကြီးသူဖြစ်ရာ သူ၏လုပ်ရပ်တစ်ခုခုကြောင့် ပြဿနာရှာမလားကို မည်သူသိလိမ့်မည်နည်း။

လွန်ခဲ့သောရက်ပိုင်းအတွင်း ဆိုင်ကိုလာနေခြင်းမှာ သူ့ကိုအမှားရှာပြီး အလုပ်မှထွက်ရန် ဖိအားပေးဖို့ဖြစ်နိုင်သည်။

ရှန်ရှင်းကျိုးတစ်ယောက် ကောင်တာပေါ်မှလင်ပန်းကို တွေ့လိုက်ရသည်။

လွန်ခဲ့သောရက်များအတွင်း လုရန် အစားအသောက်များ လာချပေးပုံကို သူမှတ်နေပြီး အလိုလိုထရပ်ကာ လင်ပန်းကိုယူရန်ပြင်လိုက်သည်။

သို့သော် လုရန်က ပို၍လက်မြန်ပြီး ကောင်တာအနောက်ကနေ လင်ပန်းကိုသယ်လျက် ထွက်လာခဲ့လေသည်။ သူက လင်ပန်းကို ရှန်ရှင်းကျိုး၏အရှေ့မှာချကာ လက်ကိုင်ပဝါကို သပ်သပ်ရပ်ရပ်ခေါက်ပေးခဲ့သည်။

ရှန်ရှင်းကျိုး မသက်မသာ ခံစားလာရပြန်သည်။

သူ့စိတ်ထဲ စားပွဲ၌ ပေါ့ပေါ့ပါးပါးစားသောက်နေသည့် ရှန်ရှင်းရန်ကို ယာယီပြန်သတိရသွားပြီးနောက် လုရန် 'ကြိုဆိုပါတယ်' ဟု ပြောနေသည့်ပုံစံကို ရုတ်တရက် ပြန်မြင်ယောင်မိသွားသည်။

သူ၏ဒေါသများက ချက်ချင်း မြင့်တက်လာခဲ့လေ၏။

ရှန်ရှင်းကျိုးတစ်ယောက် ဒေါသအရိပ်အမြွက်ဖြင့် ပြောလိုက်သည်။

"မင်း ဒီအချိန်ပိုင်းအလုပ်ကို တကယ်လုပ်ဖို့လိုလို့လား။"

လုရန်က မျက်ခုံးတစ်ဖက်ပင့်ကာ ရှန်ရှင်းကျိုးကို ငုံ့ကြည့်လိုက်သည်။

လုရန် သူ့ဘာသာသူ တွေးလိုက်၏။ 'ရှန်မိသားစုရဲ့ ဒုတိယသခင်လေး နေ့တိုင်းလာနေတာက သူ့ကိုစောင့်နေတာကိုး။'

လုရန်က ဖြည်းဖြည်းချင်း မတ်မတ်ရပ်လိုက်ပြီး ရှန်ရှင်းကျိုးကို ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ရင် ကျွန်တော်က ဘာလုပ်ရမှာလဲ။ တကယ်လို့ ကျွန်တော် အလုပ်မလုပ်ရင် ဘယ်သူက ကျွန်တော့်ကို ပိုက်ဆံပေးမှာလဲ။"

ရှန်ရှင်းကျိုးက မေးလိုက်၏။

"အမေက မပေးဘူးလား။"

လုရန်က ပြုံးလိုက်သည်။

"ဟုတ်တယ်။ သူ(မ) ကျွန်တော့်ကိုပေးရမဲ့ အကြွေးတစ်သန်းရှိနေသေးတယ်။"

"ဒီတော့ မင်းက ဒီမှာ စားပွဲထိုးလုပ်နေတာလား။ နေ့တိုင်း လူတွေကို ကြိုဆိုပါတယ်လို့ပြောပြီး လင်ပန်းတွေကို သူတို့ရဲ့စားပွဲပေါ် လိုက်ချပေးနေတာပဲလား။"

ရှန်ရှင်းကျိုး၏စကားလုံးများက အနည်းငယ် ရိုင်းလာလေသည်။

သူ ဘာကိုပြောချင်နေမှန်း သူကိုယ်တိုင်မသိသော်လည်း လုရန်ကို ယခုလိုမျိုးပုံစံနှင့် မမြင်ချင်ပေ။

လုရန်က မည်သည့်ဒေါသမှ မပြသခဲ့ချေ။

"ဒုတိယသခင်လေး။ လူတွေကို အထင်မသေးရဘူး။ ဒါ လူအများစု နေ့တိုင်းလုပ်နေကြတဲ့အရာပဲ။ ကျွန်တော်တို့လိုလူတွေမရှိရင် လူချမ်းသာတွေက လေကိုပဲ ဝါးစားကြတော့မလို့လား။"

ရှန်ရှင်းကျိုးတစ်ယောက် ဒေါသထွက်လာ၏။

"ငါပြောချင်တာ အဲ့လိုသဘောမဟုတ်ဘူး!"

လုရန်က သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

ပုံမှန်အားဖြင့် ရှန်ရှင်းကျိုး ဒေါသထွက်လာလျှင် မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပေ၊ ရှန်ရှင်းရန်ကိုတောင်မှပင်။

သို့သော် ယခုတစ်ခေါက်၌ သူ မော့ကြည့်လိုက်ချိန် လုရန်၏ မျက်ဝန်းနက်များဖြင့် ဆုံတွေ့လိုက်ရသောအခါ ရုတ်တရက်ဆိုသလို သူ၏ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။

သူက အကြည့်လွှဲကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဒေါသများကို ဖိနှိပ်လိုက်သည်။ ထို့နောက် လုရန်ကို မေးလိုက်၏။

"ဒီဆိုင်ရဲ့ပိုင်ရှင်က မင်းကို လစာဘယ်လောက်ပေးလဲ။ ငါ သုံးဆပေးမယ်။ မင်း ဒီမှာ အလုပ်မလုပ်နဲ့တော့။"

"အိုး?"

လုရန် အနည်းငယ် အံ့အားသင့်သွား၏။

အတိတ်ဘဝတုန်းက ရှန်မိသားစုဝင်များ သူ့ကို နေရာအနှံ့လိုက်ဖမ်းခဲ့စဥ်က ယခုလိုမျိုး မလုပ်ခဲ့ဖူးပေ။

လုရန်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ။"

နောက်ဆုံးတော့ ရှန်ရှင်းကျိုး အနည်းငယ်စိတ်အဆင်ပြေလာခဲ့သည်။

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာလဲ။" ရှန်ရှင်းကျိုးက မေးလိုက်သည်။

လုရန်က သူ့ကို ပြုံးပြလိုက်လေ၏။

"ဒါပေမဲ့ ဒုတိယသခင်လေးရဲ့ဂုဏ်သိက္ခာကို ကျွန်တော် သိပ်မယုံဘူး။ ဒီတော့ ကျွန်တော်အလုပ်မထွက်ခင် ကျွန်တော့်ရဲ့လစာကို ကြိုပေးရမယ်။"

သူက ပြောရင်းဆိုရင်း သူ၏ Alipay QR ကုဒ်ကို ပြသလိုက်လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment