အပိုင်း (၇) - တုံးအသည့်ခွေး
『လုရန် တစ်စုံတစ်ခုကို ဆုံးရှုံးစေရမယ်။』
ရှန်ဟုန်ယွမ်က ထိုလူကြီးမင်းလီ တစ်စုံတစ်ရာသတင်းများရရှိပြီး ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေခြင်းလားဟု သံသယဝင်မိခဲ့သည်။
လူကြီးမင်းလီက ဆက်ပြီးပြောဆိုနေ၏။
"ခင်ဗျားသိပါတယ်၊ တချို့အရာတွေကို ထမင်းစားပွဲမှာတောင် မတင်သင့်ဘူးဗျ!"
ရှန်ဟုန်ယွမ်၏မျက်နှာက ဖြူဖျော့သွားလေ၏။
သူက ကျန်လှေကားထစ်များကို ရုန်းကန်တက်လိုက်ရပြီး နောက်ဆုံးတော့ ဒုတိယထပ်ကို ရောက်လာခဲ့သည်။
လူကြီးမင်းလီက နောက်ဆုံးတော့ အာလာပသလ္လပများ ဖလှယ်ကာ ဖုန်းချသွားတော့သည်။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့က ၎င်းတို့၏အခန်းဆီ ပြန်သွားခဲ့ကြသည်။
သုံးရက်လောက် အနားယူပြီးနောက် ၎င်းတို့မှာ လုပ်စရာအသီးသီးဖြင့် စတင်အလုပ်များတော့သည်။
မဒမ်ရှန်က မေးလိုက်၏။
"ရှင် ဒီတစ်ပတ်ထဲ စီးပွားရေးခရီးထွက်ရမှာမလား။ ရှင့်ရဲ့ခရီးဆောင်အိတ်ရော ထုပ်ပိုးပြီးသွားပြီလား။"
ရှန်ဟုန်ယွမ်က သပ်ပြင်းချလိုက်၏။
"ပရောဂျက်ကို ရွှေ့ဆိုင်းရတော့မဲ့ပုံပဲ။"
မဒမ်ရှန်က အနည်းငယ် အံ့ဩသွားခဲ့သည်။
"ရွှေ့ဆိုင်းရမယ်? ကုမ္ပဏီတွေကြား ထပ်ပြီးပဋိပက္ခဖြစ်ပြန်ပြီလား။"
ရှန်ဟုန်ယွမ်က ခေါင်းခါလိုက်ပြီး မျက်နှာထက် အနည်းငယ်တင်းမာနေသောအမူအရာဖြင့် ပြောလိုက်၏။
"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲ့ဒီကလေးတွေ ကားမောင်းပြိုင်ပြီး လူတိုက်တဲ့ကိစ္စက နည်းနည်းလေး ဆူဆူညံညံဖြစ်နေတယ်။ ဒီနောက်ကွယ်မှာ ကျိမိသားစုရဲ့လက်ချက်ပါမယ်ထင်တယ်။"
သူ သက်ပြင်းထပ်ချလိုက်၏။
"ဒီလိုမိသားစုသေးသေးလေးတွေကို ရုတ်တရက်တိုက်ခိုက်နေတာ—ဒါ ဘာကိုဆိုလိုတာလဲဆိုတာ ဘယ်သူသိနိုင်မလဲ။"
မဒမ်ရှန်က မိသားစုစီးပွားရေးတွင် များများစားစားဝင်မပါသလို ထိုကိစ္စများကိုလည်း စိတ်မဝင်စားပေ။
သူ(မ)က မှန်တင်ခုံရှေ့တွင်ထိုင်ကာ သူ(မ)၏လက်ဝတ်ရတနာများကို ရှာဖွေနေခဲ့သည်။
"ငါ့ရဲ့ပုလဲဆွဲကြိုး ဘယ်ရောက်သွားတာပါလိမ့်။"
ရှန်ဟုန်ယွမ်က အနည်းငယ်စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မင်း ဘယ်မှာထားခဲ့တာလဲ။"
"ဒီမှာပဲထားတာလေ! အဲ့ဒါ မနှစ်က H ကုမ္ပဏီရဲ့နောက်ဆုံးရာသီစုဆောင်းမှုထဲက ကန့်သတ်ထုတ်ကုန်ပဲ။"
ရှန်ဟုန်ယွမ်က ဆေးလိပ်တစ်လိပ်ကိုမီးညှိကာ ပုံမှန်အတိုင်း ပြစ်တင်ပြောဆိုလိုက်သည်။
"ဘယ်တုန်းက နောက်ဆုံးထားခဲ့တာလဲ။ ပြန်စဉ်းစားကြည့်လိုက်ဦး။ မင်းကလေ ကိုယ့်ပစ္စည်းကို ဘယ်တော့မှ ဂရုမစိုက်ဘူး။"
မဒမ်ရှန်က ပြန်အော်လိုက်သည်။
"လွန်ခဲ့တဲ့သုံးရက်နေ့ညကပဲလေ!"
ထိုသို့ပြောပြီးနောက် နှစ်ဦးသား ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကို ပြန်တွေးမိသွားပြီး မျှော်လင့်ထားသည့်အတိုင်း ထိတ်လန့်ဖွယ်မှတ်ဉာဏ်များက ပြန်လည်ဝင်ရောက်လာခဲ့သည်။
"..."
အိပ်ခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ မဒမ်ရှန်က ဆွဲကြိုးကို ဆက်မရှာတော့သလို ရှန်ဟုန်ယွမ်ကလည်း ညည်းညူခြင်း မရှိတော့ပေ။
ထိုစဥ် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာပြီး ရှန်ရှင်းရန်က ဦးခေါင်းလေးကို အထဲဝင်ကာ ခေါ်လိုက်၏။
"ဖေဖေ၊ မေမေ။"
မဒမ်ရှန်က ချက်ချင်းဆိုသလို တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
"ရန်ရန်၊ မြန်မြန်ဝင်ခဲ့လေ!"
ရှန်ဟုန်ယွမ်၏မျက်နှာအမူအရာကလည်း အနည်းငယ် ပြေလျော့သွားခဲ့၏။
ရှန်ရှင်းရန်က တံခါးဖွင့်လိုက်ပြီး ချစ်ခင်ဖွယ်ကောင်းစွာ ရောက်လာကာ နှစ်ဦးသားဘေးမှာ တိုးဝှေ့ဝင်ထိုင်လိုက်သည်။
"မေမေ၊ ဒီနေ့ မေမေ့ရဲ့ဆံပင်ပုံစံက အရမ်းလှတာပဲ။"
သူက မဒမ်ရှနိကို ဦးစွာချီးကျူးလိုက်ပြီးမှ ရှန်ဟုန်ယွမ်ဘက်လှည့်ကြည့်ကာ မေးလိုက်သည်။
"ဖေဖေ၊ ကျွန်တော် ကျန်းလင်ဆီကနေ ကြားခဲ့တာလေးရှိလို့။ ဒီနောက်ပိုင်း ကိစ္စတွေက မတည်မငြိမ်ဖြစ်နေပြီး ကျိမိသားစုက ပါဝင်ပတ်သက်နေတယ်ဆို?"
ရှန်ဟုန်ယွမ်က အနည်းငယ် အံ့ဩသွား၏။
"ကျန်းလင်? သားက ကျန်းမိသားစုကကောင်လေးနဲ့ သိတာလား။"
ရှန်ရှင်းရန်က အနည်းငယ် ဒုက္ခရောက်နေဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်။ သူက ကျွန်တော့်ကို အမြဲတမ်း လက်ဆောင်ပစ္စည်းတွေပေးချင်နေတာ၊ ပြီးတော့ ကျွန်တော်တို့အိမ်ကိုလည်း လာလည်ချင်နေတာလေ။"
ထိုသို့ကြားလိုက်ရသည်ကို ရှန်ဟုန်ယွမ်က စိတ်ကျေနပ်သွားခဲ့သည်။ သူက သူ၏သားငယ်လေးနှင့်ပတ်သက်၍ အခြားမိသားစုများ၏သခင်လေးများနှင့် အမြဲတမ်း အဆင်ပြေအောင် ပေါင်းသင်းနိုင်သည့်အချက်ကို သဘောအကျဆုံးဖြစ်သည်။
စီးပွားရေးကိစ္စများ ဆွေးနွေးညှိနှိုင်းမှုများ၌ ယင်းက သံသယမရှိ ကောင်းမွန်သော လမ်းစတစ်ခုဖြစ်ပေသည်။
မဒမ်ရှန်ကလည်း ဂုဏ်ယူစွာဖြင့် ချီးကျူးလိုက်သည်။
"မေမေတို့ရဲ့ရန်ရန်လေးက လူတိုင်း ချစ်ချင်စရာကောင်းနေတာကိုး။"
ရှန်ရှင်းရန်က စကားဝိုင်းကို ကျိမိသားစုဆီသို့ ပြန်ပြောင်းလိုက်သည်။
"ဖေဖေ၊ ကျိမိသားစုနဲ့ ဘာဖြစ်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြပါဦး။ ကျွန်တော် မိသားစုအတွက် မတော်တဆ ပြဿနာဖန်တီးမိမှာကို စိုးရိမ်လို့ပါ။"
ရှန်ဟုန်ယွမ်က အခိုက်အတန့်တစ်ခုလောက် တွေးတောလိုက်သော်လည်း နောက်ဆုံး၌ အသေးစိတ်ရှင်းမပြခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
"အတိုချုပ်ပြောရရင် ကျိမိသားစုနဲ့ ခပ်ဝေးဝေးမှာပဲနေ။ ပြီးတော့ လတ်တလောမှာ မတော်တဆမှုထဲပါဝင်ပတ်သက်နေတဲ့ ဟွမ်မိသားစုနဲ့ တခြားသူတွေကို ရှောင်နေလိုက်ဦး။"
ရှန်ဟုန်ယွမ်က ပြောမပြချင်၍မဟုတ်။ အမှန်မှာတော့ ကျိမိသားစုမှ ထိုပုဂ္ဂိုလ်က မည်သည်ကိုစဉ်းစားနေကြောင်း သို့မဟုတ် အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်လာကြောင်းကို သူ မသိသောကြောင့်ဖြစ်သည်။
ရှန်မိသားစုကို ပေကျင်း၏စီးပွားရေးနယ်ပယ်တွင် အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။ သို့သော် ကျိမိသားစုကဲ့သို့ ကြီးမားသောလုပ်ငန်းစုများနှင့် ယှဥ်လိုက်လျှင် ဟိုးအနောက်မှာကျန်နေဆဲပင်။ ကျိမိသားစုက ၎င်းတို့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် မခြေမွနိုင်သော်လည်း ပစ်မှတ်ထားခံရပါက ရှောင်လွှဲ၍မရနိုင်ပေ။
သို့သော် ထိုသို့သောစကားများက ရှန်ဟုန်ယွမ် သူ၏သားနှင့် မျှဝေနိုင်သောအရာမဟုတ်။ ထိုသို့မဟုတ်ပါက အဖေတစ်ယောက်အနေနှင့် မျက်နှာပန်းမလှဖြစ်သွားနိုင်သည်။
ရှန်ရှင်းရန်က သူလိုချင်သော သတင်းအချက်အလက်ကို မရခဲ့သောကြောင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ဤနောက်ပိုင်းတွင် သူ့အတွက် အရာအားလုံးက အဆင်မပြေဖြစ်နေ၏။ သူက ကံဆိုးနေပြီး သူ၏စိတ်ထဲတွင် ဒေါသများစုပြုံလာသောကြောင့် နာခံမှုရှိပြီး ချစ်စဖွယ်ကောင်းသော ပုံမှန်အမူအရာကို ဆက်ထိန်းထားရန် ပို၍ခက်ခဲလာခဲ့သည်။
သို့သော် သူက မဒမ်ရှန်နှင့် ရှန်ဟုန်ယွမ်တို့ရှေ့တွင် ဘယ်တော့မှ စိတ်ဆိုး၊ ဒေါသထွက်ခြင်းမျိုး မပြသခဲ့ပေ။ သိသိသာသာပိန်ကျသွားသော ရှန်ဟုန်ယွမ်၏မျက်နှာကို မြင်လိုက်ရသောအခါ ရှန်ရှင်းရန်တစ်ယောက် ဒေါသများပုံချနိုင်သည့်ပစ်မှတ်ကို ရှာတွေ့သွားခဲ့သည်။
သူက ရှန်ဟုန်ယွမ်ကိုကြည့်လိုက်ပြီး မဒမ်ရှန်ကို တစ်ချက်ကြည့်ကာ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေ၏။
"ဖေဖေ ဆေးရုံမှာ ရက်နည်းနည်းနေလိုက်ရလို့ထင်တယ်၊ တော်တော်လေးပိန်သွားတာပဲ။"
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့မှာ ချက်ချင်းလက်ငင်း တောင့်တင်းသွားခဲ့ကြသည်။ ၎င်းတို့က ယခုအချိန်မှာ အစားအသောက်များနှင့် ဆေးရုံတက်ခြင်းတို့နှင့်ပတ်သက်၍ ပြောဆိုခြင်းကို အမုန်းဆုံးဖြစ်နေကြ၏။
ထို့အပြင်...
ရှန်ရှင်းရန်က မတတ်သာလို့ခွင့်လွှတ်ပေးရသည့်ပုံစံမျိုးဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ကိုကိုလုကတော့လေ... တကယ်ကိုပဲ—"
သူ ကုန်းချောစကားများကို ဆုံးအောင်တောင်မပြောလိုက်ရဘဲ သူ့အရှေ့မှာဆို အလွန်ကြင်နာတတ်သော ရှန်ဟုန်ယွမ်က မမျှော်လင့်စွာဖြင့် ဒေါသထွက်ကာ မျက်နှာကြီးစိမ်းဖန့်လျက် အော်ဟစ်လိုက်သည်။
"အား! ပါးစပ်ပိတ်ထား!"
ရှန်ရှင်းရန်မှာ အအော်ခံလိုက်ရသဖြင့် ကြောင်အမ်းသွားခဲ့သည်။ သူက အလိုအလျောက် မဒမ်ရှန့်ကို လှည့်ကြည့်လိုက်၏။ မဒမ်ရှန်ကလည်း မျက်နှာမကောင်းဘဲ စိုးရိမ်တကြီးဖြင့် လက်နှစ်ဖက်ယမ်းပြကာ အပြစ်တင်ခဲ့လေသည်။
"သူ့အကြောင်းကို ဘာလို့ပြောရတာလဲ!!"
မှင်တက်နေဆဲဖြစ်သော ရှန်ရှင်းရန်မှာ အိပ်ခန်းထဲကနေ ထွက်သွားရန် တောင်းဆိုခံလိုက်ရတော့သည်။ သူ တတိယထပ်မှာရှိသော သူ့အခန်းဆီပြန်ရောက်လာမှသာ သတိပြန်ဝင်လာခဲ့၏။
သူ ရှန်ဟုန်ယွမ်နဲ့ မဒမ်ရှန်တို့ဆီကနေ တကယ်ကြီး အအော်ခံလိုက်ရတာလား။
လုရန်ကြောင့်လေ?
ရှန်ရှင်းရန်က ဒေါသထွက်သွားပြီး သူ့လက်တစ်ကမ်းရှိ ပစ္စည်းများအားလုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
ထူထဲသောကော်ဇောနှင့် ဗီလာ၏အသံလုံသောနံရံများက ဆူညံသံများအားလုံးကို ပိတ်ဆို့ထားနိုင်သည်။
စိတ်တည်ငြိမ်သွားပြီးနောက် ရှန်ရှင်းရန်က သူ့ကိုယ်သူ ပြန်လည်သုံးသပ်လိုက်ပြီး ယခုအချိန်မှာ လုရန်အကြောင်းမပြောသင့်သေးကြောင်း သဘောပေါက်သွားခဲ့၏။ ရှန်မိဘများသာမက သူကိုယ်တိုင်တောင် လုရန်၏နာမည်ကိုကြားလိုက်ချိန်တိုင်း စိတ်လှုပ်ရှားသွားကာ မသိစိတ်အရ ရှောင်ရှားချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့ကလည်း အလားတူပင်ဖြစ်နေနိုင်သည်။
သို့သော် ထိုနှစ်ဦးသား၏ လုရန်အပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်မှုကြောင့် ဤအခြေအနေက ကောင်း၏၊ ဆိုး၏ကို ရှန်ရှင်းရန် မဝေခွဲနိုင်ခဲ့ပေ။ ရှန်ရှင်းရန်တစ်ယောက် တွေးလေတွေးလေ စိတ်ရှုပ်လာလေဖြစ်လာ၏။ သူက ဖုန်းကိုကောက်ယူပြီး မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
သိပ်မကြာခင် တတိယထပ်ရှိ သူ၏အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ရှန်ရှင်းကျိုးက တံခါးဘောင်ကို ပျင်းရိလေးတွဲစွာမှီလျက် ဂိမ်းကစားရင်း မေးလာ၏။
"ဘာဖြစ်လို့လဲ။"
ရှန်ရှင်းရန်က အနည်းငယ်စိတ်မရှည်သည့် လေသံဖြင့် ပြောလိုုက်သည်။
"အခုထိ ဂိမ်းကစားနေတုန်းလား။"
ထို့နောက် သူက စွပ်စွဲသည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"အစ်ကိုလတ်ပဲ အဲဒီခွေးကို ဖယ်ရှားပေးမယ်လို့ အာမခံခဲ့တာမဟုတ်ဘူးလား။ အဲဒီနံစော်နေတဲ့ခွေးက ဘာလို့ ပြန်ရောက်လာရတာလဲ။"
ရှန်ရှင်းကျိုး၏လက်များက ရပ်တန့်သွားလေ၏။ ထို့နောက် သူ၏ဂိမ်းဇာတ်ကောင် သေဆုံးသွားသည့်အသံ ထွက်ပေါ်လာခဲ့သည်။
ရှန်ရှင်းရန်က ချွဲလိုက်သည်။
"အစ်ကိုလတ်လို့! ကျွန်တော် အဲဒီခွေးကို တကယ်မုန်းတာ။ ကျွန်တော် အောက်ထပ်ဆင်းတိုင်း အဲ့ဒီခွေးနဲ့တွေ့မှာကို ကြောက်နေရတယ်။"
ရှန်ရှင်းကျိုးက ချွဲနွဲ့ပြောဆိုခြင်းကို သဘောကျကြောင်း ရှန်ရှင်းရန် သိပေသည်။ ထို့ကြောင့် ရှန်ရှင်းကျိုးကို နံဘေးမှဆိုဖာပေါ်သို့ ဆွဲခေါ်ကာ ထိုင်စေလိုက်သည်။
သို့သော် ယခုတစ်ခေါက်၌ ရှန်ရှင်းကျိုးက အရင်ကလို ချက်ချင်းသဘောမတူခဲ့ပေ။ သူက အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြန်ဖြေခဲ့သည်။
"မင်းက တတိယထပ်မှာနေရတာ၊ ပြီးတော့ လှေကားတွေမှာ လက်ရန်းတွေလည်းရှိတာပဲ။ သာ့ဟွမ်က ပထမထပ်မှာပဲနေဆိုတော့ ဘာပြဿနာမှမရှိပါဘူး။"
ရှန်ရှင်းရန်မှာ မှင်တက်သွားပြီး ရှန်ရှင်းကျိုးပြောလိုက်သည့်စကားများကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ ထိုခွေး၏ခွေးချီးများက ရှန်ရှင်းကျိုး၏ကျောပေါ် စဉ်သွားခဲ့ခြင်းဖြစ်ရာ ရှန်ရှင်းကျိုးတစ်ယောက် ဒေါသတကြီးဖြင့် ထိုခွေးကိုသတ်ပစ်ရမည့်အစား ယခု 'သာ့ဟွမ်' ဟုတောင် ခေါ်နေခဲ့သည်။
ရှန်ရှင်းကျိုးတစ်ယောက် ဦးနှောက်ချောင်သွားသည်လော။
သူက သနားစရာအမူအရာကို တပ်ဆင်လိုက်၏။
"အစ်ကိုလတ်၊ ကျွန်တော်က ဒီမိသားစုကမဟုတ်သလို အစ်ကိုလတ်ရဲ့ ညီအရင်းမဟုတ်တာလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို နေ့တိုင်း အကြောက်တရားနဲ့ပဲ တကယ်နေထိုင်စေချင်တာလားဟင်။"
ရှန်ရှင်းကျိုးက တွန့်ဆုတ်နေဆဲပင်။
"ဒါပေမဲ့ မင်း လုရန်ရဲ့အခန်းတံခါးကို သွားဖွင့်တုန်းကတောင် အဲ့ဒီခွေးက မင်းကိုကိုက်ခဲ့တာမဟုတ်ဘူးလေ။"
ရှန်ရှင်းရန်တစ်ယောက် ချက်ချင်း ဒေါသထွက်သွားခဲ့သည်။
"ဖေဖေနဲ့ မေမေက အစ်ကိုကြီးကိုပဲ မျက်နှာသာပေးတာ မထူးဆန်းတော့ပါဘူး။ ရှန်ရှင်းကျိုး၊ ခင်ဗျား ဒီကိစ္စကိုမကူညီချင်ရင်လည်း မေ့လိုက်တော့!"
ထိုစကားများကြောင့် ရှန်ရှင်းကျိုး၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူ့ပတ်ပတ်လည်မှ လွတ်လပ်ပေါ့ပါးသောလေထုက ပျောက်ကွယ်သွားပြီး အခန်းထဲကနေထွက်ကာ အခန်းတံခါးကို ဆောင့်ပိတ်သွားခဲ့လေသည်။
သူ၏ထွက်ခွာသွားသောပုံရိပ်ကို ကြည့်နေရင်း ဤကိစ္စက အောင်မြင်သွားပြီဖြစ်ကြောင်း ရှန်ရှင်းရန်သိလိုက်သည်။ ဤအတောအတွင်း သူ ခံစားခဲ့ရသောနာကျင်မှုများစွာအတွက် လုရန် တစ်စုံတစ်ခုကို ပေးဆပ်ရသင့်သည်။
တတိယထပ်မှဆင်းလာပြီးနောက် ရှန်ရှင်းကျိုးတစ်ယောက် ရှန်မိသားစု၏ဗီလာကနေ တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။ သူက ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်ပြီး ကားကို မြို့လယ်ရှိလမ်းတစ်ခုဆီသို့ တိတ်တဆိတ်မောင်းနှင်သွားခဲ့၏။
လမ်းမပေါ်တွင် ကားများထူထပ်နေပြီး ကားရပ်နားရန်နေရာကို ရှာဖွေရခက်ပေသည်။ နေရာလွတ်တစ်ခုကို မြင်လိုက်ရသောအခါ ရှန်ရှင်းကျိုးက ဂီယာကို အလျင်အမြန်ပြောင်းလိုက်ပြီး တင်းမာနေသောမျက်နှာထားဖြင့် ကားပါကင်ထိုးလိုက်၏။ သူ၏ကားနောက်ခြမ်းက အတော်လေးယမ်းသွားပြီး နံဘေးမှကား၏ အရှေ့မီးခွက်ကို တိုက်မိလုနီးနီးအထိ ကပ်သွားခဲ့သည်။
ထို့နောက် 'တီ' ဟူသော စူးရှသည့် ကားဟွန်းသံထွက်ပေါ်လာခဲ့၏။ နံဘေးမှကားက မှန်ချလိုက်ပြီး ကားဆရာက စတင်အော်ဆဲတော့သည်။
"မင်း ရူးနေတာလား! ကားဘယ်လိုမောင်းရမလဲဆိုတာတောင် သိရဲ့လား! အဲဒီကားပါကင်နေရာက ငါ့နေရာကွ..."
ရှန်ရှင်းကျိုးက ဂရုမစိုက်ခဲ့ပေ။ သူက ကားပါကင်ထိုးလိုက်ပြီး တံခါးကို 'ဒုန်းခနဲ' မြည်အောင် ပိတ်လိုက်၏။ ထို့နောက် ထိုကားဘေးမှဖြတ်သွားရင်း ကားပြတင်းပေါက်ထဲသို့ ငွေတစ်ထပ်လိုက်ကြီး ပစ်သွင်းပေးခဲ့လေသည်။
ဆဲဆိုနေဆဲဖြစ်သော ကားဆရာမှာ ပိုက်ဆံအထူကိုမြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို သူ၏ကားကို အခြားနေရာသို့ ရွှေ့ရပ်လိုက်တော့သည်။
ရှန်ရှင်းကျိုးက သူ့ဖုန်းပေါ်ရှိတည်နေရာနောက်လိုက်ရင်း လမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်ဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ ရှန်ရှင်းရန်၏စကားကြောင့် ဖြစ်ပေါ်လာသော သူ၏ဒေါသများက မကျေမလည်ဖြစ်နေဆဲဖြစ်ရာ သူ၏ခြေလှမ်းများက အလွန်လျင်မြန်နေ၏။ ထူထဲသော လေကာအင်္ကျီစက သူ၏လှုပ်ရှားမှုနှင့်အညီ တဖျပ်ဖျပ်မြည်နေခဲ့သည်။
ဆိုင်ရှေ့သို့ရောက်တော့မှ ရှန်ရှင်းကျိုး၏ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့အရှေ့မှမှန်နံရံကို မော့ကြည့်လိုက်သောအခါ ယင်းက အိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ခုဖြစ်နေကြောင်း တွေ့လိုက်ရ၏။
လမ်းဘက်သို့ မျက်နှာမူထားသောနံရံအတွင်းဘက်တွင် ကြီးမားသော ခြံစည်းရိုးတစ်ခုရှိသည်။ ထိုခြံစည်းရိုးထဲမှာ လသားအရွယ် corgi ခွေးပေါက်လေးများရှိနေပြီး အစာစားထား၍ ၎င်းတို့၏ဗိုက်ကလေးများက ပူပူလုံးလုံးလေးဖြစ်နေသည်။ တချို့က သမ်းဝေရင်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ တချို့က ၎င်းတို့၏ ခြေတံတိုတိုလေး လေးချောင်းကို ဝှေ့ယမ်းကာ ဂျွမ်းလှိမ့်ချင်နေကြ၏။
ခွေးပေါက်လေးတစ်ကောင်ဆို မှန်နံရံမှာကပ်လျက် အိပ်ပျော်နေသည်။
ပန်းရောင်နှင့် အနက်ရောင် ရောစပ်ထားသော နူးညံ့သည့် ခြေဖဝါးလေးများက မှန်နံရံကို ဖိထားသဖြင့် ဂျယ်လီလေးလို ဘေးသို့ အနည်းငယ်လျှံထွက်နေသည်။
ရှန်ရှင်းကျိုးတစ်ယောက် သူ့ရင်ထဲမှဒေါသများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူက မှန်နံရံအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ကာ တိတ်တဆိတ် ငေးကြည့်နေခဲ့၏။
ခွေးပေါက်လေးများက ခဏကြာ ဆော့ကစားပြီးနောက် အားလုံး အိပ်ပျော်သွားခဲ့ကြသည်။
ရှန်ရှင်းကျိုး ထိုခွေးပေါက်လေးများကိုကြည့်ရင်း အတွေးထဲ နစ်မျောသွားခဲ့၏။ သူ လွန်ခဲ့သောရက်အနည်းငယ်ကို ပြန်သတိမရဘဲ မနေနိုင်ခဲ့ပေ။
သာ့ဟွမ်ဆိုသော အနှီခွေးက အနည်းငယ်တုံးအပေသည်။ သူ အနည်းငယ်ချော့မြှူလိုက်ရုံနှင့် သူ့နောက်သို့လိုက်လာခဲ့သည်။
ရှန်ရှင်းရန်က ထိုခွေးကို နောက်ထပ်မမြင်ချင်တော့ဘူးဟု ပြောခဲ့ရာ သူ့ညီ ဆိုလိုသည့်သဘောကို ရှန်ရှင်းကျိုး သိခဲ့သည်။
သူက ထိုခွေးကို ရှန်မိသားစုအိမ်ကနေ ခေါ်ထုတ်ကာ မြစ်ထဲသို့ သွားမျှောရန် ကြံရွယ်ခဲ့သည်။ သို့သော် မြစ်ကမ်းနားရောက်တော့မှ ခွေးများက ရေကူးတတ်ကြောင်း သူ သတိရသွားခဲ့၏။
ရှန်ရှင်းကျိုးက ခွေးနှင့်အတူ လမ်းလျှောက်နေခဲ့ပြီး ထိုခွေးက ကောင်းကောင်းလေ့ကျင့်ထားကြောင်း သူ သတိပြုမိလိုက်သည်။ ထိုခွေးက ဟောင်လည်းမဟောင်၊ ပြေးလည်းမပြေး၊ လက်လွတ်စပယ်လည်း မပြုမူဘဲ သူ့ဘေးမှာပဲ နာခံမှုရှိစွာ လိုက်ပါလာခဲ့သည်။
ရှန်ရှင်းကျိုး ထိုခွေးကို ကားလမ်းအလယ်သို့ကန်ထုတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် သူ ခြေထောက်မြှောက်လိုက်တိုင်း ထိုခွေးလေးက အန္တရာယ်ကိုမသိဘဲ သူနှင့်ဆော့ကစားနေသည်ဟုသာ ထင်နေပြီး တောက်ပသောမျက်လုံးဝိုင်းများဖြင့် သူ့ကို စိတ်လှုပ်ရှားစွာမော့ကြည့်လာခဲ့၏။
ထိုမျက်လုံးများကို ငုံ့ကြည့်လိုက်သောအခါ ရှန်ရှင်းကျိုးတစ်ယောက် အဘယ်ကြောင့်မှန်းမသိသော်လည်း ထိုခွေးကို မကန်နိုင်တာ့ပေ။ နောက်ဆုံးမှာတော့ သူက လူသူနည်းသော လမ်းတစ်နေရာ၌ ထိုခွေးလေးကို ထားခဲ့လိုက်တော့သည်။ ထို့နောက် သူက ဟွမ်မောက်ကို ဖုန်းဆက်ခေါ်လိုက်၏။
သူကိုယ်တိုင် လူကို ဖုန်းဆက်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း ရှန်ရှင်းကျိုးတစ်ယောက် ၎င်းတို့ရောက်သွားချိန်၌ ထိုခွေးငတုံးလေး ထိုလမ်းကနေ လျှောက်ပြေးသွားဖို့ကို မျှော်လင့်နေခဲ့မိသည်။ သို့သော်လည်း ခွေးငတုံးက ငတုံးဖြစ်နေဆဲပင်။ ၎င်းက သူ ထားခဲ့သည့်နေရာမှာပဲ ရှိနေကာ တစ်လက်မလေးတောင် မရွှေ့ခဲ့ပေ။
ရှန်ရှင်းကျိုးတစ်ယောက် မျက်ခုံးများကိုတွန့်ချိုးလိုက်ပြီး သူ့ကိုယ်သူ ကြောင်သူတော်ဟု လှောင်ပြောင်လိုက်သည်။ သူက စီးကရက်တစ်လိပ်ကိုမီးညှိကာ အနေအထားပြောင်း၍ မှန်နံရံကို ဆက်ကြည့်နေခဲ့၏။
အမှန်တကယ်တော့ ရှန်ရှင်းကျိုးက ခွေးချစ်သူဖြစ်သည်။ သို့သော် ရှန်ရှင်းရန်က ခွေးမွေးများနှင့် အသေးစားဓါတ်မတည့်သည့်ရောဂါရှိသောကြောင့် သူ့ညီကိုထည့်စဉ်းစား၍ ခွေးမမွေးခဲ့ပေ။
သူက ရှန်ရှင်းရန်နှင့် အတူတူကြီးပြင်းလာခဲ့ပြီး သူ၏ညီက အပေါ်ယံမှာမြင်တွေ့ရသလောက် အပြစ်ကင်းစင်မှုမရှိကြောင်း သိထားပေသည်။ သို့သော် ရှန်ရှင်းကျိုးက ဂရုမစိုက်ပေ။ သူက အစ်ကိုကောင်းတစ်ယောက် ဖြစ်ချင်သောကြောင့် သူ့ညီလေး၏အရာအားလုံးကို လက်ခံပေးရမည်ဖြစ်သည်။
ရှန်ရှင်းရန်က နာခံမှုရှိပြီး သူ့စကားနားထောင်ချိန်မှာ သူက အလိုလိုက်ချစ်ခင်ပေးပြီး ရှန်ရှင်းရန်က အနည်းငယ်ဆိုးသွမ်းသောအချိန်မှာ သူ့အပေါ် စက်ဆုပ်မှုများဖြင့် ဆက်ဆံပါက ၎င်းသည် သူ့မိဘများ သူနှင့် သူ့အစ်ကိုကြီးအပေါ် ဆက်ဆံပုံနှင့် မည်သို့ကွာခြားတော့မည်နည်း။
ထိုသို့တွေးမိလိုက်သောအခါ ရှန်ရှင်းကျိုး၏စိတ်က တည်ငြိမ်ပြတ်သားလာခဲ့သည်။
ရှန်ရှင်းကျိုးတစ်ယောက် ထရပ်လိုက်ပြီး စီးကရက်မီးကိုငြှိမ်းကာ အမှိုက်ပုံးထဲသို့ပစ်ချပြီးနောက် အိမ်မွေးတိရစ္ဆာန်ဆိုင်၏တံခါးကို ဖွင့်ကာ အထဲသို့ဝင်သွားခဲ့လေသည်။
***
Aurora Novel Translation Team