အပိုင်း (၂၀) - ပုံပြင်
『ဒီမှာလှဲနေရတာ တော်တော်ကောင်းတယ်၊ လေကောင်းလေသန့်ရသလို စကားပြောဖော်တွေလည်းရှိတယ်』
ငုတ်တုတ်ကလေးထိုင်နေကြသော သူဌေးသားလေးနှစ်ယောက်က စက္ကူ-ကျောက်တုံး-ကတ်ကြေးကို ချက်ချင်းစဆော့ကြတော့သည်။
သေချာသည်မှာတော့ ဒုတိယမျိုးဆက်သူဌေးသားတိုင်းက အရူးမဟုတ်ပေ။
အပြင်ဘက်ဆုံးတွင်ရပ်နေသော သူဌေးသားတစ်ယောက်က အလွန်တည်ငြိမ်နေ၏။
သူက လုရန်၏လက်ထဲမှ ယွမ်နှစ်ရာတန်ပေါက်စီကို ဝယ်မည့်အစား အနီးနားမှစူပါမားကတ်ကိုသွားကာ နှစ်ယွမ်တည်းနှင့် ပေါက်စီနှစ်လုံးအပြင် ချဉ်ဖတ်တစ်ထုပ်ကိုပါ ဝယ်လာခဲ့သည်။
သို့သော် သူ ချဉ်ဖတ်ကို ပေါက်စီထဲညှပ်၍ တစ်ကိုက်ကိုက်လိုက်ပြီးနောက် နှစ်စက္ကန့်မျှ ကြောင်အမ်းသွားတော့သည်။
သူက သူ့လက်ထဲမှပေါက်စီကို တစ်လှည့်၊ ပေါက်စီဝါးနေဆဲဖြစ်သော လုရန်ကို တစ်လှည့်ကြည့်ကာ သူ့ဘေးမှာရပ်နေသော ချန်ရှန်းကို လှည့်မေးလိုက်သည်။
"ဘာလို့... ငါ့ဝယ်လာတဲ့ဟာက သူ့ဟာလောက် အရသာမရှိသလို ခံစားနေရတာလဲ။"
ချန်ရှန်းက သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ဘာသိလို့လဲ။ သူ့လက်ထဲကပေါက်စီက ယွမ်တစ်ရာတန်ကွ။"
မဒမ်ရှန်က ဤမြင်ကွင်းကို မှင်တက်စွာကြည့်နေခဲ့မိသည်။
တစ်ဖက်ကကြည့်လျှင် သူ(မ) မယုံကြည်နိုင်ဖြစ်နေခဲ့သည်—လုရန်က ဤသူဌေးသားလေးများနှင့် မည်သည့်အချိန်က ရင်းနှီးသွားခဲ့သနည်း။
သူက ၎င်းတို့ကိုလှည့်စားပြီး အရူးတောင်လုပ်နေသေးသည်။
အခြားတစ်ဖက်တွင်မူ သူ(မ) အလွန်အရှက်ရနေမိ၏။
သူက ရှန်အိမ်တံခါးဝတည့်တည့်တွင် စျေးရောင်းနေပြီး ရောင်းသည့်ပစ္စည်းကလည်း သာမန်ပေါက်စီအလွတ်များသာ။
သို့သော်လည်း မဒမ်ရှန်က သူစိမ်းများရှိနေသေးကြောင်း သတိရကာ မျက်နှာထက်တွင် နွေးထွေးသောအပြုံးကို ချက်ချင်းချိတ်ဆွဲလိုက်သည်။
သူ(မ)က အရှေ့သို့လျှောက်သွားကာ ဖော်ရွေသလိုဟန်ဆောင်ခဲ့၏။
"ဘာလို့ ဒီမှာရပ်နေကြတာလဲ။"
သူ(မ)က စကားပြောရင်း မြေပြင်ပေါ်မှလုရန်ကို အခုမှမြင်လိုက်သလိုဟန်ဆောင်ကာ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟယ်၊ သားက ဘာလို့ ဒီမှာအိပ်နေရတာလဲ။ မြန်မြန် အထဲဝင်တော့လေ။ အပြင်မှာ ဒီလောက်အေးနေတာကို။"
လုရန်မတုံ့ပြန်နိုင်ခင်မှာပင် မဒမ်ရှန်က အခြားသူများကို အားနာသလိုပြုံးပြကာ ပြောလိုက်သည်။
"ဒီကလေးက ဘာတွေစိတ်ကောက်နေမှန်း မသိပါဘူး။ အားလုံးပဲ သူ့ကို အပြစ်မမြင်ကြပါနဲ့ကွယ်။"
သူ(မ) မည်မျှဟန်ဆောင်ကောင်းပါစေ မြေပြင်ပေါ်မှာ လဲလျောင်းနေသူကတော့ သူ(မ)ကို မျက်နှာမထောက်ခဲ့ပေ။
လုရန်က သူ့လက်ထဲက ပလတ်စတစ်အိတ်ကို သေချာချည်လိုက်ပြီး သူ(မ)ကိုမော့ကြည့်ကာ ပြောလိုက်သည်။
"စိတ်ကောက်တယ်? ခင်ဗျားပဲ ကျွန်တော့်ကို နှင်ထုတ်လိုက်တာမဟုတ်ဘူးလား။"
မဒမ်ရှန်: "..."
သူ(မ)၏မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
မဒမ်ရှန်က တိုက်တွန်းလိုက်၏။
"ဒီကလေးကတော့လေ ဘာတွေလျှောက်ပြောနေမှန်းမသိပါဘူး။ ပစ္စည်းတွေ မြန်မြန်သိမ်းပြီး အိမ်ထဲဝင်ခဲ့တော့။"
လုရန်က မြေပြင်ပေါ်မှာ မလှုပ်မယှက်လှဲနေပြီး ပြန်ဖြေလိုက်၏။
"နေပါစေ၊ တော်ပါပြီ။ ဒီမှာလှဲနေရတာ တော်တော်ကောင်းတယ်၊ လေကောင်းလေသန့်ရသလို စကားပြောဖော်တွေလည်းရှိတယ်။"
ပြီးတော့ ပိုက်ဆံလည်းရှာလို့ရတယ်လေ။
"ကျွန်တော်အထဲပြန်ဝင်လို့ တစ်ရေးနိုးလာတဲ့အချိန်ကျ ကျွန်တော်ရော၊ ကျွန်တော့်ခရီးဆောင်အိတ်တွေရော အပြင်မှာထပ်ရောက်နေရင် ဘယ်လိုလုပ်မလဲ။ အခုက အဲ့ဒီအဆင့်ကို ကျော်သွားပြီဆိုတော့ ပိုကောင်းတယ်မဟုတ်ဘူးလား။"
ပတ်ပတ်လည်မှာ ရပ်နေကြသူများက ကြားလိုက်ရသောစကားများကြောင့် ကြောင်အမ်းသွားခဲ့ကြသည်။
ရှန်မိသားစုက စကားများရန်ဖြစ်ကြလျှင် ယခုလိုမျိုး သိက္ခာများကိုရေစုန်မျှောတတ်ကြမည်ဟု ၎င်းတို့တွေ မမျှော်လင့်ခဲ့မိကြပေ။
မဒမ်ရှန်တစ်ယောက် လုရန်၏စကားများကြောင့် ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားခဲ့လေပြီ။
သူ(မ)၏မျက်နှာထက်မှာ အရယ်အပြုံးမရှိတော့ဘဲ လုရန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။
"မင်း! ကောင်းပြီလေ! ဒါဆိုရင်လည်း အပြင်မှာပဲ တစ်သက်လုံးနေလိုက်တော့!"
ထိုသို့ပြောပြီးနောက် သူ(မ)က ဗီလာထဲ ဒေါကြီးမောကြီး ပြန်ဝင်သွားခဲ့သည်။
မဒမ်ရှန် အိမ်ထဲပြန်ရောက်လာပြီးနောက် ရေတစ်ခွက်ဖြင့် စိတ်အေးသွားအောင်လုပ်လိုက်ရ၏။
မဒမ်ရှန်၏နောင်တက နောင်မှရလာတော့သည်။
သူစိမ်းများရှေ့မှာ သူ(မ) ဒေါသမထွက်ခဲ့သင့်ပေ။ အကယ်၍ သတင်းပျံ့သွားပါက နောက်တစ်နေ့ သူဌေးကတော်များ၏စကားဝိုင်းမှာ သူ(မ)က အတင်းပြောစရာခေါင်းစဉ်ဖြစ်သွားတော့မည် မဟုတ်လော။
မဒမ်ရှန်တစ်ယောက် ထလို့မရ၊ ထိုင်လို့မရ၊ ဘယ်သူ့မှလည်း သွားတိုင်လို့မရဖြစ်နေခဲ့သည်။
သိပ်မကြာခင် လှေကားမှ အသံကြားလိုက်ရ၏။
သူ(မ) မော့ကြည့်လိုက်သောအခါ အခုလေးတင်မှနိုးလာသည့်ပုံစံဖြင့် အပေါ်ထပ်ကနေဆင်းလာသော ရှန်ရှင်းရန်ကို တွေ့လိုက်ရသည်။
ယခု အတော်လေးကို နောက်ကျနေပြီဖြစ်၏။
အပြင်ကလုရန်တောင် မနက်စာစားပြီးလေပြီ။
ပုံမှန်အားဖြင့် ရှန်ရှင်းရန် ယခုလိုအချိန်မှနိုးလာသည်ကို မြင်လျှင် မဒမ်ရှန်က 'အိပ်ပုတ်ဝက်ကလေး' ဟု ချစ်စနိုးဖြင့် စနောက်နေကျဖြစ်သည်။
သို့သော် ယခုလက်ရှိ၌ မဒမ်ရှန်၏စိတ်အခြေအနေမှာ ထူးထူးဆန်းဆန်း မကြည်မလင်နေခဲ့၏။
သူ(မ) မနေ့ညက လုရန်ကြောင့် တစ်ညလုံး ရင်တထိတ်ထိတ်ဖြင့် ကောင်းကောင်းမအိပ်ခဲ့ရပေ။
စောစောကလည်း မနက်စာတောင် အေးအေးဆေးဆေးမစားရဘဲ အပြင်သို့ထွက်ကာ လုရန်နှင့် တစ်ပွဲတစ်လမ်းနွှဲခဲ့ရသည်။
ထိုစဥ် ရှန်ရှင်းရန်ကမူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပုံပင်။
ရှန်ရှင်းရန်က အမှန်တကယ်ကို စိတ်အခြေအနေကောင်းနေခဲ့သည်။
လုရန်ကို မောင်းထုတ်လိုက်နိုင်ပြီဖြစ်ရာ လုရန် တံခါးဝမှာ လှဲအိပ်နေသည်ဖြစ်စေ၊ ကျွမ်းထိုးနေသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။
လုရန် ရှန်အိမ်ထဲဝင်မလာနိုင်လျှင် ပိုတောင်ကောင်းသေးသည်။
ရှန်ရှင်းရန်တစ်ယောက် ပုံမှန်အတိုင်း ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်၏။
သူတစ်လုတ်နှစ်လုတ်လောက် စားပြီးနောက် မျက်နှာချင်းဆိုင်ရှိ တူတစ်စုံက လှုပ်ရှားမှုမရှိကြောင်း သတိပြုမိလိုက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ရှန်ရှင်းရန်က ဂရုတစိုက်မေးလိုက်၏။
"မေမေ... ဘာလို့ မနက်စာမစားတာလဲ။"
"စားရမယ်? အခုချိန်မှာ ဘယ်လိုလုပ်ပြီး စားဝင်ပါ့မလဲ။"
မဒမ်ရှန်က အပြင်ဘက်သို့လက်ညှိုးထိုးပြကာ ဒေါသတကြီးပြောလိုက်သည်။
"ကြည့်လိုက်စမ်း၊ သူက အပြင်မှာ တော်တော်လေးကို အေးအေးဆေးဆေးဖြစ်နေတာ!"
ရှန်ရှင်းရန် လှမ်းကြည့်လိုက်သောအခါ ချန်ရှန်းတို့အုပ်စုက လုရန်နှင့် ပျော်ပျော်ပါးပါးစကားပြောနေကြောင်း တွေ့လိုက်ရသည်။
သူ အခိုက်အတန့်တစ်ခုလောက် အေးခဲသွားပြီး စိုးရိမ်စိတ်များ ဝင်လာခဲ့၏။
လုရန်က ဒီလူတွေနဲ့ ဘယ်တုန်းက ရင်းနှီးသွားတာလဲ။
သို့သော် ရှန်ရှင်းရန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
ထိုလူများက ရှန်ရှင်းကျိုး၏လက်ပါးစေများသာဖြစ်ပြီး အရေးပါသောမိသားစုမှမဟုတ်ရာ ဂရုစိုက်နေစရာမလိုပေ။
သို့သော် မဒမ်ရှန်၏နောက်ထပ်စကားများက သူ့ကို မပျော်မရွှင် ဖြစ်သွားစေခဲ့ပြန်သည်။
"သူက အဲ့ဒီအပြင်မှာ တော်တော်လေး သက်တောင့်သက်သာရှိနေတာ! စောစောက အထဲဝင်ခိုင်းတာတောင် မဝင်ဘူးတဲ့လေ။"
ရှန်ရှင်းရန်၏လှုပ်ရှားမှုများက ခဏရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက နှစ်သိမ့်ပြောဆိုလိုက်လေ၏။
"မေမေရယ် စိတ်မဆိုးပါနဲ့၊ မေမေ့ကျန်းမာရေးကို ထိခိုက်လိမ့်မယ်လေ။"
တစ်မနက်ခင်းလုံး လုရန်က ရှန်အိမ်တံခါးဝကနေ လုံးလုံးမရွှေ့ခဲ့ပေ။
ချန်ရှန်းတို့အဖွဲ့က သူ့ကို အပြင်ထွက်ပျော်ပါးရန် ခေါ်ခဲ့သော်လည်း လုရန်က ငြင်းဆိုခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ယနေ့က ပိတ်ရက်ဖြစ်ပြီး မနက်ဖြန်တွင်လည်း လုရန်မှာ အတန်းမရှိပေ။
သူလက်ခံထားသည့်အလုပ်အချို့မှာ ဖုန်းနှင့်ပင် ပြီးဆုံးအောင်လုပ်နိုင်သဖြင့် ရှန်မိသားစုနှင့် ကြိုးရှည်ရှည်လှန်သည့်ဂိမ်းကို ကစားရန် အချိန်များပေါသောလို့နေ၏။
မဒမ်ရှန်မှာတော့ အရူးတစ်ပိုင်းဖြစ်နေခဲ့သည်။
ကနဦးတုန်းက သူ(မ)သည် နေ့ခင်းဘက်တွင် မိတ်ဆွေတချို့နှင့်ချိန်းထားသော်လည်း လုရန်က တံခါးဝတွင် ပိတ်နေသဖြင့် ကားတောင်ထွက်လို့မရခဲ့ပေ။
မဒမ်ရှန်မှာ ရွေးချယ်စရာမရှိဘဲ အိမ်ထဲမှာသာ အောင့်အည်းနေခဲ့ရသည်။
အခြားတစ်ဖက်တွင်မူ ရှန်ရှင်းရန်က အပြင်ထွက်ချင်နေ၏။
သူ လုရန်၏ကိုယ်ပေါ်ကနေ အမှန်တကယ် ကျော်ခွသွားချင်သလို အိမ်ထဲဝင်ခွင့်မရှိဘဲ အိမ်တံခါးဝမှာသာလှဲနေရသည့် ခွေးလေခွေးလွင့်တစ်ကောင်ဟုလည်း လှောင်ပြောင်ချင်နေခဲ့သည်။
သို့သော် ရှန်ရှင်းရန် ထိုကဲ့သို့မလုပ်နိုင်မှန်းလည်း သူ့ကိုယ်သူသိသည်။
လုရန်က စကားနှင့်တောင် အစော်ကားခံမည့်သူမဟုတ်ပေ။
အကယ်၍ သူသာ တစ်ခုခုပြောလိုက်လျှင် လုရန်က သူ့ဦးခေါင်းကို ရှန်အိမ်တံခါးဝတည့်တည့်ရှိ လမ်းမပေါ်ဖိကာ ထိုလမ်းအတိုင်း ပွတ်ဆွဲသွားရဲသူပင်။
ညနေစောင်းတွင် ရှန်ရှင်းကျိုးတစ်ယောက် အိမ်ပြန်လာခဲ့သည်။
ကနဦးတုန်းက သူသည် ကားကို ခြံဝင်းထဲအထိမောင်းဝင်ရန် ပြင်ခဲ့သော်လည်း မလှမ်းမကမ်းကနေ တံခါးဝ၌ လူတစ်ယောက်လှဲနေသည်ကို မြင်လိုက်ရပြီး နှလုံးရောဂါတောင် ရသွားတော့မလိုပင်။
သူ ကားပေါ်ကဆင်းကာ အနီးကပ်ကြည့်လိုက်တော့မှ လုရန်ဖြစ်နေမှန်း သိလိုက်ရ၏။
ရှန်ရှင်းကျိုးမှာ ဘာဖြစ်နေမှန်း မသိခဲ့ပေ။
"မင်းက ဘာဖြစ်လို့ ဒီမှာလှဲနေတာလဲ။"
လုရန်က သူ့ကိုတစ်ချက်ကြည့်ကာ သူ့ဖုန်းကိုဆက်ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်ကို အိမ်က မောင်းထုတ်ထားတာလေ၊ မမြင်ဘူးလား။"
ရှန်ရှင်းကျိုးတစ်ယောက် အံ့သြသွား၏။
ဤရက်ပိုင်းအတွင်း သူ အိမ်မပြန်ခဲ့သည်မှာ အချိန်မရှိသောကြောင့်မဟုတ်ဘဲ ရှန်ရှင်းရန်နှင့် လုရန်တို့နှစ်ယောက်လုံးကို တစ်ချိန်တည်းမျက်နှာချင်းဆိုင်ရမည်အား ခေါင်းရှုပ်သောကြောင့်ဖြစ်သည်။
ရှန်ရှ်းကျိုးတစ်ယောက် ထိုအရာကိုရင်ဆိုင်ရန် အသင့်မဖြစ်သေးပေ။
သို့သော် သူပြန်မလာသည့် ရက်အနည်းငယ်အတွင်းမှာပင် လုရန် နှင်ထုတ်ခံလိုက်ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အဲ့ဒါကြောင့် မင်းက ဒီမှာ လာလှဲနေတာလား။"
ရှန်ရှင်းကျိုးမှာ ရယ်ချင်သွားလေ၏။
သူက မဒမ်ရှန်၏စရိုက်ကို ကောင်းကောင်းသိထားပြီး အခုလောက်ဆို သူ(မ) လုရန်ကြောင့် ဒေါသထွက်နေမည်မှာ အသေအချာပင်။
လုရန်က သူ့ကို လျစ်လျူရှုကာ ဖုန်းကိုဆက်ကြည့်နေဆဲပင်။
သာ့ဟွမ်က Sleeping Bag ၏ထောင့်တစ်နေရာ၌ တိတ်တိတ်လေးခွေအိပ်နေ၏။
ရှန်ရှင်းကျိုးက လက်ဆန့်ထုတ်ကာ ခွေးကိုပွတ်သပ်ချင်ခဲ့သော်လည်း လုရန်ဆီကနေ စူးရှသောအကြည့်ကို လက်ခံရရှိခဲ့သည်။
လုရန်က ဘာမှမပြောခဲ့သော်လည်း သူ့မျက်လုံးများထဲရှိ သတိထားမှုနှင့် ငြင်းဆန်မှုတို့မှာ အတိုင်းသားပေါ်နေခဲ့၏။
ရှန်ရှင်းကျိုးခမျာ ရပ်တန့်သွားပြီး လက်ကို ပြန်ရုပ်လိုက်ရသည်။
ရှန်ရှင်းကျိုးက မေးလိုက်သည်။
"မင်း ဒီမှာပဲနေမလို့လား။ မိုးရွာလာရင် ဘယ်လိုလုပ်မလဲ။"
လုရန်က သူ၏ခရီးဆောငိအိတ်ကို ပုတ်ပြလိုက်သည်။
"ကျွန်တော် tent ပြင်ထားပြီးသား။"
[T/N: Tent က စခန်းချတဲ့တဲပါ။]
ရှန်ရှင်းကျိုးတစ်ယောက် တိတ်ဆိတ်သွားခဲ့သည်။
လုရန်က ဒီလောက်ထိပြင်ဆင်ထားတယ်ဆိုတာ မဒမ်ရှန်ရော သိရဲ့လား။
သူက ဗီလာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှမမြင်ခဲ့ရပေ။
စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေပြီးနောက် ရှန်ရှင်းကျိုးက မေးလိုက်သည်။
"မင်း ငါ့တိုက်ခန်းမှာ လာနေချင်လား။"
လုရန်တစ်ယောက် ဖုန်းကနေအကြည့်ခွာလိုက်ပြီး ရှန်ရှင်းကျိုးကို လှောင်ပြုံးဖြင့်မော့ကြည့်ကာ ပြောလိုက်သည်။
"ရှန်ရှင်းရန်ရော သိရဲ့လား၊ သူ့အစ်ကိုလတ်က ကျွန်တော့်ကို အခုလိုဖိတ်ခေါ်နေတဲ့အထိ သဘောမနောကောင်းနေတာကိုလေ။"
ရှန်ရှင်းကျိုးတစ်ယောက် တစ်ခဏအတွင်း မျက်နှာတစ်ခုလုံး ထူပူသွားလေ၏။ ထိုစကားက သူ့ပါးကို အားရပါးရ ဖြတ်ရိုက်လိုက်သလိုပင်။
သူက 'ငါက မင်းရဲ့အစ်ကိုလည်း ဟုတ်တယ်လေ' ဟု ပြောလိုက်ချင်သော်လည်း စကားလုံးများက ထွက်မလာခဲ့ပေ။ သူ ပြောလိုက်လျှင်တောင် ထိုစကားလုံးများ၌ မည်သည့်အစွမ်းမှရှိနေမည်မဟုတ်။
ထို့အပြင် သူ့စိတ်တစ်နေရာရာ၌... ရှန်ရှင်းရန်အပေါ် သစ္စာဖောက်မိသကဲ့သို့ အပြစ်ရှိစိတ်လည်း ပေါ်ပေါက်လာခဲ့သည်။
နောက်ဆုံးမှာတော့ ရှန်ရှင်းကျိုးက ယခုလိုသာပြောလိုက်သည်။
"မနေချင်လည်း နေပေါ့။"
ထို့နောက် သူက ကားပေါ်တက်လိုက်ပြီး ပြတင်းပေါက်မှန်ချကာ လုရန်ကို ပြောလိုက်သည်။
"ဒီမှာလမ်းပိတ်မနေနဲ့၊ ငါ အထဲကို ကားမောင်းဝင်သွားရမှာ။"
သူ့မျက်စိရှေ့တည့်တည့်မှ ကားဘီးများကိုကြည့်ရင်း လုရန်တစ်ယောက် မျက်လုံးများမှေးကျဉ်းသွားခဲ့သော်လည်း တစ်လက်မလေးတောင် နေရာမရွှေ့ခဲ့ပေ။
သူက မြေပြင်ပေါ်လှဲချကာ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်၍ အလွန်တရာအေးချမ်းလှသောအသံဖြင့် ပြောလိုက်သည်။
"ရတယ်၊ ကျွန်တော့်ကိုယ်ပေါ်ကနေ မောင်းသွားလိုက်။ ကျွန်တော်စိတ်မရှိဘူး။"
ရှန်ရှင်းကျိုး: "..."
နောက်ဆုံးမှာတော့ ရှန်ရှင်းကျိုးတစ်ယောက် အိမ်ထဲတောင်မဝင်ရဲတော့ဘဲ တတွတ်တွတ်ဆဲရေးရင်း ကားကိုနောက်ပြန်ဆုတ်ကာ ထွက်သွားတော့သည်။
ရှန်ရှင်းရန်နှင့် မဒမ်ရှန်တို့နှစ်ယောက်လုံး ရှန်ရှင်းကျိုး ရောက်လာသည်ကို သတိပြုမိခဲ့ကြသည်။
ရှန်ရှင်းရန်က ဧည့်ခန်းပြတင်းပေါက်နားရပ်လျက် ရှန်ရှင်းကျိုးရောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ လုရန်နှင့်စကားအနည်းငယ်ပြော၍ နောက်ဆုံး၌ ပြန်ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့၏။
မဒမ်ရှန်ကလည်း အနားရောက်လာခဲ့၏။
ထိုအခါ ရှန်ရှင်းရန်က ရင်ဘတ်ကိုဖိကာ ထိတ်လန့်ချင်ယောင်ဆောင်လိုက်သည်။
"လန့်လိုက်တာ! တော်သေးတာပေါ့၊ အစ်ကိုလတ်က လူနေရှိမှန်းတွေ့လိုက်လို့။ သူသာ မမြင်ဘဲ ဒီတိုင်းမောင်းဝင်လာခဲ့ရင်တော့..."
"လွဲပါစေ၊ ဖယ်ပါစေ၊ အဲ့လိုမဖြစ်ရပါဘူး!"
မဒမ်ရှန်မှာ ထိုမြင်ကွင်းကိုစိတ်ကူးကြည့်ရုံဖြင့် ရင်တုန်သွားခဲ့သည်။
ရှန်ရှင်းရန်က မဒမ်ရှန်သည် လုရန်ကို စိတ်ပူနေဆဲဖြစ်မည်ဟု ထင်လိုက်၏။
သို့သော်လည်း မဒမ်ရှန်က တိုးတိုးလေးပြောခဲ့သည်။
"ငါတို့အိမ်တံခါးဝမှာ အဲ့လိုကိစ္စမျိုးသာဖြစ်သွားရင် ဘယ်လောက်တောင် ကြည့်ရဆိုးလိုက်မလဲ။"
ထိုအခိုက်အတန့်တွင် ရှန်ရှင်းရန်တစ်ယောက် စိတ်မသက်မသာဖြစ်သွား၏။
သူ ဝမ်းသာရမည့်အစား အကြောင်းတချို့ကြောင့် မပျော်နိုင်ဖြစ်နေခဲ့သည်။
ညနေစောင်းသော် နေရောင်ခြည်က အနည်းငယ်လျော့ပါးလာ၏။
အနီးနားရှိ သူဌေးကတော်များက တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်လာကြသည်။
တချို့က နှစ်ယောက်၊ သုံးယောက်စုကာ စကားပြောနေကြပြီး တချို့က အိတ်များကိုလွယ်၍ အပြင်သွားဖို့ပြင်နေကြသလို တချို့ကလည်း ၎င်းတို့၏ကလေးများနှင့်အတူ လမ်းလျှောက်နေကြသည်။
ဤပတ်ဝန်းကျင်ရှိ ဗီလာများက တစ်ခုနှင့်တစ်ခု လှမ်းသော်လည်း မျှသုံးရသည့်လမ်းတချို့ရှိနေဆဲပင်။
သိပ်မကြာခင် တစ်စုံတစ်ယောက်က ရှန်မိသားစု၏ခြံတံခါးရှေ့ကနေ ဖြတ်လျှောက်သွားခဲ့သည်။
၎င်းတို့က Sleeping Bag ပေါ်မှာလှဲနေသော လုရန်ကို မြင်လိုက်ကြရသောအခါ အံ့သြသွားကြသည်။
ကြင်နာတတ်သောအမျိုးသမီးတစ်ဦးက လုရန်သည် အသက်ငယ်သေးပြီး ဘေးမှာ ကျောင်းလွယ်အိတ်လည်းရှိနေသလို Sleeping Bag ပေါ်မှာတောင် အိမ်စာစာရွက်တချို့ ပြန့်ကျဲနေသည်ကို မြင်လိုက်သောအခါ မနေနိုင်တော့ဘဲ လာမေးခဲ့လေ၏။
"ကျောင်းသားလေး၊ မင်းက အနီးနားမှာရှိတဲ့ Y တက္ကသိုလ်ကကျောင်းသားလား။"
လုရန်က စိတ်သဘောထားကောင်းသူများအပေါ် အမြဲတမ်းယဥ်ကျေးတတ်ပေ၏။
သူက အိမ်စာပုံထဲကနေ ခေါင်းမော့ကာ နာခံမှုရှိစွာခေါင်းညိတ်ပြလိုက်သည်။
သူ့အရှေ့မှအမျိုးသမီးက သူ့ကို အလွန်နွေးထွေးစွာပြုံးပြလာခဲ့သည်။
"တစ်ချိန်က ငါလည်း Y တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာလေ။ နေပါဦး၊ မင်းက ဘာလို့ ဒီမှာနေနေတာလဲ၊ အိမ်မပြန်ဘူးလား။"
"မင်္ဂလာပါ၊ စီနီယာ။"
လုရန်က Sleeping Bag ပေါ် မတ်မတ်ထိုင်ကာ သူ့အနောက်မှရှန်အိမ်ကို ညွှန်ပြလိုက်သည်။
"ဒါက ကျွန်တော့်အိမ်ပါ။"
'စီနီယာ' ဆိုသောစကားလုံးက ထိုအမျိုးသမီး၏အပြုံးကို ပိုလို့တောင် နူးညံ့သွားစေ၏။
"ဒါဆို ဘာလို့ အထဲမဝင်ရတာလဲကွယ်။"
လုရန်က အခိုက်အတန့်တစ်ခုလောက် တွေးတောကာ ပြန်ပြောလိုက်သည်။
"ကျွန်တော် ပိတ်ရက်ကို အပြင်မှာ 'လေလွင့်အနုပညာရှင်' အဖြစ် အချိန်ဖြုန်းချင်လို့ပါ။"
သူ့စကားကြောင့် ထိုအမျိုးသမီးက ရယ်မောကာ မေးလိုက်၏။
"ဆိုပါဦး၊ ဘာများဖျော်ဖြေမှာလဲ။"
လုရန်က ပြုံးပြလိုက်၏။
"ကျွန်တော် မဆုံးဖြတ်ရသေးဘူး။ ပုံပြင်ပြောပြမယ်ဆိုရင်ရော?"
မဒမ်ရှန်တစ်ယောက် နေ့လယ်စာကောင်းကောင်းမစားခဲ့ရသလို နေ့ခင်းဘက် တစ်ရေးတစ်မောလည်း ကောင်းကောင်းမအိပ်ခဲ့ရပေ။
သူ(မ) မျက်လုံးများမှိတ်လိုက်တိုင်း အိမ်အကူတစ်ယောက်ယောက်က လုရန် နောက််ထပ်ပြဿနာရှာပြန်ပြီဟု လာပြီးသတင်းပို့တော့မလို ခံစားချက်ရနေခဲ့သည်။
အချိန်အတော်ကြာအောင် ဟိုဘက်သည်ဘက်လှည့်နေခဲ့ပြီး နောက်ဆုံး၌ သူ(မ)က အလွန်ပင်ပန်းနွမ်းနယ်စွာဖြင့် အောက်ထပ်သို့ဆင်းလာခဲ့လေ၏။
သူ(မ)၏ခြေဖဝါး ကြမ်းပြင်နှင့်ထိရုံမျှသာရှိသေးစဥ် အိမ်အကူ၏အသံကို ကြားလိုက်ရသည်။
"မ-မဒမ်! လုရန်က အပြင်မှာ တခြားလူတွေနဲ့စကားပြောနေပါတယ်။"
"အင်း။"
မဒမ်ရှန်က တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။
သူ(မ) မျှော်လင့်ထားသည့်အတိုင်းဖြစ်လာသဖြင့် လုံးဝတုန်လှုပ်မသွားခဲ့ပေ။ သူ(မ)က အေးအေးဆေးဆေးမေးလိုက်သည်။
"အခု သူက ဘယ်သူနဲ့စကားပြောနေပြန်ပြီလဲ။"
အိမ်အကူက အကောင်းဆုံးကြိုးစားကာ ရှင်းပြခဲ့သည်။
"သူက အနီးနားကသူဌေးကတော်တွေနဲ့ပြောနေတာပါ။ ဘာလို့မှန်းမသိပေမဲ့ သူဌေးကတော်တွေအကုန်လုံး အိမ်ရှေ့မှာ စုနေကြပါတယ်!"
"ဟုတ်လား၊ သူတို့က ဘာတွေပြောနေကြတာလဲ။"
မဒမ်ရှန်က အမူအရာမဲ့စွာဖြင့် အခုလေးတင်မှနှပ်ထားသော လက်ဖက်ရည်ကို လှမ်းယူလိုက်သည်။
အိမ်အကူက မဒမ်ရှန်၏မျက်နှာအမူအရာကို နှစ်ကြိမ်လောက်အကဲခတ်ပြီးမှ ပြောပြလိုက်၏။
"သူက ပုံပြင်ပြောပြနေတာပါ... ပုံပြင်ရဲ့အကြောင်းအရာက... ပျောက်ဆုံးသွားတဲ့ကောင်လေးတစ်ယောက် နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပေမဲ့ သူ့ရဲ့နာမည်နဲ့ အထောက်အထားမှန်သမျှကို တခြားလူတစ်ယောက်က ယူထားတဲ့အကြောင်းပါ။"
"အင်း။"
မဒမ်ရှန်တစ်ယောက် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
သူ(မ)လည်ချောင်းထဲ လက်ဖက်ရည်စီးသွားသည့်အခိုက်အတန့်မှာမှ အိမ်အကူပြောလိုက်သောစကားကို သဘောပေါက်သွားပြီး ရုတ်တရက် သီးသွားတော့သည်။
သူ(မ)က အိမ်အကူ၏လက်မောင်းကို လှမ်းဆွဲကာ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
"မင်း ဘာပြောလိုက်တယ်?"
လှေကားပေါ်မှရှန်ရှင်းရန်ကလည်း ရေခဲတိုက်ထဲရောက်သွားသလို တောင့်တင်းသွားခဲ့သည်။
မဒမ်ရှန်က ထိတ်လန့်တကြားဖြင့် လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်မိသည်။
"မဖြစ်ဘူး၊ ဒီတိုင်းဆက်ထားလို့ မဖြစ်တော့ဘူး! မြန်မြန်! အိမ်ရာစီမံခန့်ခွဲရေးရုံးကို ဖုန်းဆက်လိုက်စမ်း!"
***
Aurora Novel Translation Team